Friday, October 18, 2013

သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအတွက် ဆွေးနွေးတင်ပြခြင်း

October 17, 2013 at 9:45pm

ဆွေးနွေးဖို့ဖိတ်ခေါ်လို့ ကျေးဇူးပါ မမြတ်ရေ….

မာမီကြီးဆုံးမသြ၀ါဒပေးသွားသလိုပါပဲ စွန့်ပစ်ခံသက်ကြီးရွယ်အိုတွေရဲ့ ခါးသီးတဲ့ပြဿနာတွေ၊ ခိုကိုးရာမဲ့နေသူတွေ၊ ဆင်းရဲတွင်းနက်နေသူတွေ၊ အထီးကျန်ဆန်နေသူတွေ အများအပြားရှိနေတဲ့ ပတ်ဝန်းကျင်မှာ ကျွန်မတို့ ကျင်လည်လှုပ်ရှားနေကြပါတယ်။ သူတို့တွေအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးမှုတွေက အမှန်တကယ်လိုအပ်လျက်ရှိပါတယ်။ ဘယ်ကစကြမလဲ? ဒီမေးခွန်းထက်အရင် ဦးစွာမေးသင့်တာကတော့ ဘာလို့လဲဆိုတာပါ။ ဘာလို့သက်ကြီးရွယ်အိုတွေ အထူးသဖြင့် ခိုကိုးရာမဲ့ဘိုးဘွားတွေကို အများစုက မကူညီချင်ကြတာလဲ? ကူညီဖို့တွန့်တိုကြတာလဲ? ဆရာမတို့ မမြတ်တို့ကြုံဖူးကြမလားတော့မသိဘူး။
ကျွန်မရဲ့ အတွေ့အကြုံအရဆို လူငယ်တွေကတော့ ဒီအဖိုးအဖွားတွေရဲ့ ကိုယ်နံ့လိုမျိုး မိမိနဲ့မတူတဲ့ အနံ့အသက်၊ သွင်ပြင်တွေကို အနားကပ်မခံချင်ကြတာ၊ ရွံရှာကြတာများပြီး လူလတ်ပိုင်းတွေကျတော့ အလုပ်မလုပ်ချင်လို့ တောင်းစားနေကြတာလို့ ထင်မြင်တတ်ကြပါတယ်။ သက်ကြီးရွယ်အိုအချင်းချင်းကျပြန်တော့ ငယ်တုန်းကမှ မရှာမဖွေ မစုဆောင်းကြတာလို့ အပြစ်တင်တတ်ကြပြန်ရော။ ဒါက ခိုကိုးရာမဲ့ဘိုးဘွားတွေအပေါ်အမြင်နဲ့ ပြုမူဆက်ဆံပုံတွေပေါ့။အိမ်မှာကျီးစောင့်ကြက်နှင်ဘ၀နဲ့ မြေးလေးတွေငယ်ငယ်တုန်းက
ပြုစုယုယခဲ့ရသလောက် သူတို့အလှည့်ကျပြန်တော့ ဆေးဝါးအစားအသောက်စုံလင်ပြည့်ဝနေပေမယ့် စကားပြောဖော်လေးမှမရှိရှာကြတဲ့အဖိုးအဖွားတို့ကိုလည်း ကျွန်မတို့လူငယ်လူရွယ်တွေက ဂရုမစိုက်နိုင်ကြပြန်ပါဘူး။ စကားများလိုက်တာ၊ သွားလာတာနှေးတုံ့တုံ့နဲ့ ရှုပ်လိုက်တာ၊ ချုပ်ချယ်လိုက်တာ၊ အမြင်ကျဉ်းမြောင်းလိုက်တာ၊ ခေတ်ချင်းတူတာမဟုတ်ဘူး၊ နားလည်းမလည်ဘဲနဲ့ စသည်ဖြင့် တဖြည်းဖြည်းဖယ်ကျဉ်ထားခြင်းခံရကြပါတယ်။ ဒါတွေအားလုံးအတွက်အခြေခံကတော့ မိသားစုရှိသူ/မရှိသူ လူတိုင်းရဲ့ နှလုံးသား၊ စိတ်၊ ၀ိညာဉ်ထဲမှာ ကိုယ်ချင်းစာတရားပေါက်ဖွားလာဖို့ ပထမဆုံးအရေးကြီးပါတယ်။ ကျွန်မရဲ့ မရင့်ကျက်မပြည့်စုံတဲ့ စိတ်ကူးတချို့ကိုတင်ပြလိုပါတယ်ရှင်။ စတင်သင့်တာကတော့ မူလတန်းအရွယ်ကလေးများရဲ့ ရင်ထဲမှာ ကိုယ်ချင်းစာတရား၊ သက်ကြီးရွယ်အိုများကိုလေးစားမြတ်နိုးတတ်မှု၊ သူတို့ရဲ့ဘ၀သင်ခန်းစာတွေကို တန်ဖိုးထားတတ်မှု စတာတွေကို အခြေခံခိုင်မာအောင် သွန်သင်ပေးဖို့ပါပဲ။ ဒီအကြောင်းအရာပါတ်သတ်တဲ့ သင်ခန်းစာတွေ လေ့လာစရာတွေကို မူလတန်းကျောင်းသုံးပြဌာန်းစာအုပ်တွေမှာ အကျယ်တ၀င့်ဆွေးနွေးပေးနိုင်ရင် သူတို့ရဲ့ ရင်ထဲမှာ သေတပန်သက်တဆုံး အမြစ်တွယ်သွားပါလိမ့်မယ်။ ထိုမှတဆင့် အလယ်တန်းနဲ့ အထက်တန်းအဆင့်လောက်မှာ သက်ကြီးရွယ်အိုစိတ်ပညာအခြေခံသဘောတရားလေးတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ အားပေးကူညီမှု၊ စိတ်ပိုင်းဆိုင်ရာ အထောက်အကူပေးမှုစသည်ကို သင်ကြားပေးနိုင်ရင်ဖြင့် အိမ်မှာရှိတဲ့ ဖိုးဖွားသာမက အခြားသူငယ်ချင်းများရဲ့ဖိုးဖွားများ၊ ခိုကိုးရာမဲ့ဖိုးဖွားများအထိပါ စာနာနားလည်ဖေးမ ပေးနိုင်ကြပါလိမ့်မယ်။ ဒါကတော့ ရေရှည်လုပ်ဆောင်ရမယ့် စီမံကိန်းဖြစ်ပြီး နိုင်ငံတော်အဆင့်ပံ့ပိုးမှု၊ မျိုးဆက်နဲ့ချီပြီး လုပ်ဆောင်ရမယ့်ကိစ္စပါ။ ရေရှည်စီမံကိန်းလို့ အလွယ်နာမည်တပ်ပါရစေ။ သို့သော် ကျွန်မတို့ရဲ့ ဖိုးဖွားတွေ၊ ခိုကိုးရာမဲ့ဖိုးဖွားတွေရဲ့ အာရုဏ်ဆည်းဆာက အလျင်အမြန်ရောက်ရှိလာနေပြီး ရေရှည်စီမံကိန်းပြီးတဲ့အထိ စောင့်နေမှာတော့မဟုတ်ပါဘူး။

ဒါကြောင့် ကျွန်မတို့လုပ်နိုင်တာကို လက်ရှိအချိန်မှာ စနစ်တကျလုပ်နိုင်ဖို့ အရေးကြီးလာပြီ။ ဘာလို့ စနစ်တကျလို့ဆိုရသလဲဆိုရင် ဒီနေ့ဒီအချိန်မှာ ပရဟိတလုပ်ငန်းကို ပေါ်ပင်အနေနဲ့ဖြစ်စေ၊ လူမှုရေးတိုးတက်ရန်အတွက်ဖြစ်စေ၊ စီးပွါးရေးလမ်းကြောင်းအတွက်ဖြစ်စေ အသုံးချလုပ်ဆောင်နေမှုအချို့ကို မြင်တွေ့ရလို့ပါပဲ။ ဒီလိုပြဿနာတွေမရှိရလေအောင် စတင်ကတည်းက စနစ်တကျရှိနေဖို့လိုအပ်ပါတယ်။ ဆရာမကြီးတို့ သိကြတဲ့အတိုင်းပါပဲ ဘိုးဘွားရိပ်သာများကတာဝန်ယူစောင့်ရှောက်ပေးနိုင်တဲ့ အရေအတွက်ကလည်း အမှန်တကယ် လိုအပ်နေတဲ့ဘိုးဘွားအရေအတွက်နဲ့စာရင် အကန့်အသတ်ဖြစ်နေဆဲပါ။ ဒါပေမယ့် STA လိုမျိုး အိမ်တိုင်ယာရောက်စောင့်ရှောက်မှုပေးနိုင်တာလည်း အရေအတွက်မများပေမယ့် တဖက်တလမ်းက အထောက်အကူဖြစ်စေနိုင်မယ်လို့ ယူဆပါတယ်။ Day Care Center အချို့လဲ ပေါ်ပေါက်လာနေတာတွေ့ရပါတယ်။ အမျိုးသမီးလေးများဂေဟာမှာလည်း day care တခုဖွင့်မယ်လို့ ကြားမိပါတယ်။ ဒါလည်း စွမ်းဆောင်နိုင်မှုနဲ့ လိုအပ်ချက်ကို ကန့်သတ်နေဆဲပဲဖြစ်ပါတယ်။ ဖြစ်နိုင်ရင်တော့ နိုင်ငံဒေသအနှံ့အပြားမှာ ရိပ်သာတွေ၊ day care center၊ recreation center တွေတည်ဆောက်ပြီး ပိုမိုကောင်းမွန်တဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးဖို့ ကျွန်မတို့ကြိုးစားရမှာပါ။ တပြိုင်နက်တည်းမှာပဲ နိုင်ငံတော်အနေနဲ့ သက်ကြီးရွယ်အိုနိုင်ငံသားများ၊ ပင်စင်စားများအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု၊ ဆေးကုသခွင့်၊ စားဝတ်နေရေးပံ့ပိုးမှုများ၊ထိုမျှမက သွားလာလှုပ်ရှားရာမှာလွယ်ကူဖို့ privilege policy များပေါ်ထွက်လာအောင် တင်ပြတောင်းဆိုဖို့လဲ အရေးကြီးပါတယ်။ ထို့အတူ ပညာပေးအစီအစဉ်များ (awareness rasing program) အဖြစ် documentary ဇာတ်လမ်းအတိုလေးများ ရိုက်ကူးပြီး social media များမှတဆင့်ဖြန့်ဝေတာမျိုး (အခုခေတ်မှာ facebook လို social network တွေက အသုံးပြုသူများပြီး အားကောင်းနေပါတယ်)၊ ကျောင်းတွေမှာ ဟောပြောပွဲကျင်းပတာမျိုး၊ special event တွေပြုလုပ်ပြီး လိုအပ်တဲ့ education and information ဖြန့်ဝေတာမျိုးတွေလုပ်နိုင်ပါတယ်။ ဒါတွေကလည်း အချိန်အတိုင်းအတာတစ်ခုတော့ယူပြီး ဆောင်ရွက်ရမယ့်ကိစ္စလို့ ဆိုနိုင်ပေမယ့် ဆရာမကြီးတို့ ကျွန်မတို့လုပ်နိုင်စွမ်းတဲ့အနေအထားမှာ ရှိနေတယ်လို့မြင်မိပါတယ်။

ဒီနေရာမှာ မဆိုင်ဘူးလို့ပဲဆိုဆို အနည်းငယ်ဆက်စပ်နေတဲ့ အကြောင်းအရာတစ်ရပ်ကိုတင်ပြပါရစေ။ ကွန်ယက်ကိစ္စပါ။ ကွန်ယက်ပုံသဏ္ဍာန်များစွာထဲက မြန်မာနိုင်ငံမှာတော့ single layer network ကိုအသုံးများကြပါတယ်။ ကွန်ယက်ဖွဲ့စည်းသူအများစုရဲ့အမြင်က လုပ်ငန်းသဘောခြင်း၊ အခြေခံခြင်းတူညီရာတွေကိုပဲ စုစည်းပြီးကွန်ယက်ဖွဲ့စည်းကြပါတယ်။ သဘောသဘာဝခြင်း တူညီနေတဲ့အတွက် လုပ်ငန်းတစ်ခုကိုဖော်ဆောင်ရာမှာ တာဝန်မျှဝေယူဖို့၊ စီမံခန့်ခွဲဖို့၊ စိတ်ခံစားချက်ချင်းတူညီတဲ့အတွက် ညှိုနှိုင်းဖို့လွယ်ကူပါတယ်။ အားနည်းချက်အနေနဲ့ ဖြစ်တတ်တာကတော့ ကျွမ်းကျင်မှုနယ်ပယ်တူညီနေတဲ့အတွက် မတူညီတဲ့လုပ်ငန်းကိုလုပ်ဆောင်ရမယ်ဆို တာဝန်ယူမယ့်သူမရှိဖြစ်တတ်ပါတယ်။ ဒါ့အပြင် ပညာရေးကွန်ယက်ပဲဆိုကြပါစို့။ ပညာရေးကွန်ယက်မို့ ပညာရေးလောကသားများနှင့် ပါတ်သတ်သူအချို့သာပါဝင်မယ်ဆိုပါက ကျောင်းတဆောင်ဆောက်လုပ်ဖို့ အင်ဂျင်နီယာကို သီးသန့်ငှါးရမ်းရတော့မှာပါ။ ပညာရေးဖွံ့ဖြိုးတိုးတက်ဖို့ စိတ်ဝင်စားတဲ့ အင်ဂျင်နီယာတစ်ယောက်၊ တစ်ဖွဲ့သာ ဤကွန်ယက်အတွင်းရှိနေခဲ့လျှင် သူ့ဆီက အကြံဥာဏ်သာမက အကူအညီအများကြီးလဲရနိုင် ပါတယ်။ ကျောင်းဆောက်ရန်ခွင့်ပြုချက်အတွက် အကူအညီပေးနိုင်တဲ့ သက်ဆိုင်ရာဝန်ကြီးဌာနအကြီးအကဲများပါ ကွန်ယက်အတွင်းရှိနေခဲ့မယ်ဆိုရင် အစစအရာရာအဆင်ပြေချောမွေ့ဖို့ အခွင့်အလမ်းများပါတယ်။ သို့အတွက် ကျွန်မအနေနဲ့ အကြံပေးလိုတာကတော့ စိတ်ဝင်စားမှုခြင်း (interest) ဆိုလိုတာက သက်ကြီးရွယ်အိုများရဲ့ဘ၀လှပဖို့ ဆောင်ရွက်လိုတဲ့စိတ်ချင်း တူညီတဲ့ အလွှာပေါင်းစုံ၊ လုပ်ငန်းပေါင်းစုံပါဝင်တဲ့ ကွန်ယက် (multi layer network) ကို လေ့လာအသုံးချကြည့်ဖို့ပါ။ ဥပမာ- short documentary ရိုက်မယ်ပဲဆိုကြပါစို့။ ကိုယ့်ကွန်ယက်ထဲမှာ ဒါရိုက်တာ၊ camera man၊ editor စသည်ဖြင့် ပါရှိနေလျှင် idea ကအစ သီးသန့်ပညာရှင်ငှါးသလို ရှင်းပြနေစရာမလိုတော့ပါဘူး။ သူတို့ကိုယ်တိုင်က တူညီကောင်းမွန်တဲ့ အကြံအစည်မျိုးရှိကြ၊ တင်ပြကြမှာဖြစ်ပါတယ်။ Event များပြုလုပ်တဲ့အခါမှာလည်း Graphic designer လိုမျိုး၊ presenter လိုမျိုးကိုယ့်ကွန်ယက်ထဲမှာရှိနေရင် လုပ်ငန်းအများကြီးတာသွားပါတယ်။  လူမှုရေးအဖွဲ့အစည်းတွေမှာ လူပေါင်းစုံပါဝင်လာကြမှာ မှန်ပေမယ့် တကယ်တန်းတာဝန်ယူဖို့ကျတော့ professional ဖြစ်တဲ့သူမှသာ တာဝန်ယူရဲ၊ တာဝန်ပေးရဲကြတာပါ။ မိကျောင်းမင်းရေခင်းပြသလိုများ ဖြစ်ခဲ့ရင်လည်း ခွင့်လွှတ်ပေးပါလို့ အနူးအညွတ်တောင်းပန်ပါတယ်။ ကြံပေးတာသက်သက်ပါ။

မူရင်းအကြောင်းအရာကို ပြန်လည်ဆွေးနွေးပါရစေ။ ဆရာမတို့၊ ကျွန်မတို့အတွက် အချိန်အခါအားလျော်စွာ ရေကန်အသင့်ကြာအသင့်ကြုံကြိုက်လာတာကတော့ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ပါပဲ။ မြန်မာတို့ရဲ့ ထုံးစံအရ သက်ကြီးပူဇော်ပွဲတွေ နေရာအနှံ့ပြုလုပ်ကြတော့မှာပါ။ ကျွန်မတို့အတွက် အခွင့်အရေးတစ်ခုလို့ယူရင်ရနိုင်ပါတယ်။ မေးစရာက ကျွန်မတို့တတွေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့တိုင်းရွာတိုင်းမှာ သက်ကြီးပူဇော်ပွဲလိုက်လုပ်ပေးနိုင်မှာ ပါလား။ အကုန်လုံးတော့မလုပ်နိုင်ဘူးရယ်လို့ ယေဘုယျသဘောထားပါရစေ။ ကျွန်မတို့လုပ်နိုင်တာက အခြားသူများရှေ့မှာဦးဆောင်ပြီး သာမန်နဲ့မတူ တမူထူးခြားတဲ့ သက်ကြီးပူဇော်ပွဲမျိုးကို လုပ်ပြပြီး လမ်းခင်းပေးနိုင်တာတော့ရှိပါလိမ့်မယ်။ သူများကိုပြောင်းစေချင်ရင် ကိုယ်တိုင်က အရင်ပြောင်းလဲရမှာပေါ့နော်။

ကျွန်မစိတ်ကူးနည်းနည်းယဉ်ကြည့်မိပါတယ်။ သက်ကြီးပူဇော်ပွဲကို ရပ်ကွက်ဓမ္မာရုံမှာ သို့မဟုတ် ကျောင်းမှာပဲ လုပ်ရမယ်လို့ သတ်မှတ်ထားတာတော့ မရှိဘူးထင်ပါတယ်နော်။ ကျွန်မသာဆိုရင် လူအများဝင်ထွက်သွားလာနိုင်ပြီး ခရီးလမ်းပန်းလည်းတော်သင့်မယ်၊ ကျယ်ကျယ်ဝန်းဝန်းလည်းရှိမယ်၊ သာသာယာယာလည်းရှိမယ့် ပန်းဥယျာဉ်တစ်ခုခုမှာ လုပ်ချင်ပါတယ်။ ဖိတ်ကြားထားသော သက်ကြီးရွယ်အိုများအစား ရောက်လာသမျှ သက်ကြီးရွယ်အိုများကို ပူဇော်ကန်တော့ချင်တယ်။ ကိုယ့်အိမ်ကအဘိုးအဘွား၊ အဖေအမေတွေကို ခေါ်နိုင်သမျှ ခေါ်ခဲ့ကြပါလို့ ကြေငြာထားမှာပါ။ မအားလပ်ရင်လည်း ကျွန်မတို့ကိုယ်တိုင်လာကြိုပေးပါ့မယ်ဆိုပြီး အိမ်တွင်းအောင်း အဘိုးအဘွားတွေ ရနိုင်သမျှခေါ်ချင်သလို တွေ့တဲ့ကြုံတဲ့နေရာက ခိုကိုးရာမဲ့၊ အိမ်ယာမဲ့အဘိုးအဘွားတွေကိုလည်း ကားတစ်စီးနဲ့ လှည့်ပတ်ခေါ်လာခဲ့မယ်။ ပန်းခြံထဲမှာလည်း ကန်တော့ခံစင်မြင့်တစ်ခုတည်းမဟုတ်ဘဲ ကျန်းမာရေးစစ်ဆေးပေးမယ့်နေရာ၊ သန့်ရှင်းရေးလုပ်ပေးမယ့်နေရာ၊ ရှေးသီချင်းလေးတွေနဲ့ ဖျော်ဖြေရေးစင်မြင့်၊ ပန်းလှလှလေးတွေပန်ချင်တဲ့သူပန်၊ ခူးချင်တဲ့သူခူးလို့ရအောင် ပန်းခင်းလေး၊ ထိုင်စရာ နားစရာ၊ အစားအသောက်စားစရာအတွက် ထီးနဲ့စားပွဲခုံလေးတွေ၊ ရှေးဟောင်းနှောင်းဖြစ်ပြောချင်သူတွေအတွက် အုပ်စုငယ်ဝိုင်းဖွဲ့စရာသီးသန့်အခန်းလေးတွေ စသည်ဖြင့်ပြင်ဆင် ပေးထားချင်မိပါတယ်။ ကျွန်မစိတ်ကူးယဉ်ကြည့်တာသက်သက်ဆိုပေမယ့် လုပ်ကြည့်လို့ဖြစ်နိုင်ခဲ့မယ်ဆိုရင် ပထမဆုံးအမြတ်က ဖိုးဖွားတို့စိတ်လက်ကြည်သာဝမ်းမြောက်ကြပါလိမ့်မယ်။ သူတို့ကို မေ့လျော့ထားတာမျိုးမဟုတ်ဘဲ သတိတရရှိနေပါသေးလားဆိုတဲ့အသိတစ်ခုကြောင့်ပါ။ နောက်အမြတ်တစ်ခုကတော့ government နဲ့ public ကို ဖိုးဖွားတို့ရဲ့အခြေအနေနဲ့ပါတ်သတ်ပြီးတင်ပြနိုင်သလို လက်ငင်းအကျိုးရလဒ်ကိုလည်း မြင်ရမှာပါ။ နောက်တစ်ခုကတော့ အခြားမြို့ရွာများမှာလည်း ဒီလိုပွဲမျိုး လုပ်ဆောင်နိုင်အောင် အားပေးရာကျပါတယ်။ ဒါဟာဆရာမတို့ ကျွန်မတို့အတွက် ကောင်းသောအစပြုခြင်းခြေလှမ်းတစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်။

ပြောချင်တာများလွန်းလို့ အရမ်းရှည်သွားပါပြီ။ ဒီလောက်နဲ့ပဲ ကျွန်မရဲ့ဆွေးနွေးမှုကို နိဂုံးချုပ်ပါရစေ။ စိတ်ရှည်လက်ရှည်ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အပြောမတတ်လို့ လွန်ကျူးမိတာများရှိခဲ့ရင် ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင်။

ချစ်ခြင်းများစွာဖြင့်
မိုးကြာညို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...