Monday, October 7, 2013

“ကျနော့်သူငယ်ချင်းများ”


1.
မန္တလေးတက္ကသိုလ် ညနေသင်တန်းမှာ ကျောင်းတက်တုန်းက ခင်မင်ပေါင်းသင်းခဲ့တဲ့ သူငယ်ချင်း နှစ်ယောက်ရှိတယ်…
မန္တလေးတက္ကသိုလ် ညနေသင်တန်းဆိုလို့ နည်းနည်းပြောပြရမယ်ထင်တယ်။
ဆယ်တန်းအောင်ပြီး အစိုးရဌာနတစ်ခုခုမှာ အလုပ်လုပ်ရင်း တက္ကသိုလ်ဆက်တက်ချင်သူတွေအတွက် ဖွင့်ထားတဲ့ သင်တန်းပါ။


ရန်ကုန်တက္ကသိုလ်မှာတော့ ‘လုပ်သားကောလိပ်’ ဆိုပြီး ဖွင့်ခဲ့တာ။ ကြာပါပြီ။ မဆလ ခေတ်ကပါ။
ထားပါတော့လေ ။ ကျနော့်သူငယ်ချင်းနှစ်ယောက်က သန်းနိုင်နဲ့ နေမျိုးဦးတဲ့
နောင်တော့ မူရင်းနာမည်တွေပျောက်ပြီး နာမည်ပြောင်တွေဘဲ တွင်တော့တာ…
ဟပ်စကီးရယ်၊ ဗိုလ်မူးရယ်၊ ပွဲချင်းပီးရယ် ပေါ့။

2.
ဟပ်စကီးက ကျနော်။ ကျနော့်ဆိုင်ကယ် မြည်သံကို အစွဲပြုပြီးခေါ်တဲ့ မြည်သံစွဲနာမည်ဆိုပါတော့ဗျာ။
အဲဒီတုန်းက လူကလည်း ခပ်ပေပေနေတာ
ဆိုင်ကယ်လည်း စီးတာစီးနေတာ ဘာဖြစ်ဖြစ် သွားနေသေးလို့ကတော့ ပြင်ဘူးရယ်
ကြာတော့ ဆိုင်ကယ်က ဘောတွေချောင်၊ ဘယ်ရင်တွေကျ၊ အင်ဂျင်ဝိုင်မရှိနဲ့ ဘာသံကြီးထွက်နေမှန်းကို မသိတော့တာ…
လီဗာများတင်လိုက်လို့ကတော့ တကယ်ဟပ်စကီးအသံအတိုင်းဘဲ ဝှီး.. ဝှီး နဲ့
ကျနော်မို့ ကျောင်းထဲဝင်လာရင်၊ လှည့်မကြည့်နဲ့ အားလုံးသိတယ်
… ဆိုတော့ သူငယ်ချင်းတွေက နာမည်ပြောင် အထူးရွေးစရာမလိုဘဲ ပေးလိုက်တယ်
“ဟပ်စကီး” တဲ့။

3.
ပွဲချင်းပီး ဆိုတာက နေမျိုးဦးကို ခေါ်တာ
သူက တိုင်းရင်းဆေးသိပ္ပံကနေ ဒီပလိုမာရလာပြီးမှ ဘွဲ့အတွက် မန္တလေးတက္ကသိုလ်လာတက်တာ
ကျောင်းခန်းထဲမှာ ချောင်းဆိုးသံမကြားလိုက်နဲ့ ဆေးထုပ်ကြီးကိုင်ပြီး အသံကြားတဲ့နေရာ သွားတော့တာရယ်၊ သူ့ချောင်းဆိုးပျောက်ဆေး သောက်ပြီးတာနဲ့ ညမအိပ်ရတော့ဘူးသာ မှတ်။ နည်းနည်းဘဲ ဆိုးနေတဲ့ချောင်းက မရပ်တော့ဘူးကိုး။
အိပ်ရေးပျက်လို့ဘဲဖြစ်ဖြစ်၊ ငိုမိလို့ဘဲ ဖြစ်ဖြစ် မျက်စိမနီလိုက်နဲ့၊ အတင်းဖြဲပြီး မျက်စင်းခပ်တော့တာ။
ခပ်ပြီးတာနဲ့ မကြာဘူး မျက်လုံးကြီးပါ ရောင်လာမယ်မှတ်
ကြာတော့ စာသင်တဲ့ဆရာတောင် စာသင်ရင်း ချောင်းမဟန့်ရဲဘူး
ယောင်မှားလို့ ချောင်းဟန့်မိရင်တောင် နေမျိုးဦးကို အရင် တောင်းပန်နဲ့ အကြည့်လေးနဲ့ ကြည့်ရရှာတယ်။ တော်ကြာ အတင်းဆေးလာတိုက်နေမှာ စိုးလို့
ကျောင်းတက်လာတဲ့ သူ့လွယ်အိတ်ထဲမှာ စာအုပ်ထက် ဆေးထုပ်တွေက ပိုများနေတတ်တယ်။
ဆေးတွေကလည်း သူများနာမလည်နိုင်ဘူး နံပတ်တွေနဲ့
သူကလည်း မနေ့တနေ့ကမှ တိုင်းရင်းဆေးလက်မှတ်ရတာကို ကိုယ်ပိုင်တံဆိပ်နဲ့ နာမည်နဲ့ဆေးတွေ ထုတ်လုပ်ရောင်းချတယ်
နာမည်က “ရွှေအိမ်နန်း” မြန်မာ့ဆေးစွမ်းကောင်းများ တဲ့
ဒီတော့ သူငယ်ချင်းတွေက နာမည်ပြောင်မှည့်လိုက်ကြတယ်… ..
“မီးသဂြိုလ်စက် အမှတ်တံဆိပ် ပွဲချင်းပြီးဆေးများ”… တဲ့
သူ့လည်း ပွဲချင်းပီးဆေးဆြာကြီးလို့ ခေါ်ကြရင်းနဲ့ ပွဲချင်းပီးရယ်လို့ နာမည်တွင်သွားတယ်။

4.
နောက်ဆုံးတစ်ယောက်က ဗိုလ်မူး (ဗိုလ်မှူး မဟုတ်ဘူးနော်)။ သူ့အဖေကလည်း ဗိုလ်ကြီး ပဲ။
သူပြောပြလို့ ရီရသေးတယ်။ သူငယ်ငယ်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးပါ။
သူတို့ရက်ကွက် ဘုရားပွဲမှာ သူနဲ့ သူ့သူငယ်ချင်းတစ်စုက တဘက်၊ တခြားလူငယ်တစ်စုက တဘက် ရန်ဖြစ်ကြတယ်။ အဲဒီမှာ ပွဲခင်းလုံခြုံရေးတွေက ဖမ်းခေါ်သွားပြီး စစ်သတဲ့…

ပထမ သူ့သူငယ်ချင်းတွေကို စစ်တယ်
“နာမည် ဘယ်လိုခေါ်လဲ ဟေ့ကောင်”
“ပေါက်ကြီး”
“ဘယ်သူ့သားလဲ”
“ဦးမှတ်ကြီး သား”
“မင်းအဖေက ဘာလုပ်သလဲ”
“ဆိုက်ကားနင်းတယ်”
“အေး… ဆိုက်ကားသမားသားမလို့ ရန်ဖြစ်တာ၊ ကဲကွာ”
“ဘုန်း”… ဆိုပြီး နာရင်းတစ်ချက် အုပ်တယ်။

နောက်တယောက်…
“နာမည် ဘယ်လိုခေါ်လဲ ဟေ့ကောင်”
“တွတ်ကြီး”
“ဘယ်သူ့သားလဲ”
“ဦးတုတ်ကြီး သား”
“မင်းအဖေက ဘာလုပ်သလဲ”
“ပန်းရံလုပ်တယ်”
“အေး… ပန်းရံကံကျွေးရဲ့ သားမလို့ ရန်ဖြစ်တာ၊ ကဲကွာ”
“ဘုန်း”… ဆိုပြီး နာရင်းတစ်ချက် အုပ်တယ်

တစ်ယောက်ပြီးတစ်ယောက် စစ်လိုက် နာရင်းတစ်ချက်အုပ်လိုက်နဲ့ လုပ်လာတာ နောက်ဆုံး ကျနော်တို့ရဲ့ သန်းနိုင်အလှည့်
“နာမည် ဘယ်လိုခေါ်လဲ”
“သန်းနိုင်”
“ဘယ်သူ့သားလဲ”
“ဦးစိန်လှ သား”
“မင်းအဖေက ဘာလဲ”
“ဗိုလ်ကြီး”
“ဟင်…အော.. အေး… ငါ့ညီ၊ မင်း အဲဒီလို ဆိုက်ကားသမားသား၊ ပန်းရံဆရာသားတွေနဲ့ မပေါင်းနဲ့ကွ၊ ကြားလား၊ မင်းပါ နာမည်ပျက်မယ်”
“ဟုတ်ကဲ့”
“ကဲ.. သွားတော့၊ သွားတော့… အဲ ဒါနဲ့ နေပါအုံး၊ ငါ့ညီအဖေက ဘယ်တပ်ကလည်း”
“ရပ်ကွက် အရံမီးသတ်တပ်က”
“ဘာ… ဘာကွ၊ ဟာ ဒီကောင်၊ ရိုက်ဟေ့၊ မအေပေး ငါတို့ကို မလိမ့်တစ်ပတ်နဲ့”
"အေးဟ... ချကွာ... "
“ဘုန်း၊ ဘုန်း၊ ဘုန်း”… ဆိုပြီး ဝိုင်းသမကြတာ သူအနာဆုံးတဲ့
ဟီး ဟီး

5.
လိုက်လည်းလိုက်ပါတယ်
အဖေကဗိုလ်ကြီး၊ သားက တက္ကသိုလ်လာတက်တော့ ဗိုလ်မူး။
မူးတဲ့နေရာမှာ ဗိုလ်စွဲလို့ ဗိုလ်မူးလို့ ခေါ်ကြတာ။ ဘယ်တော့ကြည့်ကြည့် မူးနေတာက များတယ်။
သူမိုလို့ ကျောင်းခန်းထဲဝင်လာရင် အရက်နံ့လေးကို သင်းလို့
တခါတလေဆို တော်တော်မူးလာတာ၊ မူးလာရင်လည်း အေးအေးနေတာ မဟုတ်ဘူး။
သူများတွေကို လှည့်ပတ်ရစ်တာ၊ ရှေ့က ဆရာစာသင်နေတယ် နောက်က တလုံးခြင်းလိုက်ထောက်တယ်…
ဆရာက… “ကမ္ဘာ့မြေမျက်နှာပြင်အောက်မှာ… %^&#$@!.. အဲလိုတွေ တွေ့ရှိတတ်တယ်”
သူက… “ဟုတ်လို့လား”
ဆရာက… “ငလျင်တွေဟာ… %^&#$@!.. အဲလိုကျောက်လွှာပြတ်ရွှေ့မှုတွေကြောင့် ဖြစ်တတ်တယ်”
သူက… “တကယ်လား”
ကြာတော့ ဆရာက လှမ်းအော်ပါရော၊ သူ့အော်တာမဟုတ်ဘူး၊ ကျနော့်ကို အော်တာ…
“ကဲ… မောင်ဟပ်စကီး၊ မင်းသူငယ်ချင်း ငမူးကို အခန်းပြင်ခေါ်သွားစမ်းကွာ၊ ဒီမှာ စာကောင်းကောင်း သင်လို့မရဘူး”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့ ဆရာ”
အပြင်ရောက်တော့ရော အေးပြီးမမှတ်နဲ့
လမ်းဘေးအုတ်ခုံမှာ ထိုင်ပြီး ဖြတ်သွားသမျှကောင်မလေးတွေကို လိုက်စတယ်..
ကောင်မလေးတွေ အလာကြဲသွားရင် ကောင်လေးတွေကို စတယ်၊ မခံနိုင်တဲ့ကောင်နဲ့တွေ့ရင် စကားများရန်ဖြစ်ရပြန်ရော။ ကိုယ့်မှာကြားထဲက လိုက်ပြီးတောင်ပန်နေရတာ

6.
ဒီလိုနဲ့… အတန်းတင်စာမေးပွဲတွေ ဖြေကြတယ်၊
ဗိုလ်မူးက စာမေးပွဲဖြေနေတုံးတော့ မသောက်ရှာဘူး၊ သာဓုသာဓု
အဲ.. စာမေးပွဲနောက်ဆုံးနေ့၊ အတန်းထဲကလည်းထွက်ရော ကျနော့်ကို အရက်ဆိုင်သွားဖို့ အတင်းခေါ်တော့တာ
မလိုက်ချင်ပေမယ့် သူငယ်ချင်းချင်း ဆိုတော့ မနေသာတာနဲ့ လိုက်သွားရတယ်။
အဲဒီတုံးက မှတ်မိသေးတယ်၊ မင်္ဂလာဈေးနားက အစိုးရအရက်ဆိုင် CS3 မှာ BEDC သွားသောက်ကြတာ။ ဈေးချိုတာကိုး။
သောက်ရင်းနဲ့ ည ၈ နာရီလောက်ကျတော့ ဆိုင်ကပိတ်သွားပြီ
သူက မဝသေးဘူး ဆက်သောက်မယ်ဆိုတာနဲ့ ဆိုင်ရှေ့က အမြည်းရောင်းတဲ့ ဆိုင်တွေမှာ ခွက်ပုန်းရောင်းတာကို ဝယ်သောက်ရင်း ဆက်ထိုင်နေကြတယ်။
သိပ်မကြာဘူး၊
ရဲတစ်ဖွဲ့ရောက်လာပြီး ခွက်ပုန်းဆိုင်တွေကို ဝင်စစ်၊ ဝင်ဖမ်းပါလေရောဗျာ...
သောက်တဲ့လူတွေလည်း တရုန်းရုန်းနဲ့ ထပြေးကြ၊ ဆိုင်ရှင်တွေလည်း ဖုံးကြဖွက်ကြနဲ့ပေါ့။
သူကတော့ ခပ်အေးအေးဘဲ ခုံပုလေးတစ်ခုမှာ ထိုင်ရင်း ဆက်သောက်နေတယ်။
သူက ကြောက်နေတဲ့ကျနော့်ကို အားပေးတယ်…
“မကြောက်နဲ့ ဟေ့ကောင်၊ ရောင်းတဲ့လူဘဲ ဖမ်းလို့ရမယ်၊ သောက်တဲ့လူကိုဖမ်းတဲ့ ဥပဒေ မရှိဘူး”… တဲ့။
ရဲက တွေ့သမျှ ပုလင်းတွေ၊ ခွက်တွေ ဆွဲသိမ်းလာရင်း ကျနော်တို့ စားပွဲရောက်လာတယ်။
ပြီးတော့ ခုံပေါ်က ပုလင်းကို ဆွဲသိမ်းတယ်။ ဗိုလ်မူးက ပုလင်းကို ပြန်ဆွဲယူတယ်။ တခါ ရဲက ပုလင်းပြန်ဆွဲတယ်။ ဗိုလ်မူးကလည်း ပြန်လုတယ်။
အဲလို အပြန်အလှန်လုနေကြရင်းနဲ့ ဗိုလ်မူးက ရဲမျက်နှာကို ခပ်တင်းတင်းကြည့်ရင်း ပြောလိုက်တယ်… …
“ဒီမှာ… စာမေးပွဲ မဖြေနိုင်လို့မှ တင်းနေတာနော်”
ရဲသား တစ်ချက် တွေကနဲဖြစ်သွားတယ်။ ပြီးတော့ ဗိုလ်မူးကို အကဲခတ်တယ်။
လူက ပေစုပ်စုပ်ပေမယ့် အိတ်ကပ်ထဲမှာ ခဲတံရယ်၊ ခြောက်လက်မပေတံရယ်၊ ဘောပင်ရောင်စုံ သုံးလေးခြောင်း စုပြုံထိုးထဲ့ထားတာကို တွေ့လိုက်တယ်။
(ဒီကောင်က စာပေးပွဲလာဖြေရင် ဘယ်တော့မှ လွယ်အိတ်မယူလာဘူး၊ လိုအပ်တာလေး အိတ်ကပ်ထဲ ကောက်ထည့်လာတတ်တာ)
ရဲသားက သူ့အရာရှိဆီ သတင်းသွားပို့နေတာ တွေ့လိုက်တယ်။
ခဏနေတော့ ပြန်လာပြီးပြောတယ်…
“ညီလေး၊ သောက် သောက်၊ မင်းတို့ပုလင်းကို မသိမ်းတော့ဘူးနော်”… တဲ့။
အဲဒါ အကောင်းမမှတ်နဲ့၊ အဲဒီကာလက ကျောင်းသားနဲ့ရဲ ပြသနာ မတက်ရဲဘူးလေ။ အစဉ်အလာရှိတာကိုး။
ဘာ မဟုတ်တာလေးနဲ့ အကျယ်ကျယ်ဖြစ်မှာ စိုးလို့ ရဲက နောက်လျှိုသွားတာ
ကျနော့်မှာတော့ ရင်တထိတ်ထိတ်နဲ့၊ သူပြောပြဘူးတဲ့ သူ့အဖေ မီးသတ်ဗိုလ်ကြီး ဇာတ်လမ်းလို ဖြစ်ပြီး နရင်းအအုပ်ခံရတော့မှာလားလို့…
ဟူး...

ဒါပါပဲဗျာ… ဘာရယ်မဟုတ်ပါဘူး မမေ့နိုင်သေးတဲ့ ငယ်ဘဝအကြောင်းလေးတွေ ရောက်တတ်ရာရာကို ရေးလိုက်တာပါ။


သန်၎ကို
7 May 2013
10:30 PM

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...