Monday, October 7, 2013

မြန်မာပြည်မှာ နွားမျိုးတုံးတော့မည်လော

October 7, 2013 at 8:26pm

၇-၁၀-၂၀၁၃ နေ့ ခုနစ် ရက် နေ့စဉ် သတင်းစာပါ ဆောင်းပါးရှင် မယ်ငွေဥ ရဲ့" မြန်မာပြည် နွားမျိုး တုံးတော့မည်လော" ဟူသော ဆောင်းပါးကို ဆောင်းပါး ရှင် ထံမှ ကူးယူ ဖော်ပြပေးလိုက်ပါတယ်။


ကျောက်ပန်းတောင်း မြို့ နယ် က နေ ကျမ ထံ လွန်ခဲ့တဲ့ ၃ လ လောက်ကတည်းက သတင်းပေး ပို့ ထား တာ ကြာပြီ ဖြစ်ပေမဲ့ အလုပ်မ အားတာ ရော သတင်း မ စုံစမ်းနိုင် တာ ရော ကြောင့် ကူညီမပေး နိုင်ခဲ့ တာ ကို ဆရာမ မယ်ငွေဥ က အရေးသားကောင်းကောင်း ပြည့်ပြည့်စုံစုံ ရေးသွားတာကို ကျေးဇူး အထူးတင်ရှိ ပါကြောင်း ပြောလိုပါတယ်။

ကျမ ထံ ပေးပို့ တဲ့ သတင်း လေး တွေ ထဲမှာ ကျောက်ပန်းတောင်းက သားသတ်လိုင်စင် ရတဲ့ သမ က တရုတ်တွေကို ခေါ်တင်ထား ပြီး တရားမဝင် စည်သွတ် စက်ရုံလုပ်နေတာရယ်၊ သားသတ်လိုင်စင်ကို မိတ္တူပွါး ပြီး ရွာတွေကို ၂၅ သိန်း နဲ့ ရောင်းတာ ရယ်၊ နွား မှောင်ခိုမှာ ဌာနတွေက မျက်ကွယ် ပြုနေတဲ့ အကြောင်း လေး တွေကိုပါ ထပ်မံ ဖြည့်စွက်လိုက်ပါတယ်။

မေပုပ္ပား

၂၀၁၃ အောက်တိုဘာ ၈ ရက်

( မြန်မာပြည်မှာ နွားမျိုးတုံးတော့မည်လော)


ယခုတလော ကျွန်မစိတ်ဝင်စားနမိနေသည်က မြန်မာပြည်အနှံအပြားမှာ နွားဈေးနှန်းတက်နေသည့်ကိစ္စဖြစ် သည်။ အညာကျေးလက်နေလယ်သမားတို့မှာတော့ ခိုင်းနွားဝယ်ရန်အခက်အခဲတွေရှိနေသည်တဲ့။ ယခု ရာသီချိန်မှာ လယ်ယာစိုက်ပျိုးရေးရာသီချိန်ဖြစ်နေ၍ နွားအရောင်းအ၀ယ်လုပ်ငန်း ထူးထူးခြားခြား အပြောင်း အလဲမရှိတတ်သည့် ကြားက နွားဈေးနှုန်းက တက်မြဲတက်နေသည်ဟု သတင်းရရှိသည်။ ကိုယ်က မြန်မာ့လယ်ယာလုပ်ငန်းခွင့် နွားရှားပါးလာပြီး နွားဈေးနှုန်းကို စိတ်ဝင်တစားရှိနေဆဲ။

ယခု အပတ်ထဲမှာ ပုပ္ပားနယ်မှ ပုပ္ပားတောင်ထိန်းသိမ်ရေးလုပ်နေသည့် တူတော်မောင်တယောက်က ရန်ကုန်မှာ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးသင်တန်းတခုလာတက်သည်။
တူတော်မောင်နှင့်ဆက်စပ်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရးလုပ်ငန်းလုပ်ကိုင်နေသည့် အနယ်နယ်အရပ်မှ လူငယ်များနှင့်လည်း လက်ဖက်ရည်ဆိုင်စကား ၀ိုင်းဖွဲ့ဖြစ်သည်။ ကျွန်မတို့ ဆွေးနွေးသည့်ခေါင်းစဉ်ကိုပင် မြန်မာပြည်မှ နွားရှားပါးလာမှုအခြေအနေအကြောင်း ပြောကြရ အောင်ဟုအမည်ပေးမိကြသည်။ 
မြန်မာ့လယ်သမားယာသမားတွေ၊ ကျေးလက်မှလူတွေမှာ လယ်ယာ လုပ်ငန်းအတွက် ခိုင်းနွားထူထောင်ရန် ခက်ခဲစပြုနေပြီး ခိုင်းနွားဈေးကလည်းတ ရိပ်ရိပ်ပ်တက်နေသည်။ နွားဈေးဘယ်လောက်တက်သနည်း။ ၂၀၁၀ခုရွေးကောက်ပွဲမတိုင်ခင်ကာလက ခိုင်းနွားတကောင် လေးငါးသိန်း။ နွားတရှဉ်းလျှင် ဆယ်သိန်းဝန်းကျင်။ ယခုအခါ ထိုဈေးမရတော့။ ခိုင်းနွားကောင်းကောင်းဆိုပါက နွားတကောင် ဆယ့်နှစ်သိန်း-ဆယ့်သုံးသိန်းဈေးပေါက်နေသည်။ နွားတရှဉ်း နှစ်ကောင်ဆိုလျှင်( ၂၅)သိန်းခန့်။ လယ်သမား များ နွားတကောင်သာ အကြောင်းကြောင်းကြောင့် ပဲ့ထွက်သွားလျှင် နွားပြန်လည်ထူထောင်ရန်ပင် မလွယ်ကူ တော့ဟုဆိုကြသည်။ ဟုတ်ပေမည်။

လွန်ခဲ့သောလက ဇာတိအညာမြေမှ အမ၀မ်းကွဲတယောက်ရန်ကုန်ရောက်ရှိလာခဲ့သည်။ သူ၏သားတော်မောင်က သူခရီးထွက်နေစဉ် အိမ်မှ နွားပေါက်ကလေးကို ဈေးကောင်းရ၍ဟုဆိုကာ ရောင်းချပစ်ပြီး မော်တော်ဆိုင်ကယ်ဝယ်စီးသဖြင့် သားနှင့် စိတ်ဆိုးပြီး ရန်ကုန်ထွက်လာသည်တဲ့။

ကျေးလက်မှာ နွားဈေးကောင်းတော့ ၀ယ်လိုသူတွေက ၀ယ်ယူချင်လျှင် ပြန်ဝယ်နိုင်ရန်ခက်ခဲနေသော်လည်းရောင်းသူတွေက လည်း မိုက်မိုက်မဲမဲ ရောင်းချနေကြသည်တဲ့။

အဘယ်အကြောင်းကြောင့်နွားဈေးနှုန်းက သည်မျှ မြင့်တက်နေသနည်း။ နွားက ကြာလေလေရှားပါးလာလေ လေဖြစ်နေသည်။ ရှားပေမည်ပေါ့။ ရှမ်းပြည်တောင်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်မှ နွားများ ထိုင်းနိုင်ငံသို့ သွားနေတာ ကြာခဲ့ပြီ။ အနောက်ရိုးမကြောနှင့် ရခိုင်ပြည်နယ်မှနွားများကား ဘင်္ဂလားဒက်ရှ်ဆီသို့ အလုံးအရင်းနှင့်ရောင်းချနေကြသည်။ စစ်ကိုင်းတိုင်း မုံရွာ-ကလေး ခန္တီး-တမူးစသည့် ဒေသကနွားများက အိန္ဒိယပို့ကုန်။

ယခုအချိန်မှာ သာမာန်ထက်ပိုဆိုးနေသည့် တရုတ်ပို့ကုန်ဖြစ်လာနေသည့် နွားဈေးကွက်ဟုဆိုသည်။ အညာဒေသတကြောဖြစ်သည့် ချောက်-ပုဂံ-ညောင်ဦး-တောင်သာ-နွားထိုး- မိတ္ထီလာ-သာစည်မြို့နယ်များမှာ နွားအရောင်းအ၀ယ်အကြောင်း၊ အမဲသတ်လိုင်စင်လုပ်ကိုင်နေကြပုံအအကြောင်းဆွေးနွေးမှုရလဒ်တွေက ထိတ်လန့်တုန်လှုပ်စရာ အခြေအနေမှာဆိုက်ရောက်နေသည်ဟုထင်၏။

(အခု ဖြစ်နေတာက တရုတ်ပြည်က ပြည်ကြီးတရုတ်တွေက နွားတွေကို ကိုယ်စားလှယ်တွေထားပြီး လိုက် ၀ယ်ကြတယ်။ သားသတ်သတ်လိုင်စင်ကို သမ၀ါယမကို ချပေးတာမျိုးရှိတယ်။ သမ၀ါယမကလူတွေက သားသတ်လိုင်စင်ကို သူတို့တကယ်မလုပ်ဘူး။ ပြည်ကြီးတရုတ်တွေကို လိုင်စင်ပြန်ရောင်းပြီး သားသတ်ကိစ္စ လုပ်နေကြတာ။ တရုတ်ပြည်နဲ့ မြန်မာပြည်နဲ့ အမဲသားဈေးက ငါးဆလောက်ကွာတယ်။ ဈေနှန်းက တအားကွာ နေတော့ တရုတ်တွေက မြန်မာပြည်မှ နွားမှန်သမျှ နွားထီးသော၊ နွားမသော၊ ခိုင်းနွားသော၊ နွားပေါက်သော ဘာမကျန်အောင် ဈေးကောင်းပေးလိုက်ဝယ်တယ်။ ။

ကျွန်တော်တို့ ကျောက်ပန်းတောင်းမြို့နယ်မှာတော့ သမ၀ါယမမှ အမည်ခံပြီး စည်သွပ်ဗူးလုပ်ငန်းတွေ တိုးတိုးတိတ်တိတ်လုပ်ပြီး တရုတ်ပြည်ကို ပို့နေကြတယ်။ သာသတ်လိုင်စင်က တနေ့ကို နွားဆယ်ကောင် ခွင့်ပြုတယ်ဆိုရင် သူတို့က အကောင်နှစ်ဆယ်ကနေ သုံးဆယ်အထိသတ်ပြီး စည်သွတ်တယ်။ အမဲသား ဈေးနှန်းက အရင်တုံးက တောမှာ (၃၅၀၀)လောက်ရှိပေမဲ့ အခု တရုတ်တွေရဲ.ကောက်ဈေးတောင်( ၅၉၀၀)ကျပ်ရှိတယ်။ ) ။လက်လီဈေး ( ၇၀၀၀)လောက်ဖြစ်နေပြီ။)

( ကျွန်တော်တို့ မိတ္ထီလာ-သာစည်ဘက်မှာတော့ ရှေးယခင်အချိန်တွေက အမဲပေါ်တဲ့နေရာမှာ ထုံးတမ်းစဉ်လာ သတ်မှတ်ချက်တွေကို လိုက်နာကြတယ်။ သားသတ်လိုင်စင်ရသူ ဒါမှမဟုတ် ရိုးရာအစဉ်အလာ နွားသတ် ရောင်းစားသူများက အိုနာကျိုးကန်းနွားတွေလောက်ဘဲသတ်ပြီး ရောင်းလေ့ရှိကြတာ။ ခိုင်းနွား၊ နွားသိုးပေါက်၊ နို.ထွက်နွားမ၊ ဇီးတင်နိုင်သေးတဲ့အရွယ်ကောင်းနွားမစသဖြင့် မသတ်သင့်တဲ့နွားဆိုပြီးသတ်မှတ်ချက်အတိုင်း စည်းနဲ့ ကမ်းနဲ့ ရောင်းကြ၀ယ်ကြ လုပ်ကိုင်တာ။ အခုမဟုတ်တော့ဘူး။ ထင်သလိုကို သတ်ဖြတ်ရောင်း ချနေကြတယ်။ အောင်ပြေအောက်ရွာမှာတော့ မသိဘူး။

အညာတကြောမှာတော့ ပြည်ကြီးတရုတ်တွေရဲ. ကိုယ်စားလှယ်တွေက မရောင်းချင်ရင် ရောင်းချင်လာအောင် ဈေးကောင်းပေး ၀ယ်နေတော့ အားလုံး စည်းဖေါက်ကုန်ပြိ။ မြန်မာတွေကလဲ ငွေလေးရွင်ရွင်မြင်ချင်တာနဲ့ လောဘတက်ပြီးရောင်းနေကြတယ်။ ) ( နွားတွေကို အမဲပေါ်ပြီးရောင်းယုံတင်မကဘူး။

အကောင်လိုက်လဲ တရုတ်ပြည်ကို သွားနေတယ်။ တချို.က ကားနဲ့တင်ကြတယ်။ တချို.ကျတော့ အမြတ်များများလိုချင်သူက ဓါတ်ငွေ့ပိုင်လိုင်းလမ်းကြောအတိုင်း နွားအုပ် ကို ခြေလျှင်မောင်းပြီးပို့နေသူတွေလဲရှိတယ်၊ အခု ဓါတ်ငွေ့ပို်က်လိုင်းလမ်းကြောက ဓါတ်ငွေ့တင် တရုတ်ပြည်ကို သွားနေတာမဟုတ်တော့ဘူး။ နွားအုပ်တွေပါ လမ်းဖြူးနေတာဗျ၊)

(မကွေးတိုင်းဧရာဝတီမြစ်အနောက်ဖက်ကမ်းကနွားတွေဆိုရင် ဆိပ်ဖြူမြို.ကနေ ချောက်ကိုကူးတဲ့ အနော်ရထာ တံတားပေါ်ကသာထိုင်စောင့်ကြည့်ပါ။ ညဘက်၊ ညနေစောင်းတာနဲ့ နွားတွေတင်လာတဲ့ သင်္ဘောတွေ၊ တံတားပေါ်ဖြတ်နေတဲ့နွားအုပ်တွေကိုတွေ့ရပါလိမ့်မယ်။ အဲဒါ မိတ္တိလာစည်သွတ်စက်ရုံကိုပို့တာ။ အဲဒီကနေ တရုတ်ပြည်ပေါ့၊)

ကဲ--အထက်ပါစကားများကား ကျွန်မကြားသိရသော မြန်မာ့ပြည်တ၀န်းက နွားနှင့်နွားနှင့်ဆက်စပ်သည့် သားသတ်လုပ်ငန်း၊ စည်သွပ်လုပ်ငန်း၊ ပို့ကုန်လုပ်ငန်းများအကြောင်းများဖြစ်သည်။ ကျွန်မတို့ အားလုံး စိုးရိမ်ကြမိသည်က စည်းမရှိကမ်းမရှိ သတ်ဖြတ်နေမှု။ စည်သွပ်လုန်ငန်းတွေ တရားဝင်ရော-တရားမ၀င်ပါ လုပ်ကိုင်ပြီး တရုတ်ပြည်သို့ မဟားတရားရောင်းချနေမှု။

ယခင်က လယ်သမားတို့သည် မိမိခြံပေါက် ခိုင်းနွားကို အိုသေသည်အထိ ခိုင်းသည်။ အိုသေချိန်မှာတောင် တတ်နိုင်သူတချို့က ကိုယ့်နွားကိုယ် သတ်ဘို့မရောင်း။ မြေမြုတ်သဂြိုလ်တာမျိုးရှိကြသည်။ မတတ်နိုင် သူများကမူ ကိုယ်နွားသေလျှင် အမဲဖျက်ရောင်းသည်။ ရသည့် ငွေလေးဖြင့် နောက်ထပ်ခိုင်းနွားတကောင် ၀ယ်ဘို့ကြိုးစာကြရသည်။ နွားသေမှရသည့်သားရေကိုပင် မရောင်းချရက်ကြ။ အမြတ်တနိုးနဲ့ လယ်ယာသုးံ ပစ္စည်းအဖြစ် လှည်းအခင်း၊ လှည်းစည်းကုန်း ထွန်ညွတ်ကွင်းလုပ်ပြီး သုံးစွဲကြသည်။

ယခုအခါမှာတော့ မိဘက နွားကို မြတ်နိုးသည့် တိုင်သားသမီးလက်ထက်  ဈေူးကောင်းရ၍ ရောင်းချပစ်နေကြသည်ဟုဆိုကြသည်။ (ကျွဲ-နွားသားရေကလဲ ပို့ကုန်ဖြစ်နေတော့ ကျေးရွာတွေမှာ သားသတ်လိုင်စင်သမားနဲ့ သားရေသမားတွေ ခြေခြင်းလိမ်အောင် ရှုပ်ရှက်ခတ်နေကြတော့တာဘဲ။)ဟု အညာသားတယောက်က ဆိုပြန်သည်။

သည်လိုဆိုလျှင် ကြာလျှင် မြန်မာလယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ ခိုင်းနွာရှားပါးပြသနာကြီးလာနိုင်သည်။ နွားချေးကရနိုင်သည့်သဘာဝမြေသြဇာလည်းရှားပါးလာနိုင်သည်။ နောက်တမျိုးဖြစ်နိုင်သည်က အဟာရ ပြသနာ။ မိမိနိုင်ငံသား ကျေးလက်နေ ပြည်သူတွေ အမဲသားတပိသာ( ၃၅၀၀)ှကျပ်နှင့် ၀ယ်ယူစားသောက် နေရသည်မှ (၇၀၀၀) ကျပ်အထိပေးဝယ်စားသောက်ကြရ၍ အသားမစားနိုင်သူက မစားနိုင်ကြတော။

နဂိုကမှ အသား ငါးဈေးကြီးလှ၍ အောက်ဆုံးအလွှာလူတန်းစားကြားမှာခွေးသတ်၊ ကြောင်သတ်စားနေကြရသည့် အဖြစ်တွေရှိနေသည်။တောင်သာနယ်မှ မိတ်ဆွေသားဖွားဆရာမတေယာက် လာလည်စဉ်က ကျွန်မတို့ မိသား မွေးမြူထားသော ကြောင်ကြီးတွေကိုကြည့်ပြီ ( ဟယ်-ကြောင်ကြီးတွေ ကြီးလိုက်-ထွားလိုက်တာ။ ငါ့တို့နယ်မှာဆို ကြောင်သားပေါက် လေးငါးလသားဆိုရင်တောင် မနေရဘူး။ သတ်စားကုန်ကြပြီ)ဟု ပြောခဲ့ဘူးသည်။

အမဲသားဈေး သည်ထက်တက်လျှင် ကျောလက်နေ လူလတ်တန်စားမိသားစုများပင် အမဲသားဝယ်ယူစားသောက်နိုင်တော့မည်မထင်။ ပြည်သူအများတို့ ပရိုတိန်းအဟာရ မစားသုံးရဘဲ အဟာရချို့တဲ့လာနိုင်သည်။ တိုင်းပြည်တွင်းမှာဖြစ်ပျက်နေသည့် ပြသနာတို့သည် ဖြစ်ခါစအချိန်ကာလမှာ စနစ်တကျ စီစဉ်ခန့်ခွဲတတ်၊ ခန့်ခွဲနိုင်လျှင်ကောင်းသည်။

မိုးလွန်မှ ထွန်ချ၊ လူမိုက်နောက်မှ အကြံရဖြစ်လျှင် ပြသနာတိုင်းက ဖြေရှင်းရ ခက်တတ်သည်။ လယ်သိမ်းယာသိမ်းပြသနာများကို စောစောစီးစီးက မထိမ်းသိမ်း။ မကိုင်တွယ်ခဲ့သဖြင့် တနိုင်ငံလုံး အတိုင်းအတာနှင့် အလွန်အကျွံဖြစ်ချိန်မှမှ ရှင်းရလေသော် ဇာတ်လမ်းတွေက ရှုပ်မဆုံးဖြစ် ကုန်ခဲ့ပြီမဟုတ်ပါလော။

သြော်--ပြောရင်းဆိုရင်း လွန်ခဲ့သောနှစ်ပေါင်း လေးဆယ်ကျောက်ကာလများဆီက ကျွန်မတို့ ပုပ္ပားနယ်က လွတ်လပ်ရေးနေ့တွေမှာ နွားအလှပြပြုင်ပွဲတွေ လုပ်ကြတာကို လွမ်းဆွတ်သတိရမိသေးသည်။ နွားဖြူ၊ နွားနီ၊ နွားနက်၊ နွားညိုကြီးတွေများ ခန့်လိုက်ချောလိုက်ကြသည့်ဖြစ်ခြင်။ ရွာမှ လယ်ယာကိုင်းကျွန်းလုပ်ကိုင်သူတွေ အိမ်ပေါက်စေ့လောက်က ကိုယ့်နွားရှဉ်းနှင့်ကိုယ် နွားတွေကိုရော လှည်းကိုပါ အလှဆင်ပြီး ပြိုင်ပွဲဝင်ကြသည်မှာ မမေ့နိုင်စရာ။

အိမ်အတော်များများမှာလည်း နွားခြံကိုယ်စီနှင့်။ နွေရာသီမှာ နွားချေးကောက်ပြီး လယ်ထဲ ယာထဲ နွားချေးမြေသြဇာချရသည့်နေ့တွေရက်တွေမှာလည်းပျော်ရွင်စရာကောင်းလှသည်။ ထိုစဉ်က အမဲသားတပိသာ ကလည်း တကျပ်ဈေးဘဲ ရှိခဲ့သည်။ သတိရမိပါသည်။

ယခုများမှာတော့ ကျွန်မတို့ မြန်မာပြည်သည် တရုတ်ပြည်ကြီးအပါအ၀င် နိုင်ငံခြားအမဲသားဈေးကွက်၏ ကြီးမားသော အသားဈေးကွက်လိုအပ်ချက်အတွက် ပေးဆပ်ရင်း နွားမျိုးတုံးရတော့မည်လော။ လောဘဇောနှင့် စည်းမရှိကမ်းမရှိ ၊ ပရမ်းပတာ လုပ်ကြလျှင်သဖြင့် ခက်ကုန်ကြလိမ့်မည်။ ယခုကပင် အခြေအနေမှန်ကို နားလည်သိရှိပြီ။သက်ဆိုင်ရာတို့က စနစ်တကျကိုင်တွယ်ကြပါကုန်။

( မယ်ငွေဥ) ( ၄-၁၀-၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...