Sunday, October 27, 2013

စူပါအတ္တ နဲ့ ကုသိုလ် အကုသိုလ်


Ko Navana
October 25, 2013 at 8:06pm
တချို့ လူတွေက.. သူတို့စိတ်ထဲရှိတဲ့အတိုင်း နေတယ်..။ ဘယ်သူ့မှ ဂရုစိုက်လေ့မရှိဘူး..။ သူ့စိတ်ခံစားချက်ကိုပဲ ဦးစားပေးတယ်..။

တချို့ လူတွေကျတော့..  '' တခြားလူတွေ ငါ့ကို ဘယ်လိုမြင်မလဲ '' ဆိုတဲ့ ပြင်ပအမြင်ပေါ်မှာ ခွထိုင်ပြီး.. သူ့စိတ်ခံစားချက်ကို ထိန်းညှိတယ်..။ ဆောင်ရန် ရှောင်ရန်တွေကို ကျင့်သုံးတယ်..။


လူအထင်ကြီးခံချင်လို့.. အများအမြင်ကောင်းချင်လို့.. (စိတ်ရင်းကမကောင်းသော်လည်း) မကောင်းမှုတွေရှောင်- ကောင်းမှုတွေဆောင် နေတဲ့ လူမျိုးပေါ့..။

အဲ့သလို စိတ်ဓါတ်ကို Sigmund Freud က.. သူ့ရဲ့  စိတ်သရုပ်ခွဲမှုမှာ.. super-ego လို့ သမုတ်တယ်..။ ရိုးရိုး အတ္တမဟုတ်တဲ့ စူပါအတ္တ-ရှယ်အတ္တပေါ့..။

စူပါအတ္တခေါ်ခေါ်.. ရှယ်အတ္တခေါ်ခေါ်.. သူများတွေကဲ့ရဲ့ ခံရမှာစိုးလို့.. မကောင်းမှုတွေရှောင်ပြီး ကောင်းမှုဆောင်နေတာ.. ကောင်းတာပဲ.. လို့ ထင်ချင်စရာ ရှိပေမယ့်.. အဲ့သလိုလူတွေက ဘယ်သူသေသေ ငတေမာပြီးရော ဆိုတဲ့ လူတွေထက် ပိုကြောက်ဖို့ ကောင်းတယ်..။

အဓိကက.. သူကောင်းနေတာဟာ.. ပင်ကိုယ်ကောင်းမဟုတ်ဘဲ.. အများအမြင်တင့်တယ်စေချင်လွန်းလို့ ကောင်းပြနေတာမို့ပဲ..။

အဲ့သလိုလူဟာ.. အများမမြင်နိုင်တဲ့အခြေအနေမှာ.. အများမသိနိုင်တဲ့အခြေအနေမှာ..  ရပ်တည်ချက်ခိုင်ခိုင်မာမာနဲ့ ဆက်လက် ရပ်တည်နိုင်လေ့ မရှိဘူး..။

သူ့နဂိုရ်မူလ ရပ်တည်ချက်ကိုယ်က.. ပြင်ပအမြင် ပေါ်မှာ တည်ဆောက်ထားတာမို့.. အဲ့ဒီပြင်ပက မမြင်နိုင်-မသိနိုင်တော့ရင်.. သူ့ရပ်တည်ချက်လည်း ပျက်ယွင်း သွားတတ်လို့ပဲ..။

နောက်ပြီး အဲ့သလိုလူတွေဟာ မြှောက်ပေးရင်-ဂွေးတက်အောင်လည်း ကတတ်ကြတယ်..။ တခြားလူတွေ ငါ့ကို ဘယ်လိုထင်မလဲ ဆိုတာကိုပဲ တွေးနေသူကို မြှောက်ပေးဖို့ဆိုတာ.. ဘာခက်တာမှတ်လို့..။

အဲ့ဒါကြောင့်ပဲ.. ဗုဒ္ဓက..

'' ကုသလာ ကုသလံ ဇဟံ '' လို့ ဟောခဲ့တယ်..။

ကုသလ= ကုသိုလ် နဲ့ အကုသလ= အကုသိုလ် ကို ဇဟံ=ပယ်ပါ..ရှောင်ပါ လို့ ဆိုလိုပါတယ်..။ တနည်းအားဖြင့် ကုသိုလ်လည်း မလုပ်နဲ့ အကုသိုလ်လည်း မလုပ်နဲ့လို့ အဓိပ္ပါယ်ရပါတယ်..။

ဒီနေရာမှာ.. အကိုသိုလ်ကို မလုပ်နဲ့လို့ တားမြစ်တာ နားလည်လို့ ရပေမယ့်.. ကုသိုလ်ကောင်းမှုကိုလည်း မလုပ်ကြနဲ့လို့ ဗုဒ္ဓက တားမြစ်ခဲ့တာ.. ဟုတ်မှဟုတ်ပါ့မလားလို့ အတွေးပွားစရာရှိပါတယ်..။

ဗုဒ္ဓ တားမြစ်ခဲ့တဲ့.. ကုသိုလ်ကောင်းမှု ဆိုတာ.. ရပ်တည်ချက်အမှားနဲ့ လုပ်ဆောင်တဲ့ ကောင်းမှုတွေကို ဆိုလိုတာပဲ..။

အပေါ်မှာ ပြောခဲ့သလို.. အလှူ့ ဒါယကာကြီးလို့ အထင်ခံချင်လို့- လူအထင်ကြီးအောင်လို့- အများအမြင်တင့်တယ်အောင်လို့ဆိုတဲ့ super-ego တွန်းအားနဲ့ လုပ်ဆောင်နေတဲ့ ကောင်းမှုကုသိုလ်တွေ ကို ဗုဒ္ဓက ဘယ်လိုလုပ် အားပေးမှာလဲ..။

ဆိုတော့..

ကျွန်တော်တို့တတွေလည်း.. ဟိုဟာဖြစ်ချင် ဒါဖြစ်ချင်.. ဟိုဟာမလုပ် ဒါမလုပ် စတဲ့.. ကိုယ့်လိုအင်.. ကိုယ့်လုပ်ရပ် အသီးသီးကိုလည်း ပြန်လည် ဝေဖန်စမ်းစစ်ကြည့်ဖို့ ကောင်းပါတယ်..။

ငါ.. ဒါမလုပ်တာဟာ.. သူများတွေအထင်လွဲမှာစိုးလို့ မလုပ်တာလား..။ မကောင်းတာကို မကောင်းမှန်း ပကတိအသိတရားနဲ့ မလုပ်တာလား..။

ငါ ဒါတွေလုပ်နေတာကရော.. သူများတွေ အထင်ကြီးအောင် လုပ်နေတာလား..။ ကောင်းတာကို ကောင်းမှန်း ပကတိသိမြင်သဘောပေါက်ပြီး လုပ်နေတာလား..။

စသဖြင့် ပေါ့..။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...