Thursday, October 24, 2013

နှင်းပုံပြင်


1.
ကျနော် နှင်းကိုချစ်တယ်…
ငယ်ငယ်ကများဆို ဆောင်းမနက်တွေမှာ အိပ်ရာနိုးလာတာနဲ့ အိမ်ရှေ့မြက်ခင်းလေးထဲ တန်းပြေးခဲ့တာပေါ့။ အဲဒီမှာ ညကကျထားတဲ့နှင်းလေးတွေဟာ မြက်ပင်လေးတွေမှာ သီးပြီးရီးလေးခိုနေကြတယ်။ အဲဒီနှင်းသီးလေးတွေကို လက်ညိုးလေးနဲ့တို့တို့ပြီိး နှင်းသီးလေးတွေရဲ့အေးမြတဲ့အရသာကို ခံစားခုံမင်ခဲ့တယ်။ နှင်းတွေဝေနေတဲ့ နံက်ခင်းတွေတိုင်းမှာနှင်းမှုန်လေးတွေကိုတိုးဝှေ့ပြီး လမ်းလျှောက်ရတာကိုလည်း သဘော ကျနှစ်ချိုက်မိတယ်၊
အေးမြတဲ့ နှင်းမှုန်လေးတွေ မျက်နှာကိုလာပြီး ရိုက်ခတ်ကြတာကို ခေါင်းလေးမော့ပြီး အရသာခံတတ်ခဲ့တယ်။ နေထွက်လာလို့ နှင်းလေးတွေ တဖြည်းဖြည်းနဲ့ပျောက်သွားမှာကိုလည်း စိုးရိမ်တကြီးနဲ့ စောင့်ကြည့်တတ်ခဲ့ပြန်တယ်။ ဒါပေမယ့် နေလာတော့နှင်းပျောက်တာ ဓမ္မတာပါ…
ဒီလိုပါပဲ…ကျနော့်ဘဝမှာ…နေလာတော့နှင်းပျောက်ခဲ့ရတယ်။

2.
ကျနော့်ချစ်သူက နှင်းပွင့်လေး ပါ…
သူက နှင်းပွင့်လေးတစ်ပွင့်နဲ့တူတယ်၊ နှင်းလေးလို ဖြူစင်တဲ့နှလုံးသားလေးရှိတယ်၊ နှင်းလေးလိုဖြူစင်တဲ့ မျက်နှာလှလှလေးရှိတယ်၊ ဖြူစင်တဲ့သူ့ရဲ့စိတ်ထားလေးနဲ့ သူ့ရဲ့မျက်နှာလေးဟာ အလွန်ပဲလိုက်ဖက်လှပါတယ်။ နှင်းကိုချစ်တဲ့ကျနော် နှင်းလေးနဲ့တူတဲ့ချစ်သူကို နှင်းတွေအမြဲဝေနေတဲ့ ဒီတောင်ပေါ်မြို့လေးမှာ ဆုံဆည်းခဲ့တာပါ။
အဲဒီနေ့က ဧပရယ် ၁ ရက်နေ့…
ဒီတောင်ပေါ်မြို့လေးမှာ ဧပရယ်လ ရောက်တာတောင် အေးနေဆဲ၊ ချမ်းနေဆဲ၊ နှင်းတွေကျနေဆဲပဲ၊ ဒါကလည်း ဒီမြို့လေးမှာ ကျနော်နေနေခြင်းရဲ့အကြောင်းတစ်ချက်ပေါ့၊ ထားပါလေ…ကျနော့် ချစ်သူနှင်းပွင့်လေးကို စ တွေ့တာပြောပြခြင်တာပါ။
အဲဒီနေ့မှာလည်း ခါတိုင်းနေ့တွေလိုပဲ ကျနော်နံက်စောစော လမ်းလျှောက်ထွက်ခဲ့တယ်၊ လမ်းလျှောက်ရာကပြန်တော့ ဈေးလေးနားက ရှမ်းခေါက်ဆွဲဆိုင်ကိုရောက်ခဲ့တယ်၊ ရှမ်းခေါက်ဆွဲတစ်ပွဲမှာပြီးထိုင်စောင့်နေဆဲမှာပဲ ကျနော့်ချစ်သူဖြစ်မယ့် နှင်းပွင့်လေး ဆိုင်ထဲကိုဝင်လာတယ်။ လောကကြီးတစ်ခုလုံးအဖြူရောင်လွင်ပြင်တစ်ခုလိုဖြစ်သွားတယ်။ လောကကြီးတစ်ခုလုံး အေးချမ်းတိတ်ဆိတ်သွားခဲ့တယ်။ ကျနော်ထင်တာပေါ့လေ…
သူမလည်း ရှမ်းခေါက်ဆွဲစားဖို့မှာလိုက်တော့ ကံမကောင်းစွာပဲ မုန့်ကကုန်ပြီတဲ့၊ ဒါနဲ့ ကျနော်စားမယ့်မုန့်ပွဲကို သူ့ကိုပေးလိုက်ဖို့ဆိုင်ရှင်ကိုပြောခဲ့ပြီး ကျနော်လည်းထွက်လာခဲ့တော့တယ်။ သူ…ကျနော့်ကို တစ်ခုခုပြောဖို့ပြင်လိုက်တာကို သတိထားလိုက်မိတယ်၊ ဒါပေမယ့် ဘာမှတော့မပြောလိုက်ပါဘူး။

3.
အကြောင်းတိုက်ဆိုင်စွာဘဲ နောက်နေ့မနက်လမ်းလျှောက်ထွက်လာတော့ ကန်ပတ်လမ်းပေါ်မှာ နှင်းပွင့်လေးနဲ့ဆုံဖြစ်တယ်၊
သူမက ပြုံးပြပြီိး….
“ကျမ ရှင့်ကိုကျေးဇူးတင်စကားပြောချင်လို့”
“ဘာအတွက်လဲဗျာ”
“မနေ့က ရှမ်းခေါက်ဆွဲ အတွက်ပေါ့”
“အရေးမကြီးပါဘူးဗျာ ရပါတယ်”
“အဲဒါ ဒီနေ့ ကျမ အစားပြန်ပေးပါမယ် ကျမနဲ့အတူ ရှမ်းခေါက်ဆွဲ လိုက်ပြီးစားနိုင်မလား”
“လိုက်စားနိုင်ပါတယ် ဒါပေမယ့် အစားပြန်ပေးတယ်လို့တော့ မလုပ်ပါနဲ့”
“ဘယ်လိုဘဲဖြစ်ဖြစ်ပါ လိုက်စားမယ်ဆိုလို့ ကျေးဇူးတင်ပါတယ်နော်”
ဒီလိုနဲ့ ပိုပြီးခင်မင်ခဲ့တဲ့ကျနော်တို့ နှစ်ယောက်ဟာ နေ့စဉ်နံက်တိုင်း နှင်းတွေဝေနေတဲ့တောင်ပေါ်လမ်းလေးတွေမှာ လမ်းလျှောက်ရင်းဆုံဖြစ်ခဲ့ကြတယ်၊ စကားတွေအများကြီးပြောဖြစ်ခဲ့ကြတယ်၊ သံယောဇဉ်တွေ အများကြီးနဲ့ရစ်ပတ်ခဲ့မိကြတယ်၊ ဒီလိုနဲ့ပဲ ချစ်သူတွေဖြစ်ခဲ့ကြတာပေါ့၊
အံ့သြစရာကောင်းတာက သူမရဲ့နာမည်ကလည်း နှင်းပွင့်ဝေ တဲ့။ ကျနော်ကတော့ နှင်းပွင့်လေးလို့ပဲ ချစ်စနိုးနဲ့ခေါ်ခဲ့တယ်၊



4.
ချစ်သူတွေဖြစ်ပြီးလို့ ၂ နှစ်လောက်အကြာမှာ ကျနော်တို့လက်ထပ်ခဲ့ကြတယ်၊ နှင်းရည်လေးတွေနဲ့ အမြဲတမ်း စိုစွတ်အေးချမ်းနေတဲ့ ဒီ တောင်ပေါ်မြို့လေးဟာ ကျနော်တို့ချစ်သူနှစ်ဦးအတွက်တော့ အရင်ကထက်ပိုပြီး အေးချမ်းသာယာလာတာပေါ့။ အအေးပိုတဲ့တစ်နေ့ နှင်းလေးတွေ တဖွဲဖွဲကျနေတော့ ကျနော်က နှင်းပွင့်လေးကိုပြပြီး….
“အဲဒီ နှင်းလေးတွေနဲ့တူတဲ့ နှင်းပွင့်လေး ကို မောင် အရမ်းချစ်တာကွ”
“ကျမလည်း မောင့် ကို အရမ်းချစ်တာပါပဲ”
“မောင့် ကိုကြတော့ နှင်းပွင့်လေး ကဘာနဲ့တူလို့ ချစ်တာလဲ”
“မောင် က မောင်နဲ့တူလို့ချစ်တာပေါ့”
“လူလည်မလေး”
“တစ်ကယ်ပြောတာပါ မောင်၊ ကျမ မောင့်ကိုချစ်ဖို့အတွက် မောင် ဘာနဲ့မှတူစရာမလိုပါဘူး၊ မောင် ဘာပဲဖစ်ဖြစ် ကျမချစ်နေမှာပါ”
“နှင်းပွင့်လေးနဲ့ မောင်နဲ့ ဘယ်သူက ပိုချစ်တယ်လို့ထင်လဲ”
“ကျမ မပြောတတ်ဘူးမောင်…အချစ်ရဲ့ပမာဏ ကို တိုင်းတာလို့ရတဲ့အရာ ရှိခဲ့ရင်လည်း မောင်နဲ့ ကျမတိုရဲ့အချစ်တွေကို
မတိုင်းတာချင်ပါဘူး၊ ကျမရင်ထဲမှာမောင့်ကိုအရမ်းချစ်သလို မောင်လည်းကျမကို ချစ်နေမယ်ဆိုတာ ကျမယုံကြည်နေတယ်”

5.
သိပ်မကြာခင်မှာဘဲ နှင်းပွင့်လေးမှာ နှင်းမျိုးဆက်အတွက် ကိုယ်ဝန်ရှိလာခဲ့တယ်၊ လအတန်ရင့်လာလို့ Ultrasound ရိုက်ကြည့်တဲ့အခါ မိန်းကလေးတဲ့…
“နှင်းပွင့်လေးလို မအေတူသမီးလေး မွေးပေးရမယ်နော်”
“အင်းပါ မောင်ရဲ့”
“နာမည်ကိုလဲ ဂျူနီယာနှင်းပွင့် လို့ပေးမယ်”
“အင်္ဂလိပ်လိုကြီးပါနေတာ မကောင်းပါဘူးမောင်ရယ်”
“ဒါဆိုဘယ်လိုပေးမလဲ…မောင်က နှင်းပွင့်လေးရဲ့မျိုးဆက်မလို့ နှင်းပွင့်လေးနာမည်ပါချင်တာ”
“ဒါဆို နှင်းပွင့်ငယ် လို့ပေးပေါ့”
“ဟုတ်ပြီ…ကောင်းတယ်ကွ…နှင်းပွင့်ငယ် လို့ခေါ်တွင်စေသတည်း…ဟား..ဟား…”

6.
“မောင် နိုင်ငံခြားမှာ အလုပ်သွားလုပ်မလို့ နှင်းပွင့်လေး ရဲ့”
“ဟင်…ဘာလို့လဲ မောင်”
“မောင်တို့သမီးလေးမွေးလာရင် ကလေးစားရိတ်နဲ့ ဒီကလေးလေးကိုကြီးပြင်းအောင် ပြုစုပျိုးထောင်ရမှာနဲ့ မောင့်ဝင်ငွေက မလောက်ငှတော့ဘူးလေ”
“ဒီမှာပဲ တစ်ခြားနည်းနဲ့ စဉ်းစားလို့မရတော့ဘူးလားမောင်…မောင်မရှိပဲနဲ့ ကျမဘယ်လိုနေရမှာလဲ”
“ဟုတ်ပါတယ် နှင်းပွင့်လေးရယ်၊ ဒါပေမယ့် မောင်တို့သမီးလေး အနာဂတ်အတွက် မောင်တို့ ခနတော့ ခွဲနေကြရအောင်နော်”
“မောင် ဘယ်တော့လောက်သွားမှာလဲ”
“နောက် ၂ လလောက်ဆိုရင်ထွက်ဖြစ်မယ်”
“ကျမမီးဖွားတော့ မောင် ကျမ အနားမှာရှိနေပေးမှာမဟုတ်ဘူးပေါ့”
“အားမငယ်ပါနဲ့ နှင်းပွင့်လေး ရယ်၊ အန်တီလေး လာနေပြီး အစစအရာရာစောင့်ရှောက်ပေးမှာပါ”
“ဒါတော့ ဒါပေါ့မောင်…မောင်မရှိတော့ ကျမအားငယ်တာပဲပေါ့”
“အင်းပါ နှင်းပွင့်လေး ရယ်…အလုပ်အကိုင်ကလည်း အခြေအနေပေးတုန်းမို့ပါ၊ မောင် လည်းဘယ်ခွဲချင်ပါ့မလဲကွာ”

7.
များပြားလှတဲ့ တာဝန်ဝတ္တရားတွေနဲ့၊ ရှည်လျားလှတဲ့ အလုပ်ချိန်တွေကြားထဲမှာ နေ့ရက်တွေကို ပင်ပန်းဆင်းရဲစွာနဲ့ ဖြတ်သန်းနေရတယ်၊ တစ်နှစ်တာ အချိန်ကုန်ဆုံးဖို့ မဆိုထားနဲ့ တစ်ရက်တာ အချိန်ကုန်ဖို့တောင် ကုန်နိုင်ခဲလှပါတယ်။ ဒီမှာနေနေရတာ ကျနော်ချစ်တဲ့ နှင်းပွင့်လေးနဲ့ဝေးနေရယုံတင်မက သဘာဝရဲ့နှင်းလေးတွေနဲ့ပါဝေးနေရတာပါ၊ ဟုတ်တယ်၊ ဒီနိုင်ငံမှာ နှင်းမရှိဘူး နှင်းမကျဘူး၊ ဘယ်ကျပါ့မလဲလေ ဆောင်းရာသီမှမရှိတာ။ တစ်နှစ်ပတ်လုံးမိုးပဲရွာနေတာ၊ နေတောင်မှတခါတရံမှပူရရှာတယ်၊ ထူးဆန်းတာတစ်ခုက မိုးအမြဲရွာနေတဲ့ကြားထဲမှာ ဉသြက မရမကအော်နေတာလေ။

နှင်းပွင့်လေး ကိုသတိရတိုင်း ညဘက်တွေဆို ဖုန်းဆက်ဖြစ်တယ်…
“နှင်းပွင့်လေး နေကောင်းရဲ့လား”
“ကောင်းပါတယ်မောင်…ကျမနောက်တစ်ပတ်ထဲမွေးတော့မှာနော်…”
“ဟုတ်လား…ကိုယ့်ကိုကိုယ် ဂရုစိုက်နော် နှင်းပွင့်လေး”
“ဟုတ်ကဲ့ပါမောင်…ဒါပေမယ့် မောင်မရှိတော့ အားလည်းငယ်တယ် ဝမ်းလည်းနည်းတယ်”
“အားတင်းထားပါ နှင်းပွင့်လေး ရယ်၊ မောင် အခုသမီးလေးရဲ့ အနာဂတ်အတွက် ငွေစုနေတာပါ”
“သိပါတယ်မောင်…”
“သမီးလေးအတွက်လက်တွန်းလှည်းလေးဝယ်ထားတယ်၊ နှင်းပွင့်လေးအတွက်လည်း လက်ပတ်နာရီလေးတစ်လုံးဝယ်ထားတယ်ကွ မောင် ပြန်လာတော့ယူခဲ့မှာ”
“ဟုတ်ကဲ့ပါမောင်…မောင်လည်းကျန်းမာရေးဂရုစိုက်ပါနော်”
“အင်းပါ နှင်းလေးရဲ့”
“မောင့်ကို ကျမလွမ်းနေတယ်…မောင်”
“အော် နှင်းပွင့်လေးရယ်…မောင်လည်းလွမ်းနေတာပါပဲကွာ”

8.
ကမ္ဘာပျက်တယ်ဆိုတာ ကြုံဖူးကြလားဗျာ၊ ကျနော်တော့ ခုကြုံနေရပြီ၊ မြန်မာပြည်က Email ဝင်လာတယ် နှင်းပွင့်လေး မီးဖွားရင်းဆေးရုံမှာ ဆုံးပြီတဲ့။ ကံတရားရယ် ဘာကြောင့်များ ရက်စက်နိုင်လွန်းတာလဲ၊ ငါ့အနာဂတ်တွေ ပြိုပျက်ပြီ… ငါ့အိပ်မက်တွေ ပျောက်ဆုံးရပြီ… လောကကြီးတစ်ခုလုံး ပေါက်ကွဲလွင့်စင်ကျေပျက်ခဲ့ပြီ…နှင်းပွင့်လေးရေ…

9.
ကျနော်တောင်ပေါ်မြို့လေးကို အပြေးပြန်ခဲ့တယ်၊ နှင်းပွင့်လေးရဲ့ အုတ်ဂူဖြူဖြူလေးသာ နှင်းမှုန်တွေအောက်မှာ ကျနော့်ကို ကြိုဆိုနေခဲ့တယ်။ နှင်းပွင့်လေး အေးချမ်းနေပြီလား၊ ကျနော့်ဘဝမှာ နှင်းပွင့်လေး တကယ်မရှိတော့ဘူးလား၊ နှင်းပွင့်လေး ကွယ်လွန်သွားတာ တကယ်ရောဟုတ်လို့လား၊ မဟုတ်လောက်ပါဘူးဗျာ…လူတွေက ညာနေကြတာပါ၊ နှင်းပွင့်လေးရှိနေပါတယ် ကျနော်ပတ်ဝန်းကျင်မှာ နှင်းပွင့်တွေမှ အများကြီးပဲ၊ ဟော…ခုတောင် နှင်းတွေဝေနေအောင် ကျနေပြီလေ…
ဟင်…ဟိုမှာ နှင်းပွင့်လေးပါလား၊ ဟုတ်တာပေါ့ သူနဲ့ကျနော်နဲ့က ဒီအချိန်လမ်းလျှောက်ထွက်နေကြပဲ…
နှင်းပွင့်လေးရေ…မောင့် ကိုစောင့်ပါအုံး မောင် နဲ့အတူလမ်းလျှောက်ကြမယ်လေ…
နှင်းပွင့်လေး…အဲဒီလို ကန်ရေပြင်ပေါ်မှာ လမ်းမလျောက်နဲ့လေ နှင်းပွင့်လေးက ရေလည်းကူးတတ်တာ မဟုတ်ဘဲနဲ့…
ကဲ…ပြောရင်းဆိုရင်း နှင်းပွင့်လေးက သစ်ပင်တွေထိပ်ဖျားမှာ လျှောက်သွားနေပြန်ပါပြီ…
ပြန်ဆင်းခဲ့ပါ နှင်းပွင့်လေးရယ် လိမ့်ကျပါမယ်ကွယ်၊ အန္တရာယ်ရှိတဲ့ အလုပ်တွေမလုပ်ပါနဲ့နော်…မောင် တောင်းပန်ပါတယ်
နှင်းပွင့်လေး မောင့် ကိုချစ်တယ်ဆို…မောင့် ကိုစောင့်ပါအုံး မောင်လည်းလိုက်မယ် နှင်းပွင့်လေးရေ….

10.
ကန်ပတ်လမ်းဘေး မြက်ခင်းပေါ်မှာ လဲကျနေတဲ့လူတစ်ယောက်ကို နံက်စောစောလမ်းထလျှောက်သူတွေ၊ အပြေးလေ့ကျင့်ခန်း လုပ်သူတွေ တွေ့လို့ဝိုင်းအုံကြည့်နေကြတယ်၊ တစ်ယောက်တစ်မျိုးဝေဖန်သံအမျိုးမျိုးထွက်လို့ပေါ့
“အသက်မရှိတော့ဘူးဗျ တစ်ကိုယ်လုံးအေးစက်တောင့်တင်းနေပြီ ညကတည်းကနဲ့တူပါတယ်”
“ဟေ့ သွားမကိုင်နဲ့ သက်ဆိုင်ရာကို အကြောင်းကြားရမယ်”
“ဘယ်သူလဲ မသိဘူးနော်”
“ဟာ ဒီလူကိုသိတာပေါ့၊ လွန်ခဲ့တဲ့ သုံးလလောက်တုံးက သူ့မိန်းမ မီးဖွားရင်းဆုံးသွားတာလေ အဲဒီတုံးက သူက စင်္ကာပူမှာ အလုပ်သွားလုပ်နေတာ သူ့မိန်းမဆုံးတော့ သူလည်းဒီကိုပြန်လာပြီး မကြာပါဘူး စိတ်ဖောက်သွားတော့တာ”
“ဟုတ်တယ်ဗျ ဒီလူက သစ်ပင်တွေပေါ်တက်လိုတက် ပန်းခြံထဲကရေကန်ထဲ ဆင်းပြေးတဲ့အခါပြေးနဲ့”
“ဒီလောက်ချမ်းစီးနေတဲ့ မြို့မှာ ညဘက်ကြီးအနွေးထည်မပါဘာမပါနဲ့ လျှောက်သွားနေတာလည်း တွေ့ဘူးတယ်”
“အခုလည်း အဲဒီလိုလျှောက်သွားနေရင်းနဲ့ အအေးမိပြီး နှလုံးသွေးရပ်သွားတာနေမှာပေါ့”
“သနားပါတယ်နော်…အရွယ်ကောင်းလေးရှိသေးတာပဲ”
“လ သားအရွယ် ကလေးလေးတစ်ယောက်ကျန်ခဲ့တယ်ဗျ မိန်းကလေးတဲ့၊ ဒီလူကစိတ်ဖောက်နေတော့ သူ့ဖွားအေများကပဲ ကြည့်ရှု့စောင့်ရှောက်ပေးနေရတာပေါ့”
“သနားစရာဗျာ…”

11.
ဆေးရုံကလူတွေရောက်လာပြီး အသက်ဝိဉာဉ်ကင်းမဲ့နေပြီဖြစ်တဲ့ သူ့ခန္ဓာကိုယ်ကို သယ်ဖို့လုပ်ကြတော့….
နှင်းရည်တွေနဲ့စိုစွတ်နေတဲ့ မြက်ခင်းလေးပေါ်ကို သူ့ဆီက ပစ္စည်းလေးတစ်ခုပြုတ်ကျလာပါတယ်….
 …မိန်းမပတ် နာရီလေးတစ်လုံး
…ရွှေရောင်လေးဝင်းလျက်… …။    ။
                                                                                                          သန်၎ကို
                                                                                                        (မန္တလေး)

                                                          (ပြီး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...