Tuesday, October 8, 2013

မင်းဒင်ရဲ့သက်ခိုင် (၂)


လူသတ်၊လုယက်မှုပေါင်းများစွာ ကျူးလွန်ခဲ့သူ ဘ၀မှသည် ၀စီပိတ်ဘုန်းတော်ကြီး ဘ၀သို့ ...
ရောက်ရှိခဲ့သော ကိုသက်ခိုင်၏ မိတ်ဆွေ .....
နောက်တစ်နေ့ကျတော့ ယောအတွင်းဝန်ဦးဘိုးလှိုင်ရောက်လာပြီး ရွှေတုံးအကြောင်းမေးတဲ့အခါ ပခန်းမင်းကြီး ဦးရန်ဝေး က`မောင်လှိုင်၊ မင်းတရားကြီးပိုင် ရွှေတုံးကို ငါယူသွားတာအမှန်ပဲ။ဆင်းရဲတဲ့နှမတစ်ယောက်ကို ထောက်ပံ့ဖို့ ငါ့မှာ တာဝန် ရှိနေတယ်။

ရတဲ့ ရိက္ခာတော်က လောက်ငရုံပဲရှိတယ်။လာဘ်၊တံစိုးလက်ဆောင်လည်း ငါဘယ်တော့မှ မယူခဲ့ဘူး။ ဒါကြောင့် ခိုးချင်းခိုးရင် ငါ့အရှင်သခင်ရဲ့ပစ္စည်းကိုခိုးပြီး နောင်သံသရာမှာလည်း အတုံ့အလှည့်ခံရရင် ကိုယ့်အရှင်သခင် အိမ်မှာပဲ ခွေးဖြစ်ဖြစ်ခံရတာ မြတ်တယ်လို့ ငါအောက်မေ့ပြီး ယူခဲ့တာ´လို့ဖြေသတဲ့ဗျာ။
ဒီသတင်းကို မင်းတုန်းမင်းကြားတော့ သဘောကျလွန်းလို့ ရွှေတုံးကို နန်းတော်က ငွေတစ်ထောင်နဲ့ ရွေးစေတယ်။ အနောက်ဆောင် မိဖုရားတွေကလည်း ပခန်းမင်းကြီးနှမမယ်နီကို ခေါ်ယူကျွေးမွေးပြီး လက်ဆောင်တွေပေးသတဲ့။
အဲဒါ ကျနော် ကိုလှမောင်ရွှေကို ပြောပြခဲ့တဲ့ ဇာတ်လမ်းပါပဲ။သူလည်း မင်းတုန်းမင်းမဟုတ်၊ကျနော်လည်း ပခန်းမင်းကြီး မဟုတ်ပေမဲ့ အကြပ်အတည်းတစ်ခုကို ဖြေရှင်းရာမှာ ကျနော်ဘယ်လိုစိတ်မျိုး မွေးခဲ့တယ်ဆိုတာ သူသိ စေချင်လို့ ဒီဇာတ်လမ်းကို ပြောပြခဲ့တာပါပဲ။ကျနော်ကပဲ အပြောကောင်းသလား၊သူကပဲ အဲဒီနေ့က စိတ်ကောင်းဝင် နေသလား မဆိုနိုင်ဘူး။ ကျနော်လိုအပ်နေတဲ့ ငွေကြေးကို နောက်ရက်တွေမှာ ထုတ်ပေးလေရဲ့ဗျာ။စောစောကပြောခဲ့တဲ့ ကိုကျော်စိုး အကြောင်းနဲ့ ပြန်ဆက်ရရင် ကိုကျော်စိုးခမျာတော့ ချမ်းသာနေချိန်မှာ ခေါက်ဆွဲကြော် အ၀စားမသွားနိုင်ရှာဘူး။ သူလည်း အခုအချိန်မှာ ဥစ္စာဓနရော၊ ရာထူး၊ဂုဏ်သိန်ပါ ပြည့်စုံနေတဲ့အချိန်မို့ ဘဲဥဟင်း အ၀စားနိုင်တဲ့ ဒေါင်ဒေါင်မြည် ကျန်းမာ ရေးအခြအနေရှိရဲ့လားလို့ တွေးပူမိတာ အမှန်ပါပဲ။နေဦးဗျ၊စကားမစပ်၊ လောကကြီးဆန်းကြယ်လွန်းလှတဲ့ အကြောင်း၊ တွေးမိရင်း ဟိုတုန်းက ကျနော့်ကို ခဏခဏ ဂျီလာကျတတ်တဲ့ လူသတ်၊လုယက်မှုပေါင်းများစွာနဲ့ သေဒဏ်အမိန့်ချခံရဖူး တဲ့ ကိုစိုးသန်းအကြောင်း ခေါင်းထဲရောက်လာပြန်ပြီ။ သူ့ဘဝကလည်း တကယ့်အဆန်းပဲဗျ။
တကယ်တော့ ကျနော်ကိုစိုးသန်းကို မေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့တာကြာပါပြီ။မေ့ဆို၊ တွေ့ခဲ့၊ဆုံခဲ့တဲ့နှစ်တွေကလည်း ကြာလှပေါ့။ကျနော့်စိတ်ထင် ၂၀၀၂ခုနှစ်ဝန်းကျင်လောက်က ထင်ပါရဲ့။ရန်ကုန်လူမိုက်လောကထဲမှာ ကျနော်ကျင်လည် နေတုန်း အလုံစိုးမြတ်အပါအ၀င် လူဆိုးလူမိုက်တော်တော်များများ၊ ကျနော့်ရုံးခန်းကို အ၀င်အထွက်ရှိကြတယ်။ ကိုစိုးသန်းဟာ ထောင်ကလွတ်လာသူတွေ ထုံးစံအတိုင်း နေရေးစားရေးအတွက် အလုပ်အကိုင်မယ်မယ်ရရ ရှိဟန်မတူဘူး။ အဲဒီတုန်းက ကိုစိုးသန်းနဲ့ အမြဲတွဲနေတဲ့ လူမိုက်တစ်ယောက်က ဗေဒါ။ ဗေဒါဟာ ခပ်အေးအေးပုံစံ။ကိုစိုးသန်းကတော့ နည်းနည်း မှုန်ကုပ်ကုပ်နိုင်ချင်တယ်။အရက်တော့ အတော်ကြိုက်တတ်ပုံရတယ်။ ကျနော့်ရုံးကိုလာတိုင်း နည်းနည်းလေး ဖြစ်ဖြစ် ထွေလာတတ်တယ်။ ဗေဒါနဲ့အမြဲတွဲလျက် လာတတ်တယ်။ကိုစိုးသန်းနဲ့ဗေဒါဟာ စိုးမြတ် တာဝန်ခံထားတဲ့ ဂျင်နေ၀င်းရဲ့ဂျင်ဝိုင်းမှာ စိုးမြတ်ရဲ့ဘော်ဒါလိုလို၊လက်ထောက်လူမိုက်လိုလို လုပ်နေတယ်လို့လည်း ကြားသေးဗျ။ဒါကလည်း သိပ်အဆန်းတော့ မဟုတ်လှဘူး။အလုံစိုးမြတ် တန်ခိုးထွားနေချိန်မှာ ထောင်ထွက်လူမိုက် အတော်များများဟာ စိုးမြတ် နားမှာ ၀ိုင်းဝိုင်းလည်နေခဲ့တယ်။ အဲဒီတုန်းက ဂျင်နေ၀င်းရဲ့ဂျင်ဝိုင်းဟာ လှိုင်မြို့နယ် ချောင်းဝကျောင်း နားမှာဗျ။ ချောင်းဝတ၀ိုက်ဟာ ကျနော် ကြီးပြင်းခဲ့တဲ့နေရာ၊ ကျနော် ငယ်ငယ်တုန်းက ပုဆိုးဂွင်းသိုင်းနဲ့ လျှောက်ပြေး ခဲ့တဲ့နေရာ တွေပေါ့။ဟိုတုန်းက အဲဒီနေရာမှာ ဘုရင့်နောင်လမ်းဆိုတာ မရှိသေးဘူး။သံကြိုးတိုင်ရပ်ကွက်လို့ခေါ်ကြတာ။လွန်ခဲ့တဲ့ အနှစ်ငါးဆယ်တုန်းက ချောင်းကျဉ်းလေးတစ်ခုဘေးမှာတံငါတဲအုပ်စုစု ရှိခဲ့ဖူးတဲ့နေရာပေါ့။
အခုအချိန်မှာတော့ မီးလောင်ပြီး အဆောက်အဦးအသစ်တွေပြန်ဆောက်၊ လမ်းနာမည်တွေပြောင်းလိုက်တော့ အိမ်နေရာ အတိအကျကို ကျနော် မပြောတတ်တော့ဘူး။သေချာတာကတော့ အခု ဘုရင့်နောင်လမ်းမမှာ ရန်ကုန်ဘက်ကနေ အလာ၊ ချောင်းဝမှတ်တိုင်ကို ကျော်လိုက်ရင် ရေမြောင်းကြီးတစ်ခုရှိတယ်။အဲဒီရေမြောင်းကြီးနားက ကိုယ်ပိုင်ခြံဝန်းနဲ့ အိမ်ကြီး တစ်လုံးမှာ ဂျင်နေ၀င်း ဂျင်ဒိုင်ဖွင့်ခဲ့တာပဲ။ အဲဒီဂျင်ဝိုင်းရှိရာကို စိုးမြတ်က `အကိုလာကြည့်စမ်းပါ´ဆိုပြီး ဇွတ်ခေါ် သွားလို့ ကျနော်တစ်ခေါက် ရောက်ဖူးတယ်ဗျ။ အမှန်တော့ သူဘုန်းမီးနေလ တောက်ပနေတာကို ကျနော့်ကိုခေါ်ကြွား တဲ့သဘောပါပဲ။ ကျနော်လည်း သူကျေနပ်ပါစေတော့ဆိုပြီး လိုက်ကြည့်လိုက်ပြီး၊ ခဏနေပြန်လာတယ်။ ဒီလောက်ပဲဗျ။ အမှန်က သူဟာ ဂျင်ဝိုင်းဆိုတာကို အခုမှ အထူးအဆန်းအနေနဲ့ မြင်ဖူးဟန်တူပါရဲ့။ ကျနော်ကတော့ ၁၉၈၈မတိုင်ခင် မဆလခေတ်ကတည်းက ရန်ကုန်မြို့မှာ ရှိခဲ့ဖူးတဲ့ ဂျင်ဝိုင်းမှန်သမျှ မရောက်ဖူးတဲ့ ဂျင်ဝိုင်းမရှိသလောက်မို့ ထွေထူးပြီး စိတ်မ၀င်စားလှပါဘူး။ အော်…၊ အရေးထဲ ခင်ဗျားက ကျနော့်ကို လောင်းကစားသမား ထင်နေပြန်ပြီ။အမှန်တော့ ကျနော်ဂျင်ဝိုင်းကို သွားတယ်ဆိုတာ ဂျင်ထိုးဖို့ထက် ဂျင်ဝိုင်းဆိုတာ ဘယ်လိုဟာတုန်း၊ဂျင်သမားဆိုတာ ဘယ်လိုလူစား တုန်းလို့ စပ်စုချင်တဲ့စိတ်ကြောင့်ဗျ။ ကျနော် ဂျင်ထိုးဖူးပါတယ်။ ဘူတာရုံ လမ်းထိပ်က ဂျာဝါးတို့၊ ဗိုက်ပူကိုဂျော်နီကြီးတို့နဲ့ ဂျင်ဝိုင်းတကာလှည့်ပြီး ထိုးဖူးတယ်။ကိုဂျော်နီတို့အိမ်က ဘူတာရုံလမ်းထိပ် ဓာတ်ဆီဆိုင်နဲ့ မျက်စောင်းထိုးမှာ။ မဆလ ခေတ်က နာမည်ကြီး ကျောင်းသားဂျင်ဝိုင်း(ကျောင်းသားဝိုင်း)ထောင်တဲ့ ဇော်သက်ကြီးနဲ့ ကျနော်အရမ်း ရင်းနှီးတဲ့ အထိကို ထိုးဖူးပါတယ်။
ဝိုင်းတကာလှည့်ထိုးတယ်ဆိုတာလည်း အကြောင်းရှိတယ်ဗျ။ မဆလခေတ်ဂျင်ဝိုင်းဆိုတာ ကိုယ့်သဘောနဲ့ကိုယ်၊ ကိုယ်လုပ်ချင်တဲ့အချိန်၊ ကိုယ်လုပ်ချင်တဲ့နေရာမှာ လုပ်လို့မရဘူး။အဖမ်းအဆီးမရှိဖို့ နယ်မြေခံရဲနဲ့ ညှိရ၊နှိုင်းရတယ်။ ဒါကို
ကြမ်းတောင်းတယ်လို့ ခေါ်တယ်။မတောင်းလို့ မရဘူးဆရာ။ မဆလခေတ်ဟာ လောင်းကစားပုဒ်မဟာ သိပ်ကြီးလေး တဲ့ပြစ်မှု ။ထိုးသားက အနည်းဆုံး ခုနစ်နှစ်။ဒိုင်ဆိုရင် ဆယ်နှစ်တန်းနေတာပဲ။
အဲဒီခေတ်တုန်းကတော့ တနေရာတည်းမှာ အမြဲတမ်း ကြမ်းတောင်းလို့ မရတတ်ဘူး။ ဥပမာ ဒီနေ့ ပြည်လမ်း စီးပွားရေး တက္ကသိုလ်ရှေ့က ခြံဝန်းကြီးထဲမှာ ကမာရွတ်နယ်မြေခံရဲနဲ့ ထောက်လှမ်းရေးက ကြမ်းပေးတယ်ဆိုပါစို့။ နက်ဖန် ရန်ကင်း မိုးကောင်းဘုရားနားမှာ ဖြစ်ချင်ဖြစ်မယ်။
အဲဒီကာလမှာတုန်းက ရန်ကုန်လောင်းကစားလောကမှာ ကျောင်းသားဝိုင်း ဂျင်ဒိုင်ဇော်သက်ဆိုတာ မသိသူမရှိသလောက် နာမည်ကြီးပါတယ်။သူနဲ့တွဲဘက်တွေကတော့ ရခိုင်ကိုသိန်းရွှေနဲ့ တရုတ်ကိုစိန်ဝင်းကြီးဗျ။လောကကြီးမှာ ရေစက်ဆုံပုံများ အတော်အံ့သြစရာ အကောင်းသားကလား။န၀တခေတ်လည်းရောက်ရော ကျနော်ဟာ ဂျင်ဇော်သက်မိန်းမရဲ့ တူမအရင်းနဲ့ တောင် အကြီးအကျယ်ဇာတ်လမ်း ရှိခဲ့သေးဗျာ။အခုတော့ ကိုဇော်သက်ကြီးလည်း ဆုံးသွားရှာပြီတဲ့။
တခါတလေ ဂျင်ထိုးနေရင်း ငွေပြတ်သွားရင် ကိုဇော်သက်ကြီးကိုယ်တိုင် `ကိုသက်ခိုင် ခင်ဗျားထိုးချင် ကြိုက်သလောက် ယူထိုး´လို့ ဆိုရတဲ့အဆင့်မျိုးနဲ့ ထိုးခဲ့ဖူးပါတယ်။ ကျနော်ဂျင်ထိုးတဲ့ခေတ်က ဂျင်ဝိုင်းမှာ ငွေလိုရင် တကယ်တမ်း ငွေထုတ်ကြီး ပစ်ချပြီး ငွေချေးတာမှ မဟုတ်တာ၊ ဂျင်ဒိုင် အသိအမှတ်ပြုထားတဲ့ ဒူးယားဘူးခွံ အစိမ်းရောင်အပိုင်းလေး တွေဆို လုံလောက်ပြီ။ နောက်တချက်က ဂျင်ဝိုင်းမှာ ငွေစက္ကူတွေ အုပ်လိုက်ချထိုးတာ အင်မတန်ရှားတယ်။ ဂျင်ဒိုင် အသိအမှတ်ပြုပြီး တန်ဖိုးသတ်မှတ်ထားတဲ့ စီးကရက်ဗူးခွံဖြတ်ပိုင်းလေးတွေနဲ့ပဲ ထိုးကြတာ။ဒါလည်း ဥပဒေကို လက်တစ်လုံးခြား ရှောင်တဲ့နည်းပါပဲ။ခင်ဗျားစဉ်းစားကြည့်လေ။မတော်တဆ နယ်မြေခံရဲနဲ့ ကြမ်းတောင်းထားပေမဲ့ ရန်ကုန်တိုင်းဒန (ဒုစရိုက်နှိမ်နှင်းရေး)က ၀င်ဖမ်းတာမျိုးရှိလာရင် လောင်းကြေးသက်သေခံပစ္စည်းဟာ စီးကရက်ဗူးခွံတွေမို့ ဘယ်လိုလုပ် တရားစွဲတင်မတုန်း။ထူးခြားချက်ကတော့ ကျနော့်ကို စိုးမြတ်ခေါ်သွားတဲ့ န၀တခေတ်ဂျင်ဝိုင်းမှာ စီးကရက်ဗူးခွံဖြတ်ပိုင်း တွေ ချထိုးတာ မတွေ့ရတော့ဘူး။ငွေသား ငွေစက္ကူအုပ်လိုက်တွေပဲ။
အင်း..၊ ကျနော်ပြောတဲ့ ဂျင်ဆိုတာ ၀က်၊ဖား၊ငါးရှဥ့်၊ကြက် ပါတဲ့လေးကောင်ဂျင်ကို ပြောတာနော်။ဝက်နဲ့ဖားကအနက်ရောင် ဆေးခြယ်ထားလို့ အနက်လိုင်း၊ကြက်နဲ့ငါးရှဥ့်က အနီရောင်ခြယ်ထားလို့ အနီလိုင်း။ငါးရှဥ့်ကို `ရှော´လို့လည်း ခေါ်တယ်။ တစ်ကောင်တည်း အောထိုးလို့မှန်ရင် သုံးဆရမယ်။ နှစ်ကောင်စီ ကြိုးထိုးလို့မှန်ရင် တဆရမယ်။သုံးကောင်တစ်ကောင် (တစ်ကောင်အော၊နှစ်ကောင်ကြိုး)ထိုးလို့နိုင်ရင် တစ်ပုံစာအလျော်ရမယ်။အနီအနက်ရောပြီး စီးကရက်ထိပ်စလေးကို ခေါက်ချိုးချိုး၊ ရံအောထိုးတာလည်း ရှိသေးဗျ။ဂျင်ဝိုင်းဘေးမှာ စာရွက်တစ်ရွက်နဲ့ ပေါ်လာဖူးတဲ့ အကောင်မှန်သမျှ မှတ်တမ်းလိုက်တင်ထားတာကို ကြည့်ပြီး ထိုးကြရတာဗျ။အဲဒီမှတ်တမ်းကို ကလင်ဒါ(Calendar)လို့ ခေါ်တယ်။ ဂျင်ကစားတဲ့သူတွေ၊စားချင်သောက်ချင် ဆန္ဒရှိတာမှန်သမျှ ဖြည့်ဆည့်ပေးမဲ့သူ၊ကစားနေရင်း ငွေပြတ်သွားရင် ပါလာသမျှ ပစ္စည်း အပေါင်ခံမဲ့သူတွေလည်း ဂျင်ဝိုင်းဘေးမှာ အဆင်သင့်ရှိနေတတ်သေးဗျာ။
ဂျင်သမားဒုက္ခကလည်း မသေးလှဘူးဗျ။ ဂျင်ဝိုင်းမှာ အုပ်ဆောင်းဖွင့်တာ ၀ါသနာကြီးတဲ့ ကစားသမားဟာ နဖူးပေါ်ကနေ ဇီးကင်းလောက်ရှိတဲ့ ချွေးတွေစို့နေတာ မြင်ခဲ့ရဖူးတယ်။ စိတ်လှုပ်ရှားနေတာကိုး။ အုပ်ဖွင့်နိုင်ဖို့ဆိုတာကလည်း လက်ကြီး ကစားသမားဖြစ်မှ။ လောင်းကြေးအများဆုံးကစားနိုင်သူဖြစ်မှ။ဂျင်ဝိုင်းမှာ ကားသော့၊ဆိုင်ကယ်သော့ထားရစ်ခဲ့ပြီး ကုန်းကြောင်းလျှောက် အိမ် ပြန်ရတဲ့ ကစားသမားတွေလည်းတွေ့ဖူးပါ့ဗျာ။
ဂျင်ဝိုင်းကိုသွားပြီး ဆတ်ဆော့မိလို့ ဂျင်ကြွေးတော်တော်များများ ကျနော် အတင်ခံရဖူးတယ်။ ကျနော်အကြွေးဆပ်ဖို့ ချိန်းထားတဲ့ရက်မှာ ကျနော် တိတိကျကျ ပြန်ဆပ်တာကြောင့် ဂျင်ဝိုင်းမှာ ကျနော့်နာမည်ရှိတယ်ဆိုပါတော့။
ကျနော်ကြုံဖူးကြားဖူးသလောက် ဂျင်ဝိုင်းဇယားကလည်း မသေးလှဘူး။လိမ်နည်းပတ်နည်း၊ကလိမ်ကျနည်းမျိုးစုံ၊ ထိုးပုံထိုး နည်း မျိုးစုံသဗျ။နမူနာတစ်ခုပေးရရင် ဂျင်ကို ကြိမ်းသေပေါက်နိုင်တဲ့နည်း ရှိသတဲ့။ ဒီနည်းက ခင်ဗျားဟာ တစ်နေ့ကို တစ်ကြိမ်သာ ဂျင်ဝိုင်းမှာ ဂျင်ထိုးရမယ်။လေးကောင်ရှိတဲ့အနက် သုံးကောင်ရံပြီးထိုးရမယ်။ရှုံးရင်လည်း ပြန်လာ၊ နိုင်ရင် လည်း ပြန်လာပေတော့။တစ်လကုန်လို့ ခင်ဗျား စာရင်းချုပ်ရင် ကြိမ်းသေပေါက် နိုင်နေမယ်ဆိုပဲ။ဒီနည်းက လှိုင်၊ တစ်ရပ်ကွက် ဗေဒါစုနားမှာ ခေတ်လှဆံသဆိုပြီး ဆံပင်ညှပ်ဆိုင်ဖွင့်ထားခဲ့ဖူးတဲ့ ကျနော့်မိတ်ဆွေအရင်း ကိုငွေစံကြီး ညွှန်းတဲ့နည်း ဆိုပါတော့။ အဲဒီတုန်းက ကိုငွေစံကြီးဟာ လူပျိုကြီးခင်ဗျ။ ဂျင်ဝါသနာအိုး။ နာမည်ကြီး ဒန်ပေါက်ဆိုင်တစ်ခုက မမကြီးနဲ့ ဇာတ်လမ်းလည်း ရှိတယ်။ တခါတလေ ကိုငွေစံကြီး ငွေစလေးများရွှင်လာရင် ဂျင်ဝိုင်းကို လစ်တော့ တာပဲ။ကျနော့်ကို အမြဲအဖော်စပ်တယ်။ ကျနော်ကလည်း ဖိုးစပ်စုဆိုတော့ အမြဲလိုက်တယ် ဆိုပါတော့။ စောစောက သူပြောတဲ့နည်းအတိုင်း သူမထိုးနိုင်ရှာပါဘူး။ တခါလောက် အစားခံရတာနဲ့ ရှုံးမဲ၊မဲတဲ့စိတ်နဲ့ အာလျမဖြတ်နိုင်ပဲ၊ နောက်ဆုံးတော့ `ကိုသက်ခိုင်၊ ငွေပါသေး ရင်ထုတ်ဗျာ´ ဆိုတဲ့ ဇာတ်လမ်းဆိုက်တာပါပဲ။ ဆိုလိုချင်တာက အဲဒီနည်းဟာ သီအိုရီအရသာ မှန်ချင်မှန်မယ်။ တကယ်တမ်းလက်တွေ့ဂျင်ဝိုင်းမှာ အလုပ်မဖြစ်တဲ့နည်း ဆိုပါတော့ဗျာ။ အခုဆိုရင် ကိုငွေစံကြီးတောင် အသက်ခြောက်ဆယ် ကျော်ရော့မယ်။ ဂျင်ဝိုင်းတကာကိုရောက်ပြီး အကြိမ်ပေါင်းများစွာ ဂျင်ထိုးခဲ့ဖူးတဲ့ ကျနော်ဟာ အဲဒီလောင်းကစားနည်းမှာ အာရုံမကျဘူး ဖြစ်နေသဗျ။ဒါနဲ့ဂျင်ဝိုင်းနဲ့ ရေစက်ကုန်ခဲ့ရော ဆိုပါတော့ဗျာ။
အော်.. ဂျင်ဝိုင်းဖက်လှည့်နေတာနဲ့ ကိုစိုးသန်းအကြောင်း စကားစပြတ်သွားပြန်ပြီ။ကျနော်ဟာ လှိုင်မြို့နယ်သားလည်း ဖြစ်၊လူမိုက်လောကမှာလည်း ကျင်လည်ဖူးလေတော့ ကိုစိုးသန်းအကြောင်းကို ကျနော့်လူရင်းတွေဆီကနေ ခရေစေ့တွင်း ကျနီးပါး သိနေတယ်ဗျ။ကိုစိုးသန်းက လှည်းတန်းသား။တိတိကျကျပြောရရင် ကမာရွတ်မြို့နယ်(၆)ရပ်ကွက်သား။ ၁၉၇၀ ခုနှစ်ဝန်းကျင်၊ လှည်းတန်းတ၀ိုက်မှာ ဟိုးလေးတကြော် နာမည်ကြီးခဲ့တဲ့လူမိုက်။ ဆံပင်ကောက်ကောက်နဲ့ နဖူးပေါ်မှာ တိနေအောင်ဖြတ်ထားတဲ့ ဆံပင်ပုံစံကြောင့် အဲဒီခေတ်နိုင်ငံခြား ရုပ်ရှင်မင်းသားကားတော့နဲ့ဆင်တယ်ဆိုပြီး လူမိုက်အချင်း ချင်း `ကားတော့´လို့မြှောက်ပင့်ခေါ်ကြသတဲ့။သူ့ဘယ်လက်ရုံး ညာလက်ရုံးတွေက လှည်းတန်းလူမိုက်တွေ ဖြစ်ခဲ့တဲ့ ကြည်ဝင်းနဲ့ တကိုယ်လုံးဆေးမှင်ကြောင် အပြည့်ထိုးထားတဲ့ တရုတ်အောင်မြင့်တို့ပေါ့ဗျာ။ ကိုစိုးသန်းရဲ့ဆရာတွေက လှည်းတန်းလူမိုက်၊ အရပ်ခြောက်ပေလောက်ရှိတဲ့ ဒေါင်ကြီး၊ဒေါင်လေးဆိုတဲ့ အမြွှာညီအကို။
ကိုစိုးသန်းဟာ အသက်နှစ်ဆယ်ဝန်းကျင်ကတည်းက ဆင်မလိုက်ဝက်သတ်ရုံအုပ်စုနဲ့ ရင်းနှီးနေရာကနေ ဓားမြောင် သေးသေးလေးတစ်ချောင်းနဲ့ ခွေးတွေကို ဓားနဲ့ထိုးထိုးပြီး ဓားစမ်းခဲ့သတဲ့။ဘယ်လိုအချိန်အဆမျိုးနဲ့ထိုးရင် ဘယ်နှစ်လက္မ နက်အောင်ထိုးရမယ်ဆိုတာ လေ့ကျင့်နေခဲ့တာဆိုပဲ။လူမိုက်လည်းဖြစ်လာရော သူ့ရန်ဘက်တွေ၊ အငှားဓားထိုးဖို့ အလုပ် အပ်တဲ့သူတွေကို ဒဏ်ရာမှာ ဘယ်နှစ်လက်မနက်စေချင်ရင် ဘယ်ဈေးဆိုပြီး ဈေးတောင်းနိုင်လောက်အောင် ဓားထိုး ကျွမ်းကျင် သတဲ့ဗျာ။ကိုစိုးသန်း နာမည်စကျော်တဲ့ အမှုကတော့ ၁၉၇၀ခုနှစ်ဝန်းကျင်မှာ သူ့ဇာတိကမာရွတ် လှည်းတန်း ခြောက်ရပ်ကွက်ကောင်စီလူကြီးတစ်ယောက်နဲ့ အခြေအတင်ဖြစ်ကြရာကနေ ကောင်စီလူကြီးရဲ့ လက်ကိုဓားနဲ့ခုတ်ဖြတ် ပစ်ရာက စ တာပါပဲ။

  1 comment:

  1. မင်းဒင်ရဲ့ သက်ခိုင် အားလုံးကိုစုပြီး PDF အနေနဲ့ ထုတ်ပေးစေချင်ပါတယ်...

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...