တစ်ခါက တိုင်းပြည်တစ်ပြည်မှာ.. ဘုရင်းကြီး ဆုံးပါးသွားတယ်တဲ့... ခမ်းခမ်းနားနား ပြောရရင်တော့ နတ်ရွာစံတယ်ပေါ့.
..။
အဲဒီတော့
ထီးမွေနန်းလျာကလည်း မရှိ...
ဘာလုပ်ရမှန်းလည်း မသိလေတော့...
မှူးကြီး မတ်ရာတွေက ဖုတ်သွင်းရထား သို့မဟုတ် ဖုတ်သွင်းဗျိုင်း လွှတ်ဖို့
စီစဉ်ကြပါသတဲ့... (ရှေးရှေးတုန်းကတော့ အင်မတန်ရိုးသားကြတဲ့ မှူးကြီး
မတ်ရာတွေပါပဲ)။
ဖုတ်သွင်းရထားနဲ့ ဖုတ်သွင်းဗျိုင်းဆိုတာက တိုင်းသူပြည်သားအားလုံးထဲမှာ
မင်းဖြစ်နိုင်သော ဘုန်းကံကြီးမားသူထံ ဆိုက်ရောက်သော အဓိဌာန်ပြုထားသည့်
ရထားနှင့် ဗျိုင်းတို့ကို ဆိုလိုတာပါ...။
ဒီလိုနဲ့ တစ်ပြည်လုံး မောင်ကြေးနင်းလည်စေပြီး နန်းရင်ပြင်မှာ စုဖို့
အမိန့်ထုတ်လိုက်ပါတယ်...။ ဟိုတုန်းက တိုင်းပြည်တစ်ပြည်ဆိုတာလည်း အခု
မြို့တစ်မြို့လောက်ပဲရှိတယ် ထင်ပါတယ်။
သတ်မှတ်ရက်မှာ တိုင်းသူပြည်သားအားလုံး နန်းရင်ပြင် စုဝေးရောက်ရှိလာကြတယ်..။
သူတို့အထဲမှာ သားအဖနှစ်ဦးလည်း အတူပါလာကြသတဲ့...။
သားဖြစ်သူက `` ဖခင်... မင်းကျင့်တရားဆယ်ပါးဆိုတာ ဘာတုံး´´လို့ မေးသတဲ့။
ဖခင်ဖြစ်သူကလည်း မင်းကျင့်တရား ဆယ်ပါး ဆိုတာ
၁။ အလှူပေးခြင်း၊
၂။ သီလစောင့်ခြင်း၊
၃။ ပေးကမ်း ချီးမြှင့်ခြင်း၊
၎။ သိမ်မွေ့ခြင်း၊
၅။ ခြိုးခြံခြင်း၊
၆။ အမျက်မထွက်ခြင်း၊
၇။ သည်းခံခြင်း၊
၈။ ဖြောင့်မှန်ခြင်း၊
၉။ ပြည်သူတို့နှင့် မဆန့်ကျင်ခြင်း၊
၁ဝ။ ပြည်သူကို အခွန်အတုတ်ဖြင့် မညှဉ်းဆဲခြင်းတို့ဖြစ်တယ်´´လို့
စသည်ဖြင့် ရှင်းပြခဲ့ပါတယ်တဲ့...။
သားဖြစ်သူက `` မင်းကျင့်တရား ဆယ်ပါး အုပ်စိုးသော တိုင်းပြည်တွင်
ကျွန်တော်တို့သားအဖသည် ဆင်းရဲလှပါသည်.... အကယ်၍ ကျွန်တော် မင်းဖြစ်ခဲ့လျှင်
ဤမင်းကျင့်တရားဆယ်ပါးကို ဆန့်ကျင်၍ အုပ်ချုပ်မည်´´ဟု ဖခင်ဖြစ်သူအား
ပြောကြားပါသတဲ့... ဖခင်ဖြစ်သူကလည်း ရယ်မောလျှက်က ``သားရေ
ဖုတ်သွင်းဗျိုင်းလေး နားပါစေဦး´´လို့ ပြောသတဲ့။
ထူးခြားလှစွာပဲ ဖုတ်သွင်းဗျိုင်းဟာ နန်းရင်ပြင်အတွင်း လှည့်ပတ်ပျံသန်းရာမှ
သားဖြစ်သူရဲ့ ပုခုံးမှာ နားခိုပါသတဲ့။
မှူးတော် မတ်တော်များလည်း သားဖြစ်သူကို ရေချိုးသန့်စင် အမွှေးနံ့သာ
လိမ်းကျံပြီး မင်းမြောက်တန်ဆာများ ဆင်ယင်လျှက် မင်းအဖြစ်
တင်မြှောက်ကြပါတယ်...။
သားဖြစ်သူ ဘုရင်ကြီးဟာ... ပထမ ညီလာခံမှာတင် သက်တော်ရှည် ဘိုးဘိုးနဲ့
ကွမ်းတော်ဆက်တို့အား အမှုထမ်းမင်းဆက်နှင့် အမှုထမ်းသက်တို့ကို မေးမြန်းပြီး
`` အဘိုး... အဘိုးလည်း နှစ်ပေါင်း ၄၀ မျှ သက်တော်ရှည်ဘိုးဘိုးအဖြစ်
မင်းနှစ်ဆက် အမှုတော်ထမ်းခဲ့သည်... ကွမ်းတော်ဆက်သည်လည်း နှစ်ပေါင်း ၄၀ မျှ
ကွမ်းတော်ဆက်အဖြစ် မင်းနှစ်ဆက် အမှုတော်ထမ်းခဲ့သည်... ယခုအခါ
လုပ်ငန်းတာဝန်များကို ငြီးငွေ့ရော့မည်... တာဝန်လဲလှယ် အမှုထမ်းစေ...
မနာခံသူအား သတ်စေ ´´ဟု အမိန့်တော် ချမှတ်ပါသတဲ့...
ဤသို့အားဖြင့် ဘုရင်ကြီးဟာ သူရဲ့ ကတိအတိုင်း ပြောင်းပြန်အတွေးအခေါ်အားဖြင့်
စားတော်ကဲအား နန်းရင်းဝန်...
နန်းရင်းဝန်အား.. စားတော်ကဲ။
မြင်းထိန်းအား စစ်သူကြီး
စစ်သူကြီးအား မြင်းထိန်း စသည်ဖြင့် လုပ်ချင်ရာ လုပ်ပါတော့တယ်...။
ဖခင်ဖြစ်သူလည်း သားဖြစ်သူ ဘုရင်ကြီးအား လာရောက်တွေ့ဆုံကာ
`` သားမောင် ဤသို့ မပြုပါနှင့် မင်းကျင့်တရားဆယ်ပါးနှင့် လွဲသော်
ကံဆိုးတတ်ပါတယ်´´ဟု ဆုံးမလေတယ်။
သားဖြစ်သူ ဘုရင်ကြီးကလည်း-
`` ဖခင် ကျွန်တော် ကံမဆိုးပါ... တိုင်းသူပြည်သားများသာ ကံဆိုးပါသည်...
ကျွန်တော် ဖုတ်သွင်းဗျိုင်း မနားမီပင် ဖခင်အား
နှုတ်ကတိပေးခဲ့ပါသည်...ကျွန်တော်
မင်းဖြစ်ခဲ့လျှင် ဤမင်းကျင့်တရားဆယ်ပါးကို ဆန့်ကျင်မည်ဟု ဖခင်အား
ပြောကြားခဲ့ပါသည်... ဤသို့ပြောခဲ့ပါလျှက် ဖုတ်သွင်းဗျိုင်းနားခြင်းသည်
တိုင်းသူပြည်သားတို့၏ ကံကြမ္မာပင်ဖြစ်ပါသည်´´ဟု
ပြန်လည်ပြောဆိုလိုက်ပါသတဲ့...။
ယနေ့ ကျွန်တော်တို့၏ တိုင်းပြည်တွင် မင်းကြီး နတ်ရွာ မစံသေးပါ....။
မင်းကြီး နတ်ရွာစံလျှင်လည်း ယနေ့မှူးကြီး မတ်ကြီးများသည်
ဖုတ်သွင်းရထားနှင့် ဖုတ်သွင်းဗျိုင်းအား လွှတ်ကြမည်မဟုတ်ပါ...
(မင်းလောင်းများ တန်းစီနေပါသည်)
သို့သော် ``အကယ်၍ ကျွန်တော် မင်းဖြစ်ခဲ့လျှင် ဤမင်းကျင့်တရားဆယ်ပါးကို
ဆန့်ကျင်၍ အုပ်ချုပ်မည်´´ဆိုသော မင်းလောင်းများ မပေါ်ပေါက်စေရေး...
တိုင်းသူပြည်သားများ ဆုတောင်းပေးကြပါရန်တိုက်တွန်းရင်း......
(ကွန်ဆူးမား)(၂၇-၁၀-၂၀၁၃)
တော်တယ် ရေးဦးဗျာ
ReplyDeleteအားပေးလျက်