Saturday, October 5, 2013

“စင်္ကလစ်ခ်ျ”

1.

ရန်ကုန်က ညီမရဲ့သားနှစ်ယောက် စင်္ကာပူကို အလည်လာမယ်ပြောတော့ ခေါင်းတော်တော် ကိုက်သွားတယ်။ကောင်လေးတွေက လူဆိုးလေးတွေကိုး။
သူတို့ အဖေနဲ့အမေကတောင် ဝန်ကြီးနဲ့ ဝန်လေးလို့ ခေါ်တာ။
ကျွေးမွေးစောင့်ရှောက်ရတာ ဝန်ကြီးဝန်လေးလွန်းလို့တဲ့။
ခုတော့ ဗြဟ္မာကြီးဦးခေါင်းက နှစ်လုံးတောင် ကိုယ့်ဆီရောက်လာချေပြီ။


တစ်ခုသော စနေနေ့မှာတော့ Silk Air နဲ့ ကြွမြန်းလာမယ့် တူတော်မောင်နှစ်ကောင်ကို လေဆိပ်သွားကြိုရတယ်။
သူများတွေထွက်လာပြီး အတော်ကြာတဲ့အထိ ပေါ်မလာတော့ စိတ်ထဲကပူနေပြီ….
Immigration ကများ အဝင်မခံလို့လား၊ လမ်းများမှားထွက်သွားသလား၊ ဘာလားနဲ့ လျှောက်တွေးနေတုံး နှစ်ကောင်သား စပ်ဖြဲဖြဲနဲ့ ထွက်လာတာ တွေ့မှ ဟင်း ချနိုင်တော့တယ်။
“ဟလို…ဦးချစ်”
“ဟာ…မျောက်လောင်းနှစ်ကောင်၊ ငါက စိတ်တွေတအားပူနေတာ”
“ဘာပူစရာရှိလဲ ဦးချစ်ရဲ့”
“အော်…immigration မှာ အင်္ဂလိပ်လို ပြောရဆိုရတာဆိုတော့ အဆင်မှ ပြေပ့ါမလားလို့ပေါ့ကွာ”
“အော်…ဦးချစ်ကလည်း၊ ILBC ကျောင်းထွက်တွေပါဗျ၊ ပိုင်ပါတယ်”
“ကောင်းပါလေ့ကွာ”

2.
နောက်နေ့က တနင်္ဂနွေနေ့ဆိုတော့ သူတို့ကို ဟိုနားဒီနားလိုက်ပို့ရင်း ကားစီးပုံ၊ ရထားစီးပုံတွေကို သင်ပေးရတယ်။ အစားအစာဝယ်စားလို့ ရမယ့်နေရာတွေ၊ ဘယ်လိုဝယ်စားရမယ်ဆိုတာတွေ သင်ပေးရတယ်။ နောက်ရက်တွေကျတော့ ကိုယ်က အလုပ်သွားရမှာ။ အမြဲလိုက်မပို့နိုင်ဘူးလေ.
“ကား၊ ရထားစီးတာကလည်း သိပ်မခက်ပါဘူးကွ၊ လမ်းညွန်ဆိုင်းဘုတ်တွေ အကုန်ရှိတယ်၊ မသိရင် ဘယ်သူ့မှ မေးစရာမလိုအောင် လုပ်ပေးထားတာ၊ အင်္ဂလိပ်လို ဖတ်တတ်ရင် ပြီးပါတယ်”
“ပိုင်ပါတယ် ဦးချစ်ရ၊ ILBC ကျောင်းထွက်တွေပါ”
“ထမင်းစားမယ်ဆိုရင်လည်း ကိုယ်စားချင်တာ လက်ညိုးထိုးလိုက်၊ ပြီးရင်ကျသလောက် တောင်းတာ ပေးလိုက်ရုံဘဲ၊ ဖြစ်တယ်နော်…အမ်မယ်…ဟဲ့နှစ်ကောင်၊ ဒီကပြောနေတာကို မမှတ်ဘဲ ဘယ်ငေးနေတာလဲဟ”
“အာ…ဦးချစ်ကလည်း၊ ဒီမှာ ရှုခင်းလေးကောင်းလို့ ကြည့်နေတာကို၊ အာရုံနောက်သွားပြီ”
ဘေးမှာက ဘောင်းဘီအကျီ င်္ တိုတိတိုနန့်နဲ့ စလုံးမလေး နှစ်ယောက် ဖြတ်သွားတာကို အာရုံကျနေကြတာလေ… အမျိုးယုတ်ကလေးတွေ… အဲ ငါ့အမျိုးတွေဟ…
“အေးပါ၊ ပြောတာတွေ သေချာမမှတ်ဘဲ တဏှာရူးနေကြ။ နောက်ရက်မှ ဒုက္ခရောက်မယ်”
“ပိုင်ပါတယ် ဦးချစ်ရာ…”
“ဘာလဲ ILBC ကျောင်းထွက်တွေဘဲလား”
“ဟုတ်တယ်၊ ဟီးဟီး..”

3.
နောက်နေ့မနက် ကိုယ်တွေက အလုပ်သွားတော့ နှစ်ကောင်သား မထကြသေးဘူး။
အလုပ်ထဲ ရောက်တော့လည်း ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတာဆိုတော့ သူတို့ကိုခဏ မေ့နေတယ်။
အဲ…နေ့လည် ၂ နာရီထိုးခါနီးလောက်ကျတော့ ကိုယ်တော်ချောများက ဖုန်းခေါ်ပါလေရော…
“ဦးချစ်၊ လုပ်ပါအုံး၊ ခုမှ အိပ်ရာနိုးလို့ ဗိုက်ဆာတာနဲ့ ထမင်းဆိုင်မှာ ထမင်းလာဝယ်တာ၊ အဖွားကြီးက ဘာတွေပြောနေမှန်း မသိဘူး”
“မင်း တို့စားချင်တာ လက်ညိုးထိုးပြလိုက်လေ”
“ထိုးပြတယ်၊ အဲဒါ သူက ဘာတွေ မေးနေမှန်းမသိလို့၊ ဒီမှာ ဗိုက်ကလည်းဆာလှပြီ”
“သူက ဘယ်လိုပြောနေလို့လည်း”
“မာကန်းအော်ပက်၊ မာကန်းအော်ပက်…တဲ့”
နှစ်ကောင်သား စလုံးအင်္ဂလိပ်နဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့နေပြီ၊ မှတ်ဟ။
“ဟီ ဟိ၊ မင်းတို့ ILBC မှာ မသင်ဘူးလား၊ ဟီး”
“မသင်ပါဘူး ဦးချစ်ရာ၊ ကယ်ပါအုံး”
“မင်းတို့ကို ဆိုင်မှာထိုင်စားမှာလား၊ ထုတ်ယူသွားမှာလားလို့ မေးနေတာ၊ မာကန်းမာကန်းလို့ ပြန်ပြောလိုက်”
“ဟုတ်…ဟုတ် ဦးချစ်…ဟူး”
ဖုန်းချခါနီး မကျေမနပ်နဲ့ ပြောသွားသေးတယ်… …
“တောက်…ILBC ကျောင်းထွက်လည်း မာကန်းအော်ပက်နဲ့ တွေ့မှ နာမည်ပျက်တော့တယ်”

4.
တရက်မှာတော့ အကြီးကောင် ရေချိုးခန်းထဲ ချော်လဲလို့ ခြေကျင်းဝတ်လည်သွားတယ်၊ ခြေထောက်က နဲနဲယောင်နေပြီး လမ်းလျှောက်ရင် နာတယ်တဲ့။
သူ့သားတွေက လူဆိုးတွေပေမယ့် သူ့အမေက အတော်ချစ်တာ၊ ကိုယ် ဂရုမစိုက်လို့ ဆိုပြီး အပြစ်တင်နေမှာ စိုးရတယ်။
မဖြစ်ခြေဘူး ဆိုပြီး Raffle Hospital သွားပြရတယ်။
ဆေးရုံရောက်တော့ Q နံပတ်ယူ၊ ကိုယ့် Q အလှည့်ရောက်တော့ ဆရာဝန်နဲ့ ဝင်တွေ့၊ ဆရာဝန်က သေချာစစ်ဆေးကြည့်ပြီး စိုးရိမ်စရာမရှိကြောင်းပြောတယ်။
ဒါပေမယ့် သေချာအောင် ဓါတ်မှန်ရိုက်ခိုင်းလိုက်တယ်။
ဓါတ်မှန်ရိုက်ရမယ့် အခန်းမှာ သွားစောင့်နေတဲ့။ နာမည်ခေါ်လိမ့်မယ်တဲ့…
ဒါနဲ့ တူအရီးတစ်တွေ ဓါတ်မှန်ခန်းဧည့်ခန်းမ မှာ သွားထိုင်စောင့်နေတာပေါ့။
ကိုယ်တွေလိုဘဲ စောင့်နေတဲ့လူတွေ ရှိနေတယ်။
နပ်စ်မ တစ်ယောက်ထွက်လာပြီး တစ်ယောက်ခြင်းနာမည်ခေါ်ပြီး ဓါတ်မှန်ရိုက်ပေးတယ်… …
“မစ္စတာ ဝီလျီယံ”
“ရက်စ်…”
တစ်ယောက်…
“မစ္စတာ အန်ထော်နီ”
“ရက်စ်…”
နောက်တစ်ယောက်…
…. ….
“မစ္စတာ ရာဂျေးကူးမား”
“ရက်စ်…”
နောက်…တစ်ယောက်…
ဒီလိုနဲ့ တစ်ယောက်ခေါ်လိုက်၊ ပြီးလို့ ပြန်သွားလိုက်နဲ့ ဧည့်ခန်းလည်း ကျုပ်တို့တူအရီးသုံးယောက်နဲ့ မလေးလင်မယားနှစ်ယောက်ပဲ ကျန်တော့တယ်။
အဲဒီအချိန်မှာ နပ်စ်မက နာမည်တစ်ခု ခေါ်တယ်… …
“မစ္စတာ တွန်မင်သအင်”
အော်…ဟို မလေးကြီးကို ခေါ်တာနေမှာ ဆိုပြီး ကိုယ်တွေက ထိုင်နေလိုက်တယ်...
ဟိုလူကလည်းမလှုပ်ဘူး၊ ခဏနေတော့ နပ်စ်မက ခေါ်ပြန်တယ်… …
“မစ္စတာ တွန်မင်သအင်”
ဘယ်သူမှ မလှုပ်ဘူး။ မလေးလင်မယားက ကိုယ့်ကြည့်၊ ကိုယ်က မလေးလင်မယားကို ကြည့်နဲ့ ကြာတော့ နပ်စ်မ စိတ်တိုလာပုံရတယ်… …အသံခပ်ကျယ်ကျယ်နဲ့ အော်ပါလေရော….
“မစ္စတာ တွန်မင်သအင်၊ မစ္စတာ တွန်မင်သအင်”
အင်း..တစ်ခုခုတော့ မှားနေပြီ ဆိုပြီး ဆင်ခြင်လိုက်တော့မှ….လား…လား…ကိုယ့်လူကို ခေါ်နေတာကိုး… …
“ဟဲ့အကြီးကောင်၊ နင့်ကို ခေါ်နေတာဟ”
“အာ…ဦးချစ်ကလည်း၊ ကျနော့်နာမည်က ထွန်းမင်းသိန်းပါ၊ တွန်မင်သအင် မဟုတ်ပါဘူး”
“ကဲ…ဆရာသမား၊ နောက်မှ ရှင်းပြမယ်၊ ခုတော့ လိုက်သွားလိုက်တော့”
မနည်း ပြောတော့မှ ဆုတ်ကန်ဆုတ်ကန်နဲ့ လိုက်သွားတယ်။
ဟို နပ်စ်မက ပွစိပွစိနဲ့ မျက်စောင်းတွေ ထိုးလှပြီ၊ ကြာရင် ရိုက်ထုတ်တော့မှာ…

5.
ဆေးရုံမှာ ကိစ္စဝိစ္စတွေပြီးလို့ အိမ်အပြန်လမ်းကြမှ ရှင်းပြရတယ်… …
“မင်းနာမည်က ထွန်းမင်းသိန်းမဟုတ်လား”
“ဟုတ်တယ်လေ ဦးချစ်ရဲ့”
“အဲဒါ အင်္ဂလိပ်လို ရေးတော့ Tun Min Thein၊ ပထမအလုံး Tun ကို စလုံးနပ်စ်မက တွန် လို့ဖတ်တယ်၊ ဒုတိယအလုံး Min ကို မင် လို့ ဖတ်တယ်၊ နောက်ဆုံးအလုံး Thein ကို The နဲ့ in နဲ့ ခွဲဖတ်တော့ သအင် ဖြစ်ရော”
အငယ်ကောင်က ဖြတ်မေးတယ်… …
“ဒါဆို ကျနော့်နာမည် ထွန်းလင်းသိန်းကိုလည်း တွန်လင်သအင် လို့ ခေါ်မှာပေါ့၊ ဟုတ်လား”
“ဟုတ်လောက်တယ်”
“တော်ပြီ ဦးချစ်ရာ၊ လေယာဉ်လက်မှတ် ဝယ်ပေးတော့”
“ဘာလို့လဲ..တွန်မင်သအင်ရ၊ အဲလေ… ထွန်းမင်းသိန်းရ”
ဒီတော့ နှစ်ကောင်းလုံးက ပြန်ပြောတယ်… …
“ဦးချစ်တို့ စင်္ကာပူကို လာလည်ရတာ ကျနော်တို့လည်း ဘာမှ မလုပ်ရဘဲနဲ့ နာမည်ပျက်လို့”…တဲ့။
ဒါနဲ့ ခြေထောက်အနာလဲ ပျောက်ရော၊ နှစ်ကောင်သား ပြန်ပြေးပါလေရော။
ကျေးဇူးတင်ပါ့ Singlish ရယ်….


အားလုံး နည်းနည်းလေး ဖြစ်ဖြစ် ပြုံးနိုင်ကြပါစေ…သန်၎ကို
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...