Tuesday, October 8, 2013

လက်ျာ- ဖရီးမင်း စာချုပ် (၁၉၄၇)

October 8, 2013 at 2:53am


 ၂၇ ရက်နေ့၌ ဗြိတိန်နိုင်ငံ ဘုရင်မင်းမြတ်အစိုးရနှင့် မြန်မာနိုင်ငံ ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ ကိုယ်စားလှယ်တို့ ဆွေးနွေးတိုင်ပင်ရာမှ ရောက်ရှိခဲ့သော အဆုံးသတ်ချက်များ ပါဝင်သည့် အောင်ဆန်း - အက်တလီစာချုပ်ကို လန်ဒန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် နန်းရင်းဝန် အက်တလီတို့ ၁၉၄၇ဇန်နဝါရီလ ၂၇ ရက်တွင် လက်မှတ် ရေးထိုးခဲ့ကြသည်။ ထိုစာချုပ်တွင် ပါဝင်သော အဆုံးသတ်ချက်များအနက် ကာကွယ်ရေး အဆုံးသတ်ချက်များလည်း ပါဝင်ရကားယင်းအဆုံးသတ်များကို အကောင်အထည်ဖော်ရန် ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ျာနှင့် ဂျွန်ဒဗလျူဖရီးမင်းတို့သည် အောက်ပါ ကာကွယ်ရေးစာချုပ်ကို သဘောတူ လက်မှတ်ရေးထိုး ချုပ်ဆိုကြခြင်း ဖြစ်လေသည်။ စာချုပ်၏ မူရင်းမှာ ဤသို့ ဖြစ်သည်။

 ပူးတွဲစာ 
၁၉၄၇ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့တော်၌ လက်မှတ်ရေးထိုးသော ကာကွယ်ရေး သဘောတူညီချက်။


● အရပ်ရပ်ကိစ္စ
၁။ မြန်မာနိုင်ငံအစိုးရနှင့် ဗြိတိသျှနိုင်ငံ အစိုးရတို့ ချုပ်ဆိုသော ဤကာကွယ်ရေး သဘောတူညီချက်ကို နှစ်တိုင်း နှစ်နိုင်ငံတို့သည် လွတ်လပ်စွာ ချုပ်ဆိုပြီးစီးသည်။ ဤသဘောတူညီချက်သည် မြန်မာနိုင်ငံအစိုးရနှင့် ဗြိတိသျှနိုင်ငံအစိုးရတို့ နောင်အခါတွင် ဖွဲ့နိုင်ကြမည် ဖြစ်သော စစ်မှုမဟာမိတ်ဖြစ်ရေးကို မထိခိုက်ချေ။ ဤသဘောတူညီချက်ကို အာဏာလွှဲပြောင်းရေး စာချုပ်နှင့် ဆက်စပ်ကာ စေ့စပ်ချုပ်ဆိုပြီး ဖြစ်သည်။ စာချုပ် ချုပ်ဆိုသူတို့၏ ပြည်ထောင်အချင်းချင်း ဝတ္တရားများနှင့်၎င်း၊အငြင်းဖြစ်မှု ဖြေရှင်းရေးနှင့်၎င်း၊ အလားတူ အမှုကိစ္စများနှင့်၎င်း၊ စပ်လျဉ်းသော အာဏာလွှဲပြောင်းရေး စာချုပ်ရှိ ပြဌာန်းချက်များသည် ထိုစာချုပ်ပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ဤသဘောတူညီချက်နှင့် သက်ဆိုင်လိမ့်မည်။


● ဗြိတိသျှစစ်တပ်များ ထွက်ခွာရေး
၂။ ဤသဘောတူညီချက်ရှိ ပြဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ဗြိတိသျှနိုင်ငံ အစိုးရသည် ဗြိတိသျှနိုင်ငံ အစိုးရ စစ်တပ်များကို မြန်မာနိုင်ငံသို့ အာဏာလွှဲပြောင်းပေးပြီးသည်နှင့် တစ်ပြိုင်နက် လျင်မြန်နိုင်သမျှ လျင်မြန်စွာ မြန်မာနိုင်ငံမှ ရွှေ့ယူ ထွက်ခွာစေလိမ့်မည်။ ထိုသို့အပြီးတိုင် ရွှေ့ယူထွက်ခွာစေမှုအတွက် လိုအပ်သော စပ်ကြား အချိန်ကာလ အပိုင်းအခြားနှင့် စပ်လျဉ်း၍ နှစ်တိုင်း နှစ်နိုင်ငံ အစိုးရတို့လည်း သင့်မြတ်အောင် စေ့စပ်စီမံလိမ့်မည်။ ဗြိတိသျှနိုင်ငံ အစိုးရစစ်တပ်များကို မြန်မာနိုင်ငံမှ ရွှေ့ယူထွက်ခွာစေရာ၌ မြန်မာနိုင်ငံအစိုးရသည် ဘုရင်မင်းမြတ်၏ စစ်တပ်များအား တတ်နိုင်သမျှ ကူညီကာကွယ်စောင့်ရှောက်ရန် သဘောတူသည်။


● ဗြိတိသျှနိုင်ငံအစိုးရ၏ ငွေကြေးဆိုင်ရာ ခွင့်ပြုချက်များ


၃။ ဗြိတိသျှနိုင်ငံအစိုးရသည် -


(က) ၁၉၄၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံအတွက် ကုန်ကျခဲ့သော ကာကွယ်ရေး စရိတ်များနှင့် စပ်လျဉ်း၍ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်က ဘဏ္ဍာရေးနှင့် အခွန်တော်ဌာနသို့ ပေးပို့သော စာအရ မြန်မာနိုင်ငံအစိုးရထံမှ တောင်းဆိုအပ်သော ငွေများကို စွန့်လွှတ်ရန် သဘောတူသည်။


(ခ) သဘောတူခဲ့သော အဆင့်အတန်းထိ မြန်မာနိုင်ငံ၏ စစ်တပ်များအား ကနဦး စစ်အသုံးအဆောင်များကို လွှဲပြောင်းပေးသည့်အတွက် စရိတ်များကို မတောင်းမဆိုရန် သဘောတူသည်။


(ဂ) သဘောတူခဲ့သော အဆင့်အတန်းအထိ မြန်မာနိုင်ငံ စစ်တပ်များအား ကနဦး စစ်အသုံးအဆောင်များကို လွှဲပြောင်းပေးသည့်အတွက် စရိတ်များကို မတောင်းမဆိုရန် သဘောတူသည်။


(ဃ) အာဏာလွှဲပြောင်းသည့် နေ့ရက်တွင် စစ်တပ်များနှင့် ဘုရင့်လေတပ်တို့၏ မြန်မာနိုင်ငံ၌ ကျန်ရှိရစ်မည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို မြန်မာနိုင်ငံအစိုးရအား အခမဲ့ လွှဲပြောင်းပေးရန် သဘောတူသည်။


သို့ရာတွင်အထက်ပါ (ခ) (ဂ) (ဃ) အပိုဒ်များတွင် ဖော်ပြခဲ့သော လွှဲပြောင်းပေးသည့် ပစ္စည်းများတွင် ချေးဌားရေးဆိုင်ရာ ပစ္စည်းများ မပါချေ။


●ဗြိတိသျှနိုင်ငံ အမှုထမ်း မစ်ရှင်အဖွဲ့များ


၎။ မြန်မာနိုင်ငံ အစိုးရ၏ ဆန္ဒနှင့်အညီ ဗြိတိသျှနိုင်ငံ အစိုးရသည် -


(၁) ရေတပ်၊ ကုန်းတပ်၊ လေတပ်ဆိုင်ရာ မစ်ရှင်အဖွဲ့တစ်ခုကို မြန်မာနိုင်ငံ၌ ထားရှိရန် သဘောတူသည်။


(၂) အပျော်အမှုထမ်းများကို ရရှိပါက ထိုမစ်ရှင်အဖွဲ့တွင် မြန်မာနိုင်ငံ တပ်ဖွဲ့များအတွက် ပညာသင်ပေးသော ရာထမ် မှုထမ်းများနှင့် အခြား ရာထမ်း မှုထမ်းများကို ပါဝင်စေရန် သဘောတူသည်။


(၃) မြန်မာနိုင်ငံတပ်ဖွဲ့များ၏ ရာထမ်း မှုထမ်းများအတွက် ဗြိတိသျှနိုင်ငံရှိ ဘုရင်မင်းမြတ်၏ ဌာနများတွင် စစ်ပညာသင်ယူနိုင်သော အခွင့်အရေးများကို ထားရှိရန် သဘောတူသည်။


မစ်ရှင်အဖွဲ့ ဖွဲ့စည်းပုံနှင့် တာဝန်များ ၊ စစ်ပညာသင်ပေးသောရာထမ်း အမှုထမ်းနှင့် အခြား ရာထမ်း မှုထမ်းများ ဖွဲ့စည်းပုံနှင့် တာဝန်များ၊ ဗြိတိသျှနိုင်ငံ ရာထမ်း အမှုထမ်းများ၏ ရာထူးအလုပ်ဆိုင်ရာ စည်းကမ်းချက်များ၊ ထို့ပြင် စစ်ပညာသင်ယူနိုင်သော အခွင့်အရေး အသေးစိတ်ကိစ္စများနှင့် စပ်လျဉ်း၍ နှစ်တိုင်း နှစ်နိုင်ငံ အစိုးရတို့သည် တသီးတခြား စေ့စပ် ပြောဆိုကြရလိမ့်မည်။


ဤသဘောတူညီချက် ဖြစ်ပေါ်လာအောင် ဖန်တီးကြသော အကြောင်းခြင်းရာ ကိစ္စတို့ကို ချောမောနိုင်စေရန် အထူးစီမံချက် အဖြစ်ဖြင့် ဗြိတိသျှနိုင်ငံ အစိုးရသည် အထက်ပါ အပိုဒ်ခွဲ ၂ အရ ဆိုထားသည့် စစ်ပညာသင်ပေးသော ရာထမ်း မှုထမ်းများ မပါဝင်သော မစ်ရှင်အဖွဲ့အတွက် ကုန်ကျသည့် စရိတ်ကို မတောင်းမဆို စွန့်လွှတ်ရန် အသင့်ဖြစ်သည်။ ဗြိတိသျှနိုင်ငံ အစိုးရသို့ ပေးသွင်းရန်ရှိသော ငွေများနှင့် ပင်ရှင်များ၊ ဆုငွေများမှတစ်ပါး မြန်မာနိုင်ငံ စစ်တပ်များ၏ အကျိုးဌာ အမှုထမ်းရွက်ကြသော စစ်ပညာသင်ပေးသည့် ရာထမ်း မှုထမ်း နှင့် အခြား ရာထမ်း မှုထမ်းများအတွက် ကုန်ကျသော စရိတ်ကို မြန်မာနိုင်ငံအစိုးရက ကျခံရလိမ့်မည်။


● ရေတပ်ဆိုင်ရာ
၅။ ဗြိတိသျှနိုင်ငံအစိုးရသည် မြန်မာနိုင်ငံအစိုးရအား ဤသဘောတူညီချက်ရှိ နောက်ဆက်တွဲ၌ ဖော်ပြထားသော ရေတပ်ဆိုင်ရာ သင်္ဘောများကို အခမဲ့ လွှဲပြောင်းပေးရန် သဘောတူသည်။


လေကြောင်းဆိုင်ရာ အထောက်အပံ့များ


၆။ ဤသဘောတူညီချက်ရှိ ပြဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ဗြိတိသျှနိုင်ငံ အစိုးရသည် -


(က) နှစ်တိုင်း နှစ်နိုင်ငံ အစိုးရတို့ သဘောတူညီသော မင်္ဂလာဒုံ လေယာဉ်ပျံကွင်း ထားရှိရေး စရိတ်၏ တစ်စိတ်တစ်ဒေကို ပေးဝေရန် သဘောတူသည်။ ထိုစရိတ်တွင် ကျွမ်းကျင်လိမ္မာမှုဆိုင်ရာ ရာထမ်း မှုထမ်းများအတွက် စရိတ် ပါဝင်သည်။


(ခ) မြန်မာနိုင်ငံ အစိုးရအား မိမိကိုယ်တိုင် တာဝန်ယူ၍ ဆောင်ရွက်နိုင်စေရန် အချိန်ပေးအပ်သော တစ်နှစ်ထက် မပိုသည့်ကာလ အပိုင်းအခြားအတွက် အစိုးရနှစ်ခုတို့ သဘောတူသော သင့်လျော်သည့် အဆင့်အတန်းများနှင့်အညီ မင်္ဂလာဒုံ လေယာဉ်ပျံကွင်းကို ထားရှိနိုင်ရန်နှင့် အသုံးပြုနိုင်ရန် အလို့ငှာ လိုအပ်သော ကျွမ်းကျင်လိမ္မာမှုဆိုင်ရာ ရာထမ်း မှုထမ်းများကို ပေးအပ်ရန် သဘောတူသည်။


(ဂ) အစိုးရနှစ်ခုတို့ သဘောတူညီသော အဆင့်အတန်းများနှင့်အညီ စစ်တွေနှင့် မြိတ်မြို့များတွင် လေယာဉ်ပျံကွင်းများ ထားရှိနိုင်ရန် ငွေငေါင်း ၄ဝဝဝဝ အထက် မပိုသော ငွေကို နှစ်စဉ်နှစ်တိုင်း သုံးနှစ်ကာလ အပိုင်းအခြားအတွက် ပေးရန် သဘောတူည်။


● စစ်ပစ္စည်း ထောက်ပံ့ရေး
၇။ ဤသဘောတူညီချက်ကို ချုပ်ဆိုပြီးစီးသောကြောင့် ထင်ရှားလာသော နှစ်ပြည်ထောင် ချစ်ခင်ရင်းနှီးမှုကို ထောက်ထားငဲ့ညှာသော သဘောဖြင့် ဗြိတိသျှနိုင်ငံအစိုးရသည် မြန်မာနိုင်ငံ အစိုးရက စစ်ပ္စည်းများ ၀ယ်ယူသောအခါတွင် လျော်ကန်သင့်မြတ်သော အခွင့်အရေးများကို ပေးရန် သဘောတူသည်။


● မြန်မာနိုင်ငံအစိုးရ ဆောင်ရွက်အပ်သော တာဝန်များ -
(က) ဗြိတိသျှနိုင်ငံ အစိုးရက လွှတ်သော ရေတပ်၊ ကုန်းတပ်၊ လေတပ်ဆိုင်ရာ မစ်ရှင်အဖွဲ့ကို လက်ခံရန် သဘောတူသည်။ ဗြိတိသျှ အကျိုးတူ နိုင်ငံစု အပြင်အပရှိ အစိုးရများထံမှ စေလွှတ်သော မစ်ရှင်အဖွဲ့ကိုများကို လက်မခံရ။


(ခ) ဘုရင်မင်းမြတ်၏ ရေတပ်နှင့် မြန်မာနိုင်ငံအစိုးရ ရေတပ်တို့ ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံမှု ရှိသည်ကို ငဲ့ညှာသော သဘောဖြင့်၎င်း၊ မိတ်ဆွေနိုင်ငံများနှင့် ဆက်ဆံရာတွင် ပြုမူလိုက်နာအပ်သော စစ်မက်ငြိမ်းချမ်းဆဲ ထုံးစံများနှင့် လျော်ညီစွာ၎င်း၊ ဤစာချုပ်ကို ချုပ်ဆိုကြသော နှစ်တိုင်းနှစ်နိုင်ငံ၏ ရေတပ်ဆိုင်ရာ အာဏာပိုင်အချင်းချင်း တိုက်ရိုက်ဆက်ဆံ အကြောင်းရုံမျှဖြင့် တစ်ဦး၏ ဆိပ်ကမ်းသို့ တစ်ဦး ၀င်ရောက်နိုင်သော အခွင့်အရေး ရှိရမည်ဟု သဘောတူသည်။


(ဂ) ဗြိတိသျှနိုင်ငံ အစိုးရ လေတပ်နှင့် မြန်မာနိုင်ငံ အစိုးရလေတပ်တို့ ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံမှုကို ရှေးရှုငဲ့ညှာသော သဘောဖြင့်၎င်း၊ မိတ်ဆွေနိုင်ငံများနှင့် ဆက်ဆံရာတွင် ပြုမူလိုက်နာအပ်သော စစ်မက်ငြိမ်းချမ်းဆဲ ထုံးစံများနှင့် လျော်ညီစွာ၎င်း၊ ဤစာချုပ်ကို ချုပ်ဆိုကြသော နှစ်တိုင်း နှစ်နိုင်ငံ၏ စစ်လေယာဉ်ပျံများတွင် လေတပ်ဆိုင်ရာ အာဏာပိုင်အချင်းချင်း တိုက်ရိုက်ဆက်ဆံ အကြောင်းကြားရုံမျှဖြင့် တစ်ဦး၏နယ်မြေအပေါ်သို့ တစ်ဦးပျံသန်းသွားလာနိုင်သော အခွင့်အရေးမျိုး ရှိရမည်ဟု သဘောတူသည်။ ထို့ပြင် အချက် ၆ ၌ ပြညွှန်ထားသော သဘောတူချက်များလည်း ပါဝင်သည့် အစိုးရ နှစ်ခုတို့၏ သဘောတူချက်ဖြင့် အခါကာလ အားလျော်စွာ ပြဋ္ဌာန်းသတ်မှတ်အပ်သော လေယာဉ်ပျံကွင်းတွင် စခန်းချ ရပ်နားနိုင်သော အခွင့်အရေးများ ရှိရမည်ဟုလည်း သဘောတူသည်။


(ဃ) မြန်မာနိုင်ငံ အစိုးရ၏ သဘောတူမှုဖြင့် မြန်မာနိုင်ငံသို့ အထောက်အပံ့ အကူအညီ ယူဆောင်လာသော ဘုရင်မင်းမြတ်၏ စစ်တပ်များအား သို့တည်းမဟုတ် မြန်မာနိုင်ငံအစိုးရ၏ သဘောတူမှုဖြင့်၎င်း၊ ဗြိတိသျှ အကျိုးတူနိုင်ငံစု အပါအ၀င် သက်ဆိုင်ရာ နိုင်ငံသို့ အထောက်အပံ့ အကူအညီ ယူဆောင်လာသော ဘုရင်မင်းမြတ်၏ စစ်တပ်များအား သင့်မြတ်လျော်ကန်သော ကူညီမှုကို ပေးမည်ဟု သဘောတူသည်။ ထိုတူညီမှုတွင် မြန်မာနိုင်ငံသို့ လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်းတို့ဖြင့် ချဉ်းကပ်နိုင်သော ၀င်ရောက်နိုင်သော အခွင့်အရေးများ ပါဝင်သည်။


● နောက်ထပ်စေ့စပ်ခြင်းများ
၉။ ကာကွယ်ရေးဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ အစိုးရအချင်းချင်း နောက်ထပ် စေ့စပ်ခြင်းမပြုရ ဟု ဤသဘောတူညီချက်က မတားမြစ်ရ။ သို့ရာတွင် စေ့စပ်ချက်များသည် နှစ်ဦးနှစ်ဖက်၏ သဘောတူမှုကို မရရှိလျှင် ဤသဘောတူညီချက်အရ နှစ်ဦးနှစ်ဖက်တို့ ပြုအပ်သော ၀တ္တရားများကို မထိခိုက်စေရ။


● ကာလအပိုင်းအခြား
၁၀။ ဤသဘောတူညီချက်ရှိ ပြဋ္ဌာန်းချက်များသည် အစကနဦးတွင် အာဏာလွှဲပြောင်းပေးပြီးနောက် သုံးနှစ်ခန့် အတည်ဖြစ်နေရမည်။ သုံးနှစ် ကုန်လွန်ပြီးသောအခါ၌မူကား တစ်ဦးဦးက တဆဲ့နှစ်လ ကြိုတင် အကြောင်းမကြားမခြင်း အတည်ဖြစ်နေရမည်။


ဗိုလ်လက်ျာ       ဂျွန်ဒဗလျူဖရီးမင်း


၁၉၄၇ ခု၊ သြဂုတ်လ ၂၉ ရက် ။        ၁၉၄၇ ခု၊ သြဂုတ်လ ၂၉ ရက်။



ထို့ နောက် ၁၉၅၄ ဇန်နဝါရီလ ၅ ရက်နေ့ တွင်လက်ျာ-ဖရီးမင်း  စာချုပ်သက်တမ်း ကုန်ဆုံး၍ ရန်ကုန်မြို့ရှိဗြိတိသျှစစ်မစ်ရှင်အဖွဲ့ သည်ထမ်းဆောင်လျက်ရှိသောတာဝန်များကိုရပ်ဆိုင်းလိုက်လေသည်။ ဤသို့  ဖြင့်လက်ျာ-ဖရီးမင်းစာချုပ်သည်လည်းပျက်သုဉ်းသွားလေသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...