Sunday, October 27, 2013

"ဂန္ဓဝင်မြောက်တဲ့ ရီးစားစာ"


 ငယ်ငယ်တုန်းက သူငယ်ချင်းတစ်ယောက်ကို သတိရနေတာ မြသိန်းဌေးတဲ့ စာရေးဆရာ အရမ်းဖြစ်ချင်တဲ့ကောင်ပေါ့ ဆယ်တန်းအောင်တော့ မြန်မာစာအထူးပြုယူတယ် စာတွေရေးတယ်။ ဘယ်မှာမှတော့ မပါဘူး၊ ကျောင်းကနံရံကပ်စာစောင်မှာတောင် ဖော်ပြမခံရဘူး၊ အဲလောက် အောင်မြင်တာ လူကသာ ဘာစာရေးရေး မအောင်မြင်တာ၊
ကလောင်နာမည်က အပျံစား "မောင်သာနန်း-မန်းတက္ကသိုလ်" တဲ့ သူငယ်ချင်းတွေက နောက်ကြတယ်... ... "မင်း တစ်ယောက်ထဲ လူပြတ်တဲ့နေရာ မသွားနဲ့ ဟေ့ကောင်" "ဘာလို့လည်း" "လူကိုရိုက်ပြီး ကလောင်နာမည် လုသွားလိမ့်မယ်... ဟီး ဟီး" လက်ဘက်ရည်ဆိုင်သွားထိုင်လို့ သူများတွေက ရောက်တတ်ရာရာပြောနေရင် သူက ပါလာတဲ့စာအုပ်ကြီး ထုတ်ဖတ်နေတာရယ် ကျန်တဲ့လူတွေက မျက်စိနောက်တော့ မေးတယ်... ... "ဟေ့ကောင်၊ စာဖတ်မှာလား လဘက်ရည်ဆိုင်ထိုင်မှာလား" "စာဖတ်မှာ" "စာဖတ်ချင် အိမ်ပြန်ကွာ" "အေး..." ဆိုပြီး ထပြန်သွားတာ ဘယ်သူ့မှတောင် လှည့်ကြည့်မသွားဘူး၊ မာနကြီးတာများ တက္ကသိုလ်စတက်တော့ လူကရပ်ကွက်ထဲ မြောက်ကြွမြောက်ကြွနဲ့ တက္ကသိုလ်ကျောင်းသားဆိုပြီးတော့လေ ဒါကို ကြည့်မရတဲ့ ကိုအောင်ကျော်ဆိုတဲ့လူနဲ့ ငြင်းကြခုန်ကြရင်း ရန်ထဖြစ်တာ ရပ်ကွက်ရုံးရောက်ပြီး ရှင်းယူရတဲ့အထိပဲ ပထမ ငြင်းကြတာက ရပ်ကွက်ဘုံဆိုင်မှာ ဆူလို့ဆိုပြီး ဘုံဆိုင်က မောင်းထုတ်လိုက်တော့ ရွှေတချောင်းမြောင်းဘေး ထိုင်ငြင်းတယ်.. ငြင်းကြတဲ့ အကြောင်းကလည်း ကြည့်အုံး အင်္ဂလိပ်စာငြင်းကြတာ One ကို အသံထွက်တဲ့ ကိစ္စလေ တက္ကသိုလ်ကျောင်းသား မြသိန်းဌေး အသံထွက်တာက 'O-N-E အုန်း' တဲ့ ဘယ်က တတ်လာတယ် မသိဘူး၊ O-N-E အုန်း ရယ်လို့။ ကိုအောင်ကျော်ကပြောတာပေါ့ "မင်းနှယ်ကွာ၊ တက္ကသိုလ်ကျောင်းသားလို့ မပြောပါနဲ့ လူကြားရင် ရီစရာကြီး" "ဘာဖြစ်လဲဗျ" "ငါ ဆယ်တန်း မအောင်တဲ့ကောင်တောင်သိတယ် O-N-E ဝမ်း ဆိုတာ" "O-N-E ဝမ်း လို့ထွက်တာ ခင်ဗျားလို ဆယ်တန်းမအောင်တဲ့ ကောင်တွေထွက်တာ၊ ကျုပ်တို့လို တက္ကသိုလ်ကျောင်းသားကတော့ 'အုန်း' ဘဲ" ဒီလိုနဲ့ တယောက်တခွန်း မခံချင်အောင် ပြောရာကနေ ထ, ချတာ နှစ်ယောက်လုံး ရွှေတချောင်းမြောင်းထဲက ပြန်ဆယ်ယူရတယ် ရွှေတချောင်းဆိုတာကလည်း နာမည်မှာသာ ရွှေပါတာ၊ ရေက ပတ်ဝန်းကျင်ဆယ်ပေပတ်လည် အနံ့မခံနိုင်ဘူးရယ် သူတို့နှစ်ယောက် ရပ်ကွက်ရုံးရောက်တော့ ကောင်စီလူကြီးတွေက ရုံးထဲအဝင်မခံဘူး နံလို့လေ အပြင်မှာ အရပ်ခိုင်းပြီး အထဲကနေ ကြားနာစစ်ဆေး စီရင်တာ နှစ်ဦင်္းနှစ်ဖက် ကြေလည်အောင် ညှိနှိုင်းပြီး နောက်ဆုံး.... O-N-E ကို 'အုန်း' လည်း မခေါ်နဲ့၊ 'ဝမ်း' လည်း မခေါ်နဲ့၊ ကြားချပြီး 'အွမ်း' လို့ ခေါ်စေ... ဆိုပြီး ကောင်စီဥက္ကဌကြီးက အမိန့်ချလိုက်တယ်... ... (သူ့ခေတ်သူ့အခါက ပညာရှိ ပီသပါပေတယ်) အဲဒီကထဲက ကိုအောင်ကျော်နာမည်လည်း ကိုအွမ်းကျော် ဖြစ်ရော မြသိန်းဌေးရဲ့ ကလောင်နာမည်လည်း 'မောင်သာနန်း-မန်းတက္ကသိုလ်' ကနေ 'မောင်သာအွမ်း-အုန်းတက္ကသိုလ်' အဖြစ် အမည်သစ်တွေ ရရှိလိုက်တယ် သူ့ကလောင်နာမည်ကို စိတ်နာသွားပြီး စာရေးခြင်းအလုပ်ကို စွန့်လွတ်လိုက်တာ ခုထိပဲ သာဓု သာဓု ကျောင်းပီးတော့ မိဘလက်ငုတ်လက်ရင်းဖြစ်တဲ့ ကျောက်ဆစ်ထုတဲ့ လုပ်ငန်းထဲ ဝင်ကူလုပ်ရတာပေါ့ ကျောက်ဆင်းတုတော်တွေ၊ မှော်ကွန်းကျောက်စာတွေ၊ ထုတယ် အဲဒီလုပ်ငန်းကြောင့်ဘဲ ဂန္ဓဝင်မြောက်တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့သေးတာ.... သူတို့ရပ်ကွက်ထဲမှာ လဘက်ရည်ဆိုင်အသစ် လာဖွင့်တယ် ပိုင်ရှင်က မန်းလေးအခေါ် ရှမ်းတရုတ်တွေပေါ့ ပိုင်ရှင့်သမီး ချောချောလေးတစ်ယောက်က ကောင်တာထိုင်တယ် အဲဒီကောင်မလေးကို တွေ့တော့ ကျနော်တို့ ဇာတ်လိုက်ကြီး မောင်သာအွမ်းက မြတ်နိုးစုံမက် ချစ်ခင်နှစ်သက် ကြင်ဖက်အဖြစ် ချီးမြောက်လို သတဲ့ ဒါနဲ့ အလုပ်အားချိန်တိုင်း လဘက်ရည်ဆိုင်ပြေးထိုင်တယ် အကြောင်းမရှိအကြောင်းရှာ ကောင်တာသွားပြီး ဆေးလိပ်ဝယ်တယ် မီးခြစ်ပါရဲ့သားနဲ့ ကောင်တာမီးခြစ်နဲ့မှ သွားသွားညှိတယ် အဲလိုနဲ့ အချိန်လေးနည်းနည်းကြာလာတော့ ကောင်မလေးကို သူကချစ်နေကြောင်း ကြေညာဖို့ ဆုံးဖြတ်လိုက်တယ် ဒီတော့ မနက်ပိုင်း ကောင်မလေးဈေးအသွားကို လမ်းကစောင့်ပြီး စာလိုက်ပေးဖို့ ကြံစည်တယ်။ ကျနော့်ကို အဖော်လိုက်ခဲ့ဖို့ ခေါ်လို့ လိုက်သွားရသေးတာ ချိန်းထားတဲ့ နေရာကို ဒီကောင်လာတော့ စက်ဘီးကယ်ရီယာမှာ ဘာကြီးတင်လာတယ် မသိဘူး၊ သတင်းစာစက္ကူနဲ့ ပတ်လို့။ စက်ဘီးကို တွန်းလာတာ ယိုင်တိုင်ယိုင်တိုင်နဲ့ "ဟေ့ရောင်... ကောင်မလေးကို ရီးစားစာ လိုက်ပေးပါမယ်ဆို ဘာကြီးက သယ်လာရတာတုန်းဟ" "မင်း အသာနေပါ၊ ဘယ်သူမှ မလုပ်သေးတဲ့ ဂန္ဓဝင်မြောက်တဲ့ အချစ်ဇာတ်လမ်းလေး မင်းမြင်ရတော့မှာ ခဏလေးစောင့်"...ဆိုပြီး ကောင်မလေး လာလမ်း စောင့်ကြတာပေါ့ ဟော... မျှော်တုန်းမျှော်ဆဲ သူလည်းရောက်လာ ဆိုတာလို ကလေးမ လာပါချေပြီ ကောင်မလေးလာတော့ ဒီကောင်က စက်ဘီးကယ်ရီယာမှာ တင်လာတဲ့ သူ့ဟာကြီး ပြေးဖြုတ်တယ် ပြီးတော့ အဲဒါကြီးကို လက်နှစ်ဘက်နဲ့ မ, ပြီး ကောင်မလေးနောက်က ဟပ်ထိုးဟပ်ထိုးနဲ့ လိုက်တယ် ကောင်မလေးနားရောက်တော့ တော်တော်မောနေပြီ၊ စကားတောင် မနည်းလုပြောရတယ်... ... "ဟောဟဲ ..ဟဲဟော... နန်းလေး ဟဲဟော ကိုယ့်ရဲ့ မေတ္တာစာလေး ယူသွားပေးပါနော် ဟောဟဲ" ကောင်မလေးကလည်း တိုင်းရင်းသူ အဖြူထည်လေးဆိုတော့ ဟန်ဆောင်တာတွေ မူယာမာယာတွေ နားမလည်ဘူး .... "ဘယ်မှာလဲ အကို့ မေတ္တာစာက၊ ပေးလေ၊ နန်း ဖတ်ကြည့်မယ်" "ဒီ... ဒီမှာ"... ဆိုပြီး သူ့လက်ထဲက ဟာကြီးကို ကောင်မလေးပေးလိုက်တာ... ဟိုက မယူရဲဘူးလေ၊ မေတ္တာစာဆိုတာ စာအိတ် သို့မဟုတ် စာရွက်ခေါက်လေးသာ ဖြစ်သင့်တာ မလား သူ့ဟာက ဘာကြီးမှန်းမသိ၊ သတင်းစာစက္ကူကြီးနဲ့ ပတ်လို့၊ သူတောင် မနည်း မ, ထားရတာကြီးကို ဒီတော့ ကောင်မလေးက ပြောတယ်.... ... "အကို့ဟာကြီးကို အကိုဘဲ လှန်ပြ" ဆိုတော့... သကောင့်သားကိုယ်တိုင်ဘဲ သတင်းစာစက္ကူတွေ ဆွဲဖြဲပစ်လိုက်တော့ အထဲက ထွက်လာတာက စကျင်ကျောက်ပြားကြီး တစ်ပေခွဲပတ်လည်လောက်ရှိမယ်၊ အထူက တစ်လက်မလောက်ကြီး၊ မလေးဘဲနေမလား ဟင် "အကို၊ အဲဒါက ဘာကြီးလဲ" "အကို့ရဲ့ မေတ္တာစာပါ၊ သူများတွေလို စာရွက်ပေါ်မှာ မရေးဘဲ ကျောက်စာနဲ့ထုလာရတာက ကိုယ့်မေတ္တာတွေဟာ ကျောက်ဆိုင်ကျောက်သားများလို ခိုင်မာပြီး နန်းလေးအပေါ်မှာ ချစ်မြတ်နိုးတယ်ဆိုတာကို သိစေချင်လို့ပါ"...တဲ့ အာလားလား.... စားတယ်ဟေ့ (အီ အီးတွေ) ဒီကောင်ကွာ... မထင်ရဘူး (သောက်ရူးလို့) ဒါနဲ့ ကောင်မလေးက ဖတ်ကြည့်မယ် ပြောတော့ ကိုယ့်လူက ကျောက်စာပြားကြီးကို ကိုင်ပေးထားရတာပေါ့ ဟိုက သေချာမမြင်ရတော့ လက်ညိုးလေးနဲ့ ထောက်ပြီး ဖတ်ရှာတယ် "နန်းလေးကို ရင်နင့်အမျှ ချစ်တယ်... မြသိန်းဌေး တဲ့၊ အမယ် အကိုက ကဗျာဆန်သားဘဲနော်" တဲ့ ကဗျာဆန်တာက အရေးမကြီးဘူး၊ ကျောက်ပြားမ, ထားရတဲ့ကောင်က အီးထွက်တော့မယ်၊ လေးလှပြီ ဒီကြားထဲ လမ်းသွားလမ်းလာတွေက သူတို့ကို အထူးအဆန်းတွေ ဖြစ်ပြီး ကွက်ကြည့်ကွက်ကြည့်နဲ့ တချို့စပ်စုတဲ့ မိန်းမတွေက သွားရင်းလာရင်း ကျောက်စာကို ဝင်ဖတ်သွားကြသေးတယ်... ကုသိုလ်တော်ဘုရားထဲက ကျောက်စာတောင် ဒီလောက် လူဖတ်များမှာ မဟုတ်ဘူး ဂယ်ဘဲ နောက်ဆုံး ကောင်မလေးကပြောတယ်... ... "အကို့ဟာကြီး နန်း မသယ်နိုင်ဘူး၊ အိမ်လိုက်ပို့"... ဆိုလို့ လိုက်ပို့ရသေးတယ်။ စက်ဘီးကယ်ရီယာပေါ်တင်၊ ဒီကောင်က လက်ကိုင်ကိုထိမ်း၊ ကျနော်က နောက်ကတွန်းပေါ့လေ ကောင်မလေးအိမ်ရောက်တော့၊ ကောင်မလေးက ဆိုင်ကောင်တာပေါ်ထားခဲ့ဆိုလို့ ထားခဲ့ရတယ် ကောင်တာပေါ်က ကျောက်ပြားကြီး ကို တော်တော်နဲ့ နေရာမရွှေ့ဖြစ်ဘူးရယ် ဆေးလိပ်လာဝယ်တဲ့လူကဖတ်၊ ငွေလာရှင်းတဲ့လူကဖတ်နဲ့၊ တရပ်ကွက်လုံး ဟိုးဟိုးကိုကျော်ရော... ဒီလိုနဲ့ သူတို့ ချစ်သူတွေ ဖြစ်သွားကြပါတယ် နောက်တော့ ကောင်မလေးက တောင်းပန်ရှာတယ်... ... "အကိုရယ်၊ နောက်တခါ ရီးစားစာကို စာရွက်မှာပဲ ရေးပေးပါနော်၊ ဆိုင်ကကျဉ်းတော့ ထားစရာခက်လို့ပါ"... တဲ့ အင်းလေ... သူ့ရီးစားစာကလည်း ဆယ်စောင်လောက်များ စုမိရင် အိမ်ကျိုးကျလောက်တာကိုး... ခုတော့လည်း အိမ်ထောင်တွေ၊ ဘာတွေကျလို့ သားတွေသမီးတွေနဲ့ပေါ့... အမေလုပ်တဲ့သူက လဘက်ရည်ဆိုင်ကို ဦးစီး အဖေလုပ်တဲ့သူက ကျောက်ဆစ်လုပ်ငန်းကို ဦးစီး.. လို့ သာသာယာယာပါဘဲ အဲ... သူတို့သားလေးက ဘေးတစ်အိမ်ကျော်မှာနေတဲ့ ရှမ်းမလေးကို ကြိုက်လို့တဲ့ဗျာ ကောင်လေးက ဆိုင်းဘုတ်ရေးတဲ့ ပန်းချီဆရာလေ ဖအေတူသား.... ရီးစားစာကို လမ်းထောင့်မှာ ဆိုင်းဘုတ်များ ထောင်လေမလား သိချင်လိုက်တာ... ...
 https://www.facebook.com/thanlayko 
သန်၎ကို-အတင်းတုတ်သည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...