Saturday, October 26, 2013

သားသားကြီးရင် ဘာလုပ်မယ်

October 21, 2013 at 1:43am


လှိုင်သာယာ န၀ဒေးဥယျာဉ်အိမ်ရာ ရှေ့မှာ.. သစ်ပင်ပန်းမန်ဝေေ၀ဆာဆာနဲ့ လှပတဲ့ ဥယျာဉ်လေး ရှိတယ်..။ စက်မှုဇုန် တခွင်က ရင်ဘတ်ခြင်း နီးသူတွေ နေ့နေ့ညည အဲ့ဒီဥယျာဉ်လေးမှာ ဟိုအပင်ကွယ်-ဒီခြုံကွယ်နဲ့ တွတ်တီးတွတ်တာ အုံးအုံးထအောင် ချစ်ခရီးလမ်း လျှောက်လှမ်းကြသမို့.. အေဒင်ဥယျာဉ်လား အောက်မေ့ရပါတယ်။

ဒါပေမယ့် သူတို့ချစ်ခရီးလမ်းဟာ ထင်သလောက်တော့ မဖြောင့်ဖြူးရှာဘူး..။ အရေးကောင်း-ဒိန်းဒေါင်းဖျက် ဆိုသလို အနှောင့်အယှက်တွေက မကင်းလှဘူး..။

''ဟေ့-ကောင်မလေးကို လွှတ်လိုက်၊ ငါ့ကောင်မလေးကို မင်းကြားဖြတ်သုတ်
သွားတာ.. မင်းနဲ့ငါနဲ့ ဒီနေ့တော့ သူသေကိုယ်သေပဲဟေ့ '' ဆိုတဲ့ ခပ်ကြမ်းကြမ်းအနှောင့်အယှက်မျိုးတော့ မဟုတ်ပါဘူး။

နှပ်ချေးတွဲလောင်း.. ညစ်တီးညစ်ပတ်.. စုတ်စုတ်ပြတ်ပြတ်နဲ့ လေးငါးနှစ်အရွယ် ကလေးငယ်တွေက အတွဲတွေနား ဟိုဝင်သည်ထွက် ပိုက်ဆံမပေးမချင်း ပေကတ်ပြီး နေနေကြတာမို့.. စုံတွဲတွေတို့ခမျာ့.. သူတို့လေးတွေရောက်လာတိုင်း
လုပ်လက်စအလုပ်တွေကို ဟာ့ဖ်တိုင်းနဲ့ (half-time) နဲ့ ရပ်ဆိုင်းလိုက်ရတော့ ဆန့်ငင်ဆန့်ငင်ပေါ့..။

ကလေးလေးတွေဆိုတော့လည်း.. ကန်တော့ပါသေးလို့လည်း ပြောရခက်.. အော်ဟစ်ငေါက်ထုတ်လို့လည်း မရ နဲ့ အတော့်ကို ဂွတီးဂွကျနဲ့ နောက်ဆုံးတော့လည်း.. အေးရာအေးကြောင်း နားအေးပြီးရော.. တစ်ရာတန်သည်-နှစ်ရာ
တန်သည် အသပြာလေးတွေ မ-စ တော့မှ ပွဲက ပြီးပါတယ်..။

တချို့ အတွဲတွေကတော့ ကလေးတွေနဲ့အပြိုင်.. ပေကပ်ပြီး.. မင်းတို့မသွားလည်းနေ- ပိုက်ဆံတော့ မပေးဘူး ဆိုပြီး တင်းခံကြပါတယ်...။ အဲ့သလိုအတွဲတွေကိုကျတော့.. ကလေးငယ်များက မဟာဗျုဟာ ပြောင်းပြီး.. '' ကြားလေသွေးမှာ စိုးရှာသူတွေရဲ့  ကြားထဲ အတင်းဝင်ထိုင်တာမျိုး.. အာဒံရဲ့  ခြေသလုံးကို အတင်းဖက်ထားတာမျိုး '' လုပ်ပါတယ်။

မြွေတွေမိတ်လိုက်ချိန်မှာ.. ဒေါသသိပ်ကြီးသလို.. အချစ်ခိုးတွေမွှန်ရှာနေသူတွေအဖို့ အဲ့သလောက်အထိ လွန်လွန်ကဲကဲ ကလေးငယ်တွေက မဟာဗျုဟာကျင့်သုံးလာတော့.. စိတ်တွေဆိုး၊ စိတ်တွေပျက်ရင်း ရိုက်ထုတ်
ဟောက်ထုတ်မိတော့မလောက် တခါတခါ စိတ်တွေ လွှတ်သွားတတ်ပြန်ပါတယ်..။

သို့သော်..  ကလေးငယ်တွေကတော့.. အကြောက်အလန့်မရှိ.. သူတို့ရည်ရွယ်ချက် မအောင်မြင် မခြင်း ဇွဲနဘဲ ကြီးစွာနဲ့ မမှိတ်မသုန် ပန်းတိုင်ကို အရောက်လှမ်းတော့.. နောက်ဆုံးတော့လည်း.. ပိုက်ဆံ ပေးလိုက်ရတာပါပဲ။

အဲ့သလိုနဲ့ ကျွန်တော်တို့ရဲ့  မျိုးဆက်သစ် ကလေးငယ်တချို့ ဟာ သူတို့ဘ၀ရဲ့  နုနယ်စဉ်မှာပဲ.. အပေးအယူ သဘောတရားတွေ- စိန်ခေါ်မှုတွေ- အကြောက်တရားနဲ့ မီးစင်ကြည့်ကရတာတွေကို ခံစား ကျော်ဖြတ်ရှင်သန်
နေပါတော့တယ်..။

==================================================

ဘုရင့်နောင် ဂုံးကျော်ရဲ့  ချဉ်းကပ်လမ်းဘေးမှာ ငါးပုဇွန်အအေးခန်းသုံး အပြာရောင်ရေခဲပုံးကြီး နှစ်ပုံးချထား
တာတွေ့မိတယ်..။ ပုံးတစ်ပုံးပေါ်မှာတော့.. လွယ်အိပ်ကို စလွယ်သိုင်းထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ခြေတပလ္လင်
ချိတ်ပြီး ထိုင်နေလေရဲ့ ..။

သူ့ဘေးမှာတော့.. လူကြီးလူငယ်တချို့ နဲ့ လူမမည်ကလေးငယ်တွေ ၀ိုင်းဝိုင်းလည်နေပါတယ်..။ ရေသန့်ဗူး-ကွမ်းယာ-အအေးစတာတွေကို အဲ့ဒီပုဂ္ဂိုလ်ကြီးက ထုတ်ပေးနေပြီး ကလေးငယ်တွေက လမ်းပေါ်မှာ ပိတ်နေတဲ့ ဘတ်စကားတွေဆီ အပြေးအလွှားသွား ခေါက်တုန့်ခေါက်ပြန် လူးလားဆန်ခတ် အရောက်ပို့စနစ်နဲ့ ရောင်းချ
ပါတယ်..။

သူတို့လေးတွေ ဘယ်ပုံဘယ်နည်း ကော်မရှင်တွေရ၊ လုပ်အားခတွေ ရနေမှန်းတော့ အသေအချာမသိပါဘူး။

သို့သော်.. ကလေးငယ်တစ်ယောက်ကိုတော့.. အနှီပုဂ္ဂိုလ်ကြီးက.. စာရင်းမကိုက်လို့.. ပြစ်တင် ငြူ စူကြိမ်းမောင်း
နေတာတော့ တွေ့ခဲ့ရပါတယ်..။  ကလေးငယ်က.. သူ့မှာ ခိုးထား- ၀ှက်ထား- တိုထားတာဆိုလို့ တစ်ပြားတစ်ချပ်မှ
မရှိကြောင်း မျက်နှာငယ်လေးနဲ့  ရှင်းပြနေသော်ငြား.. ထိုပုဂ္ဂိုလ်ကြီးက မယုံသင်္ကာဟန်နဲ့ အင်္ကျီဘောင်းဘီ ချွတ်
ခိုင်းလို့ ကလေးငယ်မှာ ကိုယ်လုံးတီးနဲ့ သက်သေထူရရှာပါတယ်..။

ကျေနပ်လောက်အောင် စစ်ဆေးပြီးမှ..ကလေးငယ်ခမျာ့ သွားလိုရာသွား.. သူ့ရဲ့  နိစ္စဓူဝ အလုပ်စခန်း သိမ်းရပါတော့တယ်..။

အဲ့ဒါဟာ.. ကျွန်တော်တို့ရဲ့  မျိုးဆက်သစ် ကလေးငယ်တချို့ ရဲ့ .. ငယ်ရွယ်စဉ် ဘ၀စာသင်ခန်း အတွေ့အကြုံ ပေါ့။ ခါးသီးတဲ့ အတွေ့အကြုံမဟုတ်တောင်မှ ချိုမြိန်ဖွယ် ဘ၀ဖြတ်သန်းမှု မဟုတ်တာတော့ သေချာပါတယ်။

====================================================

စကိုင်းနက်က လာနေတဲ့ ဘောလုံးပွဲကို ဘီယာလေးမြုံ့လိုက်၊ အမြည်းလေးဝါးလိုက်နဲ့ ဘောလုံးဝါသနာအိုး ယမကာလုလင်များ ဘီယာဆိုင်တစ်ဆိုင်မှာ ဇိမ်နဲ့ကြည့်နေတုံး.. ဆိုင်ထဲကို ကလေးငယ်နှစ်ယောက် ၀င်လာပါတယ်။

'' ဟဲ့ ကောင်လေးတွေ သွားသွား.. ဒီမှာ ဧည့်သည်တွေ စားသောက်နေတာ.. မင်းတို့ညစ်တီးညစ်ပတ်နဲ့ မလာနဲ့.. သွားသွား '' ဆိုပြီး ဆိုင်ရှင်က ငေါက်ထုတ်ပါတယ်..။

'' သားတို့ ထမင်းမစားရသေးလို့.. ပိုက်ဆံနည်းနည်းပေးပါ '' လို့ သူတို့လေးတွေက တောင်းပန်တိုးလျှိုး ပြော
ပါတယ်..။ သို့သော် ဆိုင်ရှင်က.. '' ပိုက်ဆံလည်း မပေးနိုင်ဘူး.. ထမင်းလည်း မကျွေးနိုင်ဘူး.. သွားသွား.. ပြောမရရင် ငါ.. လုပ်မှနော် '' ဆိုပြီး ခြိမ်းခြောက်ပါတယ်..။

ကလေးငယ်များက.. ပေကပ်ပြီး တီဗွီထိုင်ကြည့်နေကြပါတယ်..။ ဆိုင်ရှင်က.. ဇွတ်အတင်းမောင်းထုတ်တော့.. '' ကိုယ့်မျက်စိနဲ့ကိုယ်ကြည့်တာ.. ဘာဖြစ်တုံး.. ငါ -ိုးမသားကြီး '' လို့ က လော်တုတ်ပါတော့တယ်..။ ဆိုင်ရှင်က ဒေါသတကြီးနဲ့ လက်ပါဖို့ ဟန်ပြင်တော့.. မနေနိုင်တဲ့ ဧည့်သည်က ကြားထဲကနေ ပိုက်ဆံထုတ်ပေး
တယ်..။ အဲ့ဒီတော့မှ ကလေးလေးတွေရဲ့  ပေစောင်းပေစောင်းနဲ့ ဆိုင်ထဲကနေထွက်သွားတော့တယ်..။

အဲ့ဒါဟာ.. ကျွန်တော်တို့ရဲ့  မျိုးဆက်သစ်ကလေးငယ်တချို့  ရဲ့  နေ့စဉ်ဘ၀ဖြတ်သန်းမှု သရုပ်သကန် တစ်ခုပေါ့။

=================================================

''ရေခဲထုတ်တွေ ရမယ်- ရေခဲထုတ်တွေ ရမယ်- ကလင် ကလင် '' ပါးစပ်က တကြော်ကြော်အော်..ဂလိုင်ကို အဆက်မပြတ်ခေါက်.. ရေခဲပုံးကို မနိုင့်တနိုင့်လွယ်ရင်း.. ရှစ်နှစ်အရွယ် ကလေးငယ်တစ်ယောက် လှိုင်သာယာကျန်စစ်သားအိမ်ရာ လမ်းများပေါ် ရေခဲချောင်းလည်ရောင်းနေရှာတယ်..။

သူ့နောက်မှာတော့.. ရင်ဘတ်ဟောင်းလောင်း၊ ဂွေးတန်းလန်း- နှပ်တွဲလောင်းနဲ့ သုံးလေးနှစ်အရွယ် ကလေးငယ်က ထပ်ချပ်မကွာ လိုက်လာတယ်..။

စားသောက်ဆိုင် တစ်ခုရှေ့ ရောက်လာတော့.. ညီငယ်က ''  အကို.. ညီလေး ဗိုက်ဆာနေပြီ.. တမနက်လုံး လမ်းလျှောက်လာရတာ.. ထမင်းကြော်စားကြရအောင်.. ညီလေး လမ်းတောင် မလျှောက်နိုင်တော့ဘူး '' လို့ မျက်နှာငယ်နဲ့ သူ့အကို.. ကိုတောင်းဆိုရှာတယ်..။

အကိုလုပ်သူခမျာ့.. ခါးစောင်းတင်ထားတဲ့ ရေခဲပုံးကို နေရာပြောင်းရင်း '' ညီလေးရာ.. မစားပါနဲ့ကွာ.. ထမင်းကြော်စားလောက်အောင် အကို့မှာ ပိုက်ဆံမရှိဘူး.. လာပါ ညီလေးရာ.. ညီလေးကို အကိုတွဲပါ့မယ် '' ဆိုတော့ ညီငယ်က ဒရွတ်ဆွဲပြီး အကို့နောက် ပါသွားလေရဲ့ ..။

ဒါပေမယ့်.. လမ်းဘေးမုန့်ဆိုင်လေး တစ်ခုရှေ့ အရောက်မှာတော့.. သူ့ညီငယ်က အကို့ကို '' အကို.. ထမင်းကြော် မကြွေးချင်လည်း မုန့်လေးတော့ ၀ယ်ကြွေးပါ အကိုရယ် '' ဆိုပြီး တောင်းဆိုပြန်တယ်..။ သူ့အကိုခမျာ့.. ဒီတစ်ခါတော့ သူ့ညီငယ်ရဲ့  တောင်းဆိုမှုကို လစ်လျှူ ရှုဖို့ အားမရှိဘူး ထင့်..။

ပုခုံးပေါ်က ရေခဲပုံးကို အသာချလို့.. တွဲလောင်းကျနေတဲ့ မုန့်ထုတ်တွေဆီ လက်လှမ်းလိုက်ပါတော့တယ်..။

အဲ့ဒါဟာ ကျွန်တော်တို့ရဲ့  မျိုးဆက်သစ်ကလေးငယ်တချို့ .. ထမင်းတလုတ်အတွက် အရွယ်နဲ့မမျှအောင် ရုန်းကန်နေရရှာတဲ့ ပုံရိပ်တချို့ ပေါ့..။

================================================

ဆိုတော့.. နိဂုံးချုပ်အနေနဲ့.. ကျွန်တော်တို့ချစ်တဲ့ ကလေးငယ်တွေရဲ့ ဘ၀ အပူအပင်ကင်းပါစေလို့ပဲ.. ဆုတောင်းလိုက်ပါတယ်..

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...