Friday, October 4, 2013

လက်ဆောင်ပစ္စည်း မဟုတ်ပါ

October 3, 2013 at 5:55am



အွန်လိုင်းပေါ်မှာရော ပုံနှိပ်မီဒီယာစာမျက်နှာများပေါ်မှာပါ မကြာခဏ ဖတ်နေရတဲ့ ကုန်ကုန်ပြော ရလျှင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားအစီအစဉ်များမှာပါ တွေ့မြင်ကြားသိနေရသော အသုံးအနှုန်းတခုနဲ့ ပတ်သက်ပြီး ကျနော့်ရင်ထဲ ဘဝင်မကျဖြစ်နေမိတာကြာပါပြီ။
အဲဒါက “လက်ရှိမြန်မာပြည်နိုင်ငံရေး အခြေအနေအရ ဒီမိုကရေစီ ဆိုတာ တပ်မတော်က ခွင့်ပြုသလောက်ပဲ ရနိုင်မယ်” ဆိုတဲ့ အသုံးအနှုန်းပါပဲ။
အံ့သြစရာကောင်းနေပြန်တာက အဲဒီအသုံးအနှုန်းကို တပ်မတော်နဲ့နီးစပ်တဲ့ ပုဂ္ဂိုလ်အချို့ကသာ ပြောနေတာ မဟုတ်ဘဲ ဒီမိုကရေစီရေးကြိုးပမ်းဆောင်ရွက်နေတဲ့ ခေါင်းဆောင်တချို့နဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတချို့ ကပါ သုံးနှုန်းပြောဆိုရေးသားနေတာကို တွေ့မြင်ဖတ်ရှုနေရလို့ပါ။ အဲဒီလို ပြောသံတွေကြားရဖန်များလာတော့ တပ်မတော် ရဲ့ရပ်တည်ချက်နဲ့ တပ်မတော်သားတွေရဲ့ ပြုမူဆောင်ရွက်ချက်တွေဟာ မြန်မာ့ ဒီမိုကရေစီ အရေးမှာ အခုအခံ အဟန့်အတားတွေ ဖြစ်နေပြီလားလို့ တွေးစရာပေါ်လာပါတယ်။

ကျနော့်အမြင်ပြောရရင်တော့ အထက်ကပြောနေတဲ့အတိုင်း တပ်မတော်ဘက်က တညီတညွှတ်တည်း အသံမြည်နေတယ် ဆိုရင် ဒီတပ်မတော်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖြစ်ထွန်းမှုကို မုချမသွေ လိုလားမှု မရှိဘူးလို့ ကောက်ချက်ချ နိုင်ပါတယ်။ ဘာဖြစ်လို့ဆို အင်အားကြီးတဲ့အဖွဲ့က စေတနာရှိသလောက် ခွင့်ပြုသလောက်သာရမယ့် ကျားသနားမှနွားချမ်းသာ အခွင့်အရေးဆိုတာ ဒီမိုကရေစီမှ မဟုတ်တာဘဲ။ ခုချိန်ထိ တပ်မတော်ဘက်က ဒီလို သဘောထားမျိုးနဲ့ အတိအကျ ရပ်တည်နေတယ်လို့ ယတိပြတ်စွပ်စွဲနိုင်စရာ အကြောင်း ရှိနေပြီလို့ မမြင်မိ သေးပါ။  တပ်မတော်သားအနည်းစု၊ တပ်မတော်ခေါင်းဆောင်အချို့က အဲလိုပြောဆိုတာ ရှိကောင်းရှိနိုင်ပါတယ်။  အဲဒါကို တပ်မတော်ရဲ့ ရပ်တည်ချက်လို့ သတ်မှတ်ဖို့  ဖြစ်နိုင် ပါ့မလား။  အင်အား ၅ သိန်း လောက် ရှိတဲ့ တပ်မတော်ထဲမှာ အသံတိတ်နေသူတွေက အများစုဖြစ်နေဆဲပါ။ သူတို့ သဘောထားရပ်တည်ချက်ကို ဘယ်လို ခန့်မှန်း ကြမှာလဲ။ ဒီမိုကရေစီစနစ် ထွန်းကားစေချင်တယ်ဆိုတာ တပ်မတော်သားတွေရဲ့ အခွင့်အရေးကို ချန်လှပ်ပြီး ပြောနေလုပ်နေကြတာမဟုတ်ကြောင်း တပ်မတော်သား တွေလည်း နားလည်ကြပါလိမ့်မယ်။

တပ်မတော်နဲ့ ပြည်သူလူထုအကြား အပြန်အလှန်နားလည်မှုတိုးပွားလာပြီး ဆက်ဆံရေးပြေလည်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကိုယ်ကြုံတွေ့သိထားသလောက် ကိုယ့်အသိဥာဏ်မီသလောက် တွေးတောအကြံပြု ရေးသားတင်ပြနေတဲ့ ကျနော့် အနေနဲ့တော့ အဲဒီအသုံးအနှုန်းဟာ တပ်မတော်နဲ့ပြည်သူအကြား နားလည်မှု ရရှိရေးမှာရော စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး ကောင်းမွန်မှုအတွက်မှာပါ အလှမ်းကွာ အဟန့်အတား ဖြစ်စေတယ်လို့ မြင်မိပါတယ်။

ဘာကြောင့်လဲဆို ဒီမိုကရေစီစနစ်ထူထောင်ရေးမှာ ဘယ်သူတဦးတယောက် ဘယ်အဖွဲ့အစည်းတခုကမှ အထက်စီးနေရာမှာ ရှိတယ်လို့ ခံယူမထားလို့ပါပဲ။ အားလုံးအတူတကွ ပေါင်းစည်းညီညာ တည်ဆောက်ရမယ့် လူနေမှုစနစ်တရပ်၊ အားလုံးအတွက် ကောင်းကျိုးဆောင်မယ့် လူ့အဖွဲ့အစည်းတခုဖြစ်ပေါ်လာဖို့အရေး တစုံတဦး (သို့) တဖွဲ့တခုခုက ကြည်သာခွင့်ပြုပါမှ ရနိုင်မယ် အရောက်လှမ်းနိုင်မယ်ဆိုတာ လုံးဝကို မဖြစ်သင့်ဘူးလို့ ဆိုချင်ပါတယ်။ အဲဒီလို အနေအထားမျိုးကို စစ်ခေါင်းဆောင်တွေက  ဆုပ်ကိုင်ထားတယ်ဆိုရင်  တပ်မတော်ရဲ့ ဂုဏ်သိက္ခာ မတက်မဲ့အပြင် တိုးလို့သာလျော့ကျဖို့ ရှိပါတယ်။ အရိပ်မဲအောက်က လွတ်မြောက်ဖို့ ကြိုးစားနေဆဲ တပ်မတော်အနေနဲ့ရော အဖြစ်ခံနိုင်မှာလား။

ဒီနေ့ အားလုံးပြောဆိုတိုက်တွန်းနေတဲ့ ပြည်သူလူထုတရပ်လုံးကလည်း လိုလားမျှော်လင့်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ဖော်ဆောင်နေရာမှာ တပ်မတော်နဲ့ ဒီမိုကရက်တစ်အင်အားစု၊ တိုင်းရင်းသား အင်အားစုတွေအကြား နားလည်မှုရရှိရေးဟာ အဓိကနေရာက ပါဝင်နေတာ အထူးပြောစရာ မလိုပါဘူး။ နားလည်ယုံကြည်မှု ခိုင်မာကျယ်ပြန့်လာတာနဲ့အမျှ ကြုံတွေ့နေရတဲ့ တင်းမာခက်ထန်မှုတွ ပိုမိုပြေလျော့ သွားမှာဖြစ်ပါတယ်။ ယုံကြည်မှု တည်ဆောက်နေဆဲကာလမှာ စကားအသုံးအနှုန်းတချို့ကြောင့် နားလည်မှုလွဲ အကဲဆတ်မယ့် အဖြစ်ကိုမရောက်စေချင်ပါ။ ဆရာဖေမြင့် တခါက ခွဲခြမ်းစိတ်ဖြာပြခဲ့ဖူးတဲ့ ‘ချပြ’ နဲ့ ‘တင်ပြ’ အသုံးအနှုန်း နှစ်ခုအကြား အဓိပ္ပါယ်သက် ရောက်မှု ကွဲလွဲနိုင်သလို အခုဟာမှာလည်း နားထောင်သူ ဖတ်ရှုသူ ရဲ့ နှလုံးသားအခံပေါ်မူတည်ပြီး အနက်ကောက်ယူမှုတွေ ကွဲပြားသွားနိုင်ပါတယ်။

ဒါကြောင့် လက်တွေ့မျက်တွေ့အနေအထားမှာ ဒီသဘော သက်ရောက်နေတယ် ဆိုရင်တောင်မှ အဲဒီလို အသုံးအနှုန်းမျိုးကိုတော့ ရှောင်ရှားပြောဆိုရေးသား စေချင်ကြပါတယ်။ အားလုံးအတွက် အကျိုးမဲ့စေတယ်လို့ ယူဆမိလို့ပါ။ ဒီမိုကရေစီဖော်ဆောင်ရေးမှာ တပ်မတ်ာဘက်က တင်းကျပ်မှုတွေကို ဖြေလျော့ပေးတယ် လို့သုံးရင် လုံလောက်ပြီထင်ပါတယ်။

ဒီမိုကရေစီအခွင့်အရေးဟာ တပ်မတော်ရဲ့ထုတ်ကုန်ပစ္စည်း မဟုတ်ပါ။ တပ်မတော်ခေါင်းဆောင်ဟာလည်း ဒီမိုကရေစီစနစ်ရဲ့ ခေါင်းကိုင်ဖခင်မဟုတ်ပါ။ မြန်မာပြည် ဒီမိုကရေစီစနစ်ဆီ အရောက်လှမ်းဖော်ဆောင်ရာမှာ  ပြည်သူထဲကပြည်သူဖြစ်တဲ့ တပ်မတော်သားတွေဟာလည်း ပြည်သူလူထုနဲ့အတူ လက်တွဲဝန်းရံချီတက်ဖို့သာ ရှိပါတယ်။ မြန်မာပြည်နိုင်ငံရေး အခြေအနေအရ တပ်မတော်အင်အားကြီးမားနေတာမှန်ပေမဲ့ ဒီခွန်အားဟာ  ပြည်သူလူထုအတွက်ပဲ ဖြစ်ရပါမယ်။ ဒီနေရာမှာ စစ်ဘက်-အရပ်ဘက်ဆက်ဆံရေး ကောင်းမွန်သထက် ကောင်းမွန်အောင် ထူထောင်နိုင်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

မြန်မာပြည်မှာ အာဏာရှင်စနစ် ဖြစ်ထွန်းတဲ့အတွက် အမျိုးသားသွေးစည်းညီညွှတ်မှု ပြိုကွဲသထက်ပြိုကွဲသွား ရတယ်။ တိုင်းပြည် ဖံွ့ဖြိုးတိုးတက်မှု အကြီးအကျယ် ဆုတ်ယုတ်နိမ့်ကျခဲ့တယ်။ အာဏာရှင်စနစ်အောက်မှာ အုပ်စိုးသူအတန်းအစားထဲက အဂတိလိုက်စား ဖောက်ပြန်လော်မာ သူများရယ် သူတို့နဲ့ ပလုနံပသင့်တဲ့ ဝိသမစီးပွားရေးသမားတွေရယ်သာ အနေချောင် အကျိုးစီးပွားဖြစ်ထွန်းခဲ့တာ။ ပြည်သူလူထုအများစုကြီး ဆင်းရဲမွဲတေတဲ့ ဘဝကိုရောက်သွားတယ်။ တပ်မတော်သားတွေ အပါအဝင် ဝန်ထမ်းအင်အားစုကြီးလည်း အထိနာ ခံစားခဲ့ရတာပါပဲ။ အဆိုးဆုံးက တပ်မတော်နဲ့ပြည်သူ ယုံကြည်မှု ပျက်ပြားသွားတာပဲ။

အာဏာရှင်စနစ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေထဲကတခုဖြစ်တဲ့ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးဟာ စေ့စပ်လို့ မရအောင် အိုးစားကွဲသွားတယ်။ ဘဝတွေ စုတ်ပြတ်နေတဲ့လူချင်း မုန်းနေကြတယ်။ လူတဦးနဲ့တဦး အစုအဖွဲ့ တခုနဲ့တခု မုန်းတဲ့စိတ်အခံလေးတွေနဲ့ ရှုမြင်ဆက်ဆံ တတ်လာကြတယ်။ ကိုယ်တိုင် ကြုံတွေ့မှုထက် တဆင့်ခံ ကြားသိခံစားမှုနဲ့ မုန်းနေကြတာ များမယ်ထင်ပါတယ်။ တဘက်နဲ့တဘက် နီးကပ်တဲ့ ဆက်ဆံရေးမရှိဘဲ သူ့အခက်အခဲကို မြင်အောင်ကြည့်နိုင်ဖို့ မဖြစ်နိုင်သလို ကိုယ့်ဘက်က အခြေအနေမှန်ကို သူသိအောင် ပြသဖို့ အခွင့်အလမ်းလည်းမရ။ အဲဒီအခြေအနေအတိုင်း ရှေ့ဆက်ဖို့ ခက်လှပါတယ်။

သူ့အကြောင်း ကိုယ့်အကြောင်း ထဲထဲဝင်ဝင် မသိကြဘဲ အမုန်းစိတ် ဝင်နေကြတာ တော်တော်ဆိုးတယ်။ ဆိုကြပါစို့ .. အရပ်သားက စစ်သားမြင်ရင် ကြည့်မရချင်ဘူး .. စစ်သားက နိုင်ငံရေးသမား ဆိုရင် အမြင် မကြည်လင် ပြန်ဘူး ..။ ဒီလိုနဲ့ အမုန်းသံသရာ လည်နေတာ အတော်များများတွေ့ရပါတယ်။ သံသယအမုန်း ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ ရလဒ်က နှစ်ဘက်လုံး ရှုံးတာပဲ အဖတ်တင်ကျန်ရစ်တယ်။ အဲဒီအရှုံးထဲက ရုန်းမထွက်နိုင်ဘဲ နှစ်ခြိုက်ပျော်ဝင်နေမယ် ဆိုရင် အားလုံးမြုပ်ဖို့ပဲ ရှိတော့တယ်။ ရုန်းထွက်ဖို့ဆိုတာကလည်း ကိုယ့်ကိုယ်ကို တည့်မတ်နေရုံနဲ့မပြီးဘဲ  သူ့ဘက်ကိုပါ  ဖြည့်တွေးနားလည်မှုပေးနိုင်မှ ရမှာ။
“တပ်မတော်ကို ခေတ်မီတပ်မတော်ဖြစ်အောင်သာ ထူထောင်ပေးလိုက်ပါ … အဲလိုဆိုရင် ဒီမိုကရေစီစနစ်ဆီ အကူးအပြောင်းကို တပ်မတော်က ကြည်ဖြူလမ်းဖွင့် ပေးပါလိမ့်မယ်” ဆိုတဲ့ အယူအဆကိုလည်း ကျနော် လက်မခံနိုင်ပါ။ တပ်မတော်သားတွေရဲ့ ခေတ်မီတပ်မတော်ဖြစ်ရေး အိပ်မက်က ဟိုးအရင်ကတည်းက ရှိနေခဲ့တာပါ။  စစ်သားတဦးကိုင်ဆောင်ထားတဲ့ လက်နက်ဟာ သူကိုယ်ပိုင်မဟုတ်၊ သူ့မိသားစုကို ကာကွယ်ဖို့ မဟုတ်၊ သူပါဝင်တဲ့ အစုအဖွဲ့လေးကို ကာကွယ်ဖို့လည်း မဟုတ်၊ တိုင်းပြည်အချုပ်အခြာအာဏာနဲ့ ပြည်သူလူထု တရပ်လုံးရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ဖြစ်ပါတယ်။

နည်းပညာ ဒီလောက်တိုးတက်မြင့်မား နေတဲ့ ခေတ်ကြီးထဲမှာ တိုက်ရည်ခိုက်ရည် ဘယ်လောက်ကောင်း မွန်ပါစေ လေ့ကျင့်သားဘယ်လောက်ပြည့်ဝပါစေ  လက်နက်မကောင်းရင် စစ်ပွဲမှာ နောက်ကောက်ကျ ရှုံးနိမ့်ဖို့ များပါတယ်။ ဒါကြောင့် ခေတ်မီကာကွယ်ရေးအစီအမံတွေ ချမှတ်လုပ်ဆောင်နိုင်ဖို့ဟာ  တပ်မတော်ရဲ့ လိုအပ်ချက် ဖြစ်ပါတယ်။ (လိုအပ်ချက်တွေက တပ်မတော်မှာသာမက နေရာဌာနအားလုံးမှာ ရှိနေတာပါ)

သို့သော်လည်း … အဲဒီ ပစ္စည်းတွေ ဝယ်ယူပံ့ပိုးပေးဖို့က တိုင်းပြည်ဘဏ္ဍာ (ပြည်သူ့ဘဏ္ဍာ) ကနေထုတ်ယူ သုံးစွဲရမှာ။ ဒီတော့ တိုင်းပြည်ဘဏ္ဍာတိုးတက်ဖို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူပြုနိုင်တဲ့ နိုင်ငံရေး စနစ်နဲ့ အုပ်ချုပ်မှုပုံစံ ဖြစ်ထွန်းပေါ်ပေါက်လာရေးကို ပြည်သူလူထုနဲ့အတူ တပ်မတော်ကလည်း ပါဝင်အားဖြည့် တွန်းတင် ပေးရမှာ။ ကိုယ်လိုချင်တာ မရလို့ဆိုပြီး တပ်မတော်က ကလေးဆိုးကြီးလို ထော်လော်ကန့်လန့် လုပ်နေလို့ ဖြစ်ပါ့မလား။

တကယ်တော့ တပ်မတော်ကို မက်လုံးပေးပြီးစည်းရုံးဆွဲဆောင်ဖို့ ပြောနေတာဟာ  မြူမှုန်မစင်သေးတဲ့ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးအနေအထားကို ပြေလျော့လိုပြေလျော့ငြား သွယ်ဝိုက်ချဉ်းကပ်ခြင်း ဖြစ်တယ်လို့ပဲ ယူဆပါတယ်။ ဒါကြောင့်မို့လည်း တပ်မတော်က သဒ္ဓါတရားရှိသလောက်သာ လုပ်ပိုင်ခွင့် ရှိမယ်ဆိုတဲ့ ကောက်ချက်ကို ရောက်လာတာ ဖြစ်နိုင်ပါတယ်။ ပြဿနာကိုအပြီးအပြတ်ဖြေရှင်းချင်ရင် ပြဿနာရင်းမြစ်ကို ကွေ့ရှောင်နေလို့ မရနိုင်ပါ။ တပ်မတော်ဘက်မှာလည်း သူတို့ဖြတ်သန်းခဲ့ကြုံတွေ့ခဲ့ရတဲ့ သမိုင်းအရ နိုင်ငံ့အရေးနဲ့ပတ်သက်ပြီး ရိုးရိုးသားသား စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေနိုင်ပါတယ်။ ဒါတွေကို မျက်နှာချင်းဆိုင် အကြေအလည်ဆွေးနွေး ညှိနှိုင်းယူနိုင်ကြမှ နောက်ကြောင်းအေးတဲ့ ငြိမ်းချမ်းတည်ငြိမ်ရေးကို ရရှိနိုင်မှာပါ။ ခေတ်မီတပ်မတော်ဖြစ်ရေး ဆိုတာက ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ထူထောင်ရေး နဲ့အတူ ကျွဲကူးရေပါသဘော ယှဉ်တွဲပါသွားမှာပါ။


ကျနော်တို့အားလုံး မျှော်မှန်းထားကြတဲ့ ဒီမိုကရေစီစနစ်ဆိုတာ လူတဦးက တဦးကို စေတနာ သဒ္ဓါတရား အလျောက် ပေးကမ်းလို့ရတဲ့ လက်ဆောင် ပစ္စည်းတခု မဟုတ်ပါ။ ကြိုက်ဈေးရမှ ထုတ်မယ်လို့ ဈေးကိုင် သိုလှောင်ထားလို့ ရတဲ့ ရောင်းကုန်တရပ်လည်း မဟုတ်ပါ။ အားလုံးစုံညီ အတူတကွ ကိုယ်စီကိုယ်ငှ ကျရာအခန်းကဏ္ဍကနေ ကိုယ့်တာဝန်ကိုယ်ယူရင်း ကိုယ့်အခွင့်အရေးကိုယ်ဖော်ထုတ်ရင်း အပြန်အလှန် အကျိုးပြုရမယ့် လူနေမှုစနစ်တခု အဖြစ် နားလည်သဘောပေါက်မိပါတယ်။

အားလုံးသိနေပြီးသား အကြောင်းအရာတွေကို  ‘ပညာရှိ သတိဖြစ်ခဲ’  ဖြစ်မှာစိုးလို့သာ အသိပေးနှိုးဆော် လိုက်ရခြင်းဖြစ်ပါတယ်။
လေးစားစွာဖြင့် -

နေမင်းသူ
၃-၁၀-၂၀၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...