Thursday, October 24, 2013

ထောက်လှမ်းရေး အရာရှိဟောင်း တစ်ယောက်နှင့် အင်တာဗျူးဖြစ်သည် ၊


အဘက ဒီလို ဒဲ့ထိုးပြောမယ်လို့တောင် ကျနော်တို့ မထင်ထားပါဘူး ၊
နိုင်ငံရေးသမားတွေ အနေနဲ့ လက်ရှိစစ်တပ်အပေါ် နားလည်မှုပိုရှိအောင် ကြိုးစားသင့်တယ် လို့ အဘပြောလိုက်တာ တကယ်ကို ဒဲ့တိုးပြောလိုက်တာပါ ၊


ဒီစကားရဲ့ ဆိုလိုရင်းက နိုင်ငံရေးသမားတွေဟာ လက်ရှိစစ်တပ်ကို အခုထက်ပိုပြီး ခင်မင်ရင်းနှီးအောင် အခုထက်ပိုပြီး အကျွမ်းတဝင်ရှိအောင် နေသင့်တယ်လို့ပြောတာပါပဲ ၊
ကျနော်တို့တောင် ကျနော်တို့ရဲ့စစ်တပ်ကြီးကို အခုမှလုံးစေ့ပတ်စေ့ နားလည်စပြုလာပြီလို့ ပြောလို့ရတာဗျ၊

တပ်မတော်ထဲဝင်တယ် ၊ ထောက်လှမ်းရေးဘက်ပြောင်း တာဝန်ယူရတယ် ၊ ၂၀၀၄ မှာ ဘာအပြစ်မှမရှိပဲ အဖမ်းခံရတယ် ၊ နှစ်အကြာကြီးထောင်ချခံလိုက်ရတယ် ၊ ဒီတစ်သက် ကိုယ့်မိသားစုနဲ့ပြန်ဆုံပါ့မလား လို့တောင် ထင်စရာမရှိအောင် ထောင်ချခံခဲ့ရတယ် ၊

အခုပြန်လွတ်လာတယ် ၊ မိသားစုနဲ့ ပတ်ဝန်းကျင်နဲ့ ပြန်ဆုံရတယ် ၊

ကိုယ့်မိသားစုဆို အရမ်းသနားဖို့ကောင်းတယ် ၊ မျက်လုံးပေါင်းများစွာကို နေ့စဉ်ရင်ဆိုင်နေခဲ့ရတာ ၊ ကိုယ်ထွက်လာကာစကလဲ သူတို့ဆီက အားငယ်တဲ့မျက်နှာ စိတ်ဓါတ်ကျတဲ့ မျက်လုံးတွေကို တွေ့နေရတယ်လေ ၊

ပြောချင်တာက အဲလိုမျိုးတွေ ဖြစ်ဖူးခံစားဖူးလာမှ အစအဆုံးပြန်တွေးမိတယ် ၊ ခုမှ စစ်တပ်ကြီး ဘာ့ကြောင့် ဒီလိုဖြစ်နေသလဲ ဆိုတာ နားလည်စပြုလာတယ် ၊
အခုဆို ဂျာနယ်တွေ အရမ်းဖတ်ဖြစ်တယ် ၊ သမိုင်းရေးဆိုင်ရာစာအုပ်တွေလည်း ဖတ်ဖြစ်တယ် ၊ လူက ရရာစီးပွားရေးလုပ်နေရတယ် ဆိုပေမယ့် စိတ်က အားတယ်ဆိုတာနဲ့ အဲဒီဘက်ပဲ စိတ်ဝင်စားနေတာ ၊

တကယ်ပြောမယ်ဆိုရင် ကိုယ်က အခုမှ လွတ်လပ်သွားသလိုရှိတာ ၊ အခုလည်း တပ်ထဲမှာ ကိုယ့်သူငယ်ချင်းဟောင်းတွေ ရှိပါသေးတယ် ၊ လမ်းတွေ့လို့ ကိုယ့်ကို နှုတ်မဆက်ရဲတဲ့ သူငယ်ချင်းတွေလည်း ရှိတာပေါ့ ၊ ကိုယ်က သူတို့ကို နားလည်ပေးရတာပေါ့ ၊

ဒီလိုအခြေအနေတွေကို အစအဆုံးကောင်းသွားဖို့ လက်ရှိအချိန်မှာ လမ်းကြောင်းမှန်ပေါ်ရောက်သွားအောင်လုပ်နိုင်တဲ့သူဟာ နိုင်ငံရေးသမားတွေပါ ၊
နိုင်ငံရေးသမားတွေကို ကျနော်တို့ မျှော်လင့်ပါတယ် ၊ အရည်အချင်းရှိတဲ့ နိုင်ငံရေးသမားတွေပေါ့ ၊ အမျှော်အမြင်ရှိတဲ့ နိုင်ငံရေးသမားတွေပေါ့ ၊ နိုင်ငံရေးသမားပီသတဲ့ နိုင်ငံရေးသမားတွေပေါ့ ၊
နိုင်ငံရေးသမားတွေက စစ်တပ်အကြောင်းကို ငါ့လိုနားလည်ရင် ကောင်းမှာပဲလို့ အမြဲတွေးမိတယ် ၊

သမိုင်းကိုပြန်ကြည့်လေ ၁၉၆၂ မှာ စစ်တပ်က အာဏာသိမ်းတယ် ၊

စစ်ခေါင်းဆောင်တစ်ယောက်ရဲ့ အမိန့်ကို စစ်တပ်တစ်ခုလုံးက စောဒကမတက်ပဲ နဲ့ ဘာလို့ လိုက်လုပ်တာလဲ ၊ ဒယ်အိုးဆရာတော်စကားနဲ့ပြောရရင် အကြောင်းအကျိုး အကောင်းအဆိုးမသိလို့ပေါ့ ၊

အကြောင်းအကျိုး အကောင်းအဆိုး ကို မသိဆို သိအောင်လုပ်ခွင့်မရှိတဲ့ နေရာမျိုးမှာ နေနေရတာကိုး ၊ နေနေရတဲ့ ပတ်ဝန်းကျင်ကိုယ်က ဝေဖန်ဆန်းစစ်တဲ့အလေ့အထမရှိတဲ့ ပတ်ဝန်းကျင်လေ ၊

ဒီနေရာမှာ မိတ်ဆွေကောင်းတွေလိုလာပြီပေါ့ ၊ စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုပေမယ့် တချို့စာအုပ်တွေက တပ်ထဲမှာ မဖတ်ရဲ မထားရဲတဲ့ စာအုပ်တွေရှိတယ်လေ ၊ ဒါ တကယ်ဖြစ်ခဲ့တာတွေနော် ၊

ကိုယ့်အရာရှိတွေက နိုင်ငံရေးသမားတွေ နဲ့ လက်ပွန်းတတီးနေနေတာတွေ့ရင် ကိုယ်လဲနိုင်ငံရေး သမားတွေ ဆိုတာကို မိတ်ဆွေဖွဲ့ချင်မှာပဲ ၊ အားတဲ့အချိန်မှာ အဲဒီနိုင်ငံရေး သမားဆိုတာတွေ နဲ့ စကားစမြည်ပြောချင်မှာပဲ ၊

ကိုယ်လဲ ဘဝအခြေအနေကြောင့် တပ်ထဲရောက်နေပေမယ့် နိုင်ငံကိုချစ်တဲ့စိတ် နိုင်ငံကို တိုးတက်ချင်တဲ့စိတ် စေတနာတွေတော့ရှိကြတာပဲ ၊

၁၉၆၂ တုန်းက ကမ္ဘာမှာ အယူအဆရေးရာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်လေ ၊ လက်ဝဲဆန်တဲ့ အယူအဆရှိသူကို တိုးတက်တဲ့လူလို့ ခေါ်နေတဲ့အချိန်ပေါ့ ၊

တိုင်းပြည်ငယ်တွေမှာလည်း စစ်တပ်တွေက အာဏာသိမ်းပြီး ဆိုရှယ်လစ်စနစ် ၊ ကွန်မြူနစ်စနစ် ဆိုတာတွေကို လူထုကောင်းစားရေး ခေါင်းစဉ်တပ်ပြီးထူထောင်နေတဲ့ အချိန်လေ ၊ လွတ်လပ်ရေး ဆုံးရှုံးခဲ့ရတာ အရင်းရှင် စနစ်ကြောင့်ဆိုပြီးယူဆနေခဲ့တဲ့ အချိန်လေ ၊

ဗိုလ်နေဝင်းက ဗမာနိုင်ငံကြိးပြိုကွဲတော့မယ် ငါတို့ အချိန်မှီ တားမှဖြစ်မယ် ၊ ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းခဲ့တဲ့ ဆိုရှယ်လစ်လမ်းစဉ်ကိုထူထောင်ရမယ် ဆိုတာမျိုးတွေပြောတော့ တပ်ထဲကလူတွေလည်း ယုံတော့တာပေါ့ ၊

အဲဒီအချိန်က နိုင်ငံရေးသမားတွေက စစ်တပ်ကို သူတို့မျက်လုံးထဲ ထည့်ထားခဲ့ပုံမရပါဘူး ၊ စစ်တပ်ထဲမှာ ဘယ်လိုအခြေအနေတွေ နဲ့ ဘာကို တာစူနေတယ်ဆိုတာလည်း အကဲခတ်တတ်ပုံ မပေါ်ခဲ့ပါဘူး ၊

ဒါကြောင့် အဘက အခုပြောတာပေါ့ ၊ ကောလဟာလတွေကြောင့် စစ်တပ် နဲ့ ပြည်သူ ထိပ်တိုက်တွေ့တာမျိုးမဖြစ်စေချင်ဘူးဆိုတာလေ ၊ ကောလဟာလတွေကို ချက်ချင်းဖြေရှင်းနိုင်တဲ့ လမ်းကြောင်းတွေကို ကြိုတင်တည်ဆောက်ထားရမှာ ၊

ကောလဟာလကို အမြန်ဆုံးဖြေရှင်းရမယ်လို့ပြောတာ မဟုတ်ဘူးနော် ၊ ချက်ချင်းကိုဖြေရှင်းရမှာ ၊

ဥပမာပြောမယ်ဗျာ (ဖွဟဲ့လွဲပါစေဖယ်ပါစေ . . စကားချပ်) တက္ကသိုလ်ကျောင်းသားတွေနဲ့ စစ်ဗိုလ်ပေါက်စတွေ ဘီယာဆိုင်မှာ ရိုက်ကြလို့တဲ့ ၊ စစ်ဗိုလ်ပေါက်စက သေနတ်နဲ့ ထုတ်ပစ်လိုက်တာ ကျောင်းသားတွေသေကုန်ရောပဲတဲ့ ၊ သွေးရဲရဲသံရဲရဲတွေနဲ့

မြင်မကောင်းဘူးတဲ့ ၊ အခု စစ်ဗိုလ်ပေါက်စတွေ တပ်ထဲပြန်ပြေးကုန်ပြီတဲ့ ၊ စစ်ဗိုလ်ပေါက်စတွေက သတ္တိရှိရင် လိုက်ခဲ့ကြလို့အော်သွားတယ် တဲ့ ၊ တပ်ထဲကိုလိုက်သွားဖို့ ကျောင်းသားတွေ လူစုနေတယ်တဲ့ ၊ မကြာပါဘူး အဲဒီတပ်နဲ့ နီးတဲ့ ရပ်ကွက်ထဲမှာလည်း

မီးလောင်နေတယ်တဲ့ ၊ စစ်တပ်ယူနီဖောင်းနဲ့လူတွေက မီးကွင်းလာပစ်သွားတာတဲ့ ၊ ဒါ တမင်ရှို့တဲ့မီးပဲတဲ့ ၊ ဘီယာဆိုင်မှာ ဖြစ်တဲ့ ကိစ္စကို တမင်အာရုံလွှဲတာဖြစ်မှာပေါ့တဲ့ ၊ မီးကအတော်လောင်နေပြီတဲ့ ၊ ဘုန်းကြီးကျောင်းကိုတောင် မီးကူးတော့မယ် တဲ့ ၊

ကဲ အဲဒီကောလဟာလက နာရီပိုင်းအတွင်း ပျံ့သွားမယ့်ကောလဟာလနော် ၊ ယူနီဖောင်းရှိရင် လုပ်ကြံဖန်တီးလိုက်လို့ရတဲ့ ကောလဟာလလေ ၊ ဘယ်လောက်ကြောက်စရာကောင်းတဲ့ ကောလဟာလလဲ ၊ ဘယ်လိုရှင်းမှာလဲ ကဲ ၊ ဒါမျိုးဖြစ်လာရင် နိုင်ငံရေးသမားတွေက

ဘယ်ကစ ဘယ်လိုရှင်းမှာလဲ ၊ ဒါမျိုးတွေ ထိခိုက်မှုတွေမဖြစ်ရအောင် ကြိုင်တင်ပြင်ဆင်ထားဖို့ မကောင်းဘူးလား ၊ နိုင်ငံရေးသမားတွေ နဲ့ စစ်ဗိုလ်တွေ ခင်မင်ရင်းနှီးမှုတွေ ရှိထားရင် မကောင်းဘူးလား ၊

လက်ရှိစစ်တပ်ကြီးကို ဒီမိုကရေစီကိုစောင့်ရှောက်တဲ့ စစ်တပ်ကြီးဖြစ်သွားအောင် ပြုပြင်ပြောင်းလဲပစ်ရမှာကတော့ သေချာပါတယ် ၊ ဒီလိုလုပ်ဖို့ ဘယ်သူ့မှာ တာဝန်ရှိသလဲ ၊ စစ်တပ်အထဲက ထိပ်ပိုင်းစစ်ဗိုလ်တွေမှာ အဲဒီလိုစိတ်ကူးမျိုးရှိနေရင်တောင် သူတို့ဘယ်ကစ

ဘယ်လိုလုပ်ရမလဲဆိုတာ ဘယ်သူနဲ့သွားတိုင်ပင်ရမှာလည်း ၊ ကဲစဉ်းစားကြည့်လေ ၊ အဲဒါတွေဖြစ်ဖို့အတွက် စစ်တပ်ကို ဒီမိုကရေစီအလေ့အထ နဲ့ ယဉ်ပါးအောင် အရင်လုပ်ရမှာလေ ၊ အဲဒီတာဝန်ကို ဘယ်သူက ယူရမှာလဲ ၊ ပရဟိတ စိတ် အပြည့်ရှိတဲ့

နိုင်ငံရေးသမားတွေ တာဝန်ယူရမှာပေါ့ ၊

အခု ဒီချုပ်က ဖွဲ့စည်းပုံပြင်ဖို့ လူထုဆွေးနွေးပွဲတွေလုပ်တယ် ၊ ရလာဒ်ကဘာလဲ ၊ အောက်ခြေလူထုက ဒီဖွဲ့စည်းပုံပြင်ဖို့ ဆိုတာ သိပ်စိတ်မဝင်စားကြဘူးတဲ့ ၊ အဘဦးတင်ဦးပြောတာလေ ၊ သူ ဒါ ဒဲ့ပြောနေတာ ၊ အောက်ခြေက လူထုက နိုင်ငံရေး ကို

သိပ်စိတ်မဝင်စားကြဘူးလို့ပြောနေတာ ၊ နိုင်ငံရေးသမားတွေ အလုပ်ပိုလုပ်ဖို့လိုနေတယ်လို့ပြောနေတာ ၊ ဒီအခြေအနေကြီးဟာ မဖြစ်သင့်တဲ့ အခြေအနေကြီးလို့ပြောနေတာ ၊ ဒါကို အရေးကြီးတယ်လို့ သိရမယ်လေ ၊

စစ်တပ်ကို အပြစ်တင်နေကြတဲ့ သူတွေကိုပြောချင်ပါတယ် ၊ ခွဲခြမ်းစိတ်ဖြာပြီး မှ အပြစ်တင်ပါ ၊ ၁၉၈၈ တုန်းက လူတွေကို ပစ်ခဲ့တာ နဲ့ ၂၀၀၇ တုန်းက သံဃာတွေကို ပစ်ခဲ့တာတွေဟာ ကိုယ့်ရှေ့မှာရှိတဲ့ စစ်တပ် နဲ့ ဆိုင်လား မဆိုင်လားဆိုတာကို စဉ်းစားကြပါ ၊ အခု

ဒီကနေ့ဒီနှစ်မှာ စစ်ဗိုလ်ဖြစ်လာမယ့်သူတွေက ၁၉၉၃ မှာမွေးတာ အဲဒီဗိုလ်ပေါက်စလေးတွေကို ၁၉၈၈ တုန်းကအကြောင်းတွေ ၂၀၀၇ တုန်းက အကြောင်းတွေပြောပြီး မင်းတို့စစ်တပ်ကို ဒါပဲထင်တယ်ကွာလို့ပြောရင် ဘယ်သူက သီးခံနိုင်မှာတုန်း ၊ ကိုယ့်ကိုယ်ကိုယ်

နိုင်ငံရေးသမားလို့ကြွေးကြော်ပြီး ၁၉၈၈ အကြောင်း ၂၀၀၇ အကြောင်းပြောပြီး စစ်တပ်ကို ဝါးလုံးရှည်နဲ့ရမ်းပြီး ဆဲနေရင် အဲဒါ နိုင်ငံရေး အရည်အချင်းနဲ့ပြည့်ဝတဲ့ နိုင်ငံရေးသမားလို့ပြောလို့ရနိုင်သေးရဲ့လား ၊

လက်ရှိစစ်တပ်မှာ စစ်သားတွေ ကို ဘယ်လို အရည်အချင်းသတ်မှတ်မှုတွေ နဲ့ ခေါ်နေတယ် ဆိုတာသတိပြုအုံးလေ ၊ လက်ရှိစစ်တပ်မှာ ဘယ်လိုလူမျိုးကို ဗိုလ်လောင်းအဖြစ်နဲ့ခေါ်နေသလဲ ၊ ဗိုလ်လောင်းတွေကို ဘယ်လို ဆိုက်ကို အရည်အချင်းနဲ့ခေါ်နေတာလဲ ၊

ညီလေးတစ်ယောက်က မေးဖူးတာကို သတိရတယ် ၊ ဗိုလ်လောင်းသွားဖြေတာ သူ့သူငယ်ချင်းတစ်ယောက်လဲပါတယ်တဲ့ ၊ ရေးဖြေတုန်းက သရဲမကြောက်တတ်ဘူလို့ဖြေထားလို့ ဆိုက်ကိုတက်စ် မှာ မင်းတကယ်သရဲမကြောက်တတ်ရင် ဒီည သင်းချိုင်းကုန်းကို သွားပြတဲ့

၊ သူ့သူငယ်ချင်းက ပြန်ဖြေတာက သရဲမကြောက်တတ်တာကို သက်သေပြဖို့ သူများခိုင်းတိုင်း မစဉ်းစားပဲ လိုက်လုပ်ရင် အရူးတဲ့ ၊ တကယ်သရဲကြောက်တတ် မကြောက်တတ် သိချင်ရင် ဒီရှေ့ကို သရဲတွေခေါ်လာပါလား တဲ့ ၊ ပြန်ပြေပုံက ၊ ကြည့်လေ ပြန်ဖြေပုံက ၊
ဆိုက်ကိုဆရာက ဒီကောင်အတော်စကားများတဲ့အကောင် လို့မှတ်ချက်ချသတဲ့ ၊ သူ့သူငယ်ချင်း ဗိုလ်သင်တန်းပါပါ့မလားတဲ့ ၊ ကျနော်က စောင့်ကြည့်လို့ပဲပြောလိုက်တယ် ၊ ထင်တဲ့အတိုင်ပဲ အဲကောင်မပါဘူးတဲ့ ၊

ဒီအကြောင်းတွေက သိပ်လျှို့ဝှက်နက်နဲတဲ့ အကြောင်းတွေ မှမဟုတ်တာဗျာ ၊ ဒီလိုအခြေအနေမှာ ကိုယ့်နိုင်ငံက စစ်တပ်ရဲ့ သဘောသဘာဝကို မသိပဲ နိုင်ငံရေးသမားလို့ကြွေးကြော်နေရင် လူရီစရာဖြစ်မှာပေါ့ ၊ နမူနာမေးခွန်းလေးတစ်ခု ကျနော်ပဲမေးကြည့်မယ် ၊ ကဲ

လက်ရှိစစ်တပ်ကြီးက ဒီမိုကရေစီ စနစ်မှာရှိတဲ့ စစ်တပ်ကြီး စစ်စစ်ဖြစ်အောင် ပြောင်းပါတော့မယ်တဲ့ ၊ ဘယ်လိုဘယ်ပုံဘယ်နည်းလမ်းနဲ့ ဘယ်ကစ ပြောင်းရပါမလဲ ၊ ချောချောမွေ့မွေ့ပြောင်းတာမျိုးဖြစ်အောင် ဘယ်လိုအဆင့်ဆင့်တွေနဲ့ အချိန်ဘယ်လောက်ယူရပါမလဲ ၊

ကဲဒီမေးခွန်းကို နိုင်ငံရေးသမားလို့ ကိုယ့်ကိုယ်ကို ပြောနေသူတွေဖြေကြည့်လေ ၊

ဒီနေ့ ပြောတာ တော်တော်ကြီးကိုများသွားပြီဗျာ ၊ ကျနော်လည်း စိတ်ထဲမှာ အောင့်ထားတာတွေ ပေါက်ထွက်သွားလို့ထင်ပါရဲ့ (ရယ်လျက်ပြော)

ကျနော် အရေးကြီးတဲ့ ကွင်းဆက်ကလေး တစ်ခုပြောချင်တယ် ၊ ဆရာကြီးဦးဂိုအင်ဂါဗျာ ၊ ဟိုတလောက ဆုံးသွားတယ်ဆိုတဲ့ ဆရာကြီးဦးဂိုအင်ကာလေ ၊ သူက အိန္ဒိယက ထောင်တွေထဲမှာ ဝိပဿနာ တရားစခန်းဖွင့်ဖို့ သွားပြောတော့ အားလုံးလိုလိုလားလား နဲ့

သဘောတူကြတာတဲ့ ၊ ဟိုထောင်မှာ အရင်လုပ်ရင်ကောင်းမယ် ဒီထောင်မှာ အရင်လုပ်ရင်ကောင်းမယ်လို့ ထောင်မှူးတွေက သူ့ထောင်မှာလုပ်ချင် ကိုယ့်ထောင်မှာလုပ်ချင် ဖြစ်နေတာ ဆရာကြီးက စိတ်မစောကြပါနဲ့ တစ်ဆင့်ပြီးတစ်ဆင့် သေချာအောင် ထိရောက်အောင်

လုပ်ပါရစေဆိုပြီး ပထမဆုံး တရားစခန်းစလုပ်တာ ဘယ်သူတွေ ပါတယ်မှတ်လဲ ၊ ပြည်ထဲရေးဝန်ကြီးရယ် ပြည်နယ်ဝန်ကြီးချုပ်ရယ် ပါတာဗျား ၊ ဝိပဿနာရဲ့ ငြိမ်းချမ်းမှုကို အဲဒီပြည်ထဲရေးဝန်ကြီးတွေ ပြည်နယ်ဝန်ကြီးချုပ်တွေကို စပြီး သိရှိထိတွေ့ခံစား

ရအောင်လုပ်တာဗျား ၊ ထောင်တစ်ခုမှာတရားစခန်းလုပ်မယ်ဆိုရင်တောင် အဲဒီထောင်ပိုင် ထောင်မှူးနဲ့ ထောင်အကြပ်တွေကို အရင် တရားစခန်းဝင်ခိုင်းတာဗျား ၊ ပြီးမှ ထောင်သားတွေအတွက် တရားစခန်းလုပ်တာလေ ၊

ဒါလေးကို ဗဟုသုတ အဖြစ်သိစေချင်တာပါ ၊ တရားခွေတွေ ဓမ္မဒါနလုပ်နေတဲ့ နေရာက ရလို့ ကြည့်မိတာ ကောင်းလိုက်တာလို့ စိတ်ထဲက ထင်မိပါတယ် ၊ အသုံးဝင်လိမ့်မယ်ထင်လို့ပြောပြတာပါ ၊ ကဲ နှုတ်ဆက်ပါတယ်ဗျား ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...