Sunday, April 14, 2013

ဆရာတို့ ၏ ကဗျာများ ( ၂ )

 
** အမေနဲ့ငါနဲ့ ခေတ်ကြီးကတော့ခက်ပြီစံနီဦး **

စစ်ရှုံးပြီဆို
စာအုပ်ဆိုင်ရောက်ပြီ
လ္ဘက်ရည်ဆိုင်က
ငါ့နောက်ဆုံးခံတပ်ပဲ

မိုးလင်းတာနဲ့
အမေက
ငါ့ကိုမုန့်ဖုတ်တယ်
ပန်းစိုက်တယ်
ဖယောင်းတိုင်မီးများအကြောင်းပြောတယ်

အမေက
ငါ့ကို
အရသာရှိသောရဲတိုက်ဖြစ်စေချင်

အမှိုက်သိမ်းခေါင်းလောင်းထိုးသံမြည်ရင်
ငါက
လမ်းထိပ်က
ဆိတ်စွတ်ပြုတ်
ခေမာသီရိကောင်မလေးနဲ့
ဓာတ်တူနံတူ ဒင်နီတို့အကြောင်းခေါင်းထဲဝင်
လမ်းကို ဖြုတ်ချလိုက်တာပဲ

အမေက
ဆိတ်စွတ်ပြုတ်ကလွဲရင်
အဲ့ဒါ တွေအားလုံး
ရှောင်လေဝေးဝေး မူးယစ်ဆေးတဲ့
ဘာဆိုင်လည်း
ဟက်ကနဲ
ငါရှောင်တခင်ထရယ်တော့

အမေက
နင်ဟာ တံငါသည်တစ်ယောက်
နင်ဟာ
အချိန်တွေလည်ပင်းဖြတ်ဆွဲထားတဲ့
ဖဲသမား

ခု . . .
ကိုယ်စောင့်နတ်က
နင့်ကိစ္စမစဉ်းစားတော့ဘူးတဲ့

မြို့စောင့်နတ်က
နင့်နာမည်လွှင့်ပစ်လိုက်ပြီတဲ့
တစ်ချိန်လုံး
နင်ဟာ ငါ့ခေါင်းကို ကိုယ်ထားတယ်တဲ့

ဒီလိုပဲ
အမေက တပျစ်တောက်တောက်
အမှန်တော့
ငါ့ခေါင်းပေါ် မီးမတောက်စေချင်ဘူး
တကယ်တော့
ငါ့ခေါင်းပေါ် ရေတစ်ပေါက်မရောက်စေချင်ဘူး

ဒီလိုပါပဲ
လူဆိုတာက
တစ်ယောက်တည်း သွေးစုတ်သလို
ဖြူရော်တိတ်ဆိတ်မနေနိုင်

ကိစ္စတစ်ခုစီ ခေါင်းထဲထည့်
ကိစ္စတစ်ခုစီ ဆိုတာက
အသက်ဇီဝကို ရေလောင်းဖို့ပဲ
မဟုတ်လား။

ကဲကွာ
ဒီအချိန်ငါဖုန်းဆက်ခေါ်ရင်
မင်းအရောက်လာနိုင်မလား စံနီဦး
Sound box က
စကားပြောသလို သီချင်းဆိုနေရင်
ငါတို့က
လ္ဘက်ရည်ဆိုင်မှာ
သီချင်းဆိုသလို စကားပြောကြရအောင်လေ။

                                         ခရမ်းပြာထက်လူ
                                     (နံရံမှာ ငါရေးထွင်း)

** အရူးမြေကျ ရိုးမြေကျ  **

*********************


“ ကိုယ်တို့ မှာ ငြင်းစရာ

ဝါတွင်းတစ်ခုတည်း ”

ကျွန်တော်တစ်ယောက်တည်းနေရတာ ပျင်းလို့

ကျွန်တော် အဖော်စပ်တယ်။


ကိုယ်ဝန်ရှိလို့

နေ့ချင်းညချင်းဖြစ်သွားတာမဟုတ်ဘူး

ရိုက်မစစ်ဘဲ ဖြောင့်ချက်ပေးမိတော့

မင်းကို ဘယ်သူက ဘာပြောလို့လဲဆိုတဲ့ ဟာသဖြစ်တာပေါ့။

ဒီတစ်ခါလည်း ကျွန်တော့် ဘက်က ကြည့်ခဲ့ ပြန်တယ်

ဝေးမလား နီးမလား

ကစားစရာမဟုတ်တာကို ကျွန်တော်ကစားတယ်

မမြဲခြင်းအကြောင်းပြ ကျွန်တော် ဇွတ်ကျခဲ့တယ်

“ အက်ကြောင်းကို မျက်နှာလွှဲခဲ့ဖူးလို့

ကိုယ်တို့လွဲခဲ့ ဖူးတယ် ”

ကျွန်တော်ဟာ ခဲမှန်ဖူးတဲ့စာသူငယ်

တစ်ခါသေဖူး ပျဉ်ဖိုးနားလည် ။   

သူမဘက်ကတော့ ရှက်စရာပါ

အားနာပါတယ်။


တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း

ကျွန်တော်တို့ ရယ်တယ်

တစ်ယောက်ကို တစ်ယောက်ပွေ့ဖက်ရင်း

ကျွန်တော်တို့ ငိုတယ်

“ တစ်ကယ်ချစ်ရဲ့လား ” ဆိုတဲ့စကားကို ဦးသူ အရင်မေးတယ် ။

တစ်ယောက်ကို တစ်ယောက် နားလည်သွားတဲ့ အခါ

ကျွန်တော်တို့က လင်မယား

ကျွန်တော်တို့ ကြားမှာ ဘာသာစကားမရှိတော့

ဖျားမှာလည်းမကြောက် ၊ မှားမှာလည်း မကြောက် ။    ။


                                     စိုင်းဝင်းမြင့်

                          ( နားနားပြီးပြော ....... မှ )



** တံခါးရွက်နှစ်ခု **

****************

တံခါးရွက်နှစ်ခုဟာ

အလုပ်ရှုပ်တယ် ။


သေတဲ့လူသေတယ်

ရူးတဲ့လူရူးတယ် ။


အမှန်တကယ်

တံခါးရွက်နှစ်ခုဟာ

အလုပ်ရှုပ်တယ် ။


မပြောသင့်သောစကားကိုပြောနေဆဲ

ပြောသင့်သောစကားကိုမေ့နေဆဲ

ငါ့အရိပ်လည်းသမံတလင်းမှာငြိနေဆဲ ။


စိတ်မောစရာ

ငါခြေတင်ထားတဲ့ခုံကမငြိမ်ဘူး

ငါလက်တင်ထားတဲ့ပခုံးကမငြိမ်ဘူး


ငါ့အနားမှာ

ဘ၀ကိုပြောင်းပြန်လွမ်းတဲ့လေချွန်သံ ။


တံခါးရွက်နှစ်ခုနဲ့ပက်သက်လို့တော့

ကျွန်တော့မှာမူရင်းမရှိဘူး ။      ။



                              ခင်ဇော်မြင့်

                              ဟန်သစ် အမှတ် ၉၉



** ကျွန်တော် မသိပဲ မိုးတွေရွာသွားတယ် … မကြည်ဖြူ  **
**************************************

အသံနဲ့လဲ ရောက်ရပါစေ ….
အလင်းနဲ့လဲ ရောက်ရပါစေ ….
မကြည်ဖြူ …. ၊၊

အဖြူရောင်နဲ့ သီးတဲ့ စတော်ဘယ်ရီသီးလေးထဲမှာ
မကြည်ဖြူကို ကျွန်တော်တွေ့တယ် ၊
အဖြူရောင်နဲ့ တီးတဲ့ စန္ဒရားခလုတ်တွေထဲမှာ
မကြည်ဖြူ အသံကို ကျွန်တော်ကြားတယ် ၊
ပြီးတော့ ….
ကမ္ဘာပေါ်မှာ တခြားကမ္ဘာတစ်ခုကို
ကျွန်တော် ရှာဖွေတွေ့ရှိတယ် ၊၊

ကျွန်တော် ဘယ်သူနဲ့မှ မတိုင်ပင်ပဲ
ရူးသွားမိတယ် ထင်တယ်
မကြည်ဖြူ ကို မွေးတဲ့နေ့လေးဟာ
ကမ္ဘာကြီး စတင်ဖြစ်ပေါ်ရာနေ့လို့
စာအုပ်တွေထဲမှာ
အကျယ်ကြီး ချရေးဖြစ်ခဲ့တယ် ၊၊

အရောင်တွေကို
အသံနဲ့ကြားရပြီး ၊ အသံတွေကို
အရောင်နဲ့ မြင်ခဲ့ရ …
မကြည်ဖြူ သည်
ကျွန်တော် စိတ်ဖြင့် စိုက်သော သစ်ပင်အဖြူလေးဖြစ် ….
မကြည်ဖြူ သည်
ကျွန်တော် စိတ်ဖြင့်ကူးသော ဝတ်မှုန်နှင့်လှိုင်း ဖွေးဖွေးလေးဖြစ် ….
မကြည်ဖြူ သည်
အဖြူသက်သက်သာရှိသော ကမ္ဘာငယ်လေးဖြစ် ….
မကြည်ဖြူ သည်
ကျွန်တော် ညွှန်ပြလိုသော အဖြူရောင် အရပ်မျက်နှာလေး …
ဖြစ်သည် ၊၊

“ မကြည်ဖြူ ကို သိပ်ချစ်တာပဲ ” လို့
  ကိုယ့်ကိုကိုယ် ရေရွတ်မိသောနေ့က
  ကိုယ့်ကိုကိုယ်
  စိတ်ဆိုးမိခဲ့သည် ၊
  ဘာ သား နဲ့ လုပ် ထား တဲ့
  လူ ကောင် လေး မို့ လို့ လဲ
  အ ချစ် ရေ . . . . .
  မ နာ လို ပါ ဘူး ကွယ် ၊၊

မကြည်ဖြူ က
ကျွန်တော့် နာမည်လေး သိသွားတဲ့နေ့မှာ
“အလင်း နဲ့ အမှောင်ဟာလည်း
ချစ်သူတွေ ဖြစ်သွားနိုင်တဲ့အကြောင်း”
ကျွန်တော် နဲ့ အရာအားလုံး နဲ့ ငြင်းတယ် ၊၊

ကျွန်တော်ဟာ
မကြည်ဖြူ သိအောင် စိတ်ထင်သာပြရဲသော
မကြည်ဖြူ သိအောင် ကိုယ်ထင်မပြရဲသော
ကဗျာစောင့်နတ်သား ပါ
မကြည်ဖြူ ရယ် ၊၊

မကြည်ဖြူ ကို
နိုဝင်ဘာ နဲ့ တိမ်ဖြူဖြူတွေပေါင်းပြီး
စိတ်နဲ့တောင် ဝေးတဲ့နေရာကို
ခေါ်သွားကြတော့မယ် .. တဲ့
ကျွန်တော် နဲ့ အရာအားလုံးပေါင်းပြီး
ဆွံ့ – အ – ကြောင် – ကန်း
ကျွန်တော်တို့
တစ်နေရာတည်းမှာ အကျယ်ကြီး ဝေးတယ်
မ ကြည် ဖြူ ။           ၊၊

မကြည်ဖြူ ရှိနေတော့မယ့်
ကမ္ဘာ ဟိုဘက်အခြမ်းလေးဟာ
ပို လှ သွား တော့ မယ် ထင် တယ် ….

  “ လေယာဉ်ပျံကြီးနဲ့မှ
     မဟုတ်ပါဘူး ….
     ပျံလွှားငှက်ကလေးနဲ့လည်း
     လိုက် ခဲ့ မယ် ......  ”

ခုတော့ …
လက်ထဲက စက္ကူလေယာဉ်ပျံလေး
လွှတ်လိုက်ရတာတောင်
နာ နာ ကျင် ကျင် နဲ့
ကျွန် တော် ….
နိုဝင်ဘာလ နဲ့ လေယာဉ်ကွင်းဆီကို
မ သွား ရဲ ဘူး .. ၊၊      ၊၊

ဘာ ပဲ ဖြစ် ဖြစ်
မကြည်ဖြူ ရယ် …
မကြည်ဖြူ ဟာ
ကျွန်တော် နဲ့ တစ်ထပ်တည်း ကျမယ့်နေ့
ကျွန်တော်က မကြည်ဖြူကို
နံရိုးတစ်ချောင်းပေးပြီး
မကြည်ဖြူ က ကျွန်တော့်ကို
နှင်းဆီဖြူဖြူလေး ပြန်ပေးမယ့်တစ်နေ့ …
အဲ့ဒီ နှင်းဆီဖြူဖြူလေးအား
ကျွန်တော် ၏ ရင်ဘတ်တွင် စိုက်ပျိုးပြီး
မ ကြည် ဖြူ အား ဖြူမွှေးစေချင်ပါသည် …….
ပြီး …
မကြည်ဖြူ ၏
လက်ဖဝါးတွင် ကဗျာတစ်ပုဒ်ရေးပေးချင်သည်
“ စာသံပေသံတော့ မပါဘူးကွယ်
ငါ့ ရဲ့ စ က္ကူ ဖြူ ဖြူ လေး ရေ
မြတ် နိုး ခြင်း အ ထပ် ထပ် နဲ့
ထာ ဝ ရ အ ဆက် ဆက် ချစ် တယ် ”
ဤ မှန်သော
သစ္စာ ကဗျာ ကြောင့်
ချစ် ရ ပါ သော မကြည်ဖြူ ရေ ….
အသံနဲ့လဲ ကြားပါစေ
အလင်းနဲ့လဲ မြင်ပါစေ
မကြည်ဖြူ ရယ် ..၊၊    ၊၊

                           မောင်သိန်းဇော်
              ( ဂျွန်ကပြောတယ် အားလုံးမြစ်ဆီသို့ …)

** လက်ဖက်ရည်တစ်ဝက် **
**********************

ချန်ထားတဲ့ လက်ဖက်ရည်တစ်ဝက်ဟာ ဘာအတွက်ပါလဲ
ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးနဲ့ ဘယ်လိုပတ်သက်နေပါလဲ
ရပ်နေတဲ့ နာရီတစ်လုံးနဲ့ ဘယ်လိုပတ်သက်နေပါလဲ
(ဘီတယ်လ်အဖွဲ့) အက်ဘေးလမ်း အသံသွင်းစတူဒီယိုနဲ့ ဘယ်လိုပတ်သက်နေပါလဲ
ကဗျာဆရာဂျွန်ကိရဲ့ Endymion နတ်သမီးနဲ့ ဘယ်လိုပတ်သက်နေပါလဲ
ဆေးရောင်စုံအရှုံးများနဲ့ ဘယ်လိုပတ်သက်နေပါလဲ
တစ်မျှဉ်းမျှဉ်းစုတ်မျိုချမှုမှာ
အရသာရှိတဲ့ ကမ္ဘာကြီး
ငါ ယုံယုံကြည်ကြည် ဆွဲတင်နေပြီ

                                 သုခမိန်လှိုင်
               (Idea magazine june,2010 No.107)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...