“သင်္ကြန်စာ”
“နွေခါမီဝယ်၊
ရာသီမိဿ၊ ဂိမာန္တနှင့်စိတြကြယ်၊ တိမ်ခိုးလယ်မှာ စံပယ်ကွန့်ကာ တိမ်ဘွေချာ လယ်
ဒေသစာလှမ်း လှည့်လည်မြန်းပါလို့နှစ်ဆန်းခဲ့သင်္ကြန်၊ သစ်သစ်သာဖန်တော့တယ်၊
နိုင်ငံကြော့ပြည်သူမှာ ပန်ဆုယူ တာရေသွန်းချိန်မို့လွမ်းလှတယ်လေး။” တဲ့။
တန်ခူးလဖွဲ့ လွမ်းချင်းကလေးပါ။ သူများတကာတွေ အင်မတန်ပျော်ပါးနေကြတဲ့ သင်္ကြန်ချိန်ခါကြီးမှာ ဘယ့်နှယ်လာ လွမ်းလွမ်းဆွေးဆွေး အလွမ်းတွေဖွဲ့နွဲ့နေပါလိမ့်။ ဟိုးအရင်ဘူတန်မှာ ရောက်နေတုန်းကတော့ ထားပါတော့။ ခုနေခါ ရန်ကုန်မှာ ငုတ်တုတ်ကြီး ရောက်နေ လျက်သားနဲ့သင်္ကြန်ရေ စိုရွှဲရွှဲအောက်မှာ လွမ်းသလေး ဆွေးသလေးနဲ့ ပလီနေပုံထောက် သူများပျော်လို့ မပျော်နိုင်ရောဂါပဲဖြစ်ရမယ် လို့ ဆိုကြရော့မယ်။
နှစ်သစ်ကူးမို့ ချစ်ဦးကို ရှာဖွေစရာလည်း မရှိပါဘူး။ ဘယ်ရပ်ဌာနီဘယ်ဆီများသွားပါလိမ့် လို့လည်း ရှာပုံတော်မင်းသားကြီး လုပ်စရာ မလိုပါဘူး။ ဘယ်သူ့လွမ်းနေတာတုန်းလို့ ပြောရင် ငတ်တုတ်မေ့သွားဦးမယ်။ ယုံမှာတောင် မဟုတ်ဘူး။ အဟုတ်ကြီး တကယ်ကြီးကို လွမ်းမိတာပါဗျာ။ဆင်းလာမယ့် သိကြားမင်းကြီးကို တိုင်တည်ပြီး ပြောဝံ့ပါရဲ့။ လွမ်းတာမှ တစ်ယောက်တည်းတောင်မဟုတ်ဘူး။ အများကြီးပဲ။ ၄၈လမ်း ပလီက ကုလားလေးတွေကို လွမ်းနေမိပါတယ်။
ငယ်ငယ်တုန်းက သင်္ကြန်ဆိုရင် အိမ်ရှေ့မှာ စည်ပိုင်းပြတ်ကလေးချ၊ ပလပ်စတစ်ခွက်ကလေး၊ရေပြွတ်ကလေးတွေနဲ့ ရေပက်ကစားကြတဲ့အခါ သည်းသည်းမည်းမည်း အားရပါးရ ပက်တာက အဲသည်ပလီက ကုလားကလေးတွေကိုပါ။ကလေးဘာဝ ရေလောင်းတာချင်းအတူတူဆို ရေစိုမခံချင်လို့ ထွက်ပြေးတဲ့သူ၊ ပုန်းလျှိုးကွယ်လျှိုးချောင်းကာခိုကာလာတဲ့သူကို အမိအရပက်ရတာ ပိုသဘောကျတယ် မဟုတ်လား။ သူတို့ကလည်း တကယ်ရေစိုမှာစိုးလို့ကနည်းနည်းညိုမြလုပ်ချင်တာကများများလား မသိပါဘူး။ သင်္ကြန်ရေများဆို ထွန့်ထွန့်လူး ကြောက်တာ။ သူတို့ပလီကဆရာများကလည်း ရေမကစားစေချင်လို့ ရေစိုရင် ဆူတယ်နဲ့တူပါတယ်။ နွေကျောင်းပိတ်တုန်း နယ်ကခဏကျောင်းလာတက်တဲ့ကလေးတွေမို့ အ၀တ်အစား လဲစရာဖယ်စရာ လောက်လောက်ငှငှ ပါချင်မှလည်း ပါမှာပေါ့။၄၆လမ်းထိပ်မှာ ဗမာသစ်ဆုပေးမဏ္ဍပ် ရှိတော့ သူတို့ခမျာ အဲဒီလည်း သွားကြည့်ချင်၊ လမ်းခုလတ်မှာကိုယ့်လို ကမြင်းကြောထတဲ့ မျောက်လောင်းကလေးတွေ ရန်ကလည်း လွတ်အောင်ရှောင်ရတာဆိုတော့သင်္ကြန်တွင်းမှာ သူတို့ကိုရေလောင်းရတာဟာ သူခိုးပုလိပ် ကစားရသလိုပဲ။ ပျော်စရာကြီး။
မပြေးနိုင်လို့အလောင်းခံရတော့လည်း ခမျာများ စိတ်ဆိုးမာန်ဆိုး၊ ခွန်းကြီးခွန်းငယ် မဖြစ်ရှာပါဘူး။ ကိုယ်တွေနဲ့ကကလေးချင်းဆိုတော့ ကျောင်းက ဆရာတွေ လစ်ရင် လစ်သလို လာလာဆော့နေကျ မဟုတ်လား။ သူတို့နဲ့ဆော့ရတာစင်ဒရဲလား ကပွဲလာတာနဲ့တူတယ်။ နာရီတကြည့်ကြည့်နဲ့။ ကျောင်းတံခါးပိတ်ချိန် တိုင်တာနဲ့ပြန်ပြေးကြရတယ်။ ပြီးရင် သူတို့ စာကျက်ရမယ်လေ။ သူတို့စာကျက်ပုံကို သဘောကျလို့ အဖေကသူတို့တွေကျက်တဲ့ စာအုပ်ပုံစံ သစ်သားခေါက်ခုံ အပြားကလေးတစ်ခု ၀ယ်ပေးထားတယ်။ စာအုပ်ကလေးအဲသည်ပေါ်တင်ပြီး ကိုယ့်ပေါင်ကိုယ် တံတောင်ကလေးနဲ့ ကျိတ်ကာကျိတ်ကာ ခေါင်းကလေးငိုက်ငိုက်ကျပြီးစာကျက်တာ အကျင့်ကိုပါလို့။ သူတို့ကို ဘာစာတွေ သင်ရသလဲလို့ စပ်စုကြည့်တဲ့အခါကျတော့ ကိုရမ်ကိုသင်ပါသတဲ့။အာရဗီဘာသာကိုလည်း သင်ရပါသတဲ့။ သူတို့အားလုံး ကုလားစကားနဲ့ပြောကြပေမယ့် မြန်မာစကား မပြောတတ်တဲ့သူတစ်ယောက်မှ မရှိပါဘူး။ ကျောင်းမှာခေါ်တဲ့ ကုလားနံမယ်တွေရှိသလို မြန်မာနံမယ်တွေလည်း ရှိကြတယ်။
မကြာသေးခင်က သူတို့ပလီမှာ မီးလောင်တာကြားရတဲ့အခါ ကလေးဘ၀တုန်းကကိုယ့်ရဲ့အိပ်မက်ဆိုးကြီး ပြန်ပြန်မက်လာတယ်။ စကားပြောတတ်ကာစမှာ အဖေ အမေနဲ့ ၄၈လမ်းထဲလမ်းလျှောက်ကြတယ်။ တံခါးတွေ အလုံပိတ်ထားတဲ့အိမ်တစ်အိမ် (အဲဒီတုန်းက ပလီလို့ နားမလည်သေးဘူး)ပြူတင်းပေါက်သံတိုင်ကြားကနေ ကလေးတစ်ယောက် ငိုနေတဲ့အသံ ကြားရတယ်။ အထဲမှာ မီးလင်းနေတာတော့တွေ့တယ်။ သူ့အဖေအမေက တံခါးအလုံပိတ်ပြီး ရိုက်နေတာလို့ ထင်သွားတာနဲ့ ငိုပြီး အဖေ့ဆီပြေးဖက်မိတယ်။ထွက်ပြေးလို့လည်း မရဘူး ဆိုပြီး ကြောက်သွားတယ်။ နည်းနည်းသိတတ်လာတဲ့အထိ အဲဒီပလီရှေ့ကိုရောက်ရင်ကြောက်တယ်။ ကလေးဘ၀ကို အစောဆုံးပြန်မှတ်မိတဲ့ မှတ်ဥာဏ်တစ်ခုနှစ်ခုထဲမှာ အဲဒီပလီကို ကြောက်တာတစ်ခုပါတယ်။ သံတိုင်တွေနဲ့ ပြူတင်းပေါက်တစ်ခု၊ အထဲကမီးလင်းနေတယ်။ ကလေးတစ်ယောက် ငိုနေတယ်။ဘာဖြစ်လို့မှန်းမသိဘူး။ စိတ်ထဲမှာ စွဲနေအောင် ကြောက်လည်းကြောက်တယ်။ မှတ်လည်းမှတ်မိတယ်။နောက်တော့ မေ့သွားတာ တော်တော်ကြာလာပြီးမှ အဲသည်ပလီမှာ မီးလောင်ပြီး ကလေးလေးတွေ အပြင်မထွက်နိုင်ပဲသေကုန်တယ်ဆိုတော့ စိတ်ထဲမှာ အရမ်းပြန်ကြောက်လာတယ်။ သနားပါတယ်။ သူတို့ခမျာ ဘယ်လောက်များကြောက်ရှာကြမလဲမသိဘူး။ သူတို့နေရာမှာ ကိုယ်ဝင်ပြီးတောင် မတွေးရဲစရာ။ နှစ်သစ်ကူးလို့မင်္ဂလာယူနေတဲ့အချိန်မှာ မကောင်းတဲ့အနိဋ္ဌာရုံတွေ နှလုံးသွင်းသလို ဖြစ်နေပြီ။ ဟုတ်တယ်။အဲဒါတွေ နှလုံး မသွင်းသင့်ဘူး။ ဒါကြောင့် နှစ်ဦးနှစ်ဘက် ပျော်ပျော်ရွှင်ရွှင် သင့်သင့်မြတ်မြတ်ရှိတဲ့ငယ်ငယ်တုန်းက ရေကစားကြတဲ့သင်္ကြန်ကလေးကို လွမ်းမိတာပေါ့။
ဗမာစစ်စစ်ကြီးဖြစ်လျက်နဲ့ သစ္စာဖောက်လောက်ကောင် ဖြစ်ချင်နေတာတော့မဟုတ်ပါဘူး။ တကယ်လို့များ အစော်ကားခံရတဲ့ အသတ်ခံရတဲ့သူတွေထဲမှာ မင်းအမေ မင်းနှမတွေပါလာရင် သည်လိုကုလားဘက်ပင်းတဲ့စာမျိုး ရေးနိုင်ဦးမှာလား လို့ မှတ်ချက်ဝင်ပေးကြမှာသိပ်ကို သေချာပါတယ်။ ဒါပေမယ့် သေသေချာချာ စဉ်းစဉ်းစားစား တွေးကြည့်ပါဦး။ ကိုယ့်အမေကိုယ့်နှမကမှ အသက်နဲ့အရှက်နဲ့ မဟုတ်ပါဘူး။ သူများအမေ သူများနှမတွေမှာလည်း အသက်နဲ့အရှက်နဲ့ပဲ။ကိုယ်က ကလဲ့စားချေ သွေးကြွေးဆပ်တယ်ဆိုတဲ့သူတွေဟာ ကိုယ့်ကို မတရား အနိုင်ကျင့်သွားတဲ့သူတွေနဲ့ဘာသာတူနေတာ တစ်ခုတည်းနဲ့ အပြစ်အတူတူရှိတယ်လို့ အလ္လာအရှင်မြတ်ကလည်း မဟော၊ ဂေါတမဘုရားရှင်ကလည်းဟောတော်မမူပါဘူး။ သည်ပြဿနာကြောင့် ဘယ်သူ့အမေ ဘယ်သူ့နှမမှ နစ်နာထိခိုက်မှုတွေ မရှိပဲရန်မီးငြိမ်းသွားအောင် နှစ်ဘက်စလုံးမှာ ဆင်ခြင်တုံတရားကလေး လက်ကိုင်ထားစေချင်ပါတယ်။ကျွန်တော်က ပလီက ကုလားကလေးတွေကို ကုလားလို့ခေါ်လို့ လူမျိုးခွဲခြားတဲ့စိတ်နဲ့ သူတို့လေးတွေဘေးအန္တရာယ်ဖြစ် ထိခိုက်နစ်နာစေတဲ့စာမျိုး မရေးဖူးပါဘူး။ ဒါပေမယ့် မူဆလင် ညီနောင်အပေါင်းတို့၊အစ္စလာမ်သူရဲကောင်းတို့လို့ တဖွဖွ မြှောက်ပင့်ပေးပြီး အဲသည်ကလေးတွေကို သေတွင်းထဲတွန်းပို့၊နိုင်ငံတကာက အထောက်အပံ့တွေထိုင်စားနေမယ်ဆိုရင် အဲဒါအလ္လာအရှင်မြတ်ရဲ့ သာသနာတော်ကို စောင့်ရှောက်နေတာလို့ဘယ်လိပ်ပြာနဲ့ ယုံကြည်နေတာလဲ။
မြန်မာတွေဘက်ကလည်း ဗုဒ္ဓသာသနာတော်ကြီးကို ကာကွယ်စောင့်ရှောက်တာမိမိရဲ့ ယုံကြည်မှုသဒ္ဒါတရားကို မိမိဘာသာ ခိုင်မြဲနေအောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။သရဏဂုံသုံးပါးရဲ့ အနှစ်သာရဟာ ကာယကံရှင်ကိုယ်တိုင် အသက်ထက်ဆုံး သက်ဝင်ယုံကြည်ခြင်းပါ။လင့်ဘက်ကပါလာလို့ မယားက အလိုလို ဗုဒ္ဓဘာသာ မဖြစ်ဘူး။ အဖေအမေ မျိုးရိုးစဉ်ဆက် ကိုးကွယ်လာလို့တခြားလည်း ဘာဘာသာမှ ကိုးကွယ်စရာ မရှိဘူးဆိုရင် မိရိုးဖလာ ဗုဒ္ဓဘာသာ လို့ပဲခေါ်တယ်။ မခိုင်မာဘူး။ဒါကြောင့် တစ်ချိန်ချိန်မှာ ကိုယ်ကိုးကွယ်တဲ့ ရဟန်းသံဃာတွေကို သူတို့ကို မပစ်ရင် ငါတို့တစ်မိသားစုလုံးခေါင်းဖြတ်ခံရမှာပေါ့ဟဲ့ ဆို ပစ်မိန့်ပေးရင် သရဏဂုံပျက်တယ်။ အထက်ကပေးတဲ့အမိန့်မို့မနာခံရင် ငါအလုပ်ပြုတ်၊ ထမင်းငတ်သွားမှာပေါ့ဟဲ့ဆိုပြီး သင်္ကန်းကို မြင်မြင်ကြီးနဲ့ ပစ်မိခတ်မိရင်လည်းအတူတူပဲ။ သင်္ကန်းကြီးတဖါးဖါး ကျောင်းထိုင်ဆရာတော်ကြီး ဖြစ်ဦးတောင်မှ ဘင်္ဂါလီတစ်ယောက်ရန်ကုန်အရောက် ဆယ်သိန်းနဲ့ သင်္ကန်းစည်းပြီး ခေါ်လာမယ်ဆိုရင် ရှင်ဒေ၀ဒတ်တောင် အဲဒါမျိုးလုပ်ခဲ့တာ မဟုတ်ဘူး လို့ သတိရလိုက်ပါဦး။ ကိုယ့်ဘက်က စည်းတွေတစ်ခုမှ မလုံပဲ ငါတို့ရပ်ထဲရွာထဲကုလားတွေ မရှိမှ သာသနာတော်ကြီး အဓွန့်ရှည်မယ် ဆိုတာကလည်း မဟုတ်သေးပါဘူး။
ဒီနှစ်သင်္ကြန်မှာ သူများပျော်လို့ မပျော်နိုင်ရတဲ့အကြောင်းဟာ အဲသည်ကိစ္စပါပဲ။မသမာမှုအပေါင်းနဲ့ ဆွတဲ့သူတွေက ဆွနေတယ်။ ညတိုင်ညတိုင်ကျရင် မအူကုန်း ကန်တော်လေးဘက်တွေမှာကားတစ်စီးနဲ့ တိမ်ကြားမင်းခေါင်လုပ်ပြီး ဆဲဆိုခြိမ်းခြောက် မောင်းပြေးသွားတဲ့သူတွေရှိနေတုန်းပဲ။ ရပ်ကွက်ထဲကလူတွေကလည်း မီးကွင်းများ ပစ်သွားမှဖြင့်ဆို သတိဝီရိယနဲ့ အိပ်ကောင်းခြင်းမအိပ်ရတာလည်း ကြာနေပြီ။ သည်အချိန်မှာ လောင်တဲ့မီးတိုင်းကို မြန်မာလောင်ရင် ကုလားကရှို့တာ၊ကုလားလောင်ရင် မြန်မာကရှို့တာလို့ သံသယတွေ ၀င်မဆုံးဘူး။ နိုင်ငံခြားအသံလွှင့်ဌာနတွေကလည်းကိုယ့်ဆီမှာ မီးလောင်ရင် ပျော်နေသလား အောင့်မေ့ရတယ်။ သတင်းကို ၀မ်းသာအားရ သူ့ထက်ငါဦးတင်ကြတယ်။ ဟိုးအရင်တစ်နှစ်တုန်းက သင်္ကြန်မဏ္ဍပ်တောင် မရှောင်ဘူး။ ဗုံးဖောက်တဲ့သူကဖောက်တယ်။ကြံကြောက် မိုးအောက်မနေနဲ့ လို့ မဆိုနိုင်သော်ငြား သည်နှစ်သင်္ကြန်ရဲ့ လုံခြုံရေး အစီအမံတွေကဘယ်လောက်အထိ ရေပက်မ၀င်ရှိမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မတော်တဆများဖြစ်ခဲ့သည်ရှိသော် (ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ) ကိုယ့်ဘက်က တတ်နိုင်သလောက် လုပ်ပေးလို့ရအောင်ဘယ်မှမလည်ဘူး။ ရိပ်သာတောင် မ၀င်နိုင်ဘူး။ သတင်းကြားတာနဲ့ ဆေးရုံအရောက်ပြေးဖို့ အသင့်အနေအထားရှိနေတယ်။ မဏ္ဍပ်ထဲ အဘလာရေကစားမှာမို့ စောင့်နေရတာထက်စာရင် အခုလို စောင့်ရတာမျိုးက ပိုအဓိပ္ပါယ်ရှိတယ်။ဘယ်သူမှ မလာဘူးဆိုမှ စိတ်အေးလက်အေး ဟင်းချပြီး ပျော်နိုင်မှာ။ တစ်သက်နဲ့တစ်ကိုယ် ဖြစ်နိုင်ခြေရှိတာကိုသာမျှော်တလင့်လင့် စောင့်ခဲ့ဖူးတယ်။ အခုဟာကတော့ ဖြစ်နိုင်ခြေမရှိတာကို မဖြစ်ပါစေနဲ့ မဖြစ်ပါစေနဲ့ဆုတောင်းရင်း မတော်လို့များ ဖြစ်ခဲ့သည်ရှိသော် အလုံးစုံသော ကံဆိုးမိုးမှောင်မှုတွေထဲမှာကိုယ့်ဘက်ကပျက်ကွက်ညံ့ဖျင်းမှု ပါသွားမှာစိုးလို့ ၀ီရိယလွန်ပြီး ဥဒ္ဒိစ္စအဖြစ်ခံနေရတယ်။ဖြစ်မလာအောင် ပြေရာပြေကြောင်း တတ်စွမ်းသမျှရေးတယ်။ မတော်လို့များ ဖြစ်လာခဲ့ရင် ကူညီရအောင်လည်းသတိဝီရိယနဲ့နေတယ်။ ကိုယ့်ဘက်ကတော့ လုပ်ပေးနိုင်တာ ဒါအကုန်ပါပဲ။
လောက်ကိုင်မှာနေတုန်းက တာဝန်ရှိသူ ဘဘကြီးတစ်ယောက်ကပြောတဲ့ ညညအိပ်မပျော်ဘူးဆိုတဲ့စကားကိုအခုမှပဲ ကိုယ်ချင်းစာနိုင်လာပါတယ်။ ပထ၀ီအနေအထားအရ ဒယ်အိုးပုံချိုင့်ဝှမ်းကြီးထဲမှာကိုယ်ကနေရပြီး သူများလက်နက်ကိုင်တွေက အိုးနှုတ်ခမ်း တောင်စခန်းတွေမှာဆိုတော့ မတော်တဆအကြောင်းချင်းရာများ ရှိခဲ့သော် ကိုယ့်လူတွေ အထိနာမစိုးလို့ စိတ်ပူမိတယ် ဆိုတာကိုး။သူလည်းပဲ မဖြစ်ပါစေနဲ့ မဖြစ်ပါစေနဲ့ တဖွဖွ မေတ္တာပို့ပြီး ဖြတ်သန်းလာခဲ့ရဟန်တူပါတယ်။သင်္ကြန်မှာ နတ်သမီးတွေ အလှည့်ကျကိုင်ရတဲ့ ဗြဟ္မာကြီးဦးခေါင်းဆိုတာ အဲဒါမျိုး ဖြစ်လိမ့်မယ်ထင်တယ်။ သင်္ကြန်ပြီး နှစ်ဆန်းတစ်ရက်နေ့ကျမှ ဘုရားတက်ရင်း ခေါင်းပေါ်ကအထုပ်ကြီး ဘုတ်ကနဲပစ်ချသလို ပစ်ချပြီး စိတ်လွတ်ကိုယ်လွတ် ပျော်နိုင်မယ်လေ။
သည်လိုပြဿနာမျိုးတွေ နောင်ကိုဘယ်တော့မှ ထပ်မဖြစ်အောင်ဆိုတာကတော့နိုင်ငံရေးအရ ဖြေရှင်းရမယ့်အရာတွေ အများကြီးပါနေပါတယ်။ ကိုယ်တွေကလေးဘ၀ ငယ်ငယ်ကတည်းကငြိမ်းငြိမ်းချမ်းချမ်း အတူတူနေလာခဲ့တဲ့ ဘာသာမတူသူတွေကြားမှာ ပြဿနာတွေ အစပြုလာခဲ့တာကတော့ဘင်္ဂါလီတွေ ရိုဟင်ဂျာအသံ ထွက်လာကတည်းကပါ။ အဲဒီဘင်္ဂါလီတွေ မြန်မာနိုင်ငံထဲ ကျွံဝင်လာတာဘာကြောင့်လည်း စဉ်းစားကြည့်။ မိရင် အဖမ်းခံရမယ်။ အရပ်ကမိရင် အသက်အန္တရာယ် ရှိတယ်။ ခရီးစားရိတ်နဲ့ပွဲခကလည်း နင့်နေအောင် ပေးရတယ်။ သူတို့ဆီမှာ တရားဝင်ထွက်ရင် အဲလောက် မကုန်လို့လား။သင်္ဘောသား ဆင်းဘတ် လုပ်ချင်သေးလား။ ထိုင်းကမိရင် လူ့အခွင့်အရေးအဖွဲ့တွေက အစာကျွေး ရေဖြည့်ပေးပြီးပင်လယ်ထဲဆွဲခေါ်သွား၊ စက်လှေကို မော်တာဖြုတ်ပြီး ရေစီးကြောင်းနဲ့ မျှောလွှတ်လိုက်တာ။အဲသလောက် သက်စွန့်ဆံဖျား ငွေကုန်သံပြာ လမ်းကို ဘာဖြစ်လို့ မရွေးမဖြစ် ရွေးရသလဲ။ သူတို့ကဘယ်ဘက်မှာမှ နိုင်ငံသား ဖြစ်မနေတဲ့အတွက်ပေါ့။ ဟိုဘက်က ဘင်္ဂါလီမကြီးကတော့ အဲသည်လူသားမျိုးဆက်တွေဟာသူတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြီး ခွဲမထွက်ခင်ကတည်းက သူ့မြေပေါ်မှာ ရှိနေတာ မဟုတ်တဲ့အတွက်ဘယ်လိုပဲ အရေပြားငုတ်တို နက်မှောင်ညိုနေပါစေ နင့်ခြံထဲမှာ အုတဲ့ဥ နင့်ကြက်ဖရဲ့ဥ ပါတဲ့။ကိုယ့်ဘက်မှာကတော့ အဲသလို ခိုင်ခိုင်မာမာ ငြင်းဆိုကာကွယ်ပေးမယ့် ခေါင်းဆောင်ကလည်း မရှိ။ငွေလိုသလောက်ပေးနိုင်ရင် ဘာမဆိုလက်သိပ်ထိုးလုပ်ပေးမယ့် အကျင့်ပျက်သူတွေ ပေါလှတာကြောင့်မြန်မာနိုင်ငံသားစာအုပ်ရဖို့က ဟိုဘက်လောက် မခက်ဘူးထင်ပါတယ်။ လ၀ကမှာချည့်ပဲ တာဝန်ရှိတယ်လို့မပြောပါဘူး။ သူ့အထက်မှာရော၊ သူ့အောက်မှာပါ၊ ဥပဒေကို မလိုက်နာတဲ့သူတွေ ရှိတာပဲ။ ဒီပြဿနာကိုနိုင်ငံရေးနဲ့ မဖြေရှင်းပဲ ရဲသားကြီးက ကိုလှရွှေလောက်မှာ ရပ်ထားရင်တော့ “မကြာမီ လာမည်မျှော့” လို့ မှတ်ထားလိုက်ပါ။
ကဲ ကွယ်။ ခေါင်းစဉ်ကို သင်္ကြန်စာ လို့တပ်ထားပြီးကာမှ မဆီမဆိုင်လက်ပံသား ဓါးနဲ့ချိုင်နေရတယ်။ ငါ့နှယ်။ ရေလည်း မလောင်းရ။ မုန့်လုံးရေပေါ်ကလေးမှ မပါ။သံချပ်သံလည်း မကြားရ။ အလှပြကားကြီးလည်း မမြင်။ ပိတောက်ရွှေဝါကလေးတွေလည်း မမွှေး။ ရာကွတ်မာမွတ် အီစွတ်တို့ကို ရေလိုက်လောင်းနေမိပြီ။ ယုံပြီ မဟုတ်လား။ သူတို့ကို သတိရနေပါတယ်ဆိုတာ။ပြန်ဖတ်ကြည့်စမ်းပါဦး။ ကျုပ်ဇာတ်လမ်းထဲမယ် ငြိမ်းမောင်ကြီးလည်း မပါဘူး။ သက်ထွေးလည်းမပါဘူး။ ဦးတာကြီးလည်း မပါဘူး။ ဘယ်သူတုန်း ဇာတ်လိုက်က။ ဖြစ်သေးပါဘူး။ သင်္ကြန်သီချင်းလေးတော့ဖွင့်ဦးမှပါ။
“ဟော ဟော ဟောဗျ။ ဗြန်းကနဲစို။လန့်လိုက်တာဗျာ။ ချမ်းလိုက်တာ။ အေးလိုက်တာ။ စိမ့်လိုက်တာ။ ရေတွေ ရွှဲကုန်ပြီ။ ရေတွေရွှဲကုန်ပြီ။ ရေတွေ ရွှဲကုန်ပြီ။ ဟောဗျ။ ချမ်းလိုက်တာ အသည်းကိုတုန်ရောဗျာ။”

မင်း တို့ လို မျိုး မစစ်ေ တွ ရှိ နေ လို့ ကု လား တွေလူပါး ဝနေ တာ အင် ဒိုမှာ ကြည့် မင်း ပထွေး တွေက တနေ့ ထည်းဗုဒ္ဓ ဘာ သာနှစ် သိန်း ကျော် သတ် ပစ် တာ ဘယ် ကု လား မှ မတ ရား လု ပ်တယ်လို့ မအော် ပါ လား
ReplyDelete