Thursday, October 10, 2013

လူမှန်နေရာမှန်

October 9, 2013 at 9:49am

၂၀၀၆ ခုနှစ်နှစ်လည်ခန့်ကဖြစ်သည်။ ဥရောပတိုက်သား ကမ္ဘာလှည့်ခရီးသည်တစ်ဦးကို ကျွန်တော် မြန်မာပြည်အနှံ့ ဧည့်လမ်းညွှန်အဖြစ်လိုက်ပါ ၀န်ဆောင်မှုပေးရသည်။ ဧည့်သည်၏ အမည်မှာ မစ္စတာ ဂွမ်တာ (Gunter) ဖြစ်သည်။ မစ္စတာဂွမ်တာသည် ကျွန်တော့်မိတ်ဆွေ မြန်မာမလေးမ သင်္ဂီနှင့် အိမ်ထောင်ကျကာ နိုင်ငံခြားမှာနေသည်။
( ဘယ်နိုင်ငံလဲဆိုတာတော့ မပြောလိုတော့ပါ )

ထိုသို့သွားလာလည်ပါတ်ကြရင်း တစ်နေ့တွင် နိုင်ငံခြားသားကြီးက ထူးဆန်းသောစကားတစ်ခွန်းကို ဤသို့ပြောလာ၏။ “ညီညီ မင်းသိလား ၊ ငါတို့နိုင်ငံမှာရှိတဲ့ မြန်မာသံအမတ်ကြီးက အင်္ဂလိပ်စကားပြောရင် အမြဲတမ်းသုံးကြောင်းပဲပြောတယ်၊
ပြီးရင် ဘာမှဆက်မပြောတော့ဘူး “ “ ဘာဖြစ်လို့ သုံးကြောင်းပဲပြောတာလဲ “ ဟု ကျွန်တော်ကမေးတော့ “ သူက အင်္ဂလိပ်လို သိပ်မပြောတတ်ဘူး၊ ဒါ့ကြောင့် အလွတ်ကျက်ပြီးပြောတာ၊ သူကျက်လာတာပဲပြောတတ်တယ်၊ ဥပမာ ကျွန်တော်ဟာ မြန်မာနိုင်ငံက သံအမတ်ကြီးပါ ၊ မြန်မာနိုင်ငံဟာ အရမ်းကို သာယာပါတယ် ၊ မြန်မာနိုင်ငံကိုလာလည်ဖို့ ဖိတ်ခေါ်ပါတယ်။အဲဒါပြောပြီးရင် ဘာမေးမေး ဆက်မပြောတော့ဘူး “ ဟုဖြေပါသည် ။

ကျွန်တော် ကြားရသော သတင်းကို မယုံသဖြင့် နိုင်ငံခြားသား၏ ဇနီးကိုမေးကြည့်ရာ သံရုံးအသိုင်းအ၀ိုင်းနှင့် နီးစပ်သော မသိင်္ဂီ က “ ဟုတ်တယ် ကိုညီ ၊ ကျွန်မလဲ ပြောဖူးတယ် အင်္ဂလိပ်စကားမပြောတတ်တာ ရှက်စရာမလိုဘူး ၊ ဒီလိုကြီး အလွတ်ကျက်ပြီးပြောနေတာမှ ရှက်ဖို့ကောင်းတာ၊ အကောင်းဆုံးက အနားမှာ စကားပြန်တစ်ယောက်ထားပြီး ပြောတာ အကောင်းဆုံးပဲလို့ ကျွန်မ အကြံပေးဖူးတယ်၊ ဒါပေမယ့် သံအမတ်ကြီးကလက်မခံဘူး၊ သူ အင်္ဂလိပ်လိုမပြောတတ်လို့ စကားပြန်တဆင့်ပြောနေရပါတယ်ဆိုတာ နေပြည်တော်က လူကြီးတွေ သိကုန်မှာစိုးရိမ်နေတဲ့သဘောရှိတယ်။အဲဒါကြောင့် သံတမန်ဧည့်ခံပွဲတွေတက်ရင် ပြောရမယ့် စကားသုံးကြောင်းလောက်ကို အလွတ်ကျက်တယ် ။ ဘယ်သူ့ကို တွေ့တွေ့ အဲဒိစကားပဲ ပြောပါတယ်။ ကျက်ထားတာတွေကုန်ရင် ဘာမေးမေး ဆက်မပြောတော့ဘူး ။ အဲဒါအမှန်ပဲ၊ သုံးကြောင်းကျက် သံအမတ်ကြီးလို့တောင်တစ်ချို့ကခေါ်ကြသတဲ့ “ အံသြမကုန်နိုင်ရာဟုသာ ကျွန်တော် ရေရွတ်နိုင်တော့သည်။

ထိုသံအမတ်ကြီး ယခုရှိသေးလား၊ မရှိတော့ဘူးလားမသိပါ။ သံအမတ်တိုင်းထိုသို့ ဖြစ်မည်မဟုတ်သော်လည်း ယခင်စစ်အစိုးရ လက်ထက်က သံတမန်ရာထူးခန့်ထားမှုများသည် ရာထူးနှင့် ထိုက်တန်သော ပညာအရည်အချင်းအလိုက် ခန့်အပ်နိုင်မှုနည်းပါး ခဲ့ပါသည်။ လူတစ်ယောက်ကို ချီးမြှောက်ချင်သောအခါ (သို့မဟုတ်) ပြည်တွင်းမှာ မထားချင်တော့သောအခါ သံအမတ်ခန့်အပ်၍ ပြည်ပသို့စေလွှတ်လေ့ရှိရာ သံအမတ်ရာထူးမှာ နယ်နှင်ဒဏ်ခံရသည့်နှယ်ဖြစ်ခဲ့ပါသည်။ မြန်မာပြည်တွင် ကျွမ်းကျင်သောပညာရှင် မရှိ၍လား ဆိုတော့ ဒုနဲ့ဒေး အပုံအပင်ရှိပါသည်။

ဤနေရာတွင်ကိုယ်တိုင်တွေ့ကြုံခဲ့ရသည်များကို ပြောပြချင်သည်။
===============================
၁၉၈၇ တွင် ကျွန်တော် ဆယ်တန်းအောင်ပါသည်။ ၀ိဇ္ဖာ (မြန်မာစာ) ဘာသာတွဲတွင် ပဲခူးတိုင်းတွင် အမှတ်အများဆုံးဖြင့် ပထမ ရ၍ ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံတကာဆက်ဆံရေးပညာ (International Relations) ဘာသာရပ်အဓိကဖြင့် ၁၉၈၇ ဒီဇင်ဘာလတွင် ပညာ စတင်ဆည်းပူးခွင့်ရခဲ့ပါသည်။ ထိုစဉ်က ၀ိဇ္ဖာဘာသာရပ်များတွင် နိုင်ငံတကာဆက်ဆံရေးပညာ ( IR ) ဘာသာရပ်သည် အမှတ်အမြင့်ဆုံးဖြစ်ပါသည်။ စီးပွားရေး တက္ကသိုလ်ထက်ရော ၊ အင်္ဂလိပ်စာ မေဂျာထက်ရော အမှတ်မြင့်ပါသည်။

နယ်မှလာတက်သော ကျောင်းသားအများစုကို အစိုးရကျောင်းဆောင်များတွင် ကျောင်းအိပ်ကျောင်းစားနေထိုင်ခွင့်ပြုသဖြင့် ရန်ကုန်တက္ကသိုလ် (ပင်မ) ၀င်း အတွင်းရှိ ပင်းယဆောင်တွင် ကျောင်းဆောင်နေထိုင်ခွင့်ရခဲ့သည် ။ ကျောင်းတက်တော့ RC 2 ခေါ် ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) တွင် ၂ နှစ် ၊ ရန်ကုန်တက္ကသိုလ် (ပင်မ)တွင် ၂ နှစ်တက်ရပါသည်။ ကျွန်တော်တို့သည် နိုင်ငံတကာဆက်ဆံရေး ပညာကျောင်းသားများတွင် စတုတ္ထ အသုတ် (4th Batch) ဖြစ်ပါသည် ။ 

ထိုစဉ်က ( IR) ကျောင်းသူ၊ ကျောင်းသား အတော်တော်များများတွင် ဘ၀ရည်မှန်းချက်များ မြင့်မြင့်မားမား ထားရှိခဲ့ကြပါသည်။ကျောင်းပြီးသွားသောအခါ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အလုပ်ဝင်ကာ သံအရာရှိ အငယ်တန်းလေးတွေ ဘ၀မှ တစ်စတစ်စ မြန်မာနိုင်ငံကို ကိုယ်စားပြုသော သံအရာရှိကြီးများ ဖြစ်အောင်ကြိုးစား ကြမည်ဟူသော လူငယ်များ၏ ရိုးရိုးသားသား ဘ၀မျှော်မှန်းချက်များဖြစ်ပါသည်။ ထိုသို့ ကြီးမားသောမျှော်လင့်ချက်အလင်းရောင်များ ဖြစ်ထွန်းအောင် နိုင်ငံတော်မှ စီစဉ်ဆောင်
ရွက်ခဲ့ခြင်းလည်းဖြစ်သည်။

ရန်ကုန်တက္ကသိုလ်တွင် နှစ်ပေါင်းများစွာ ရပ်နားထားသော နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ကို ထိုစဉ်ကလမ်းစဉ်ပါတီ ဥက္ကဌကြီး ကတော်၊ ဆရာမကြီး ဒေါ် နီနီမြင့်က ၁၉၈၅ တွင် ပြန်လည်ဖွင့်လှစ်ကာ အနာဂါတ်မြန်မာနိုင်ငံ၏ သံတမန်ရေး လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်ကိုဖြည့်ဆီးရန် ရည်ရွယ်ချက်ဖြင့် ပြန်လည် တည်ဆေက် သင်ကြားပေးနေခြင်းဖြစ်သည်။

ကျွန်တော်တို့သည် ၁၉၈၇ ဒီဇင်ဘာလ၏ နှင်းမှုန်များနှင့်အတူ အဓိပတိလမ်းပေါ်သို့ စတင်ခြေချခွင့်ရပြီး၊ နောက်သုံးလကြာသောအခါ စက်မှုတက္ကသိုလ်ကျောင်းသားများနှင်. ကြို့ကုန်းရှိ အရပ်သားလူငယ်များ စကားများရန်ဖြစ်သည်ကို သက်ဆိုင်ရာမှ အင်အားသုံးဖြိုခွင်းသည်မှ အစပြု၍ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဘုန်းမော်ကျဆုံးကာ ၁၉၈၈ အရေးအခင်းကြီးနှင့်ကြုံရပါတော့သည်။

ထိုရှစ်လေးလုံး အရေးတော်ပုံကြောင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အစိုးရ အာဏာမှပြုတ်ကျသွားပြီး၊ ပါတီဥက္ကဌ ဖြစ်သူ ဦးနေ၀င်း သည်လည်း တရားဝင် ရာထူးတွင်မရှိတော့။ ဦးနေ၀င်း ရာထူးတွင်မရှိတော့သောအခါ မြန်မာနိုင်ငံ၏ ထုံးစံအတိုင်း ဦးနေ၀င်း၏ ဇနီးဖြစ်သူ ဒေါ် နီနီမြင့်၏ လုပ်ပိုင်ခွင့်နှင့် သြဇာအာဏာများလည်း (တက္ကသိုလ်ပရ၀ုဏ်တွင်) ကျဆင်းခဲ့ပါသည်။ ထိုအချိန်မှစ၍ ဒေါ် နီနီမြင့်နှင့် နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ပေါမောက္ခ ဆရာကြီး၊ ဆရာမကြီးများ ရည်မှန်းထားရှိသော သံတမန်လောက အတွက် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ရေးစီမံကိန်းသည် ချောင်ထိုးခံခဲ့ရပါသည်။ထိုစဉ်က နိုင်ငံတကာဆက်ဆံရေးပညာဌာနကို ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်များတွင် တက္ကသိုလ်တစ်ခုလျှင်  နှစ်စဉ် လူဦးရေ ၁၀၀ ခန့်သာခေါ်ပါသည်။ ထို ၁၀၀ ထဲတွင် ကျောင်းသား(၅၀) ကျောင်းသူ (၅၀) မျှတစွာခေါ်ယူခဲ့ပါသည်။ ကျွန်တော်သည် IR အပါတ်စဉ် (၄) တွင် ပညာစတင်တက်ရောက်ခဲ့ရာ စာများမှာ အလွန်ခက်ခြင်း၊ အရေးအခင်းကြောင့် တက္ကသိုလ်များ နှစ်ရှည် ပိတ်လိုက်ခြင်း၊ စာမေးပွဲကျရှုံး၍ ကျောင်းမှထွက်သွားခြင်း၊ အချို့ မှာ ကွယ်လွန်သွားကြခြင်း စသည်ဖြင့် နှုတ်လိုက်သောအခါ ၁၉၈၈ ၌ မူလကလူ (၁၀၀) ရှိသော စာသင်သားများမှာ ၁၉၉၄ တွင်လူ (၆၀) ကျော် ခန့်သာ ဘွဲ့ယူနိုင်ခဲ့ကြပါသည်။ 

ဘာသာရပ်အားလုံးကို အင်္ဂလိပ်လိုသင်ကြားကြရပြီး၊
ကျွန်တော်တို့ သင်ကြားခဲ့ရသော ဘာသာရပ်များမှာ ...

- နိုင်ငံရေးသိပ္ဗံ ( ၈၈ အရေးအခင်းဖြစ်ပြီးသောအခါ ထိုဘာသာရပ်ကို ဖြုတ်လိုက်ပါသည် )
- အင်္ဂလိပ်စာ
- နိုင်ငံတကာဆက်ဆံရေးပညာ ( International Relations )
- နိုင်ငံတကာအုပ် ချုပ်ရေးပညာ ( International Administrations )နောက်ပိုင်းဤဘာသာရပ်ကိုလည်းဖြုတ်ပါသည်- သံတမန်ကျင့်ထုံး ( Diplomacy )
- နိုင်ငံတကာဥပဒေ ( International Law )
- ပထ၀ီနိုင်ငံရေး ( Geopolitics )
- သမိုင်း( History )
- ဘောဂဗေဒ ( Economics ) တို့ဖြစ်ကြသည်။

ရိုးရိုးဘွဲ့ အတွက် ၄ နှစ် ( ကျောင်းပိတ်ထားသောကာလများမပါ ) သင်ယူရပါသည်။ ဂုဏ်ထူးတန်းအတွက် ၅ နှစ် ၊ မဟာဘွဲ့ အတွက် Thesis အပါအ၀င် ၆ နှစ် အပြင်းအထန် ကြိုးစားလေ့လာရပါသည်။

ကျောင်းပြီးသောအခါ ကျွန်တော်တို့ သူငယ်ချင်း ၆၀ ကျော်တွင် နှစ်ယောက်သာ နိုင်ငံခြားရေးဝန်ကြီးဌာနတွင်အလုပ်ရခဲ့သည်။ထိုနှစ်ယောက်လုံး၏ မိဘများသည် ထိုအချိန်က အစိုးရဌာနများတွင် ဧရာမ ရာထူးလက်ရှိများဖြစ်ကြပါသည်။ ထိုနေရာအတွက် သူတို့ခများမှာလည်း ကျောင်းမပြီးခင်ကပင် ကြိုကြိုတင်တင် လုပ်ထားကြခြင်းဖြစ်သည်။ ကျန်လူများကတော့ အလုပ်မရကြပါ။
ကျွန်တော်တို့ထက်စော၍ ကျောင်းပြီးသော ရန်ကုန်နှင့်မန္တလေးမှ B.A (IR ) ဘွဲ့ရများသည်လည်း ဘွဲ့လက်မှတ်ကြီးများကိုင်ကာ ဘာလုပ်ရမည်မသိပဲ ယောင်ချာချာဖြစ်နေကြပါသည်။ ကျွန်တော်တို့ လေ့လာသင်ကြားခဲ့သော ပညာများကိုလက်တွေ့ အသုံးချရမည့် အလုပ်အကိုင်နယ်ပယ်သည် မရှိသလောက်ကျဉ်းမြောင်းလှပါသည်။နိုင်ငံခြားရေးဝန်ကြီးဌာနမှ အလုပ် ခေါ်ရာတွင်လည်း နိုင်ငံတကာဆက်ဆံရေးဖြင့် ဘွဲ့ရ ဖြစ်ရမည်ဟု မခေါ် ပဲ၊ မည်သည့်ဘွဲ့ရမဆို လျှောက်ထားနိုင်သည်ဟု ဆိုရာ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ ဓါတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ စိတ်ပညာ၊ ကုန်ထုတ်ဓါတု၊ စသည်ဖြင့် နိုင်ငံတကာဆက်ဆံရေးနှင့် မည်သို့မျှ မသက်ဆိုင်သောသူများသာ တွင်ကျယ်စွာ အလုပ်ရကြလေသည်။

များသောအားဖြင့် နိုင်ငံခြားသံရုံးများတွင် အလုပ်ခန့်ရန် ရာထူးလစ်လပ်သောအခါ လူသိရှင်ကြားခေါ်ယူလေ့မရှိသလောက်နည်းပြီး လက်သိပ်ထိုးခေါ်ယူကာ၊ နီးစပ်ရာမှ ၀င်သွားသည်သာများသည်။ တရားဝင် ခေါ်ယူသောအခါတွင်လည်း ကြိုတင်သတ်မှတ်ထားပြီး သူများရှိနေသကဲ့သို့ ပလာစတာမရှိသော IR ဘွဲ့ရများမှာ နောက်တွင်သာ ကျန်ရစ်ခဲ့သည်က များသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ၀န်ထမ်းဘယ်နှစ်ယောက်ရှိပြီး၊ ထိုဝန်ထမ်းများထဲတွင် သက်ဆိုင်ရာဘာသာရပ်ဖြင့် ဘွဲ့ရထားသူ ဘယ်နှစ်ယောက်ရှိမည်နည်းဟု တရားဝင်စာရင်းပြုစုအချိုးချ ကြည့်ပါလျှင် (လွှတ်တော်မှာမေးခွန်းမေးကြည့်ခဲ့လျင် ) စာရေးသူပြောတာ ဟုတ်မဟုတ် ပေါ်လွင်ထင်ရှားပေလိမ့်မည်။

သည်သို့ဖြင့် ... စိုးနိုင်ဆိုသော ခပ်ရွတ်ရွတ် သူငယ်ချင်း တစ်ယောက်က “ စိုးနိုင် B.A ( IR ) ကြံရည်ဆိုင် “ ဟုဆိုကာ ပုသိမ်မြို့တွင် ယနေ့တိုင် အအေးရောင်းချနေပါသည်။ သူငယ်ချင်းတစ်ယောက်ကလည်း သူ၏ ဇာတိ ၀က်ထီးကန်မြို့သို့ပြန်ကာ စပါးပွဲစားလုပ်နေပါသည်။ ဂုဏ်ထူးတန်းဝင်၍ စာသိပ်တော်သော သူငယ်ချင်းတစ်ယောက်ကလည်း ပဲနွယ်ကုန်းသို့ပြန်ကာ ၀ါးဓနိ ရောင်းစားနေပါသည်။ ကျွန်တော်တို့လည်း နိုင်ငံတကာဆက်ဆံရေးဘွဲ့ ရပြီးကာမှ ဈေးသည်၊ မူလတန်းကျောင်းဆရာ၊ စာရေးစာချီ၊ မလုပ်ကိုင်လိုတော့သဖြင့် ကိုယ်တတ်ထားသော ပညာနှင့် ဆိုင်ဆိုင် မဆိုင်ဆိုင် ရရာအလုပ်များဝင်လုပ်ရရာ အချို့ (အများစု) ဧည့်လမ်းညွှန်များဖြစ်လာကြပါသည်။

ဥပမာ ကျွန်တော် ကိုညီညီ၊ ကိုရဲမြတ်ထွန်း (ဥက္ကဌ ( မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်း/မန္တလေး )၊ ခင်မြတ်မော် (ဂျာမန်ဘာသာ ဧည့်လမ်းညွှန်)၊ စန္ဒာဝင်း (ပြင်သစ်ဘာသာ ဧည့်လမ်းညွှန်) စသည်ဖြင့်၊ အချို့ကျပြန်တော့ ကျူရှင်ဆရာများ၊ အချို့က ဂျာနယ်လစ်၊အချို့ က ပုဂ္ဂလိကကျောင်းတည်ထောင်သူ (ဥပမာ၊ ကိုရဲထွန်း Horizon International School) အချို့က အကျိုးတော်ဆောင်အေဂျင်စီ၊ အချို့က နိုင်ငံရေးသမား (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး)၊ စသည်ဖြင့် ( သံတမန်လောကမှအပ) နယ်ပယ်အသီးသီးသို့ ရောက်သွားကြပါသည်။

ယခုဆောင်းပါးသည် ကျွန်တော်တို့ အလုပ်လိုချင်၍ ရေးသောဆောင်းပါးမဟုတ်ပါ။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အလုပ်ခေါ် ခဲ့ပါလျှင်လည်း ယခုအခါလုပ်ကိုင်လိုစိတ်မရှိကြတော့ပါ။ နောက်တက်မည့် လူငယ်များ ရှေ့တွင်သာ တက်လမ်းကိုပိတ်၍ မရပ်ကြပါနှင့်ဟုဆိုလိုရင်းဖြစ်သည် ။

အခြားသော ၀န်ကြီးဌာနများတွင်လည်း ထိုနည်းလည်းကောင်းဖြစ်ပါလိမ့်သည်။ စက်ရုံတစ်ရုံ၏ စက်ရုံမှူး ရာထူးကို ခန့်အပ်ခံရသူမှာ မြန်မာစာဖြင့် ကျောင်းပြီးထားသော၊ စက်ရုံအတွေအကြုံ လုံးဝမရှိသူတစ်ဦးဖြစ်နေတတ်သည်။ သူ၏ တော်ကွက်မှာ အလုပ်ခန့်ရာတွင် အဆုံးအဖြစ်အဖြတ်ပေးနိုင်သော ထိုဌာန၏ အမြင့်ဆုံးပုဂ္ဂိုလ်နှင့် တူဝမ်းကွဲတော်သည် ဟူ၍ဖြစ်နေတတ်သည်။

ထို့အတူ အစိုးရပိုင် ဟိုတယ်တစ်ခု၏ အထွေထွေမန်နေဂျာသည် ဟိုတယ်တွင် တစ်ခါမှမတည်းခိုဖူးသူ၊ Department ဘယ်နှစ်ခုရှိမှန်းမသိသူဖြစ်နေတတ်သည်။ သူက မသိပဲအုပ်ချုပ်နေသဖြင့် F & B Department ( အစားအသောက် ချက်ပြုတ်၊ ဧည့်ခံကျွေးမွေးရေးဌာန) မှ ၀န်ထမ်းများက လုပ်ချင်သလိုလုပ်သည်။ ဧည့်သည်စားရန် ကြက်သားဝယ်ရာတွင် ကြက်များကို လိုတာထက်ပိုဝယ်ပြီး၊ အပြင်တွင်ပြန်ရောင်းစားတတ်ကြသည်။တစ်ခါကလည်း (ယခင် န၀တ /နအဖ လက်ထက်) မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည် များလာရောက်လည်ပါတ်ရာတွင် ပုဂ္ဂလိက ခရီးသွားကုပ္မဏီများနှင့်သာ နိုင်ငံခြားသားများ လာရောက် လည်ပါတ်သော်လည်း၊ နိုင်ငံတော်ပိုင် မြန်မာ့ခရီးသွားလုပ်ငန်းဌာန ( Myanamr Travels and Tours ) နှင့်ဆက်သွယ်၍ နိုင်ငံခြားသားများ မလာရောက်သည့်အကြောင်းနှင့်ပါတ်သက်၍ ၀န်ကြီးဌာန တာဝန်အရှိဆုံးပုဂ္ဂိုလ်က ၀န်ထမ်းများကို ပွင့်ပွင့်လင်းလင်း ဝေဖန်အကြံပြုကြဖို့ဖိတ်ခေါ်လာသည်။

“ပုဂ္ဂလိက ကုမ္မဏီတွေက ကားတွေကောင်းတယ်၊ Air-con လဲ ကောင်းတယ်၊ ကျွန်တော်တို့ ဌာနက ကားတွေက မကောင်း၊ အဲကွန်းလဲမရတာများပါတယ်၊ ဒါ့ကြောင့် တိုးရစ်တွေက ပိုကောင်းတဲ့ဆီသွားတာပါ“ ဟု အရာထမ်းတစ်ယောက်က အကျိုးသင့်အကြောင်းသင့် တင်ပြသည်။

လူကြီးက ခနတွေဝေသွားပြီး တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့် “မဟုတ်သေးဘူးကွ ၊ ဒီကောင်တွေ (တိုးရစ်များကိုဆိုလိုသည်) ကို ငါတွေ့ဘူးပါတယ်၊ လေးဘီးကားလဲ စီးတာပဲ၊ ဆိုက္ကားလဲ စီးနေကြတာပဲ အဲကွန်းမပါလို့ မစီးဘူးဆိုရင် ဒါတွေလဲ ဘယ်စီးမလဲ မင်းတို့ပြောတာမဟုတ်သေးပါဘူး“ ဟုဆိုကာ အောက်ခြေမှပေးသောအကြံဥာဏ်ကိုပါယ်ချခဲ့ဖူးသည်။
အမှန်စင်စစ် ထိုပုဂ္ဂိုလ်သည် ဇိမ်ခံခရီးသည် (Package Tour) နှင့် ကျောပိုးအိပ်လွယ်ခရီးသည် ( Foreign Independent Traveller / FIT ) ကိုပင်ခွဲခြားမသိသဖြင့်၊ ဆိုက္ကားစီးသူ နှင့် မာစီဒီးကားစီးသူကို အတူတူမှတ်ယူခြင်းမှာ လုပ်ငန်းသဘောကို နားမလည်ခြင်းဖြစ်သည်။ သို့သော် မည်သူမျှစောဒကမတက်ဝံကြချေ။စက်သုံးဆီဆိုင်များကို ပုဂ္ဂလိကသို့မပေးမီကလည်း မြန်မာတစ်နိုင်ငံလုံးတွင် ဓါတ်ဆီဆိုင်ပိုင်ရှင်များ၊ ဆိုင်ဝန်ထမ်းများ တန်ခိုး ထွားခဲ့ဘူးသည်။ အခွန်ထမ်းပြည်သူများ၏ငွေဖြင့် လည်ပါတ်နေသော နိုင်ငံတော်ပိုင် စက်သုံးဆီများကို သူတို့၏ ဘိုးဘွားပိုင်ပစ္စည်းများသဖွယ် စိတ်ထင်တိုင်း အလွဲသုံးပြီး၊ အကျိုးအမြတ်ရယူ ခဲ့ကြသည်။ ထိုစက်သုံးဆီဆိုင်များတွင်လည်း အလုပ်သမားမှအစ၊ ဆိုင်မန်နေဂျာအဆုံး အပြင်လူအ၀င်မခံပဲ ဆွေစဉ်မျိုးဆက် လက်ဝါးကြီးအုပ် မောင်ပိုင်စီးခဲ့ကြသည်။

ဘွဲ့ရများ အလုပ်လက်မဲ့ဖြစ်နေသောခေတ်ကြီးတွင် ပညာ တတ်တတ်၊ မတတ်တတ် သူတို့နှင့်အမျိုးတော်သူများကို ဆွဲခန့်ဖြင့်သာနေရာပေးခဲ့ကြသည်။ ဌာနများစွာတွင် ဌာနမှူး ၊ ဦးစီးမှူး၊ ညွှန်မှူး၊ မန်နေဂျာ ဆိုသူများသည် မိုးပေါ်မှ တဖွဲဖွဲကျလာလေ့ရှိသည်။ အခွန်ရုံးမှအခွန်ဦးစီးမှူး ဆိုသူ အတော်တော်များများသည် တပ်မတော်မှဆေးပင်စင်ဖြင့် အငြိမ်းစား ယူထားသူများဖြစ်နေတတ်သည်။

ဌာနတစ်ခုတွင် နှစ်ပေါင်းများစွာ အနစ်နာခံကာလုပ်ကိုင်ဆောင်ရွက်လာသူများသည် လုပ်ငန်းကျွမ်းကျင်ပါလျက် ရာထူးတက်ချိန် တွင် ဘယ်ကရောက်လာမှန်းမသိသော မိုးကျရွှေကိုယ်များ ကနေရာဝင်ယူသွားပါက အလုပ်ခွင်တွင် ကြိုးစားလိုစိတ်မရှိတော့ပဲ နိုင်ငံ့ဖွံ့ဖြိုးရေးအတွက် ထိခိုက်နိုင်သောကြောင့် ရှောင်ကျဉ်ရမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မကြီး ဦးသိန်းစိန်ကလည်း ၎င်း၏ နိုင်ငံတော်မိန့်ခွန်းထဲတွင် ထည့်သွင်းမှာကြားခဲ့ပြီးဖြစ်သည်။

တစ်ခေတ်တစ်ချိန်က နားလည်တတ်ကျွမ်းသောသူများကို သူ့နေရာနဲ့သူ အရည်အချင်းအလိုက် မခန့်ထားခဲ့သောကြောင့် ပြည်သူများကြားတွင် PH 7 / PH 8/ PH 9 ညွှန်ကြားချက်၊ Weather မကောင်းကပြင်ရန် မှာကြားချက် ၊ ကျွန်းပင်ကြီးက ကိုင်းပင်ကြီးကိုမှီနေသည် ဟူသာ၊ "ကျွန်းကိုင်းမီ ကိုင်းကျွန်းမီ" စကားပုံရှင်းလင်းချက်၊ စသည်တို့မှာ ကောလဟလလိုလို၊ တကယ်အတည်လိုနဲ့ "ပြောမဆုံးပေါင် တောသုံးတောင်" ဖြစ်ခဲ့ရသည်။

တကယ်တမ်း၌ မြန်မာနိုင်ငံ၏ ပြသနာမှာ လူ့စွမ်းအားအရင်းအမြစ် အလွန်အကျွံရှားပါး၍၊ ဘယ်သူ့ကို တာဝန်ပေးရမှန်းမသိ ဖြစ်နေသော ပြသနာမဟုတ်၊ ကျွမ်းကျင်သူများစွာ ရှိနေပါလျက်၊ ဘေးဖယ်ထုတ်ကာ ငါနှင့် ငါသာ နှိုင်းစရာ ဆိုသော (အမျိုးကိုလွန်စွာချစ်သည့်) မျိုးချစ်ပုဂ္ဂိုလ်များ၏ "လက်သင့်ရာစားတော်ခေါ်သော" ပြသနာဖြစ်သည်။

ယနေ့ခေတ်ဝယ် ရေပန်းအစားဆုံးသောမေးခွန်းဖြစ်သည့် "မြန်မာနိုင်ငံဘယ်တော့လောက် တိုးတက်မလဲ" ၊ "ဘယ်တော့လောက် အရှေ့တောင်အာရှ ကျားတစ်ကောင်ဖြစ်မလဲ " ဟူသောမေးခွန်းကို အလွယ်ကူဆုံး ဖြေရပါက သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ နိုင်ငံ့ခါင်းဆောင်များသည် တိုင်းပြည်မျက်နှာကိုသာကြည့်ကာ မြန်မာနိုင်ငံ၏ ဌာနဆိုင်ရာ အတော်တော်များများ ၀င်ရောက်ကုတ်ကပ် နေရာယူထားသော အရည်အချင်းမပြည့်မှီသူ "မိုးကျရွှေကိုယ်များ" ကိုထုတ်ပယ်၍ ကျွမ်းကျင်ပညာရှင်များကို "လူမှန်နေရာမှန်" ခန့်ထားနိုင်သောတစ်နေ့သည် " ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်သို့ ပြန်ရောက်သောနေ့ "ဖြစ်သည်ဟု ရဲရဲကြီးပြောနိုင်ပါကြောင်း ......

~ ကိုညီ ~ သရ၀ဏ်(ပြည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...