Friday, October 4, 2013

“ဒီမှာ အိပ်မရတာ ဘာကြောင့်လဲ”

October 4, 2013 at 4:42am
 
            တိုကျိုကိုရောက်တဲ့အခါ ဂျပန်မှာရှိတဲ့ မိတ်ဆွေများက မြင်ချင်ဆုံချင်လို့ ၀ိုင်းဖွဲ့နှီးနှောရင်း သူများကျွေးတာတွေစား၊ သူများပေးတာတွေ ယူနေရတာ တယ်လည်းဇိမ်ကျသကိုးလို့ ထင်စရာ ရှိပါလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ အဲသလို မဟုတ်ပါဘူး။ အခုဆို သူများကျွေးတာ စားပိုးနင့်ခမန်းစားသောက်လာပြီး မိုးလင်းလုတော့မယ်။ ရေးရေးလေးမှ အိပ်မပျော်နိုင်ဘူး။
အရင်ညတွေကလည်း သည်လိုပဲ အိပ်ပျက်လှပြီ။ စားထားသမျှတွေက လည်ချောင်းထဲမှာ တစ်ပြီးနင်နေသလို ခံစားရတယ်။ ဘာဖြစ်လို့ဆိုတော့ သူတို့အဆင့်အတန်း ကိုယ့်အဆင့်အတန်း မိုးနဲ့မြေလို ကွာခြားတာ ကြည့်ကြည့်ပြီး စိတ်အားငယ်မိတယ်။ အစကတည်းကလည်း စာတွေရေးရေးနေရင်း သူများကို အားပေးသလိုလိုနဲ့ ကိုယ့်ကိုယ်ကိုယ် ကျားကန်သံပတ်တင်းတဲ့ သဘောမျိုး၊ သူများကို စွတ်အထင်မကြီးရဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း အထင်မသေးရဘူး လို့ လှည့်ကာပတ်ကာ နားဝင်အောင် ရေးလာခဲ့တယ်။ စိတ်ထဲမှာလည်း သည်လိုပဲ သဘောထားတယ်။ သို့သော်လည်း တဖြေးဖြေး သိသိလာတာတွေများလေ၊ ငါတို့ဘ၀ နုံချာလှပါလား လို့ ငိုမဲ့ငိုမဲ့ဖြစ်ရလေ။ တဘက်ကလည်း ဟန်မပျက် မာန်မချ ခေါင်းကလေးမော့ ရွှင်ကာပြုံးကာ ဝေေ၀ဆာဆာနဲ့ ရွှင်လန်းတက်ကြွသယောင်နေပြရတာ ကြာတော့ သရုပ်တောင် မပီပြင်ချင်တော့ဘူး။ တစ်ယောက်တည်း အိပ်ယာဝင် အတွေးနယ်ချဲ့မိရင် သိမ်ငယ်တဲ့စိတ်က တားမရဘူး။ တကယ်တော့ ကိုယ့်တိုင်းပြည်မှာ မရှိတဲ့ အနေအစားမျိုးနဲ့ ဘ၀င်လေဟပ်ပြီး မတ်တတ်ကလဲတော့မလောက် ဖလန်းဖလန်းထနေပေမယ့် ဒါတွေအားလုံးက စိန်နားကပ်ရောင်နဲ့ ပါးပြောင်နေရတာ။ ကိုယ့်ပြည်မှာ အမှန်တကယ်ဖြစ်ပျက်နေတဲ့ မူရင်းပင်ကိုယ်ဘ၀ကသာလျှင် ကိုယ့်ဘ၀အဆင့်အတန်း အစစ်ဖြစ်တယ်။ အစကတည်းက ၀င်ကစွပ်ကောင်များလို သူများအိမ်ခန္ဓာမြှောင်တတ်တဲ့ စိတ်သဘောထားလည်း မရှိလေတော့ကာ ကိုယ့်ဝမ်းနာကိုယ်သာသိရတာကြောင့် စားသမျှမြိုသမျှ အပင်းနင်သလို တစ်ဆို့ဆို့ဖြစ်နေဟန်ရှိပါတယ်။

           မနာလိုဝန်တိုစိတ် မဟုတ်ပေမယ့် သူတို့ဘ၀၊ သူတို့အရေးကို သူတို့အစိုးရက ပူပူပင်ပင် ကြောင့်ကြစီစဉ်ပေးနေတာတွေ တွေ့ရတဲ့အခါ ကိုယ်တွေမှာက ကိုယ့်ရောဂါနဲ့ကိုယ်မို့ မခံစားနိုင်ဘူး။ ဒါကြောင့် နိုင်ငံခြားထွက်လာမိတာ မကောင်းဘူးလို့ ထင်မိတယ်။ အသူရာတွေ သူ့ဟာသူ အရက်မူးနေကြတာ အကောင်းသားလေ။ သခွတ်ပင်ဖြူဖြူကြီး ပွင့်တော့မှ အဟောင်းတွေ အသစ်ဖြစ်ပြီး ဇရက်မင်းစည်းစိမ်တွေ ဖီလင်အောက်ကုန်တော့တာတဲ့။ ဖားသူငယ်ကလေး တစ်ကောင်အတွက် ကမ္ဘာလောကကြီးလောက် ကျယ်ဝန်းနေလည်း ဘာမှ လုပ်စရာရှိတာ မဟုတ်ဘူး။ ကိုယ့်ဘာသာ နွားခြေရာခွက်ကလေးထဲမှာ သူ့အိုးသူ့ဆန်တန်နေရင် ပြီးတာပဲ မဟုတ်လား။ မြင်ဖူးကြားဖူးရုံအပြင် ဘာမှ သုံးစားလို့မရတဲ့ ကိစ္စတွေပါလေ။ ဆုန်သင်းပါရ်သီချင်းထဲကလိုပဲ “သည်အိမ်ကကျဉ်းတယ်ကွယ်။ ယူမလာခဲ့ပါနဲ့။ ဓူဝံကြယ်စင် ခူးဆွတ်ပေးမတဲ့ ဘယ်မှာ သွားထားမလဲ။” ဆိုတာမျိုး လိုတဲ့အခါ ပြောမယ် နေဦး လို့ ကိုယ့်ဘက်ကပဲ တားမြစ်ထားရမှာ။

           ရုပ်ဝတ္ထုအခြေခံတွေ ကွာတာ၊ ဆူကြုံနိမ့်မြင့် လောကဓံတရားရဲ့ အစွန်းတဘက်တချက်စီမှာ ရှိနေရတဲ့အတွက်တော့ တစ်ခါမှ တွေးမပူမိပါဘူး။ နာဂစ်တုန်းက မြန်မာပြည်လာကူဖူးတဲ့ ဂျပန်ကြီးတစ်ယောက်ကပြောတယ်။ “သူမခံစားနိုင်ဆုံး အဖြစ်အပျက်တစ်ခုက ဆေးရုံကို အချိန်မီပို့နိုင်ရင် အသက်ရှင်နိုင်မယ့် လူနာတစ်ယောက် သူ့မျက်စိအောက်တင် ဒုက္ခဖြစ်သွားတာ မြင်ရတော့ တကယ်လို့များ ဘဘကြီးစီးလာတဲ့ ဟယ်လီကော်ပတာကလေးနဲ့ နာရီဝက်တစ်နာရီစာလောက် တင်ခေါ်သွားနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။” တဲ့။ ဒါတော့များသွားပြီအေ။ တော်ရုံပဲ ကောင်းတယ်။ ဟယ်လီကော်ပတာဆိုတာ ငါတို့ဆီမှာ လူစီးယာဉ်မဟုတ်ဘူး။ စစ်လက်နက် ထောက်ပို့ယာဉ်ရထား။ တို့ဆီမှာလည်း လူနာတွေစီးတဲ့ ဟယ်လီကော်ပတာသပ်သပ်ရှိတယ်။ အမ်းမှာနေတုန်းက ဆေးရုံကနေ ဆရာရေ။ ဟတ်စကီးတစ်စီးရောက်နေတယ် လို့ ဖုန်းဆက်ရင် အပြေးသာ တက်ကြည့်။ ၀ါးဘိုးဝါးလုံးကြီးကို စောင်နဲ့လျှိုပြီး ရှေ့တစ်ယောက် နောက်တစ်ယောက် ထမ်းလာရတဲ့လူနာ။ ပီးပေါ်ပီးပေါ် အသံမမြည်ပေမယ့် ပြေးနိုင်မှ အသက်မီမယ်။ လှုပ်စိလှုပ်စိ လုပ်မနေနဲ့။ အရေးပေါ်ချင်း၊ ကိုယ်တွေဘက် ဂရုစိုက်ရတာချင်းကတော့ ဘယ်နေရာမှာ လျော့သလဲ ပြောစမ်းပါ။ ဒါနဲ့ပဲ အိုးကမပူစလောင်းကပူ ရင်မှာခံစား သူမမြင်နိုင်ပေ ဖြစ်နေတဲ့ ဂျပန်ကြီးကို ဦးဦးဖိုးကတုံးရဲ့ “ဘာဖြစ်သလဲ နာဂစ်” ကဗျာကလေးကို နားဝင်အောင် ဘာသာပြန်ပေးရပါတယ်။ လူတစ်ထောင် အလုပ်ရဖို့ လူတစ်သိန်းသေပေးရတယ်တို့။ လူနာတွေ ရဟတ်ယာဉ်မစီးနိုင်ပေမယ့် ဆန်အိပ်တွေ ရဟတ်ယာဉ်စီးကြတယ်တို့ တတ်သမျှ မှတ်သမျှ ဖောရှောလုပ်ရတယ်။ စကားဆိုတာ နိုင်အောင်ပြောရင်တော့ ငါ့စကားနွားရ ပြောလို့တတ်တာပေါ့။ ဒါပေသိ ပြောအပြီးမှာ သူ့အလုံးက ကိုယ့်ချက်ကောင်းကိုထိတာကြောင့် အောင့်သက်သက်ခံရတာကိုတော့ ဖျောက်လို့မရဘူး။ ဒီလိုနေရာမျိုးမှာ ကွာခြားလွန်းတာကိုတော့ အသည်းကကိုနာတာ။ သဘောပေါက်ပြီလား။

            သူတို့ဆီမှာ လူနာတွေကို အသက်ကယ်နိုင်တဲ့ အဆင့်အတန်း၊ ရောဂါရှာဖွေ ကုသနိုင်တဲ့ အထောက်အကူတွေဟာ ကိုယ်တွေနဲ့စာရင် မိုးနဲ့မြေလို ကွာခြားနေပြန်တယ်။ ကိုယ်တွေမှာက ရွှံ့ရုပ်နဲ့ချည့် ကြွက်သေခိုင်းရတော့ ရွှံ့ပေတယ်။ သူတို့လည်း နေ့မအိပ်ညမအိပ် ကုကြတာပဲ။ ကိုယ်တွေလည်း နေ့မအားညမနား ကုနေတာပဲ။ ဂျပန်ဆရာဝန်အသစ်ကလေးတစ်ယောက်က သာမန်နေ့ခင်းဂျူတီတစ်ရက်ကို ယန်းခုနှစ်သောင်းခွဲ၊ ညဂျူတီဆို ယန်း ၁၂ သောင်းခွဲ (သူတို့က သောင်းကနေတွက်တာ) နဲ့ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ဆင်းနေချိန်မှာ ကိုယ်တိုင်က သည်အသက်အရွယ် ရောက်တာတောင် တစ်လလုံးလုပ်မှ ယန်းတစ်သောင်းခွဲသာသာ နဲ့အရူးမီးဝိုင်း ဂျူတီဆင်းရတယ်။ ဆရာဝန်လုပ်သက် အနှစ် ၂၀ ပဲ ပြည့်လုပြီ။ အရေးအကြောင်းဆို ခြေစောင့်လက်စောင့် မရှိလို့ အိမ်ကိုပြန်ပြန် အပူကပ်နေရတုန်း။ သူတို့ဆီမှာက သည်နေ့အလုပ်ဝင် နောက်လ အိမ်ရောကားပါ အကြွေးဝယ်လို့ရနေပြီ။ (နေနှင့်ဦး။ ရေချိုးခန်းသွားတော့မှ လူချင်းတူပေမယ့် ဘယ်နေရာများကွဲလို့ ဂလောက်တောင် ကွာတာပါလိမ့်ဆိုပြီး သေသေချာချာ ကြည့်ခဲ့ဦးမယ်။)

           ဆင်လည်းဆင့်အထွာ ဆိတ်လည်းဆိတ်အထွာမို့ သူတို့ဝင်ငွေ သူတို့အသုံးစားရိတ် ကာမိစုမိတယ်ဆိုသော်ငြားလည်း ကိုယ့်မှာက သူတို့ဝင်ငွေမျိုး မရှိတာကြောင့် ဘာပဲသုံးသုံး ကိုယ့်အထွာနဲ့ကိုယ် ပြန်ပြန်တိုင်းမိတယ်။ သူတို့ကျွေးတဲ့ ထမင်းတစ်နပ်က အမ်းမှာဆို ဆိုင်ကယ်ဝယ်စီးလို့ရတယ် လို့ စဉ်းစားမိရင် လျှာပေါ်က အရသာကို ခံစားလို့မရတော့ဘူး။ အသားစပို့စရာ ပိုက်ဆံထောင့်ငါးရာမပါလို့ လာမခွဲတဲ့ အမေကြီးကို “ဟယ် ... နင့်အသက် ၁၅၀၀ မှ မတန်ရာလား။” လို့ မေးမိတဲ့ ကိုယ့်စကားကိုယ် ပြန်ပြန်ကြားမိပြီး ထမင်းနင်တယ်။ တန်ဖိုးဆိုတာကို ဘယ်လိုနားလည်ရမှန်းတောင် မသိတော့ဘူး။ မြန်မာငွေနဲ့တွက်ရင် နှစ်သိန်းလောက်ကုန်ကျမယ့် အမဲသားတစ်တတစ်ဟာ ပိုးမွှားရောဂါဘယသန့်စင်ပြီး လတ်ဆတ်ကောင်းမွန်မှုမှာ ၁၀၀% အာမခံချက်ပေးနိုင်သလို မီးမကူ နေပူမှာမကင်အားသောငြား လျှာဖျားပေါ်တင်လိုက်ရင် အရည်ပျော်သွားမတတ် နူးညံ့လှတာမို့ပါတဲ့။ ကျုပ်တို့အမ်းမှာ စားနေတဲ့ အမဲသားငါးများကတော့ကော ဘာနဲ့မှ စစ်ဆေးအာမခံထားခြင်း မရှိသော်ငြား စားကောင်းရောင်းတန် ပစ္စည်းမှန် မဟုတ်တာကျနေတာပဲ။ တကယ်တော့ ကိုယ့်ဆီကဟာတွေက မမှန်တာ မဟုတ်ဘူး။ အာမခံချက်မပေးနိုင်လို့ တန်ကြေးမရှိတာ။

           နွားတွေမှ မဟုတ်ပါဘူး။ လူတွေလည်း အတူတူပဲ။ ဂျပန်မ အပျိုစင်ကလေးတွေဟာ ယုံအောင်ပြော၊ ကျအောင်ကြူနိုင်လို့ တစ်ကိုယ်လုံးသိမ်းကြုံး လိုရာသုံးသက်ဝေ ဖြစ်သွားရင် တစ်ပြားမှ ကုန်စရာမလိုဘူး။ ဈေးကွက်ထဲရောက်သွားတဲ့ အင်ပေါ့မောင်လေးရယ်တွေကျမှ လက်ဖျားနဲ့မတို့ရပဲ ဆာကေးလေး ဘေးကထိုင်ငှဲ့ပေးရုံနဲ့ ဂျပန်ပြည်သိန်းတန်ကလေးတွေ ဖြစ်ကုန်တယ်။ ဂေရှားမယ်ကလေးတွေဆို အင်မတန် ၀င်ငွေကောင်းလှပါတယ်ဆိုတဲ့ ဂျပန်ဆရာဝန်ကြီးတွေတောင် ဈေးကြီးလွန်းလို့ ဝေးဝေးကသာ ငမ်းပါမည် လုပ်ရသတဲ့။ သိပ်မအံ့သြနဲ့ဦး။ အဲဒီထက်ဈေးကြီးတာ ရှိသေးတယ်။ ဂျပန်အမျိုးသားလေးတွေ ၀န်ဆောင်မှုပေးတဲ့ မောင်တို့ချယ်ရီမြေက သာလို့တောင် ငွေကုန်ကြေးကျ များလှပါသတဲ့။ လန်းလန်းစင်စင် လိုချင်သလောက် ဖြည့်ဆည်းပေးနိုင်ရလိမ့်မတဲ့။ ဂျပန်ပြည်က အမ်းမမကြီးတွေများ စိတ်ကြိုက်ဆွဲစားပြီးလို့ ဘောက်ဆူးပေးမယ်ကြံရင် မာစီဒီးဘန့်ဇ်ကို သော့ပစ်ပေးပခဲ့တယ်ဆိုပဲ။ ရောက်ဖူးတယ်ရှိအောင် ဗဟုသုတရှာမှီးဖို့ ဖြတ်လျှောက်ငေးမော ၀င်လုပ်မိတဲ့ မောင်စံဖားကလေးခမျာ ကိုယ်က မှန်မှန်ကန်ကန် ရွှေပြည်နန်းကြီး ဖြစ်ပါလျက် ငါ့တန်ဖိုးနှယ် အဲဒီအော်ဖာသူငယ်ကလေးတွေ ခြေဖျားလောက်ကမှ မတန်လေခြင်း လို့ ချစ်အားငယ်ရသူမယ် ဖြစ်ရလေတယ်။ အကောင်းစားမို့ အဲသလောက်ဈေးကြီးရပါတယ်ဆိုတဲ့ အယူအဆကို ချေဖျက်ချင်လို့ သဘောပြောတာနော်။ တော်တော်ကြာ မတ်စိဘောက်ထဲကနေ Expected Salary လာမေးနေဦးမယ်။ (စိတ်ကတော့ မလျှော့သေးပဲကိုး)

           ဆင်းရဲချမ်းသာ ကွဲပြားလို့ ငွေကြေးတန်ဖိုးကွာဟလို့ သူတို့နဲ့ကိုယ်နဲ့ ကြေးချင်းတန်းချင်း အင်မတန် ကွာခြားပါပေတယ် လို့ ထင်ကောင်းထင်လိမ့်မယ်။ တကယ်တော့ အဲသလို မဟုတ်ဘူးဗျ။ လူတစ်ယောက်ရဲ့တန်ဖိုးကို ဂျပန်ပြည်မှာ ဘာနဲ့တိုင်းသလဲတော့ မပြောတတ်ဘူး။ ဂျပန်နိုင်ငံသား တစ်ယောက်ရဲ့တန်ဖိုးဟာ ၀န်ကြီးချုပ်အာဘေးကြီးရဲ့တန်ဖိုးနဲ့ တစ်သက်တစ်သက်ချင်းယှဉ်ရင် ကိုယ်တို့ မြန်မာတွေဆီမှာ ကွာသလောက် မကွာဘူး။ ငလျင်ဒဏ်ခံရလို့ အပြိုအပျက်ပုံထဲမှာ ပိတ်မိနေတဲ့ အခြေအနေမဲ့အဖွားအိုတစ်ယောက်ရဲ့အသက်ကိုကယ်ဖို့အားထုတ်တဲ့အခါမှာ သူ့ထက်အရေးကြီးတဲ့ ဗီအိုင်ပီဆိုတာ မရှိဘူး။ အချိန်မီကယ်လို့ အသက်ရှင်နိုင်မယ်ထင်ရင် ဒေါ်လာသိန်းသန်းကုဋေ ကုန်ကျသွားပလေ့စေ။ လူ့အသက်ကို ပိုတန်ဖိုးထားတယ်။ ဂျပန်ပြည်မှာ လူ့အသက်တစ်ချောင်းဟာ ဘာရုပ်ဝတ္ထုပစ္စည်းနဲ့မှ လဲလို့မရဘူး။ ကိုယ့်ဆီမှာက မန်ကျည်းရွက်တက်ခူးလို့ ဆူးစူးရင် “အသားပြဲလို့ အသားအစားရတယ်။ အင်္ကျီင်္ီပြဲရင် အင်္ကျီင်္ီအစားမရဘူး” ဆိုပြီး ပြဲချင်းပြဲ လူပဲအပြဲခံတယ်။  လူပေါင်းထောင်သောင်းသိန်းသန်း ဒုက္ခပင်လယ်ဝေနေတဲ့အချိန်မှာ အရေးကောင်း ဒိန်းဒေါင်းဖျက်မစိုးလို့ “ဘယ်ပြည်ပအကူအညီမှ မလိုအပ်ဖူးဟေ့” လို့ ဘူးခါတဲ့ မြန်မာစိတ်ကို ဒင်းတို့ ဂျပန်တွေ ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူး။
           ဒါကြောင့် ဒီညအိပ်မပျော်နိုင်တာဟာလေ သူတို့တန်ကြေး ကိုယ့်တန်ကြေး  ကွာလွန်းလို့ ဒေါသထွက် အားငယ်နေတာလည်း မဟုတ်ဘူး။ ငါလည်း အဲသလောက် ၀င်ငွေများရှိရင် ဘယ်လောက်ကောင်းမလဲဆို လောဘတက် စိတ်ကူးယဉ်နေတာလည်း မဟုတ်ဘူး။ လူ့တစ်သက်တစ်သက်ချင်း ဘယ်အခါများမှ ငါတို့ဆီမယ် အလေးထားတတ်ပါ့မလဲ လို့ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါတယ်ဗျာ။ ဖတ်ပြီး ထပ်တူခံစားမိနိုင်ပါစေ။ (အလွန်တရာ အမြင်ကပ်ဖွယ် အရေးအသားများကြောင့် ခြောက်ညင်အကြီးကြီးကပ်ပြီး ယာကူဇာတွေ ငှားအသတ်ခိုင်းရင်တော့ မသတ်ခင် သားသားကို မအေးခြင်ထောင် ဘယ်လောက် ပေးရတယ် လို့ တဆိတ်လောက် ပြောပြခဲ့စမ်းပါဗျာ။ ကိုယ်ဘယ်လောက်တန်သလဲ သိရတာပေါ့)

Consultant Surgeon at Yangon

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...