Wednesday, October 16, 2013

ကျောင်းနေမပျော်ရင် အားလုံးရှော်တော့မယ်

ပဒေသရာဇ်ခေတ်ရဲ့ ပုံပြင်တွေထဲမှာ မင်းညီမင်းသားတွေနဲ့ ပတ်သက်ရင် အဋ္ဌာရသပညာရပ်တို့၊ တက္ကသီလာမှာ ပညာသင်တာတို့၊ ဒိသာပါမောက္ခတို့ဆိုတဲ့ အသုံးအနှုန်းတွေကမပါရင် မပြီးပါ။ အထူးသဖြင့် အုပ်ချုပ်သူရှင်ဘုရင်၊ မှူးကြီးမတ်ရာနေရာဆက်ခံရမယ့် မင်းသားတွေကို အမြော်အမြင် ကြီးစွာနဲ့ တက္ကသီလာရှိတဲ့အရပ်ကိုလွှတ်ပြီး ပညာဆည်းပူးခိုင်းတယ်။ ပညာစုံပြီး ပြန်လာမှ သင့်တော် တဲ့ ရာထူးနေရာပေးတယ်လို့ အမြဲပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အနာဂတ်နိုင်ငံတော်အတွက် အရေးပါတဲ့သူတွေဟာ တက္ကသိုလ်ရဲ့ အဆင့်မြင့်ပညာရပ်တွေကို မဖြစ်မနေစိတ်ပါဝင်စားစွာ သင်ယူ တတ်မြောက်ရမယ်ဆိုတဲ့သဘော။

အခုခေတ် တက္ကသိုလ်တွေဘက်ကြည့်လိုက်ကြရအောင်။ ကျွန်မသမီးက ပထမနှစ်ဖြေထားတဲ့ တက္ကသိုလ်ကျောင်းသူ။ တက္ကသိုလ်မြေကို ဒီနှစ်မှခြေချဖူးတာ။ စက်တင်ဘာလဆန်းက စာမေးပွဲဖြေပြီး သွားလို့ကျောင်းပိတ်ထားတယ်။ မနက်ဆိုနေမြင့်မှအိပ်ရာထ နေ့လယ်ကျတော့ လက်ပ်တော့တစ်လုံး နဲ့ အင်တာနက်ကြည့်၊ ညရောက်တော့ ဂျပန်ကားနာရူတို (NARUTO) လို၊ အင်္ဂလိပ်ကာတွန်းကားဂါဖီး (GARFIELD) လိုရုပ်ရှင်ကြည့်။ သူ့တက္ကသိုလ်နဲ့ပတ်သက်တာ တစ်ခွန်းမှမဟ။ ကျောင်းပိတ်တာ ကောင်းလိုက်တာဆိုပဲ။
အံ့သြကုန်နိုင်ဖွယ်ပါပဲ။ နားထဲကြားရတာကို တစ်ခုခုလိုနေသလိုပဲ။ တက္ကသိုလ်ကို အခုမှရောက်တဲ့ ကျောင်းသူတစ်ယောက်ရဲ့ ရင်ထဲမှာ အမိတက္ကသိုလ်ကြီးရှိမနေပါလား။ ကျွန်မတို့ ကျောင်းသူဘဝက စနေ၊ တနင်္ဂနွေ တက္ကသိုလ်စာသင်ခန်းတွေ ပိတ်ပေမယ့် ကျောင်းထဲကအဆောင်တွေမပိတ်၊ ကျောင်း ပိတ်ရက်ပေမယ့် ကျောင်းထဲက သူငယ်ချင်းတွေ အဆောင်ကိုသွားလည်ကြတာပဲ။ အခုခေတ်လို KTV တို့၊ ဒေးကလပ်၊ နိုက်ကလပ်ဆိုတာတွေ ရှိလည်းမရှိ။ သိလည်းမသိ။ တခြားအပြင်ထွက်ပြီး အပျော်ရှာ စရာမလိုအောင်ကို ကျောင်းပရိဝုဏ်ကြီးက နေလို့ပျော်စရာ။ ကျောင်းကန်တင်းမှာရောင်းတဲ့ အစားအ သောက်ကလည်း အပြင်ထက်ဈေးသက်သာပြီး စားလို့လည်းကောင်း။
မနေ့တစ်နေ့ကမှ ပိတ်လိုက်တဲ့ကျောင်းအပေါ် နည်းနည်းလေးမှ သံယောဇဉ်မရှိတဲ့ ကျွန်မသမီးကို ကျွန်မအံ့သြလို့ပါ။ ကျွန်မဆို ကျောင်းနဲ့ဝေးခဲ့ရတာ အနှစ်နှစ်ဆယ်ကျော်ခဲ့ပေမယ့် ကျောင်းကြီးအနား ရောက်တိုင်း၊ ကျောင်းတုန်းကသူငယ်ချင်းတွေနဲ့ တွေ့တိုင်း၊ တက္ကသိုလ်နဲ့ပတ်သက်တဲ့ တိုက်ဆိုင်မှု တွေတွေ့တိုင်း တက္ကသိုလ်ကြီးနဲ့တကွ ကျောင်းသူဘဝကို ပြန်လွမ်းတုန်း။ အထက်တန်းမအောင်ခင် ကတည်းက "ငါတက္ကသိုလ်ရောက်ရင်လေ" ဆိုတဲ့စိတ်ကူး ကျောင်းသားတိုင်းရင်ထဲမှာ ကိုယ်စီ ရှိကြတယ်။ တချို့မိသားစု အခြေအနေအရပ်ရပ်ကြောင့် တက္ကသိုလ်ဆက်မထားနိုင်တဲ့သူတွေခမျာမှာ လည်း ဆက်တက်ချင်လွန်းလို့ မိဘကို မျက်ရည်ခံထိုး၊ အမျိုးမျိုးဆန္ဒပြတောင်းဆိုခဲ့ရတာအမော။ ဖြစ်ရ မယ်လေ ဂုဏ်ကျက်သရေရှိလှတဲ့ တက္ကသိုလ်ရဲ့ ပရိဝုဏ်ကြီးတွေကိုက ကျောင်းသားတွေအတွက် ရင်ခုန်စရာ။ ရုပ်ရှင်တွေ၊ သီချင်းတွေထဲက တက္ကသိုလ်ကျောင်းသားဘဝကိုက အားကျစရာ။ မြန်မာ နိုင်ငံမှာ လူကြိုက်များကျော်ကြားခဲ့တဲ့ ဂီတ၊ ရုပ်ရှင်တော်တော်များများဟာ တက္ကသိုလ်နောက်ခံဇာတ် လမ်းတွေ၊ တက္ကသိုလ်ဘဝကိုဖွဲ့နွဲ့တဲ့ သီချင်းတွေဖြစ်တယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။
သိပ်ချစ်စရာကောင်းတဲ့ သီချင်းလေးတစ်ပုဒ်အကြောင်းပြောပြပါရစေ။ ကိုင်ဇာဆိုထားတာ။ ကျောင်း ဖွင့်ရက်တွေရှည်ပါစေ၊ ကျောင်းပိတ်ရက်တွေ အကုန်မြန်ပါစေလို့ ဆန္ဒပြုထားတာလေး။ တစ်ဖက်သတ် ကျိတ်ပိုးရတဲ့ကောင်မလေးကို အဝေးကငေးရင်း ခံစားဖွဲ့သီထားတာ။ ဘယ်တော့မှ မရိုးနိုင်တဲ့ သိပ်ရိုး ရှင်းတဲ့သီချင်းလေး။ တက္ကသိုလ်ကျောင်းသား တစ်ယောက်ရဲ့ နောက်ပိုးဘဝကိုသတ်သေတွေနဲ့သူက တိုင်တည်ထားတာ။ ကန်ရေပြင်အင်လျားသာစကားပြောတတ်မယ်ဆိုရင် မေးကြည့်ပါတဲ့။ ရေကန်စပ် မှာ သူဘယ်လောက်ထိုင်ဆွေးနွေးနေရတယ်ဆိုတာ ပြောပြလိမ့်မယ်တဲ့။ အဓိပတိလမ်းတစ်လျှောက် က ခုံတန်းပြာလေးတွေသာ အသည်းနှလုံးရှိမယ်ဆိုရင် သူ့ရဲ့အဖော်မစုံသူအတွေးကို သူတို့အသိဆုံး ပါတဲ့။ တက္ကသိုလ်များ စာကြည့်တိုက်ထဲမှာ နေ့စဉ်ဒိုင်ယာရီရေးတဲ့သူကိုလိုင်ဘရီကြီးက အသိဆုံးပါ။ မေးကြည့်ပါတဲ့။ အဲဒီခေတ်က ကိုင်ဇာသီချင်းဟာ ရိုးရိုျးရှင်းရှင်းအချစ်သီချင်းပါ။ ဒါပေမဲ့ ယနေ့ခေတ်လို မြကျွန်းညိုညိုတက္ကသိုလ် ကံ့ကော်တောနဲ့ဝေးရာ၊ ရိုးပြတ်တောထဲက လယ်ကွင်းထိုထို တက္ကသိုလ်၊ မြို့ပြင်ယူနီဗာစတီ ကျောင်းသားတွေအတွက်တော့ ဒီသီချင်းက အထူးအဆန်း အလွမ်းသီချင်းပေါ့။
သီချင်းထဲက တက္ကသိုလ်က မြန်မာနိုင်ငံထဲမှာလားလို့တောင် မေးစရာ။ သီချင်းထဲက နေရာတွေက အခုခေတ်ကလေးတွေနဲ့ ပတ်မှမပတ်သက်ဘဲ။ အင်းလျားကန်လည်းမသိ၊ ခုံတန်းပြာလည်းမရှိ၊ လိုင်ဘရီ (စာကြည့်တိုက်) ဆိုတာ နတ္ထိ။ ရောက်ဖူးချင်လို့ တက္ကသိုလ်အချင်းချင်းသွားလည်ရအောင် ဆိုတာကလည်း တက္ကသိုလ်ကျောင်းတံခါးအသီးသီးက မနက်အတန်းတွေစတာနဲ့ပိတ်၊ ညနေပိုင်း အတန်းတွေပြီးမှဖွင့်။ ကိစ္စရှိလို့ အပြင်သွားချင်ရင် အတန်းပိုင်ဆရာမဆီခွင့်တောင်း။ ထောင်ကျနေ သော တက္ကသိုလ်များရဲ့ဘဝ။
မကြာသေးခင်က တီဗီအင်တာဗျူးတစ်ခုမှာ လူရွှင်တော်အရိုင်းက ရန်ကုန်တက္ကသိုလ် (မိန်း) ထဲမှာ စတင်သန္ဓေတည်ခဲ့တဲ့ မိုးနတ်သူဇာအငြိမ့်အကြောင်း ပြောပြသွားတယ်။ ကျွန်မတို့ခေတ်လှည်းတန်းက ရန်ကုန်ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် (မိန်း) ထဲမှာ တက္ကသိုလ် အနုပညာအသင်းရှိတယ်။ အခု RC လို့ခေါ်တဲ့ နေရာမှာပေါ့။ စန္ဒရားရှိတယ်၊ မြန်မာ့ဆိုင်းဝိုင်းရှိတယ်၊ ဂီတတွေရှိတယ်။ မိုးနတ်သူဇာအငြိမ့်နဲ့အတူ လူရွှင်တော်ဇာဂနာ၊ အရိုင်း၊ ကင်းကောင်၊ ငှက်ပျောကျော်၊ တက်တူ (ကွယ်လွန်) တို့ကို မွေးထုတ်ပေး ခဲ့တာပေါ့။ သူတို့တွေအပြင် မေဆွိ၊ ဟေမာနေဝင်း၊ တူးတူး၊ ထွန်းအိန္ဒြာဗို၊ ဟန်နီထွန်း၊ ကလေးသရုပ် ဆောင်အောင်ထွန်းလေး အဲဒီအနုပညာရှင်တွေဟာလည်း တက္ကသိုလ်ကျောင်းသားဟောင်းတွေပဲ။
စာပေဘက်ကိုကြည့်ဦးမလား။ မြန်မာစာပေလောကရဲ့ ကျေးဇူးရှင်ကြီးတွေဖြစ်တဲ့ ဆရာကြီးမောင် ထင်၊ ဆရာဇော်ဂျီ၊ အမေလူထု ဒေါ်အမာ၊ ဆရာကြီး ဒဂုန်တာရာတို့လို ဂန္တဝင်စာရေးဆရာကြီးတွေ ရှိသလို၊ ဒီဘက်ခေတ်ဆရာငြိမ်းကျော်၊ ဆရာနွမ်ဂျာသိုင်း၊ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)၊ ဆရာမ မစန္ဒာ၊ မိုးမိုး (အင်းလျား)၊ ကလျာ (ဝိဇ္ဇာ၊ သိပ္ပံ) တို့ဟာ ဘက်ဆဲလ်လားစာရင်းဝင်တွေပါ။ ဒီတက္က သိုလ်ကြီးမှာ ကျောင်းတက်ဖူးတဲ့ အနုပညာရှင်တွေအတွက် ရန်ကုန်တက္ကသိုလ်ကြီးဟာ မကုန်နိုင် မခမ်းနိုင်တဲ့ ကုန်ကြမ်းတွေရှိရာ အရပ်ပါ။
အားကစားဘက်မှာလည်း ဒီလိုပဲ။ တက္ကသိုလ်ပေါင်းစုံက အတော်ဆုံးအားကစားသမားတွေနဲ့ စုစည်း ထားတဲ့ တက္ကသိုလ်လက်ရွေးစင်ဘောလုံးအသင်းကနေ နိုင်ငံ့ဂုဏ်ဆောင်ဘောလုံးသမားတွေ မွေးထုတ်ပေးခဲ့ဖူးတယ်။ အထင်ရှားဆုံးကတော့ ဟေမာနေဝင်းနဲ့ ရာဇာနေဝင်းတို့ရဲ့အဖေ၊ ရုပ်ရှင်မင်း သားကြီး ကောလိပ်ဂျင်နေဝင်းဟာ မြန်မာ့လက်ရွေးစင်ဘောလုံးသမားကြီးပေါ့။ သူ့ရဲ့မိခင်အသင်းက ရန်ကုန်တက္ကသိုလ်လက်ရွေးစင်အသင်း၊ အခုဘောလုံးလောကက အနားယူသွားတဲ့ မြန်မာ့လက်ရွေး စင် ဂိုးသမားအောင်ကျော်ကျော်ဟာလည်း တက္ကသိုလ်လက်ရွေးစင်ဘဝက လာခဲ့တာ။
အရှေ့တောင်အာရှရဲ့ ကြက်တောင်ရိုက်ပြိုင်ပွဲကနေအမိမြန်မာပြည်အတွက် ရွှေတံဆိပ်များစွာ အရယူ ပေးခဲ့တဲ့ မမြလေးစိန်ဟာ ဆေးတက္ကသိုလ်ရဲ့ လက်ရွေးစင်အားကစားသမားတစ်ဦးပါပဲ။ အခုတော့ ဒေါက်တာမြလေးစိန်ပေါ့။ အဲဒီလိုပဲ တက္ကသိုလ်များ လှေလှော်ရွက်တိုက်အသင်း၊ တက္ကသိုလ်များ ခြေလျင်တောင်တက်အသင်း၊ ဘတ်စကတ်ဘော၊ ဘောလီဘောဆိုင်ရာဆိုင်ရာ အသင်းအဖွဲ့တွေ ကိုယ်စီ ရှိကြတယ်။ ကျောင်းသားဘဝကတည်းက အဖွဲ့အစည်းနဲ့ညီညွတ်စွာ လှုပ်ရှားရတဲ့ စွမ်းရည် တွေလေ့ကျင့်ပြီးသား။ Team Work အတွက် အလေ့အကျင့်ကောင်းပေါ့။
စာသင်ခန်းထဲမှာ ကျောင်းသင်ခန်းစာတင်မက၊ တက္ကသိုလ်ပရိဝုဏ်ထဲမှာ ကိုယ်ဝါသနာပါရာအလုပ်ကို လွတ်လပ်စွာလေ့လာခွင့်၊ လွတ်လပ်စွာတီထွင်ကြံဆခွင့်၊ လွတ်လပ်စွာ လေ့ကျင့်ခွင့်ရကြတယ်။ အခု ခေတ်တက္ကသိုလ်တွေလို Roll Call မရှိ၊ ကျောင်းသားကို အကျဉ်းသားလိုမမြင်။
မုံရွာစီးပွားရေးတက္ကသိုလ်က ဆရာတစ်ယောက်ဆိုရင် သူ့တက္ကသိုလ်က မုံရွာမြို့ပြင်မှာတဲ့။ 7Day သတင်းစာဖတ်ဖို့အရေးတောင် ကျောင်းသားတွေနဲ့လူကြုံမှာရတာတဲ့။ အဲဒါတောင် နေ့လယ်တစ်နာရီ ဆိုတာ အစောဆုံးပဲတဲ့။
ကျောင်းပိတ်ရက်ဆိုရင် ကိုယ်တိုင်မြို့ထဲမသွားရင် မဖတ်ရဘူးတဲ့။ သူကလည်း တက္ကသိုလ်ဆရာအ ဆောင်မှာနေတော့ မြို့နဲ့လှမ်းတာပေါ့။ အဲဒီလောက်ဝေးတော့ သတင်းစာပို့သမားမရောက်ဘူးပေါ့။
သူနဲ့စကားစပ်မိလို့ ပြင်ဦးလွင်နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) အကြောင်းပြောဖြစ် တယ်။ သူတို့တက္ကသိုလ်လည်း အဲဒီအတိုင်းပဲတဲ့။ ကျောင်းသားတွေက Roll Call ကြောင့်သာ ကျောင်း လာနေတာ။ ကျောင်းမှာမပျော်ကြဘူးတဲ့။ ဒီကျောင်းတက်မှ ဒီဘွဲ့ရမှာမို့မြန်မြန်ပြီး၊ မြန်မြန်အေးရော သဘောထားနေကြတာလို့ ကျောင်းသားအပေါ် ကရုဏာသက်တဲ့လေသံနဲ့ ပြောပြတယ်။
ဟုတ်တယ်လေ တက္ကသိုလ်မတည်အပ်တဲ့အရပ်မှာ စွတ်သွားဆောက်တာကိုက မှားနေတာ။ စက်နဲ့ လှည့်ထုတ်သလို ဘွဲ့ရတွေသာ များလာမှာ။ ပညာတတ်တော့ ပါလာမှာမဟုတ်ဘူး။ တခြားပညာရပ် ထူးချွန်သူဆိုတာလည်း မမျှော်နဲ့။ နိုင်ငံတော်ကြီး နောင်ရေးရင်လေးစရာ။ ဒီဇင်ဘာဆိုရင် တက္ကသိုလ် တွေ တစ်ပြိုင်တည်းပြန်ဖွင့်တော့မယ်။ ရန်ကုန်မြို့အနှံ့ကားမှတ်တိုင်မှာ၊ မီးပွိုင့်တွေမှာ၊ ဖယ်ရီကားပေါ် မှာ တက္ကသိုလ်အသီးသီးရဲ့ သတ်မှတ်ယူနီဖောင်းလေးတွေဝတ်လို့၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မှော်ဘီ၊ သန်လျင် တက္ကသိုလ်တွေဆီ မပျော်ရွှင်တဲ့ မျက်နှာထား၊ လေးလံတဲ့ ခြေလှမ်းတွေနဲ့ မသွားချင်၊ သွားချင်သွားနေကြတဲ့ တက္ကသိုလ် ကျောင်းသားလေးတွေကိုတော့ မတွေ့ ချင်လည်း မြင်လျက်သား မြင်ကြရဦးမယ်။
အနာဂတ်ကို ပုံဖော်ကြမယ့် သားကောင်းရတနာတွေ၊ ပညာရပ်တစ်ခုခုကို အမှန်တကယ် တတ် မြောက်ရမယ့်ကိစ္စ၊ တက္ကသိုလ်တွေမှာ ကျောင်းသားတွေ မပျော်ဘူးဆိုတာဟာ ဘာသိဘာသာနေသင့် တဲ့ ကိစ္စမဟုတ်ဘူးလို့ မြင်ပါတယ်။ ကျောင်းနေပျော်မှ စာတော်မယ်ဆိုတဲ့ စကားရှိတယ်မို့လား။ တက္ကသိုလ်ကျောင်သားတွေ ကျောင်းသွားဖို့တောင်မပျော်တော့ရင် တခြားဘာများတော်နိုင်ပါဦးမလဲ။ မတော်သူများနဲ့စုဝေးထားတဲ့ ပြည်ထောင်စုကြီးကရော ဘယ်ကိုချော်တောငေါ့တော့မလဲ။
7Day Daily
No.169, October 10, 2013

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...