Saturday, April 27, 2013

((( ကော့ကရိတ်-ကျုံဒိုး လမ်း က ဗိုလ်လှမင်း ဓါးပြတိုက် တဲ့ နည်း )))

Thein Win

၁၉၈၃-ခုနှစ် ၀န်းကျင် ..
၁၅ မိုင် ဝေး တဲ့ ကော့ကရိတ် ကျုံဒိုး လမ်း မှာ “ဗိုလ် လှမင်း” ဆိုတဲ့ အသံကြားရင်..
ခရီးသည်တွေ အားလုံး ပါသမျှ ပစ္စည်းတွေ ထုတ် ၊ ပြီးရင် ငယ်ငယ်တုန်း ကလို
“ကြက်ဖ ခွတ်” ဖို့ အကြော လျှော့ထားပေတော့ ။ ဗိုလ် လှမင်း ဆိုတာ .. တပည့် ၁၀
 ယောက်လောက်ရှိပြီး အင်မတန် စေ့စပ်တဲ့ နာမည်ကြီး ဓါးပြဗိုလ် တစ်ယောက် ။

သူလုပ်တဲ့ အလုပ် ကို သေချာအောင်လုပ်တဲ့ လူ ၊ နည်းဗျူဟာပိုင်း ကောင်းတဲ့
လူ တစ်ယောက် ။ ဓါးပြတိုက်ရင် ခရီးသည်တွေကို လမ်းစရိတ်ပြန်ပေးတတ်သူ ။
တစ်ပါတ် ကို တစ်ကြိမ် လောက် ပုံမှန် ဓါးပြတိုက်နိုင်သူ။

အဲဒီအချိန် က ၁၅ မိုင်သာ ဝေးတဲ့ ကော့ကရိတ် ကျုံဒိုး လမ်း ဟာ တိုက်ပွဲတွေ
အဖြစ်များလို့ လမ်းကင်း စစ်ကြောင်းထိုးပြီးမှ သွားရတဲ့ လမ်း ။ လမ်းကင်းထိုးတဲ့
နေ့ဆိုရင်လည်း တိုက်ပွဲ တွေ အရင်ဖြစ် ၊ စစ်သားတွေ ဒဏ်ရာရ (သို့) အကျအဆုံး
ရှိပြီးမှ လမ်းကင်း ထိုးလို့ပြီးတယ် ။လမ်းကင်းရှိတဲ့နေ့ မှ ကားတွေ သွားလို့ ရတယ် ။
လမ်းကင်း မရှိတဲ့ နေ့ ဆိုရင်တော့ ဆိုက်ကားတွေနဲ့ သွားလာကြတယ် ။လမ်းကင်း က
တစ်ပါတ်ကို တစ်ရက် လောက်ဘဲ ရှိတာ့ ခရီးသည် အများစုဟာ လမ်းကင်းမရှိတဲ့
နေ့တွေမှာ ဆိုက်ကားနဲ့ ဘဲ ခရီး သွားကြရတယ်။

ဗိုလ် လှမင်း ဓါးပြတိုက်တဲ့ နည်းဗျူဟာ က .. ခရီးသည်ဆိုက်ကားတွေရဲ့ အရှေ့ဆုံး
အသုတ် နဲ့ နောက်ဆုံး အသုတ် ကိုလွှတ်ပေး ပြီး အလယ် အသုတ် ကို ဘဲတိုက်လေ့
ရှိတယ် ။ ဒါကြောင့် ဓါးပြတိုက်တဲ့ သတင်းကို ခရီးသွားနေတဲ့ ရှေ့ ဆုံး နဲ့ နောက်ဆုံး က ဆိုက်ကား တွေ တော်ရုံ မသိကြဘူး ။သတင်းလျှင်လျှင်မြန်မြန် မပြန့်တော့ သူ့အတွက်
အလုပ်လုပ်ချိန် ၊ပစ္စည်းသယ်ချိန် ၊ ရှောင်တိမ်းချိန် လုံလုံလောက်လောက် ရတယ် ။ လိုအပ်ရင် နောက်တစ်ကြော ထပ်တိုက်လို့ ရ တယ် ။

ဗိုလ်လှမင်း ဓါးပြတိုက်ပြီ ဆိုရင် ပစ္စည်း ယူပြီးတဲ့အပြင် ၊ ထူးထူးခြားခြား လုပ် ခိုင်း
လေ့ ရှိတာ ကတော့ .. ခရီးသည်တွေကို “ကြက်ဖ ခွတ်” ခိုင်းတဲ့ အလုပ်ဘဲ ။
(ခလေးတွေ .. “ကြက်ဖ တိန် ညင်တောကိုဝင် မောင်ရင်လာ လေးနဲ့ပစ်” လို့
သံပြိုင် ဆိုပြီး ကြက်ဖ ခွတ်တမ်း ကစားသလို လုပ်ခိုင်းခြင်းဖြစ်သည် ။) ခရီးသည်တွေအားလုံးကို မြေပြင်မှာ စောင့်ကြောင့် ထိုင်ခိုင်းပြီး ၊ တစ်ဖွဲ့လုံး
“ကြက်ဖ ခွတ်”ပြ ရတယ်။ လိုအပ်ရင် တစ်ဦးချင်း ကို နောက်တစ်ကြိမ် လုပ်ခိုင်း
သေးတယ် ။ အရမ်းနှေးတဲ့ သူ တွေ့ရင် အဲဒီလူကို ကိုယ်တုံးလုံးချွတ် ခိုင်းပြီး
ဘောပင်တစ်ချောင်းနဲ့ ဟိုဟို ဒီဒီ ထိုးစမ်းပြီး ရှာပါလေရော ။

(ကြက်ဖ ခွတ် ခိုင်းရတဲ့ အကြောင်းရင်း က .. အဲဒီအချိန် ကထိုင်းဖက်ကို ရွှေချောင်း
သယ်တဲ့ခေတ် ဖြစ်သလို ဓါးပြတွေသောင်းကျန်းလွန်းလို့ ၊အဖိုးတန်ရွှေ(ဆွဲကြိုး၊
နားကဒ်၊လက်စွပ်) နဲ့ ရွှေချောင်းတွေကို ကိုယ်အင်္ဂါ ထဲထည့်ပြီး ၀ှက်သယ်တဲ့ခေတ် ။
ဒါကို သိထားတဲ့ ဥာဏ်ကြီးရှင် ဗိုလ် လှမင်း က ခရီးသည်တွေ ၀ှက်ပြီးသယ်လာတဲ့
ရွှေ တွေ ထွက်ကြလာအောင် ကြက်ဖ ခွတ် ခိုင်း ခြင်းဖြစ်သည် )
---------------------------------------------------
အခုလည်း ဆက်သွယ်ရေး ၀န်ကြီး ဌာန က ဗျူဟာကောင်းတဲ့ ဗိုလ်လှမင်း တို့ အဖွဲ့
လိုဖြစ်နေပြီ ။ အရင် က မတန်တဆ ဖုန်းဈေး နှုန်း တွေ နဲ့ ဂွင် စီမံကိန်း မျိုးစုံလုပ်ပြီး
ပြည်သူတွေဆီ ကငွေတွေကို ဓါးပြတိုက်ပြီးသွားပြီ ။ တော်လောက် ပြီပေါ့ ။
ဒါကို အားမရသေးဘဲ .. MEC ဆိုတာကြီး ကိုခေါ်လာပြီး လူတွေကို စောင့်ကြောက်ထိုင်
တန်းစီ ခိုင်း ပြီးကြက်ဖ ခွတ် ခိုင်း သလိုလုပ်နေပြန်ပြီ ။လောလောဆယ် .. အခြေခံ
လူတန်းစားတွေ စုဆောင်းထားတဲ့ ရွှေစ၊ ငွေစ တွေ ထွက်ကျလာအောင်
မှောင်ခိုဈေးကွက် ကြီး နဲ့ “ကြက်ဖခွတ်” ခိုင်း နေပြီမဟုတ်လား ။ ။

သိန်းဝင်း-ကော့ကရိတ်
၂၈-၄-၂၀၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...