Wednesday, October 16, 2013

မင်းဒင်ရဲ့သက်ခိုင် (၂) လူတော်တချို့သည် ရံခါ မထင်မှတ်လောက်အောင်ညံ့တတ်ကြ၏။


ဘာနာကျည်းချက်၊ဘယ်လိုရန်ကြွေးလည်းတော့ ကျနော်လည်း အတပ်မပြောနိုင်ဘူး။နောက်ပိုင်းမှာ ကိုစိုးသန်းဟာ တောင် ဥက္ကလာ၊ကြည့်မြင်တိုင်၊လှည်းတန်းစတဲ့နေရာတွေမှာ လူသတ်မှုတွေ ဆက်တိုက် ကျူးလွန်ခဲ့တယ်။ လူသတ်မှုတင် မက သေးဘူး။ကြံတောသုဿန်လုယက်မှုတွေလို နာမည်ကြီးအမှုတွေမှာ လည်းပါခဲ့ တယ်။ကိုစိုးသန်းဟာအနည်းဆုံး လူငါး ယောက်လောက် သတ်ခဲ့ဖူးတယ်။လုယက်မှုပေါင်းများစွာ ကျူးလွန်ခဲ့ဖူးတယ်။

ကိုစိုးသန်းဟာ ထောင်ကျလိုက်၊ရဲဘက်ရောက်လိုက်၊ ရဲဘက်စခန်းကနေထွက်ပြေးပြီး နောက်ထပ်ပြစ်မှု ကျူးလွန်လိုက်၊ လေးငါးကြိမ် လုပ်ခဲ့တဲ့သူပါပဲ။ သူ့ကို အင်းစိန်ထောင်ထဲမှာ၊ ကမာရွတ်မြို့နယ်တရားရုံးက ရုံးတင်စစ်ဆေးပြီး သေဒဏ်ချ တယ်။ ၈၈အရေးအခင်းအပြီး ထောင်တွေခါတော့ လွတ်လာရော ဆိုပါတော့။ သူ အသုံးအစားကြပ်တဲ့အခါ ကျနော့် ရုံးခန်းကို သူ လာလာပြီး ဂျီကျတတ်သဗျ။တခါတလေ ကျနော်က အင်တင်တင် လုပ်နေရင် သူဟာ နာမည်ကြီး လူမိုက်ဆိုတဲ့အိုက်တင်နဲ့ သဟောက်သဟမ်း လုပ်ချင်သေးတယ်။ခက်တာက ကျနော်က လှိုင်မက္ခရာလို လူမိုက်နယ်မြေ မှာ ကြီးပြင်းခဲ့တဲ့ကောင်ဆိုတော့ လူမိုက်တွေရဲ့အထာကို သိနေတယ်။လူမိုက်ရဲ့ ရေချိန်နဲ့ `ဇ´ ကို အကဲဖြတ်နိုင်တယ်။ နောက်တစ်ချက်က အဲဒီအချိန်ဟာ သူတို့ခေတ် မှိန်စပြုနေတဲ့အချိန်။ ကျနော်ကတော့ လက်စွဲတော် လူမိုက် တရုန်းရုန်းနဲ့ မိုက်လုံးထွားနေတဲ့ မိုးကောင်းချိန်ဆိုပါတော့။
ကိုစိုးသန်းပြောဖူးတဲ့ စကားတစ်ခွန်းတော့ မှတ်မှတ်ရရ ဖြစ်နေတယ်ဗျ။ သူဟာ လူသတ်ပြီးတိုင်း သူ၊လူသတ်ခဲ့တဲ့နေရာကို သွားချင်စိတ် ပေါ်တယ်ဆိုပဲ။အကြိမ်ကြိမ် လူသတ်တယ်။ သတ်ခဲ့တဲ့အချိန်ရောက်ရင် သတ်ခဲ့တဲ့နေရာကို သွားချင်စိတ် ဘယ်လိုမှ တားမရဆီးမရ ပေါ်လာတတ်သတဲ့။လူသတ်သမားဟာ လူသတ်ခဲ့တဲ့နေရာကို ပြန်သွားရင် အဖမ်းခံရမယ် ဆိုတာ သူ သိသိကြီးနဲ့ကို သွားဖြစ်အောင် သွားမိသတဲ့။ကျနော်လည်း လူမသတ်ဖူးတော့ ဟုတ်မဟုတ် အတပ် မပြောနိုင်ဘူး။ ခက်တာက ဒီလိုဖြစ်တတ်တယ်ဆိုတာ စာအုပ်တချို့မှာတော့ ကျနော်ဖတ်ဖူးတယ်ဗျ။

အဲဒီကိုစိုးသန်းကို မေ့မေ့ပျောက်ပျောက်ဖြစ်နေရာကနေ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်ရဲ့ တစ်နေ့မှာ ကျနော် ဗီစီဒီတရား ခွေတစ်ခွေ နာမိသဗျ။ ဟောတဲ့ဆရာတော်က နိုင်ငံကျော်ဓမ္မကထိက၊ ဓမ္မစေတီဦးကောသလ္လ (ဓမ္မစရိယ အမ်အေ)။ ဆရာတော်ဟာ တရား ဟောနေရင်း `ဒကာစိုးသန်း အခုဘာလုပ် နေသလဲ ဟိုတုန်းက ဘာလုပ်သလဲ။ တောင်ဥက္ကလာ သားတွေသိပါတယ်´ ဆိုတဲ့ တရားတစ်ခွန်းပါလာတယ်။ နောက်တစ်ချက်က ဆရာတော်ဟာ ကိုစိုးသန်းကို တရင်းတနှီး သိနေပုံရတယ်။ ကျနော်လည်း တောင်ဥက္ကလာနဲ့စိုးသန်းဆိုတာ တွဲလျက်ကြားကတည်းက နည်းနည်း ထူးဆန်းသလို ဖြစ်သွားသဗျ။ ဆက်နာကြည့် လိုက်တော့ ကိုစိုးသိန်းဟာ ၀စီပိတ် ဘုန်းတော်ကြီးဖြစ်နေတယ် ဆိုပဲ။ ဆရာတော်ဟာ ကိုစိုးသန်း နာမည်တပ်ပြီး အထူးအဆန်းလို ဟောနေတော့ `ဒီကိုစိုးသန်းဟာ ငါသိတဲ့ ကိုစိုးသန်း များဖြစ်နေမလား´လို့ တွေးမိတာနဲ့ ရန်ကုန်က ကျနော်ဘော်ဒါအရင်းကြီး ရှေ့နေကြီးဦးဇော်မျိုးဝင်းဆီ ဖုန်းဆက် စနည်းနာ ကြည့်တော့၊ ဟုတ်နေသဗျ။

လုယက်၊လူသတ်မှုတွေနဲ့ သေဒဏ်ကျပြီး ဂျင်ဝိုင်းမှာ ၊လူမိုက်လောကမှာ ကျင်လည်နေခဲ့ဖူးတဲ့ ကိုစိုးသန်းကြီးဟာ အခု ခင်ဗျားကို ကျနော်စကားပြောနေတဲ့အချိန်မှာ ၀စီပိတ်ဘုန်းတော်ကြီးအဖြစ် တောင်ဥက္ကလာပတခွင်မှာ ဟိုးလေးတကျော်၊ ထင်ပေါ် ကျော်ကြားနေပါသတဲ့ဗျာ။
သူ့အမူအယာကိုကြည့်ပြီး ဒကာဒကာမတွေက ချဲအတိတ်စိမ်းကောက်ကြတာ ဒက်ထိမှန်ကြတယ်ဆိုပဲ။သူက `ဒါထိုး´ ဆိုပြီး အမူအရာပြလိုက်ရင် ဒဲ့တန်းမှန်းတာမို့ `ဒါထိုး´လို့ခေါ်ဝေါ်သမုဒ်ကြရာကနေ သူ့ဘ၀နောက်ကြောင်းမှာ ဓားနဲ့ လူသတ် ခဲ့ဖူးတဲ့သမိုင်းနောက်ခံကြောင့် `ဓားထိုး´ဘုန်းကြီးလို့ နာမည်ကျော်သတဲ့။ဘုန်းကြီးကိုစိုးသန်းဟာ ၀စီပိတ် ကျင့်နေတာမို့ စကားတော့ တစ်လုံးမှ မဟပေမဲ့ သူ့ကိုအကြောင်းပြုပြီး စီးပွားလာဘ်လာဘတွေရွှင်ကြ။ လုပ်ငန်းတွေ အဆင်ပြေကြဆိုပဲ။ ဓမ္မစေတီဆရာတော်ရဲ့တရားပွဲအလှူခံရငွေဟာ သူ့ဝင်ငွေမမှီဘူးတဲ့ဗျ။ကဲ ဘယ့်နှယ်လုပ်မလဲ။ လောကကြီးရဲ့ ထူးဆန်းပုံ များ။
အေးဗျာ။လောကကြီးက ဆန်းကြယ်သလို လူတွေကလည်း အဆန်းသားကလား။ အထူးအဆန်းတို့၊လူဆိုးလူမိုက်တို့ဆို တာမျိုးတွေနဲ့ ကျနော်ဟာ၊ဘယ်ဘ၀က ရေစက်ပါခဲ့လေသလဲတော့ မဆိုနိုင်ဘူး။

ရော၊အရေးထဲ ခင်ဗျားက ကိုငွေစံကြီးဆီ စိတ်ရောက်နေပြန်ပြီ။ ဟုတ်တော့၊ဟုတ်တယ်ဗျ။ ကိုငွေစံဟာ စကားပြောရာမှာ၊ ဘ၀ကို ခပ်လှောင်လှောင်၊ရယ်သွမ်းသွေးပြီးပြောတဲ့နေရာမှာ ပါရမီပါတယ်ဆိုရမယ်။ ကိုငွေစံ့အဖေ ဦးလှမြင့်ဟာ ကျနော့် အဖေသူငယ်ချင်းပေါ့။ဦးလှမြင့်က ကမာရွတ်ဈေးကြီးနဲ့ ကပ်လျက် ချစ်တီးဘုရားရေကန်ကြီးဘေးက ကန်နောက်လမ်းမှာ ဆံပင်ညှပ်ဆိုင်ဖွင့်ခဲ့တာမို့ ကျနော့်အဖေ၊ အမြဲတမ်းလိုလို ဆံပင်သွားသွားညှပ်ရာကနေ ခင်မင်သွားကြ တယ်ထင်ပါရဲ့။ ရှေးလူကြီးတွေက တမျိုးဗျ။ ဆံပင်ညှပ်တာတောင် ညှပ်နေကျဆံသဆရာ မဟုတ်ရင် တယ်ပြီးသဘော မတွေ့ချင်ကြ လှဘူး။
ကိုငွေစံအဖေ ဦးလှမြင့်ကလည်း စကားပြောကောင်း ခင်ဗျ။ ရုတ်တရက်ဆိုရင် ဦးလှမြင့်ပြောတာတွေဟာ ဂွတီးဂွကျနိုင် သလိုလို ထင်ရပေမဲ့ စေ့စေ့တွေးလေ အဓိပ္ပါယ်ပေါ်လေပဲ။ ကျနော်ကတော့ ဦးလှမြင့်နဲ့ တိုက်ရိုက် သိပ်စကားမပြောဖူးလှ ပါဘူး။ ဒါပေမဲ့ ဦးလှမြင့်ရဲ့ အတွေးအခေါ်နဲ့ ဒဿနကို ကိုငွေစံကြီးက ချက်ကျလက်ကျ ပြန်ပြောတာကို နားထောင်ပြီး မှတ်မိနေတာဗျ။ သူတို့သားအဖ အချီအချ ပြောခဲ့ကြဖူးတဲ့ အကြောင်းလေးတွေပေါ့။ဘာတဲ့။
`ဟေ့ကောင်၊ငွေစံ ။လောကမှာ မိုက်တာလွယ်သလား။လိမ္မာတာလွယ်သလား ဖြေစမ်းပါအုံး´ ဆိုတော့ ကိုငွေစံက ` ဟာ အဖေကလည်း မိုက်တယ်ဆိုတာ လွယ်တာပေါ့၊ရုပ်ရှင်တောင် ရှိသေးတယ်လေ´ လို့လည်းဖြေလိုက်ရော၊ `တော်တော်တုံး တဲ့ ကောင်၊ မသေမချင်းမှတ်ထား၊မိုက်တယ်ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုရလာဖို့ ပြုလုပ်ချက်လိုတယ်။ သတ်ရ ဖြတ်ရမယ်။ ရိုက်တာ နှက်တာတွေ လုပ်ရအုံးမယ်။လိမ်လည်လှည့်ဖြားရအုံးမယ်။ ဒါလွယ်တဲ့အလုပ်လား။ မင်းလိမ္မာချင်ရင် အသာလေးငြိမ်နေ လိုက်ရုံပဲ။ လိမ္မာတာ လွယ်သလား ၊မိုက်တာ လွယ်သလား၊မင်းဖာသာ ဆက်စဉ်းစားတော့တဲ့။
ဦးလှမြင့်ပြောတာ မှန်လိုက်လေခြင်းလို့ ကျနော်ပြောနေတာ မဟုတ်ဘူးနော်။ ဘ၀ကို ထောင့်တစ်ခုကနေ သူမြင်ပုံပေါ့။ အဲဒီလို ကြားဖူး၊နားဝတွေကနေ ကျနော်ဟာ လူ့ဘ၀ကို ထောင့်ပေါင်းစုံက မြင်တတ်လာတာပါပဲ။ နေဦး။ နောက်တစ်ခု ရှိသေး တယ်။
ကိုငွေစံကြီးဟာ ဆယ်တန်းနဲ့ ကျောင်းထွက်ပြီးတော့ ပန်းချီငွေစံဆိုပြီး ပန်းချီကားတွေဆွဲတယ်။ ငယ်ငယ်က သူ့လက်ရာ တွေ တော်တော် ကောင်းတယ်ဗျ။ဆိုင်းဘုတ်တွေလည်း ရေးတယ်။ ကျနော်မှတ်မိသလောက် အခုအချိန်အထိနာမည်ကြီး နေသေးတဲ့ ဂျိုးသိန်းတံဆိပ်ဆေးပေါ့လိပ် ဒီဇိုင်းကို ကိုငွေစံရေးခဲ့တာပဲ။ပုံတူပန်းချီတွေလည်း သူရေးတာ ကျနော်တွေ့ခဲ့ဖူး တယ်။ခက်တာက အဲဒီခေတ်ဟာ ပန်းချီဆရာ၊ထမင်းဝတဲ့ခေတ် မဟုတ်လေတော့ ကိုငွေစံတစ်ယောက် မိဘ လက်ငုတ်လက်ရင်း ဆံပင် ညှပ်တဲ့အလုပ်ဘက်ကို ပြန်လှည့်ရတယ်။ ဆံပင်ညှပ်တဲ့အလုပ်ကို သူစိတ်ဝင်စားဟန် မရှိဘူးဗျ။ ဒါကြောင့် သူ့အဖေ ဦးလှမြင့်ရှေ့မှာ ၊ `တိုက်တစ်လုံး၊ကားတစ်စီးသာ ရှိရင်သေပျော်ပါပြီ´ ဆိုတာမျိုး ညည်းမိသတဲ့။
ကိုငွေစံ့ညည်းသံကို ခဏခဏကြားနေတဲ့ ဦးလှမြင့်ဟာ စိတ်တိုလာဟန်တူပါရဲ့။
`ဟေ့ကောင်၊ငွေစံ။ မင်းဟာက အလကားရတဲ့ စိတ်ကူးတောင် နှမြောနေတာပဲ၊ ဘာတဲ့ တိုက်တစ်လုံး ကားတစ်စီး ၊ဟုတ်လား။ စိတ်ကူးစမ်းပါကွ။ ကားဆယ်စီး အစီးတစ်ရာ။ တိုက်ဆယ်လုံး၊တိုက်အလုံးတစ်ရာ။ တပြားမှ မပေးရတဲ့ စိတ်ကူးတဲ့အလုပ်ကိုတောင် ဖြစ်ဖြစ်မြောက်မြောက် စိတ်မကူးတတ်တဲ့ကောင်၊ ငါ့သားလို့ မပြောနဲ့ကွာ´လို့ ငေါက်ဖူး သဗျ။
နောက်ထပ်တစ်ခုရှိသေးတယ်။ ဦးလှမြင့်ရဲ့ အရက်သောက်နည်း။ `ငွေစံ မင်းတို့က အရက်သောက်တာကို အရက် သောက်တယ်၊ အရက်သောက်တယ်လို့ လျှောက်မပြောနဲ့ကွတဲ့။အရက်သောက်တာ ဘုရားမကြိုက်ဘူး။ မင်းတို့အိပ်မပျော် လို့ သောက်တဲ့ ဆေး၊နေထိုင်မကောင်းလို့ သောက်တဲ့ဆေးတွေမှာတောင် ဘိန်းပါနေတာပဲ။ ဒါပေမဲ့ ဆေးသောက် တယ်ဆိုပြီး သောက်လိုက်တော့ အပြစ်လွတ်နေတယ်။အေး၊ဒါကြောင့် အရက်သောက်တာကို ဆေးသောက်တယ် လို့ပြော။တော်ရုံတန်ရုံ ဆေးဖြစ်၊၀ါးဖြစ်သောက်၊ခွေးသောက်၊နွားသောက်တော့ မလုပ်နဲ့´တဲ့။ မှတ်သား စရာပါပဲဗျာ။ ဘာကြောင့်မှတ်သားစရာလဲဟုတ်လား။ ကိုငွေစံ့အဖေဟာ သူပြောတဲ့အရက်သောက်နည်းအတိုင်း စည်းနဲ့ကမ်းနဲ့ ဆေးဖြစ် ၀ါးဖြစ်သောက်ခဲ့တယ်ထင်ပါရဲ့။အခုအသက်ကိုးဆယ်ကျော်အထိ ကျန်းမာပကတိချမ်းသာစွာ ရှိနေတုန်းပဲဗျ။
ဘ၀ကို ရယ်ပွဲဖွဲ့တတ်တဲ့ ကိုငွေစံအကြောင်းဟာ ပြောမဆုံးပေါင်၊တောသုံးတောင်ဗျ။ကိုငွေစံတို့လင်မယား ဘောလုံးပွဲ အပေါ် အမြင်ဖလှယ်တာလေးကလည်း မှတ်သားစရာတမျိုးပါပဲ။
ကိုငွေစံက အသက်ကြီးမှ မိန်းမရတယ်။သူ့မိန်းမက သူ့ထက် အတော်အသက်ငယ်တယ်။ဂျင်ဝိုင်းတွေမှာ ၀ါသနာထုံခဲ့တဲ့ ကိုငွေစံဟာ ပရီးမီးယားလိဂ်တို့လို ဘောလုံးပွဲတွေ ခေတ်စားလာချိန်မှာလည်း ခေတ်နဲ့အညီ ဘောလုံးပွဲတွေလောင်းပြန် ရောဗျ။ လောင်းတိုင်းလိုလို ရှုံးနေတဲ့ ကိုငွေစံ့ကို သူ့မိန်းမလေးက မြင်ပြင်းကပ်လာတယ်ထင်ပါ့ရဲ့။ တစ်နေ့၊ကိုငွေစံ ဘောလုံးပွဲလောင်းခဲ့တဲ့ကိစ္စကို သူ့မိန်းမက စပ်စုသတဲ့။ `ရှင်၊ဒီနေ့ ဘယ်ဘက်က လောင်းခဲ့သလဲ´ပေါ့။ ဒီတော့ ကိုငွေစံက ` ငါ ဒီနေ့ ချဲလ်ဆီးဘက်က သုံးသောင်းလောင်းခဲ့တယ် လို့လည်းဖြေရော၊သူ့မိန်းမက `ချဲလ်ဆီးက ဘယ်အသင်းနဲ့ ကန်သလဲ´ဆိုပြီး ထပ်မေးတယ်။`မန်စီးတီးနဲ့ ကန်မှာလေ´လို့လည်း ပြန်ဖြေရော ကိုငွေစံ့မိန်းမဟာ ခေါင်းတညိမ့်ညိမ့်၊ အလေးအနက်စဉ်းစားတဲ့ဟန်နဲ့ အတန်ကြာငြိမ်နေပြီးမှ…၊ ` အင်း၊အမှန်တော့ `ရှင်၊ ချဲလ်ဆီဘက်က တစ်သောင်းခွဲ၊ မန်စီတီးဘက်က တစ်သောင်းခွဲ မျှလောင်းသင့်တယ်´ ဆိုပြီး အကြံပြုသတဲ့ဗျ။
ကိုငွေစံက ဒီမိန်းမ၊ဒီလောက်တုံးရပါ့မလားဆိုပြီး စိတ်ပေါက်ပေါက်နဲ့ …၊ `နင့်အမေ ခြောက်ကျပ်၊နှစ်ဘက်ခွလောင်းရင်း အကောက် ခုနစ်ရာ့ငါးဆယ်ရှုံးမှာပေါ့ဟ´လို့လည်း ပြန်ငေါက်လိုက်ရော၊ကိုငွေစံကတော်ဟာ လေသံခပ်အေးအေးနဲ့ပဲ ပြန်ထောက်လိုက်တာက `အေးလေ၊ခုနစ်ရာ့ငါးဆယ်ရှုံးတာက သုံးသောင်းရှုံးတာနဲ့စာရင် တော်သေးတာပေါ့´တဲ့ဗျာ။
ကိုငွေစံဟာ သူကိုယ်တိုင်လုပ်ခဲ့ဖူးတဲ့ မထော်မနန်းလုပ်ရပ်တွေကိုလည်း ပြန်ပြန်ဖောက်သည်ချလေ့ရှိတယ်ဗျ။ သူက ကျောင်းတက်နေတုန်း ကျောင်းစားရိတ်ရလိုရငြား လမ်းမတော် တရုတ်တန်းက တရုတ်ကြီးတယောက်ရဲ့ လက်ဖက်ရည် ဆိုင်မှာ စားပွဲထိုးလုပ်ခဲ့ဖူးသတဲ့။အမှန်တော့ အဲဒီတရုတ်လက်ဖက်ရည်ဆိုင်ဟာ လက်ဘက်ရည်ထက် လက်ဖက်ခြောက် ကောင်းကောင်းခတ်ထားတဲ့ ရေနွေးကြမ်းကို ဦးစားပေးရောင်းတာတဲ့။
အဲဒီဆိုင်မှာ ကိုငွေစံလည်း အလုပ်စ ၀င်ရော ဆိုင်ရှင်တရုတ်ကြီးက လက်ဖက်ရည်ကြမ်းအိုးသေးတစ်အိုးကို ပြားငါးဆယ်၊ အိုးကြီးတစ်အိုးကို တစ်ကျပ်နှုန်းရောင်းကြောင်း၊အိုးကြီးမှာ လက်ဖက်ခြောက်ဘယ်လောက်ထည့်၊အိုးသေးဆို ဘယ်လောက်ထည့် လက်ထပ်သင်ပေးသတဲ့။ တဆက်တည်းမှာပဲ တရုတ်ကြီးက ကိုငွေစံမမြင်ဖူးတဲ့ လက်ဖက်ခြောက်လို လို ခပ်မဲမဲအဖတ်ကြီးတွေ အထုပ်ကြီးတစ်ထုတ်လာပေးပြီး `ဒါတွေကို ရေစိမ်ထားလိုက်´ လို့ခိုင်းခဲ့သတဲ့ဗျ။
ကိုငွေစံကလည်း `ဟုတ်ကဲ့ပါထောင်ကဲ´ဆိုပြီး အမဲဖတ်တွေကိုရေစိမ်ထားလိုက်တာ မကြာခင်မှာ အမဲဖတ်ကြီးတွေဟာ တဖြည်းဖြည်း ပွလာရောပေါ့။ ကိုငွေစံ့စိတ်ထဲမှာ၊လက်စသတ်တော့ ဒီတရုတ်ကြီးဆိုင် ရေနွေးရောင်းကောင်းတာဟာ ဒီစပါယ်ရှယ်လက်ဖက်ခြောက်တွေကြောင့်ကိုးလို့ တွေးမိသတဲ့။ ရေနွေးအိုးဆူလို့ ရေနွေးမှာတဲ့ အော်ဒါလည်း ကျလာရော ကိုငွေစံဟာ လက်ဖက်ရည်အိုးကြီးတစ်အိုးထဲကို အမဲဖတ်ကြီးကြီးတဖတ်၊ အိုးသေးထဲကို အမဲဖတ်သေးသေးတဖတ်၊ သေချာချိန်ဆထည့်ပြီး လက်စွမ်းပြလိုက်တာ နေလည်းကုန်ရော အမဲဖတ်တွေ ကုန်ရောဆိုပါတော့။
ညနေဆိုင်သိမ်းချိန်လည်းရောက်ရော ဆိုင်ရှင်တရုတ်ကြီးက ကိုငွေစံ့ကိုလှမ်းခေါ်ပြီး `ငါမနက်က မင်းကို ရေစိမ်ခိုင်းထားတဲ့ မှိုခြောက်ပန်းခြောက်တွေယူလာခဲ့´လည်းဆိုရော ကိုငွေစံဟာ အူလည်လည်မျက်နှာပေးနဲ့ `မှိုခြောက်ပန်းခြောက်ဆိုတာ ထောင်ကဲ ကျနော့်ကို မပေးဘူးလေ၊မနက်ကပေးတာက လက်ဖက်ခြောက်မဟုတ်လား´ဆိုတော့ တရုတ်ကြီးလည်း နဖူးကိုလက်နဲ့ရိုက်ပြီး `တေလိုက်ပါတော့ကွာ၊ အဲဒါ ဟင်းချိုချက်မဲ့ မှိုခြောက်ပန်းခြောက်တွေဟ´လို့ ထ အော်သတဲ့။ တိုတိုပြောရရင် တစ်နေ့တည်းနဲ့ ကိုငွေစံ လက်ဖက်ရည်ဆိုင် စားပွဲထိုးအလုပ်ပြုတ်တော့တာပါပဲ။
အော်၊ခင်ဗျားက ကိုငွေစံ သည်လောက်တုံးရ၊အ ရသလားထင်နေရော့မယ်။ သူထူးချွန်တဲ့အချက်တွေ ရှိသေးတယ်ဗျ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...