Sunday, October 27, 2013

စိတ်ဓာတ်သံချေးတက်နေသူတဦးသို့ ပေးစာ

Myo Tha Htet October 27, 2013 at 3:51am
ဒီကနေ့ အောက်တိုဘာ ၂၇ မြန်မာ့အလင်း အစိုးရသတင်းစာကို ဖတ်တော့ အရင်စစ်အစိုးရခေတ် ဆောင်းပါးပုံစံ တပုဒ်ကို ဖတ်လိုက်ရပါတယ်။ ရေးသူက မောင်မိုးရှင်း အမည်ခံထားတဲ့ အစိုးရဘက်တော်သား စာရေးသူတဦးမှန်း ဆောင်းပါးပြီးတော့ ထင်ရှားသွားပါတယ်။ ပညာတတ် စာရေးသူဖြစ်တော့ ခပ်ပါးပါး ခြောက်လုံးလှန့်လုံးလေးတွေ သုံးလို့ ရေးထားတာက ရုတ်တရက်ကြည့်ရင်တော့ တိုင်းပြည်အကျိုး ဆောင်ထားသလို ထင်ရပေမယ့် တကယ်တမ်းက စေတနာ မဲ့ပြီး စိတ်ဓာတ်သံချေးတက်နေသူတဦး ဖြစ်နေတာကို သတိထားလိုက်မိပါတယ်။



သူ့ဆောင်းပါးကို ခေါင်းစဉ်ပေးထားတာက ``သံချေးမတက်ပါစေနှင့်`` တဲ့၊ သူကိုယ်တိုင်ကတော့ စိတ်ဓာတ်သံချေးတက်နေသူမို့ သံအစစ်လိုတော့ စိတ်က မူမမှန်တော့ပါဘူး၊ ကလောင်နာမည်ကအစ ဟိုလိုလို ဒီလိုလို ပေးထားပြီး၊ သူ ဘယ်သူမှန်းကိုလည်း ၀ှက်ထားပေမယ့် ဆောင်းပါးတပုဒ်လုံးကတော့ ဒီကနေ့ခေတ် (သမ္မတဦးသိန်းစိန်အစိုးရလက်ထက်) အယ်ဒီတာတွေ၊ စာရေးသူ (သူ့အဆိုအရ ကလောင် သစ်/ဟောင်း) တွေကို ဗြောင်ချထားတာ တွေ့ရပါတယ်။ (ဆောင်းပါးကိုတော့ ကိုယ့်ဘာသာ ဖတ်ပါလေ၊ သူ ရေးထားတဲ့ထဲက ဥပမာတခု၊ နှစ်ခု ပေးရရင်တော့ ငါးစိမ်းသည် ရန်တွေ့လေသံ၊ ၀က်ထိုးသမား မျက်နှာထားမျိုးနဲ့ ရေးသားကြသည်တဲ့)။


ဆောင်းပါးအဖွင့်ကို ဗုဒ္ဓဘာသာဝင် အများစုရဲ့ စိတ်ထားပျော့ညံ့မှုကို အခွင့်ကောင်းယူပြီး ``ကံ`` နဲ့ ဖွင့်လိုက်ပါတယ်။ ပြီးတာတွေ ပြီးပါစေတော့၊ သူပြုသမျှ သူ့ကံထားလိုက်ပေါ့၊ ကိုယ်ကောင်းရင် ကိုယ်စံရမှာပဲ၊ သူမကောင်းရင် သူခံရမှာပဲ၊ ထားလိုက်ပါတော့ ဆိုတဲ့ ပုံစံမျိုးနဲ့ နိဒါန်းချီလိုက်တာမို့ ဟုတ်သယောင်ယောင် ဖြစ်သွားတတ်စေပါတယ်။ လိုတဲ့အခါ ကံကို ဆွဲယူအသုံးပြုပြီး ကိုယ်တိုင် လုပ်ချင်တာတွေ လုပ်တဲ့အခါမှာတော့ ကံကို မေ့နေတတ်ကြတဲ့ အညံ့စား ဗုဒ္ဓဘာသာဝင် တယောက်လို ဖြစ်နေတာကိုတော့ သူ့ဟာသူ မေ့နေပုံပါပဲ။


အလယ်စာကိုယ်မှာတော့ ခုနဆိုခဲ့သလို ခေတ်သစ်အပွင့်မှာ အမှောင်ဖုံးတဲ့၊ ဒေါသ၊ အာဃာတတွေ လွှမ်းတဲ့၊ နောက်ပြန်သွားနေတဲ့ စာတွေ ရေးနေ၊ သားနေ၊ ဖော်ပြနေတဲ့ အယ်ဒီတာတွေ၊ စာရေးသူတွေကို အပြစ်တင် မောင်းမဲတဲ့ စကားတွေ ဆိုပါတယ်။ အဲ... နိဂုံးချုပ်ပြီး ဆွဲယူသုံးသပ်တဲ့အခါကျတော့မှ မြန်မာပြည်ကိုလည်း နေ့ချင်းပြန် လာသွားဖူးပြီး မြန်မာတွေကလည်း ချစ်ခင် နှစ်သက်ပုံရတဲ့ အမေရိကန် သမ္မတ အိုဘားမားရဲ့ သူ့တိုင်းသူပြည်သားတွေကို စည်းရုံးတဲ့ စကားလေးနဲ့ သုံးထားပြန်ပါတယ်။


စိတ်ဓာတ်ဆိုးသူ


အိုဘားမားကို သုံးတာတော့ သုံးတတ်တယ်၊ သုံးတာတောင်မှ သူ့ဆောင်းပါးတပုဒ်လုံးကို အရုပ်ဆိုးစေတဲ့ အသုံးအနှုန်းမျိုးနဲ့ သုံးပါတယ်။ သူ့ဆောင်းပါး လိုရင်းက အရင်က လုပ်ခဲ့တဲ့သူတွေရဲ့ အပြစ်တွေ ပြောမနေပါနဲ့တော့၊ ဒီကနေ့ခေတ်အထိ ထိပ်တန်းကနေ ထိုးထိုးထောင်ထောင် ပါနေကြတဲ့ အဲဒီလူတွေရဲ့ အကောင်းတွေ ရှာပြောပြီး ချီးကျူးမြှင့်တင်ပေး၊ ကံကို ပုံချပြီး ခွင့်လွှတ်ပေးလို့ ဆိုလိုချင်ပုံ ရပါတယ်။


ဒါပေမဲ့ သူများကို ပျော့ပြောင်းမှု မပါဘဲ လျှော့ဖို့ပြုဖို့ တိုက်တွန်းထားတဲ့သူက သူကျတော့ အမေရိကန် သမ္မတကို ကုလားကပြားလေးပါဆိုတဲ့ အသုံးနဲ့ ဟူစိန်ဘာရက် အိုဘားမားလို့ ရေးပါတယ်။ ပညာတတ်ဖြစ်ပုံရတဲ့ စာရေးသူဟာ သူများကို ရိသဲ့သဲ့ လုပ်ချင်တော့ ပမာဒလေခ ဖြစ်သွားပုံ ရပါတယ်၊ နာမည်အမှန်က ဟူစိန်ဘာရက် အိုဘာမားလို့ ရေးပါတယ်။ အိုဘားမား ပြောခဲ့တဲ့ (အထူးသဖြင့် မြန်မာပြည်နဲ့ ပတ်သက်ပြီး ဝေဖန် ပြောဆိုထားတာတွေလည်း အများကြီး ရှိပါတယ်) စကားပေါင်း များစွာထဲက သူလိုချင်တာလေး ကောက်ဆွဲပြီး ပြောပါတယ်။


အိုဘားမားက တနာရီ အလုပ်လုပ်တိုင်း လုပ်ခမြိုးမြိုးမြက်မြက် ရနေတဲ့ သူ့ရဲ့ ပြည်သူတွေကို ပြောပြတာက ပြည်သူတွေ တာဝန်ကျေကြဖို့၊ ကြိုးစားကြဖို့၊ တခြားသူတွေ အတွက်လည်း စဉ်းစား လုပ်ကိုင် ပေးကြဖို့ပဲ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေ အများစုက စားဖို့သောက်ဖို့တောင် အနိုင်နိုင် ရုံးကန်နေရတာ၊ အစိုးရကလည်း အခုထက်ထိတိုင် ထိထိရောက်ရောက် မူဝါဒကောင်းကောင်းနဲ့ နေသာထိုင်သာရှိအောင် မလုပ်ပေးနိုင်တာတွေ ကြားထဲမှာမှ မြန်မာပြည်သူတွေက ဘာတာဝန်တွေ ထပ်ကျေပြီး၊ ဘာတွေကို ထပ်ပြီး ကြိုးစား ရဦးမှာလဲလို့ စဉ်းစားမိပါတယ်။


မနေ့တနေ့ကမှ လွတ်လွတ်လပ်လပ်လေး ပြောဆို ရေးသားခွင့်လေး ရလာတာ၊ လုပ်အားခလေး နည်းနည်းပါးပါး တိုးပေးဖို့ လုပ်ငန်းရှင်ကို ဆန္ဒပြခွင့် ရလာတာ၊ နှစ်ပေါင်းများစွာ စစ်တပ်၊ အာဏာပိုင်တွေနဲ့ ခရိုနီတွေ သိမ်းထားတဲ့ မြေတွေ ပြန်ပေးဖို့၊ ထိုက်တန်တဲ့ လျော်ကြေးတွေ ပေးပါလို့ တောင်းဆို တင်ပြခွင့်လေးတွေ ရလာတာကို စိတ်ဓာတ်ပျက်နေတဲ့ ဆောင်းပါးရှင်က လိုလားပုံ မရပါဘူး။ သူက အေးဆေး ချမ်းသာ နေရတဲ့ အချိန်မှာ အောက်ကလူတွေရဲ့ စိတ်ခံစားမှုတွေကို နားမလည်နိုင်ဘူး ထင်ပါတယ်၊ သူကိုယ်တိုင် အဲဒီဘ၀မျိုးမှာ ရှိနေမှပဲ သူ့ထက်ဆိုး ဖြစ်လာလေမလားတော့ မသိပါဘူး။


သူတို့ရေးတဲ့ ဥပဒေတွေ


တကယ်တော့ ဒီကနေ့ အစိုးရထုတ် အစိုးရအာဘော်  ဖြစ်နေဆဲ မြန်မာ့အလင်းပါ ဆောင်းပါးရဲ့ ဆောင်းပါးရှင် မောင်မိုးရှင်း စိတ်ဓာတ်ချောက်ခြားရလောက်အောင် တိုင်းပြည် ပျက်လောက်တဲ့အထိ ဒီအယ်ဒီတာတွေ၊ စာရေးသူတွေက မစွမ်းဆောင်နိုင်ပါဘူး။ အခုလို လွတ်လွတ်လပ်လပ် ရေးသား ဖော်ပြနေတာတွေက တချိန်မှာ ပြန်လည် စစ်ဆေး သုတေသန ပြုကြမယ့် ပညာရှင်တွေအတွက် အထောက်အကူ ရလောက်မယ့် အနေအထားလောက်သာ ရှိပါတယ်။ ကြောက်ရွံ့စရာ အခြေအနေမျိုး လုံးဝ မဟုတ်ပါဘူး။


ပြည်သူအများစုဟာ တစောင်ဖတ်ရင် ၁၀၀ ကနေ ၈၀၀ ကျပ်အထိ ပေးရတတ်တဲ့ သတင်းစာ၊ ဂျာနယ်တွေကိုလည်း မဖတ်နိုင်ကြပါဘူး။ ဒါကြောင့် သတင်းတွေ ထိန်းမနိုင် သိမ်းမရ ပွင့်လင်း စီးဆင်းနေပါတယ်ဆိုတဲ့ ဒီကနေ့အချိန်ထိ ပြည်ပက ထုတ်လွှင့်နေကြတဲ့ သတင်းအသားပေး ရေဒီယိုတွေ ရှင်သန် ရပ်တည်နိုင်ကြဆဲ ဖြစ်ပါတယ်။ တခါ အရင်က မရေးနိုင်၊ မထုတ်နိုင်လို့ သိမ်းထား၊ ဆည်းထားပြီး အခုမှ ရေးသားပုံနှိပ် (၀ါ) ပြန်ထုတ်လာကြတဲ့ တအုပ်ဝယ်ရင် ၁၀၀၀ ကနေ ၁၀၀၀၀ ကျပ်လောက်အထိ ပေးရတဲ့ စာအုပ်တွေကိုလည်း ပြည်သူများစုမှာ အနားလေးမှ မသီနိုင်ကြပါဘူး။


ကံကောင်းလို့ လက်ဖက်ရည် သောက်နိုင်တဲ့နေ့ လက်ဖက်ရည်ဆိုင်က သတင်းစာ အလကားဖတ်နိုင်လို့ လှန်ကြည့်မိရင်တောင် အဲဒီ စာအုပ်တွေရဲ့ ကြော်ငြာလောက်သာ ဖတ်နိုင်ကြတာ ဖြစ်ပါတယ်။ (ဒါတောင် ကံကောင်းမှပါ၊ ဆောင်းပါးရှင် မောင်မိုးရှင်း စိတ်ဓာတ်တွေ ကျနေသလောက်လည်း လုံးဝ မဟုတ်ပါဘူး)။


ကိုယ်တိုင်က ကိုယ့်ဘော်ဒါ လူချမ်းသာ၊ အာဏာရှင်လက်ဟောင်း/ လက်သစ်တွေ၊ ခရိုနီတွေအတွက် စိတ်ပူပန်နေတဲ့ မောင်မိုးရှင်း မေ့နေတာက အဲဒီ အာဏာရှင်ကြီးတွေ ခေတ်မှာရော ဒီကနေ့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်အထိ အမျိုးမျိုး ပြဌာန်းနေတဲ့ ဥပဒေလက်ဟောင်း/ လက်သစ်တွေက အများကြီး ရှိနေတာပဲ ဖြစ်ပါတယ်။ ကိုယ့်ဥပဒေတွေ (၀ါ) တည်ဆဲ ဥပဒေတွေကို ကိုယ်တိုင် ယုံတယ်ဆိုရင်ဖြင့် ဘာမှ တုံ့ဆိုင်းနေစရာ မလိုဘဲ ဆိုခဲ့ပါ အယ်ဒီတာတွေ၊ စာရေးသူတွေကို အထုပ်အထည်ကြီးနဲ့ ရေးသား၊ ဖော်ပြထားတဲ့ စာအုပ်၊ စာတမ်း၊ စာစောင်၊ သတင်းစာတွေကို လက်ကိုင်ပြလို့ တရားတဘောင် စွဲဆိုပြီး ထိထိရောက်ရောက် အရေးယူနိုင်အောင် ကြိုးပမ်းလိုက်ရုံပဲ ဖြစ်ပါတယ်။


ကိုယ်တိုင်က အခွင့်အာဏာတွေနဲ့ ငွေကြေး ချမ်းသာမှုတွေကို အချိန်နဲ့စက်ပြီး ခံစား/ စံစားနေရလို့ (၀ါ) အလျော့ပါး မခံနိုင်လို့ မအားလုပ်ဘူးဆိုရင်လည်း များလွန်းလှတဲ့ တပည့်တပန်းတွေကို ကိုယ်စားလှယ်အဖြစ် ခိုင်းစေလိုက်ရုံသာပဲ ရှိပါတယ်။ လွတ်လပ်ရေးရပြီးခေတ်ကလို အာဏာအားကိုးနဲ့ သတင်းစာတိုက်ဖျက်စီး၊ စာအုပ်စာတမ်းတွေ သိမ်းဆည်း မီးရှို့တာတွေလည်း လုပ်စရာ မလိုပါဘူး။


ကံကို ယုံတယ်ဆို...


ဒါမှမဟုတ်လည်း မောင်မိုးရှင်းရဲ့ အစိုးရသတင်းစာထက်က (တကယ်တော့ ပြည်သူ့ဘဏ္ဍာတွေနဲ့ ထုတ်ဝေတဲ့ သတင်းစာမို့ ပြည်သူ့အသံအမှန်တွေသာ ဖော်ပြသင့်ပါတယ်) ဆောင်းပါးအစမှာ ဖော်ပြခဲ့သလို ကံကို တကယ် ယုံတယ်ဆိုရင်ဖြင့် သည်းခံခြင်းတရားကို ရင်ဝယ်ပိုက်လို့ အသာတိတ်တိတ် နေဖို့ ကောင်းပါတယ်၊ ဘာဖြစ်လို့ဆို အခုလို လွတ်လပ် ပွင့်လင်းချိန် အခိုက်အတန့်လေးမှာ ရေးနေသားနေ ဖော်ပြနေ ထုတ်ဝေနေကြတာတွေဟာ အမှားတွေချည်းတော့ မဟုတ်ပါဘူး။


အမှန်တွေ အများကြီး ပါသလို စိတ်ခံစားချက်တွေ ဆောင်းလို့ ပိုပိုသာသာ ရေးတာတွေလည်း ပါလာနိုင်တာပဲ ဖြစ်ပါတယ်။ ဒီတော့ အကုန်လုံး မဟုတ်တာချည်း မဟုတ်တဲ့အတွက် သည်းခံလိုက်သင့်ပါတယ်။ တကယ် ကိုယ်က လုံနေတယ်ဆိုရင် ကံကို ဘာကြောင့် အားမကိုးရဲရမှာလဲ မဟုတ်ဘူးလား၊ မကောင်းတာ ရေးတာသားတာ ထည့်တာဖော်ပြတာ ပုံနှိပ်တာထုတ်ဝေတာ အဲဒီအလုပ် လုပ်တဲ့သူတွေ ခံကြပါလိမ့်မယ်။


အထူးသဖြင့်တော့ နှစ်ပေါင်း ၂၀ ကျော်ကြာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်တွေရဲ့ လက်အောက်မှာ ဒုက္ခတွေ အမျိုးမျိုးခံ၊ သားကွဲမယားကွဲ မိကွဲဖကွဲ ဆွေကွဲမျိုးကွဲတွေဖြစ်၊ ထောင်ကျတန်းကျ အချုပ်ကျ နှိပ်စက်ခံရ၊ ဘ၀တွေပျက်၊ ပညာမတတ်၊ စီးပွားတွေခက်၊ သေသူသေ ကျေသူကျေ ကျိုးသူကျိုး ကန်းသူကန်းတွေ ဖြစ်ကုန်ကြတဲ့ ထောင်းသောင်းသိန်းသန်းအထိ အများကြီး ရိုက်ခတ်ခံခဲ့ရတဲ့ ဘ၀တွေကို မစာနာဘဲ ပြင်သစ်ပြည်က ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပါလားဆိုတဲ့ မိဖုရားလို ဥာဏ်မဲ့တဲ့ အပြောဆိုးမျိုးနဲ့ အစိုးရသတင်းစာကနေ စော်ကားမော်ကား သဘောမျိုး ပြောတာကတော့ မနှစ်မြို့စရာပဲ ဖြစ်ပါတယ်။


ပညာတတ်၊ စာဖတ်၊ ပိုက်ဆံပြည့်စုံတဲ့ လူတစုလောက်ကိုသာ ရိုက်ခတ်မှုရှိနိုင်တဲ့ (တကယ်တော့ ပညာတတ်လေ၊ ကြောက်တတ်လေပါ) အခုခေတ် ထုတ်ဝေနေတဲ့ စာအုပ်တွေ၊ စာစောင်တွေထဲ ဖော်ပြမှုတွေအတွက်တော့ ချေးပါရလောက်အောင် ကြောက်စရာ လန့်စရာ မဟုတ်သေးဘဲ အချိန်အခါတခုမှာ အာသာပြေရင် ရပ်သွားကြမှာပဲလို့ ထင်မြင်မိကြောင်းပါ။ မြန်မာပြည်မှာ အများစုက အခုချိန်ထိ မိရိုးဖလာပဲဖြစ်ပါစေလေ... ဗုဒ္ဓဘာသာဝင်တွေပဲ မဟုတ်ပါလား။ ကျေလွယ်အေးလွယ်၊ ကြည်စေအေးစေတွေ များကြပါတယ်။


စိတ်တွေ အရမ်းလှုပ်ရှားနေပုံရတဲ့ နာမည်ဝှက်နဲ့ မောင်မိုးရှင်းကြီးကနေ  ဦးကမ်း(Calm) ဖြစ်ပါစေလို့လည်း ဗုဒ္ဓဘာသာဝင်ပီပီ ကံနဲ့ကံရဲ့ အကျိုးကို တကယ်ယုံကြည်သူမို့ ဆုတောင်းမေတ္တာပို့သရပါတယ်။


အောက်တိုဘာ ၂၇၊ ၂၀၁၃။ နာရီပြန်တချက်။
ရန်ကုန်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...