Wednesday, October 2, 2013

အင်ဖက်ခေါင်မိုးအောက်က ဝိုးတဝါးအိပ်မက်များ (၄)

October 1, 2013 at 6:29pm
  


နယ်စပ်မြို့လေးမှာ
မြဝတီကနေ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကို ဖြတ်ကျော်လာပြီး တဖက်ကမ်းကို ရောက်သည်နှင့် မျက်စိ ပသာဒ အမြင်ပြောင်းသွားသလို ခံစားလိုက်ရသည်။ သောင်းရင်းမြစ် ကမ်းနဖူးမှာ တည်ရှိနေတာချင်း အတူတူ ဖြစ်ပေမဲ့ မြစ်၏ သည်ဘက်ကမ်းနှင့် ဟိုမှာဘက်ကမ်း အသွေးအရောင် အဆင်အပြင်တွေ ခြားနားနေသည်။
ကတ္တရာ  လမ်းမချင်း၊ တိုက်တာအိမ်ခြေ အဆောက်အဦချင်း ယှဉ်လို့မရအောင် ကွာခြားလှသည်။ ပြောရလျှင် လူဝင်လူထွက် စစ်ဆေးရာ လူဝင်မှုကြီးကြပ်ရေး ဂိတ်မှ အစပြုရမည်။

တသက်တာလုံး ခြံလှောင်ထားခြင်းခံရသော ငှက်တကောင် လွတ်မြောက်လာသည့်နှယ် ယခုမှ ပထမဆုံး အကြိမ်အဖြစ် မိမိနိုင်ငံ နယ်နိမိတ် ခြံစည်းရိုးကို ကျော်နင်းထွက်ခွာလာရခြင်း ဖြစ်သဖြင့် မြင်မြင်သမျှ ဆန်းပြား တာတွေချည်း ဖြစ်နေတာဟုလည်း ပြောနိုင်သည်။ နယ်နိမိတ်ချင်းထိစပ်နေသော နိုင်ငံနှစ်ခု၏ တိုးတက်ဖွံ့ဖြိုးမှု ကွာဟနေခြင်းနှင့် လူတွေနေထိုင်စားသောက်ပုံချင်း ခြားနားနေသောမြင်ကွင်းကြောင့် မိမိတိုင်းပြည်မှ သွေးချင်း ပြည်သူတွေအတွက် ရင်ထဲဆို့နင့်အောင် ခံစားလိုက်ရသည်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးမှ ထုတ်ပေးလိုက်သော သွားလာလည်ပတ်ခွင့် မှာ တနေ့တာသာ အကျုံးဝင် အာမခံချက်ရှိပြီး မဲဆောက်ရောက်သည့်နေ့ ညနေ ၆ နာရီမှာပင် သက်တမ်းကုန်ဆုံးသွားသည်။ ထိုအချိန်မှစ၍ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သူ ဖြစ်သွားလေတော့သည်။ ထို့ကြောင့် ရောက်ရှိတည်းခို နေထိုင်သော အိမ်မှာပင် နေ့နေ့ညည အချိန်ကုန်နေရ၏။ တခုတော်သေးသည်က ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံ မှာကဲ့သို့ ဧည့်စာရင်းတိုင်ကြားရသော ကိစ္စတခု ကင်းလွတ်နေခြင်းပင်။ ထိုင်းပုလိပ်များမှာ မြို့အနှံ့ ရပ်ကွက်များ၊ လမ်းကြိုလမ်းကြားများအထိ အမြဲလိုလို   ပတ္တရောင်လှည့်နေလေ့ ရှိသော်လည်း မြန်မာနိုင်ငံသားများ နေထိုင် ရာ အိမ်ပေါက်စေ့ လိုက်လံ၍ တံခါးခေါက် စစ်ဆေးရိုးထုံးစံမရှိ။ မသင်္ကာစရာ လှုပ်ရှားမှု (သို့) သတင်းရသည့် အခါများတွင်သာ ရှောင်တခင် ဝင်ရောက်စစ်မေးတာမျိုးရှိသည်။ လမ်းပေါ်မှာတွေ့လျှင်တော့ အမှတ်မထင် စစ်ဆေးမေးမြန်းတာ ခံရတတ်သည်။  

သူတို့က မည်သို့ပင် အမှုမထားသည်ဖြစ်စေ ကာယကံရှင်အဖို့က ပုလိပ်မြင်လျှင် ရင်တုန်ရစမြဲ။ တခါတရံ အိမ်ရှေ့ဝရံတာမှာ ထိုင်နေစဉ်ဖြစ်စေ၊ စာဖတ်နေစဉ်ဖြစ်စေ ပုလိပ်ကား/ဆိုင်ကယ် ဖြတ်သွားတာ တွေ့လိုက် လျှင် ချက်ချင်းကိုယ်ယောင်ဖျောက်ကာ အိမ်တွင်းဝင်းပုန်းနေတတ်၏။ အကယ်၍များ အဖမ်းခံရလျှင် ဟူသော အတွေးက အမြဲတစေ လူကိုခြောက်လှန့်နေသည်။ ထိုင်းနိုင်ငံကို မရောက်ဖူးခင်က သိခဲ့ကြားခဲ့ရသော သတင်း စကားများအရလည်း စိုးရိမ်စိတ်ပိုနေခဲ့ခြင်း ဖြစ်ပေမည်။ ဘာပဲဖြစ်ဖြစ် မိမိလုံခြုံရေးအတွက် သတိနှင့်ဝိရိယ ပိုသည်မရှိဟုသာ မှတ်ယူနေထိုင်ဖြစ်ခဲ့သည်။ ရောက်ပြီးနောက် ရက်ပေါင်းအတော်ကြာမှသာ ဟိုနားဒီနား ပုန်းလျှိုးကွယ်လျှိုးဖြင့် သွားလာမိသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၊ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ရုံးမှ ထုတ်ပေးထားသော Register ဖြတ်ပိုင်းကလေး လက်ဝယ်ရှိထားလျှင်တော့ ပုလိပ်နှင့်တွေ့လျှင် အတန်အသင့် ဖြေရှင်းနိုင်ကြောင်း သိရသည်။

မဲဆောက်တွင် အနေကြာပြီး လှုပ်ရှားသွားလာလုပ်ကိုင်နေသူ အများစုမှာတော့ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (သို့) ပေါက်ရောက်သူ တဦးဦး၏ အဆက်အသွယ်ဖြင့် ရရှိထားသော ထိုင်းထောက်လှမ်းရေးမှ အသိအမှတ်ပြု လက်မှတ်များဖြင့် အဆင်ပြေနေကြတာတွေ့ရသည်။

သို့သော် ကိုမိုးသောက် မဲဆောက်သို့ ရောက်ရှိလာချိန်မှာ ယခင်ကလို UNHCR တွင် ဒုက္ခသည်အဖြစ်   လျှောက်ထားခွင့် လွယ်လွယ် ကူကူ မရရှိတော့ဘဲ အကန့်အသတ် လုပ်ထားချိန်ဖြစ်သည်။ မိတ်ဆွေတချို့ ကူညီစုံစမ်းပေးချက်အရ မဲဆောက်အခြေပြု အဖွဲ့အစည်း တခုခုမှ ထောက်ခံချက်ရရှိထားရန် လိုအပ်ကြောင်း သိရပြန်သည်။ သို့နှင့် ပြည်တွင်းတွင် မိမိပတ်သက်ဖူးသော အဖွဲ့တခုမှ ထောက်ခံချက်ရယူဖို့ ချဉ်းကပ်ရသည်။ မဲဆောက်မှာ ရှိနေသူ တွေနှင့် ရင်းနှီးခံရှိမထားတော့ တကူးတက မိတ်ဆက်ပြောပြရသည်။  သူတို့ လူကြီး လက်မှတ်တခါထိုး ဖို့ကလည်း သိပ်တော့မလွယ်။ စိတ်ရှည်သည်းခံ စောင့်ခဲ့ရသည်။

သည်လိုနှင့် ၁၀ ရက်ခန့် အချိန်ကြာညောင်းပြီးသောအခါ ထောက်ခံချက်ရလာသဖြင့် UNHCR ရုံးရှိရာကို သွားရောက်ခဲ့ပြီး လျှောက်ထားတော့ ရုံး အကြီးအကဲ၏လက်ထောက် အင်္ဂလိပ်ကပြား လူကြီးတဦးမှ လိုအပ်သည်တို့ကို စစ်ဆေး မေးမြန်းပြီး သူ၏အထက်အရာရှိထံ ဝင်ရောက်အစီရင်ခံသည်။ ခဏအကြာ ရုံးခန်းထဲမှ သူပြန်ထွက်လာတော့ ကိုမိုးသောက်ကို အနားသို့ခေါ်ယူကာ လိုအပ်သောအချက်အလက်များ မေးမြန်းဖြည့်သွင်းပြီး UNHCR ရုံးတံဆိပ်နှင့် အကြီးအကဲ လက်မှတ်ပါ  A4 စာရွက်တဝက်ခန့် ဖြတ်ပိုင်းလေး ထုတ်ပေးလိုက်သည်။ ထိုနေ့က ပျော်လိုက်သည့်ဖြစ်ခြင်း။


အပြန်လမ်းမှာ အဖော်လိုက်ပါလာသူနှင့်အတူ မဲဆောက်ဈေးအတွင်းရှိ လက်ဖက်ရည်ဆိုင်တွင် တဝကြီး ထိုင်ပစ်လိုက်၏။ ဈေးထောင့်တနေ့ရာမှာ ဆိုင်ကယ်တစီးနှင့် ပုလိပ် ၂ ယောက်ရှိနေတာကို သိသော်လည်း အရင်ကလောက် မတုန်လှုပ်တော့။ UNHCR ၏ မေတ္တာရိပ်ကို ပထမဦးဆုံးအကြိမ် ခိုလှုံခွင့်ရရှိလိုက်ခြင်း ဖြစ်သည်။

ထိုကဲ့သို့ UNHCR ရုံးမှ ထုတ်ပေးထားသော ဖြတ်ပိုင်းစာရွက် လက်ဝယ်ရှိသူတဦးအနေဖြင့် အီးယူ၊ အမေရိက၊ သြစတေလျ ကဲ့သို့သော တတိယနိုင်ငံတခုခုတွင် ပြန်လည်အခြေချနေထိုင်ခွင့်ရရှိသည်အထိ ကံဇာတာမြင့်နိုင် ကြောင်း သိရသော်လည်း ထိုအချိန်က UNHCR ၏ ဒုက္ခသည်ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်မှာ တုံ့ဆိုင်း နှေးကွေးနေပြီး မသေချာမရေရာ မှုန်ဝါးဝါး ဖြစ်နေချိန်ဖြစ်သည်။ ထို့အပြင် UNHCR ရုံး ခိုလှုံခွင့် လာရောက် လျှောက်ထားသူများအား ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်းလုပ်ငန်းစဉ်တွင် ထိုင်းပြည်ထဲရေးဌာနမှ ဝင်ရောက်စွက်ဖက်မှု ရှိလာသည်။ ယခင်က ထိုလုပ်ငန်းစဉ်အားလုံး UNHCR လုပ်ကိုင်ခွင့်ဘောင် အတွင်းမှာပင် ရှိကြောင်းသိရသည်။  


တန်ဆောင်မုန်းလပြည့်နေ့ညမှာ အနီးအနားမှ မိတ်ဆွေများစုပေါင်း၍ ချစ်ကြည်ရေးတံတားထိပ်တွင် ကျင်းပ ပြုလုပ်သော တန်ဆောင်တိုင် မီးထွန်းပွဲ (ထိုင်းအခေါ် လွယ်ကထုံပွဲ) သို့ သွားရောက် ကြည့်ရှုဖြစ်ခဲ့သည်။ စာသင်ကျောင်းတခုမှ ကျောင်းကြို/ပို့ ကားတစီးကို ငှားကာ ထွက်လာခဲ့ကြသည်။ ကမ်းနားရောက်တော့ မီးထွန်းပွဲတော် စည်စည်ကားကား ကျင်းပနေတာ တွေ့ရသည်။ နေ့အချိန်လို ထိန်လင်းနေသော လျှပ်စစ် မီးရောင်အောက်မှာ အစားအသောက် အရောင်းဆိုင်တွေ ကစားပွဲတွေ အတော်စုံစုံလင်လင် ရှိသည်။ စိန်ခေါ်လက်ဝှေ့ပွဲလည်း ရှိသည်။ တံတားထိပ် ကွက်လပ်မှာ မီးရှူး မီးပန်း ပစ်လွှတ်သူတွေနှင့် စည်ကားနေ၏။ အားလုံးက လွတ်လပ် ပေါ့ပါးစွာ ပျော်ရွှင်နေကြသည်။ ကလေးငယ်တွေ မြူးထူးခုန်ပေါက် ကစားနေကြသည်။

သူတို့ မီးရှူးမီးပန်း ပစ်လွှတ်တာကို ရပ်ကြည့်နေရင်း အမိမြန်မာပြည်ကမ်းဘက်သို့ မျက်စိ အကြည့် ရောက်သွား သောအခါ စောစောတုန်းက သူတို့နှင့်အတူ ရောနှောပျော်ရွှင်နေသည့် စိတ်များ ချက်ချင်းဆိုသလို ပျောက်ကွယ် သွားခဲ့ရ၏။ ကြည့်ပါအုံး …။ သောင်ရင်းမြစ် ဟိုတဖက်ခြမ်း မြစ်ကမ်းပေါ်မှာ မီးပုံးလေးတွေ ဖယောင်းတိုင် လေးတွေ ကိုယ်စီကိုင်ကာ ထိုင်းနိုင်ငံဘက်ခြမ်းမှ ပစ်လွှတ်နေသော မီးရှူးမီးပန်း အလှကို ငေးမောနေသည့် လူအုပ်ကြီးက မနည်းမနော။ လူကြီး လူလတ် လူငယ် ကလေး အရွယ်စုံတွေ။ သူတို့နောက်ကျောပေးထားသည့် မြဝတီမြို့က မှိန်ပျပျ ခရမ်းချဉ်သီးရောင် လျှပ်စစ်မီးအလင်းအောက်မှာ ငြိမ်သက်လျက်။ ဒီဘက်က မီးရှူး မီးပန်း လှလှ တကြိမ်ပစ်လိုက်တိုင်း “ဟေးးးးးး” ဟု အော်ဟစ် အားပေးသံကြီးမှာ ဟိုဘက်ကမ်းက ထွက်ပေါ်လာတာ ဖြစ်သည်။ ရင်ထဲမှာ နင့်နေအောင် ခံစားလိုက်ရသည်။

နောက်တကြိမ် ရင်နင့်စရာအဖြစ်ကို မဲဆောက်မြို့ တရုတ်ဘုံကျောင်းမှာနှစ်စဉ်ပြုလုပ်သည့် သြဂုတ်လ (၁၂) ရက်နေ့တွင်ကျရောက်သော ထိုင်းဘုရင်မ မွေးနေ့နှင့် တရုတ်နှစ်သစ်ကူး အလှူပွဲမှာ ထပ်မံမြင်တွေ့ရပြန်သည်။ ဆန်နှင့် ငါးသေတ္တာ၊ မာမားခေါက်ဆွဲ၊ အချိုရည် စသည့် စားသောက်ဖွယ်ရာအချို့စုပေါင်းထုပ်ပိုးထားသော အထုပ်ငယ် လေးများကို ဝေငှပေးခြင်းဖြစ်သည်။ ဘုံကျောင်းရှေ့တွင် လက်ဆောင်ပစ္စည်း ရရှိဖို့ တန်းစီ စောင့်ဆိုင်းနေသော မြန်မာ နိုင်ငံသား လူအုပ်ကြီးမှာ ရှုမျှော်မဆုံး ဖြစ်နေသည်။ မြဝတီဘက်ကမ်းမှ ထမင်းထုပ်လေးဆွဲကာ လာရောက် တန်းစီသူတွေ အများကြီး တွေ့ရသည်။ ထိုနေ့မျိုးတွင် ထိုင်းပုလိပ်က အလိုက်တသိ အဖမ်းအဆီး မလုပ်ဘဲ ကင်းလွတ်ခွင့် ပြုထားတတ် သော်လည်း အစားအသောက်ပေးဝေရာမှာ ငြိမ်သက်မှုမရှိ တန်းစီတာ ပုံမကျဟုအထင်ခံရလျှင် အလှူပွဲတွင်  ကြီးကြပ်ပေးဖို့ ခေါ်ထားသော သော အစောင့်အကြပ်များ၏ ခြိမ်းခြောက် ဟိန်းဟောက်မှု တခါတလေ ရိုက်နှက်မှုများကိုခံကြရတာ မြင်ရတော့ စိတ်ရိုင်းများပူးဝင်လာသလို အသားဆတ်ဆတ်တုန်မိသည်။

အနေနီး ရေမြေတစပ်တည်း ဖြစ်သော်လည်း အခြေအနေချင်း ကွာခြားနေသော မြို့နှစ်မြို့၏ လူနေမှုအဆင့် အတန်းချင်း သိသာလှသည်။ မြဝတီမှ မဲဆောက်သို့ နေ့ချင်းပြန် အလုပ်ဆင်းသူတွေ များစွာရှိသည်။ မြန်မာပြည်ဘက်ခြမ်းမှ ဒေသထွက် အသီးအနှံများကို မဲဆောက် ဈေးထဲတွင် လာရောင်းသည့် ပျံကျဈေးသည် တွေလည်း တွေ့ရ၏။ သူတို့ခမျာ ရန်ကုန်မြို့မှ ပလက်ဖောင်းဈေးသည်များ ကဲ့သို့ပင် ထိုင်းပုလိပ်ရန်ကို ကျီးကန်း တောင်းမှောက် သတိထားရှောင်တိမ်းရင်း ရောင်းချကြရသည်။ ထိုင်းပုလိပ်များကလည်း မြန်မာပြည်တွင် နာမည်ကြီးသော စည်ပင်ရဲနှင့်မခြား လမ်းဘေးဈေးသည် ဖမ်းမိလျှင် လမ်းစရိတ်လောက်သာချန်ပြီး တွေ့သမျှ ပိုက်ဆံ အကုန်သိမ်းယူတတ်သည်။

နောက်ပိုင်း မဲဆောက်မြို့တွင် ကာလကြာရှည် နေထိုင်လာသူတချို့နှင့် စကားစပ်မိသဖြင့် စပ်စုမေးမြန်းကြည့် ရာ မဲဆောက်မြို့ ဖွံ့ဖြိုးတိုးတက်လာသည်မှာ သိပ်မကြာသေးကြောင်းနှင့် ၁၉၉၀ လောက်က မဲဆောက်မြို့မှာ သာမန်ရွာကြီး တရွာလောက်အနေအထားသာ ရှိခဲ့ကြောင်း သိခဲ့ရသည်။ ထို့နောက်ပိုင်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာနေသော နယ်စပ်မြို့လေးမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေ ခြေချင်းလိမ်အောင် များပြားလာ တော့သည်ဟု ဆိုသည်။ ထိုင်းအလုပ်ရှင်တွေထဲမှာ စိတ်ကောင်းစေတနာရှိသူတွေပါသလို တနပ်စား တပတ်ရိုက်သူတွေလည်း ရှိသည်မို့ မြန်မာအလုပ်သမားတို့ဘဝမှာ မကြာခဏဆိုသလို ထိခိုက်နစ်မှုတွေ ကြုံကြရသည်။ ထိုအချိန်က ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားအများစုမှာ တိုင်းပြည်မှ ခိုးချောင်ခိုးဝှက်ထွက်လာခဲ့ကြရပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ရောက်ရှိ အလုပ် လုပ်ကိုင်နေကြရကာ ဘဝအာမခံချက်နည်းပါးခဲ့သဖြင့်လည်း ထိုင်းလုပ်ငန်းရှင် များနှင့် လူပွဲစားတို့ ထင်တိုင်းခြယ်လှယ်ရန် ပိုမို အခွင့်သာ သလိုဖြစ်နေခဲ့၏။

အလုပ်ပါမစ်မရှိသူများထဲတွင် ကိုမိုးသောက်လည်း တဦးအပါအဝင်ဖြစ်ရာ မိသားစု စားရေးနေရေးအတွက် အလုပ်တခု မဖြစ်မနေ ရှာဖွေလုပ်ကိုင်မှာ ခက်ခဲမှုတွေကြုံခဲ့ရသည်။ သူ့အတွက် အလွယ်ကူဆုံးနှင့် အံဝင်ဂွင်ကျ ဖြစ်သည့် အလုပ်က ပန်းရံအလုပ်ကြမ်းသမား ဘဝဖြစ်သည်။ အုတ်ခဲသယ်၊ မဆလာသယ်ရသော အလုပ်လုပ်ဖို့ ကျွမ်းကျင်မှု တစုံတရာမလို၊ အပင်ပန်းခံနိုင်ဖို့သာ အရေးကြီးသည်။ ရှိုးစမိုးအပြည့်ဝတ်ဆင်ကာ ပတ္တယောင် လှည့်လေ့ရှိသော ထိုင်းပုလိပ်များကလည်း ပန်းရံအလုပ်ဆိုက်များကို အာရုံသိပ်မကျလှ။

ခြုံ၍ပြောရလျှင် စားဝတ်နေရေးမပြေလည်မှု၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှု၊ လုပ်ခလစာနိမ့်ပါးလွန်းမှု တွေကြောင့် မွေးရပ်ဇာတိအမိမြေကို စွန့်ခွာပြီး မိသားစုနှင့်ဝေးရာ ရေမြေခြားမှာ စွန့်စားလာရောက် အလုပ်လုပ် နေကြရသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား အများစု၏ ဘဝအခြေအနေကား ထိုင်းအလုပ်ရှင်တို့၏ ရောင်စုံစေတနာ မီးမောင်းတွေအောက် အလိုက်သင့်ဖြစ်အောင် သရုပ်ဆောင်ပေးရသော ဘဝဇာတ်ရုပ်တွေ နှယ် လှုပ်ရှားရုန်းကန်ကျင်လည်နေကြရသည့် နေ့တဓူဝမြင်ကွင်းကို “အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားတိုးတက်ရေး” ဟု အသံကုန်ဟစ် ကြွေးကြော်နေသော အုပ်စိုးသူဗိုလ်ချုပ်ကြီးများ မမြင်မတွေ့အောင် တမင်ရှောင်ပြေးနေရော့ သလားဟုပင် အထင်ရောက်စရာ ဖြစ်ရတော့သည်။

(ဆက်လက်ရေးသားပါမည်)

ဝေမော်
၂-၁၀-၂၀၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...