"နွားရိုင်းသတ်ပွဲတုန်းက ကောက်ရလိုက်တဲ့ သူမ"
- Poem by S.E.K.S
၁။ ဟင်းလင်းပြင်ကိုချည်တဲ့ကြိုးနဲ့ ဟိုးတချိန်ကိုလမ်းလျှောက်ထွက်
ညက မတော်တဆတွေ တသီတတန်းကြီးနဲ့ ကမ္ဘာတစ်ခြမ်းကိုခါးကြားထိုးတယ်။
၂။ ဘာမြူဒါမှာ သူမပျောက်ဆုံးသွားတုန်းက ကျွန်တော်က ကော်ဖီဆိုင်အတွင်းသားထဲမှာ။
၃။ ပြေး ... ပြေး... ပြေးခဲ့
သူခိုးဖမ်းပွဲပြီးအောင်တော့ပြေးခဲ့။
၎။ ပီကာဆိုလက်ဖျံရိုးပေါ်ကလိပ်ပြာတစ်ကောင်နဲ့တွေ့မှ ကျွန်တော်က ပိုးစုန်းကြူးဖြစ်မှန်းသိ
ဒီလိုပါပဲ ...
လူ့ဘ၀ဆိုတာ ၉၄ လမ်းထိပ်မှာချစ်သူကိုစောင့်ရသလိုမျိုး
သူမကလည်း နယူတန် မစားဖြစ်ခဲ့တဲ့ပန်းသီးလိုမျိုး။
၅။ ဘာလင်မြို့ကြီးကျဆုံးတဲ့နေ့က ဒုတိယကမ္ဘာစစ်ကြီးလည်းသေတယ်
ဒီဇင်ဘာနဲ့ သဘောထားကွဲလွဲတဲ့နေ့က အလွမ်းကို အင်္ကျီချုပ်ဝတ်တယ်
ဘာကျန်ခဲ့လို့လဲ ...
တာဝေးပြေးပွဲမှာ သူမကိုမတူးဖော်ဖြစ်တာလည်းကြာပြီ။
၆။ အဟောင်းတန်းမှာငါ့ကိုယ်ငါပြန်တွေ့တယ်
အဲဒီအချိန်ကျမှ စက်ရုပ်မဟုတ်မှန်းသိတော့တယ်။
၇။ ဟိုတစ်နေ့က ကံကြမ္မာကိုကုလားဖန်ထိုးကြည့်လိုက်သေး
အောက်ဆုံးဖဲကနေပြီး
သူမကို ကျွန်တော်ချစ်တယ်။
၈။ အနွမ်းဆုံးပင်လယ်နဲ့ကားတွယ်စီးတုန်းက ကျွန်တော်ကဈေးပေါတယ်
တစ်ယောက်မှ ၂၀၀ တည်း။
၉။ သူမက ခရမ်းလွန်ရောင်ခြည်ကိုစောင်လိုခြုံ
ကျွန်တော်က အမေ၀ယ်ပေးလိုက်တဲ့ ဒါဏ်ရာဗရပွ လတစ်စင်းနဲ့။
၁၀။ ကြည့် ....
ဘယ်လိုပြောရင်ကောင်းမလဲ
အချစ်ဆိုတာ ကျွန်တော်နဲ့ အဲဒီကောင်မလေးကြားက
(ပြိုးပြိုးပြက်ပြက်) ဗိုင်းရပ်စ်တစ်မျိုး..... ။

0 comments:
Post a Comment