Friday, October 4, 2013

“မိဆိုး”

1.။

နာမည်အရင်းက စိုးစိုးပါ။
ငယ်ငယ်လေးတည်းက ပြောမရဆိုမရနဲ့ ဆိုးလွန်းလို့ မိစိုးကနေ မိဆိုးအဖြစ် ပြောင်းသွားတာ
ဘယ်လောက်ပဲ ဆိုးဆိုး တဆွေလုံးတမျိုးလုံးက ချစ်ကြတယ်။ ချစ်ဆို ကလေးက ‘ဖတဆိုးလေး’ ကိုး၊
သူ့အဖေက ဆုံးသွားတာတော့ မဟုတ်ဘူး။ ဇာတ်က အလွမ်းဇာတ်ရယ်၊ ပြောပြမယ်… …


မိဆိုးအမေက မအေးနုတဲ့၊ ရိုးရိုးသားသား အေးအေးဆေးဆေးနေတတ်တဲ့ မိန်းကလေးတစ်ဦးပေါ့
ကံအကြောင်းက ဖန်လာတော့ မအေးနုတို့အိမ်ဘေးမှာ ဆန်စက်လာဆောက်ပေးတဲ့ အင်ဂျင်နီယာလေးနဲ့ လူငယ်ဘဝ ချစ်သူတွေ ဖြစ်သွားကြတယ်။
တောသူဌေး လယ်ပိုင်ရှင်လူကုန်တန် မအေးနုတို့ အသိုင်းအဝိုင်းက သဘောမတူဘူး ခွဲကြတယ်၊ ကောင်လေးက လာတောင်းတယ် မပေးစားဘူး ငြင်းလွှတ်တယ်
နောက်ဆုံး ကောင်လေးလည်း လက်လျှော့သွားပြီး မအေးနုနဲ့ဝေးရာ နိုင်ငံခြားကို ထွက်သွားတယ်
ထွက်သွားလို့မှ မကြာဘူး၊ မအေးနုမှာ ကိုဝင်းကြည်နဲ့ဖြစ်ရော၊ အဲလေ ကိုယ်ဝန်ကြီးနဲ့ ဖြစ်လာရော…
ခြေလွန်လက်လွန်တွေ ဖြစ်ထားရှာတာကိုး
ဒါနဲ့ မိသားစုတွေ တိုင်ပင်ကြတယ်၊ ခေါင်းစဉ်က “ကောင်လေးကို ပြန်ခေါ်ပြီး ပေးစားမလား၊ မပေးစားဘူးလား” ပေါ့
ခေါင်းမာဂိုဏ်းသားတွေ ကြီးစိုးတဲ့ မိသားစုရဲ့အဖြေက “နိုး” ..တဲ့
အကြောင်းကတော့ ‘အင်ဂျင်နီယာတစ်ယောက်ကို မိသားစုထဲ အဝင်ခံတာထက်စာရင်၊ ဖအေမပေါ်ဘဲ မွေးတဲ့ကလေးက ပိုဂုဏ်ရှိတယ်”… ဆိုဘဲ
{အင်ဂျင်နီယာဖြစ်ရတဲ့ဘဝ အားငယ်လိုက်တာ ပြောမနေနဲ့တော့}
ဒါနဲ့ မိဆိုးလေးလည်း မွေးကတည်းက ဖအေဆိုတာ မမြင်ဖူးသေးဘူးပေါ့
သူ ဆိုးတာက လူမှန်းသိစ ပေါက်စနလေးကတည်းက ဆိုးတာ
လိုချင်တာ မရလို့ပဲဖြစ်ဖြစ်၊ ဗိုက်ဆာလို့ပဲဖြစ်ဖြစ်၊ တခုခု အလိုမကျလို့ပဲဖြစ်ဖြစ် အသံဗြဲကြီးနဲ့ ငိုတာ
အရှေ့ခုနှစ်အိမ်၊ အနောက်ခုနှစ်အိမ် အိပ်မရဘူးသာမှတ်တော့
ဘယ်လိုချော့ချော့ မတိတ်ဘူး
အဲ… သူအငိုရပ်တဲ့နည်း တစ်နည်းပဲ ရှိတယ်
စိုးသူလေ၊ ရုပ်ရှင်မင်းသားစိုးသူပေါ့
ဘာမှန်းတော့ မသိဘူး၊ လူမှန်းသိတတ်စ ကတည်းက စိုးသူကို ကြိုက်တာမှ
ငိုနေတုံး အိမ်ရှေ့ခန်းခေါ်သွား၊ နံရံမှာ ကပ်ထားတဲ့ မင်းသားစိုးသူပုံကို ပြလိုက်
ချက်ခြင်း အငိုတိတ်သွားတဲ့အပြင် ပြုံးပြုံးကြီးကို ကြည့်နေတော့တာတဲ့
ကျောင်းတက်တဲ့အရွယ် မူလတန်းလည်း တက်ရော… ရတဲ့မုန့်ဖိုးကို မုန့်ဝယ်မစားဘဲ စိုးသူပုံတွေချည့် ဝယ်ဝယ်စုလို့ မအေနဲ့ အမျိုးတွေက ငေါက်ရတာ အမော
ခက်ဘူးလား

2.
လူက ဆိုးရတဲ့အထဲ အဆော့ကမက်သေး
ကလေးမို့ အဆော့မက်တာက ထားပါတော့၊ အရာရာ နမော်နမဲ့နဲ့ မေ့ကမေ့တတ်သေးတယ်
ကျောင်းသွားခါနီးကို ဓမ္မာရုံဘေးကွက်လပ်မှာ အမိအရ သွားဆော့သေးတာ
အစ်မဝမ်းကွဲတစ်ယောက်က စက်ဘီးနဲ့ထွက်လာပြီး ဓမ္မာရုံဘေး လာလာခေါ်ရတယ်။
ပြီးတော့ သူ့ကို စက်ဘီးနောက်က ကယ်ရီယာမှာတင်ပြီး ကျောင်းကိုလိုက်ပို့တာ
အဲ…
ကျောင်းရောက်ခါနီးမှ … ..
“မမ… မမ အဟီး”
“ဘာတုံး မိဆိုး၊ ဘာမဟုတ်တာ ဖြစ်ပြန်ပြီလဲ”
“ဟို ဟို လွယ်အိတ်လေ၊ ခုနဆော့တဲ့နေရာမှာ ကျန်ခဲ့တယ်၊ ဟီး ဟီး”
“အေး အေး ညီမလေး၊ မမ ပြန်ရင်းနဲ့ ယူလိုက်မယ်၊ အယ်… ဘယ်ရမလဲ နင့်ဟာက ကျောင်းလွယ်အိတ်ကြီးပဲ”
“ဟုတ်… အဲဒါ ပြန်သွားယူရအောင်နော် မမ”
“ငါတော့ အမောဆို့ပြီး သေတော့မှာဘဲ မိဆိုးရယ်”


3.
တရက်တော့ ဆရာမက သိပ္ပံချိန်မှာ ‘ခြ’ အကြောင်းသင်တယ်
အဲဒီကနေ ‘ခြ’ အကြောင်းကို ကောင်းကောင်းသိသွားတဲ့ ဥာဏ်ကြီးရှင်မိဆိုးက နောက်ရက်မှာ လက်တွေ့ အသုံးချပါတော့တယ်
အိမ်ဘေးက ဂိုထောင်အဟောင်းကြီးမှာ တက်နေတဲ့ ခြတွေကို ဖမ်းပြီး ပုလင်းလေးထဲထည့်လို့ ကျောင်းကို ယူလာတယ်
ပြီးတော့ ဆရာမ မလာခင် စာသင်ခန်းရဲ့ နံရံတွေပေါ်ကို ခြတွေ ဖမ်းတင်တယ်
အဲလိုလုပ်ရတာက သူ့မှာ ရည်ရွယ်ချက်ရှိတယ်
ကျောင်းကြီးကို ‘ခြ’ တွေ ကိုက်သွားရင် သူကျောင်းတက်စရာ မလိုတော့ဘူးလေ
ဒါပေမယ့် သူ့အကြံအစည် မအောင်မြင်ပါဘူး
ကျောင်းသားတွေထဲမှာလည်း အစိုးရသတင်းပေးတွေ ရှိတာကိုး အဲလေ ဆရာမရဲ့ အလိုတော်ရိတွေက ရှိတာကိုး
ဒီလိုနဲ့ ဆရာမသိသွားပြီး ဥာဏ်ပူဇော်ခ ကြိမ်ဒဏ် သုံးချက် ရလိုက်တယ်


4.
သူတို့ အညာဒေသမှာက မိုးကိုကြောက်ကြတယ်
ကျောင်းသွားချိန်မှာများ မိုးသည်းသည်းမရွာလိုက်နဲ့
မိဘတွေကိုက ကလေးတွေကို ကျောင်းမလွှတ်တော့ဘူးရယ်
မိုးမိလာတဲ့ ကလေးတွေကိုလည်း ကျောင်းက ဆရာ/ဆရာမတွေက အိမ်ပြန်လွှတ်လိုက်တာ များတယ်
မိုးမိပြီး ဖျားနာနေမှာ စိုးတာကိုး
ဒီအားနည်းချက်ကို ကျောင်းပျင်းလူလည် မိဆိုးက အမိအရအသုံးချတယ်
မိုးဖွဲဖွဲလေးပဲရွာလို့ ထီးဆောင်းခိုင်းပြီး ကျောင်းကိုလွှတ်မယ်များ မကြံနဲ့
လမ်းမှာ ထီးမဆောင်းဘဲ မိုးမစို စိုအောင်လုပ်တာ
လုံလောက်တဲ့ အစိုဓါတ်က ရွာနေတဲ့မိုးကနေမရရင် သစ်ပင်လေးတွေအောက်ကိုဝင်ပြီး သစ်ကိုင်းကိုလှုပ်ချတယ်
အဲဒီမှာ တော်တော်စိုတော့မှ ကျောင်းခန်းထဲဝင်တယ်
ဆရာမက ပြန်လွှတ်တာပေါ့၊ ကလေးဖျားနာနေရင် သူ့အပြစ်လည်း ဖြစ်မှာ ကြောက်ရသေးတာကိုး
တခါကနှစ်ခါ နှစ်ခါကသုံးခါ၊ မိဆိုးတစ်ယောက်ထဲချည့် မိုးရွှဲရွှဲလာတော့ ဆရာမက မသင်္ကာဘူး
ဒါနဲ့ သူ့ထောက်လှမ်းရေးအဖွဲတွေလွှတ်ပြီး ကင်းထောက်ခိုင်လိုက်တော့မှ မမိဆိုးရဲ့ မိုးရေစိုစီမံကိန်းကို ဒီ သမ္မတသက်တမ်းအတွင်း ရပ်လိုက်ရတယ် အဲလေ ရောကုန်ပြီ၊ ဒီဆရာမ သက်တမ်းအတွင်း ရပ်လိုက်ရတယ်


5.
တရက်ကတော့ ပွဲတိုင်းကျော် မိဆိုးတစ်ယောက် မစို့မပိုရေစိုကွက်တွေနဲ့ ကျောင်းခန်းထဲ ဝင်လာတယ်
ဆရာမက မြင်တော့ မေးတယ်… …
“ဟဲ့ မိဆိုး… မိုးမရွာ ဘာမရွာနဲ့ ဘယ်ရေတွေက စိုလာပြန်တာလည်း၊ ဥာဏ်များမယ် မကြံနဲ့နော်”
ဘာမှပြန်မပြောပဲ မျက်စိပျက် မျက်နှာပျက်နဲ့ သူ့ခုံသူ သွားထိုင်နေတယ်…
ခဏနေတော့ မိဆိုးနဲ့ ပေါင်းနေကျ သူငယ်ချင်းမိန်းကလေး သုံးယောက်လည်း မစို့မပို့ရေစိုကွက်တွေနဲ့ စာသင်ခန်းထဲကို ကုပ်ကုပ် ကုပ်ကုပ်နဲ့ ဝင်လာကြတယ်
အနံ့တစ်မျိုးရတော့ ဆရာမမှာလည်း နားခေါင်းတစ်ရှုံ့ရှုံ့နဲ့ ဖြစ်နေတာ
“ဟဲ့… ဘာနံ့ပါလိမ့်၊ ရှုး ရွှတ် အဲ သေးနံ့ ဟုတ်တယ် သေးနံ့၊ မိဆိုးလာစမ်း မှန်မှန်ပြော၊ ဘာမဟုတ်တာ လုပ်လာသလဲ”
မိဆိုး ခေါင်းငိုက်စိုက်နဲ့ ရှေ့ထွက်လာတယ်
ဆရာမရဲ့ စစ်ကြောရေးအောက်မှာ အဖြစ်မှန်ကို ဝန်ခံလိုက်ရရှာတယ်
အဖြစ်က ဒီလို… …
မုန့်စားကျောင်းဆင်းချိန်မှာ မိဆိုးနဲ့ အပေါင်းပါသုံးဦး ရှုးရှုးပေါက်သွားကြတယ်တဲ့
ကျောင်းဘေးမှာက လူတခုန်စာလောက်ကျယ်တဲ့ မြောင်းရိုးလေးတစ်ခုရှိတယ်
ရှုးပေါက်တာကို ရိုးရိုးမပေါက်ပဲ မြောင်းရဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်းမှာ နှစ်ယောက်စီခွဲပြီး မျက်နှာခြင်းဆိုင် ရပ်လိုက်ကြတယ်
ပြီးတော့ ၁, ၂, ၃ လို့ အော်ပြီး တဘက်နဲ့တဘက် ရှုးစစ်တိုက်ကြလေသတဲ့
တဖက်ကမ်းက ရန်သူကို ရှုးနဲ့ ထိအောင်ပန်းရတာလေ
အဲလို ရှုးစစ်တိုက်နိုင်အောင်လို့လည်း ကြိုတင်ပြင်ဆင်ထားကြတယ် ဆိုဘဲ
ရေများများသောက်၊ ရှုးမပေါက်ဘဲ အောင့်ထားပေါ့လေ
ဒါမှ ဝေးဝေးပြေးမှာကိုး…
ဒါပေမယ့် မိန်းမတို့ရဲ့ ဘဝပေးအခြေအနေအရ ဘယ်လိုမှ နှစ်ပေကျော်အောင် ပန်းမရတော့ ရန်သူကို မထိဘူး ဖြစ်နေတယ်…
အဲဒီမှာ ဥာဏ်ကြီးရှင် မိဆိုးက စ,ညစ်တော့တာ
ရန်သူကို တိုက်ရိုက်ပန်းမရတော့ လက်ခုပ်နဲ့ခံပြီး လှမ်းပက်တယ်
ထိတာပေါ့…
ဒါပေမယ့် လမ်းမှာ အလေအလွင့်က နည်းနည်းရှိတော့ ထိချက်က သိပ်မပြင်းဘူး
သူလုပ်တော့ တဖက်ကလည်း ပြန်လုပ်တယ်
ဒီတော့ နှစ်ဖက် အထိအခိုက် အကျအဆုံးတွေနဲ့ ကျောင်းခန်းထဲ ရောက်လာတာ
ဇာတ်လမ်းက အဲလို…


6.
အဲဒီလို သမိုင်းကြောင်းလေးနဲ့ မမိဆိုး အရွယ်လေးရလာတော့ ဆွေးမကင်းမျိုးမကင်းထဲက မောင်ကျေးညိုနဲ့ ပေးစားလိုက်တယ်။
မိန်းမက ကမောက်ကမလုပ်သမျှ ယောက်ျားလုပ်သူခမျာ အတော်သည်းခံပြီး ပေါင်းလာတာ ခု သားလေးမောင်ကြည်ဆွေတောင် တစ်နှစ်ပြည့်တော့မယ်
မိဆိုးမှာ မကောင်းတဲ့အကျင့်တစ်ခုက သွားတိုက်ရမှာ ပျင်းတာ
အိပ်ရာထ အာလုပ်တော့ကျင်းတယ်၊ သွားမတိုက်ချင်ဘူး
သွားတွေများ ဝါထိန်နေလို့၊ ကိုကျေးညိုကတောင် စနောက်နေသေးတယ်… ..
‘ဟဲ့ မိဆိုး၊ မြို့ထဲရောက်လို့များ မီးပွိုင့်နားသွားပြီး ရီမပြနဲ့နော်”
‘ဘာလို့လဲ’
‘အော်… တော်ကြာ နင့်သွားတွေကိုမြင်လိုက်ရင် မီးဝါတယ်မှတ်ပြီး ကားတွေ ရပ်ကုန်မှာ စိုးလို့ပါ’
‘ဘာာာ…’
နောက်တစ်ခုက မေ့တတ်တာ…
တရက်က ကိုကျေးညို အလုပ်ကပြန်လာတော့ မေးတယ်… …
“မိဆိုး၊ သားလေးရော…”
“ခဏလေးစောင့် ကိုကျေးညို”
“ဘာကို စောင့်ရမှာလဲ”
“သားလေးငိုတာကို စောင့်ရမှာ”
“ဘာလို့လဲဟ…”
“ကျမ ကလေးကို ဘယ်နားချမိမှန်းမသိလို့ သူငိုအောင်စောင့်ပြီး အသံကြားရာကို သွားရှာရမှာ”
ကဲ… သူ့သားဖြစ်ရတာလဲ မစားသာဘူးနော့်
ယောက်ျားလုပ်သူကလဲသည်းခံ၊ ကလေးကလည်း ဒဏ်ခံပေါ့လေ


7.
အဲ…
ဒီတခါတော့ ကွဲမလိုကို ဖြစ်ကြတော့တယ်…
ပြဿနာက သူတို့ တောမြို့လေးရဲ့ မြို့နယ်လုံးကျွတ် စုပေါင်းကထိန်က စ,တာ
ကထိန်မှာ ဖြေဖျော်ဖို့ ရန်ကုန်က တီးဝိုင်းတစ်ခုကို ငှားတယ်
တီးဝိုင်းက ပြဿနာမဟုတ်သေးဘူး
တကယ့်ပြဿနာက မင်းသားစိုးသူကို သီချင်းဆိုဖို့ ငှားလိုက်ကြတာ
ငယ်ငယ်ထဲက စိုးသူပုံမြင်မှ အငိုတိတ်ခဲ့မိဆိုး ဒီသတင်းကြားတော့ သဲသဲလှုပ်ပေါ့
မှောင်ရီဖြိုးဖြကတည်းက တီးဝိုင်းသွားဖို့ တပြင်ပြင်နဲ့
ကိုကျေးညိုကလည်း မိန်းမရဲ့ ခရေဇီကို သိနေတော့ လိုက်ပို့ရှာပါတယ်။
ဒီလိုနဲ့ တီးဝိုင်းထွက်ပြီ…
အဆိုတော်တွေ တစ်ယောက်ပြီးတစ်ယောက် ဆိုပြီးတဲ့နောက်မှာ အများမျှော်လင့်တောင့်တနေတဲ့ မင်းသားစိုးသူ အလှည့် ဒန်… …
သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ်ဆိုတယ်
ရပ်မယ်လုပ်လိုက်ရင် ပရိတ်သတ်က… ‘နောက်တစ်ပုဒ်၊ နောက်တစ်ပုဒ်’ နဲ့ တောင်းဆိုလို့ ထပ်ဆိုရပြန်တယ်
ကြာတော့ မင်းသားလည်း မောလာတာပေါ့..
နယ်မြို့လေးရဲ့ ပရိတ်သတ်ဆိုတော့ နာမည်ကြီးမင်းသားကို မနားတမ်းတောင်းဆိုနေတာ
“နောက်တစ်ပုဒ်၊ နောက်တစ်ပုဒ်”… နဲ့
အဲဒီမှာ မမိဆိုးတို့က သူများနဲ့မတူ တမူထူးခြားစွာ အော်တယ်… …
“တော်ပါတော့၊ တော်ပါတော့”… တဲ့
အော်ရင်းနဲ့လည်း မျက်ရည်တောက်တောက်ကျတာ ဘူးသီးလုံးလောက်ရှိမယ်
ကိုကျေးညိုက အံ့သြပြီး မေးတာပေါ့…
“ဟဲ့… နင်ကြိုက်တဲ့ အဆိုတော်လေ၊ ဘာကြောင့် အတော်ခိုင်းနေရတာလဲ၊ သူဆိုလေ နင်နားထောင်ရလေ မဟုတ်ဘူးလား”
ဒီတော့ မိဆိုးက မျက်ရည်လည်ရွဲနဲ့ ပြန်ပြောရှာတယ်… …
“နားမထောင်ရက်တော့ပါဘူးတော်၊ သူ့ခမျာ မောနေရှာတာ၊ ကျမ မကြည့်ရက်ဘူးတဲ့”
အဲ… အဲဒီမှာ တွေ့ကြတာဘဲ… ..
ကိုကျေးညိုလည်း ဒေါသအမျက် ခြောင်းခြောင်းထွက်သွားပြီး မိဆိုးကို ဂုတ်ကနေဆွဲခေါ်လို့ အိမ်ကိုပြန်လာလိုက်တော့တယ်
ပါးစပ်ကလည်း ပြောလိုက်သေးတယ်… …
“ဟင်… နေပူစပ်ခါး လယ်ထဲယာထဲ လုပ်ကိုင်ကျွေးနေတဲ့ ယောက်ျားကိုတော့ သနားကြောင်း တခါမှ ပြောသံမကြားဖူးဘူး၊ သူ့လင်ငယ်ကျတော့ သနားလို့တဲ့၊ ရွာချလိုက်တာ မျက်ရည်မိုးတွေကို သည်းရော…”


နည်းနည်းဖြစ်ဖြစ် ပြုံးနိုင်ကြပါစေ…
သန်၎ကို
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...