Sunday, April 21, 2013

ချည်ရှုပ်၍ ချားမလည်


( လွန်ခဲ့သောနှစ်ပေါင်း ၅၀ကျော်ခန့်က ဆရာချစ်စံဝင်း ရေးသားခဲ့သော ဆိုရှယ်လစ်ခေတ် သရုပ်မှန် ဆောင်းပါးတပုဒ်ဖြစ်ပါသည် ။ ဟာသဆောင်းပါးမဟုတ်သော်လည်း ဖက်ရင်းဖက်ရင်း အသံမထွက်ပဲ တခိခိရယ်ရသောဆောင်းပါးဖြစ်ပါသည် ။ ဆိုရှယ်လစ်စနစ်ဖြင့် ချီတက်အံ့ဆိုပြီး တချိန်ကကြွေး ကြော်ခဲ့သော ခေတ်စနစ်၏ သရုပ်မှန် ကို ပေါ်လွင်ထိမိလှစွာ ဖော်ကျူးထားရာ မရယ်ဘဲမနေနိုင်အောင်ဖြစ်ရသလို တဖက်ပြန်တွေးကြည့်လျှင် ကုဋေရှစ်ဆယ်သူဌေးသား သူတောင်းစားဖြစ်ရသည့်နှယ် မိမိတို့တိုင်းပြည် ပြည်သူပြည်သာများ ဖြစ်ခဲ့ရသည်မှာ ဘာ့ကြောင့်ဆိုသည့်အဖြေကို တွေ့လိုက်ရသည့်အတွက် ရင်နာစရာကောင်းလှသောအကြောင်း အရာတခုအဖြစ် ခံစားကြည့်နိင်ပါသည် ။ အမှန်တော့ သူ့တာဝန်လိုလို ကိုယ့်တာဝန်လိုလိုနှင့် တာဝန်ခံစိတ်နှင့် တာဝန်ယူတက်သည့် သတ္တိမရှိခြင်းသည် ဆိုရှယ်လစ်ခေတ်အတွင်းမှ မဟုတ် ဘယ်ခေတ် ဘယ်အချိန် ဘယ်ကာလမှာမဆို ဆုတ်ယုတ်ကြောင်း ဆင်းရဲကြောင်းသာဖြစ်သည်ဟု ထင်ပါသည် ။ ) - ဟဲလိုမြန်မာဂျာနယ် အယ်ဒီတာအဖွဲ့ ရေးသားချက် -

ကျနော်သည် လူငယ်ရေးရာညကျောင်းမှ ဆရာတဦးဖြစ်ပါ၏ ။ ညကျောင်းတွင်ဆိုရှယ်လစ်ဘောဂဘေဒဟူသော စာအုပ်ကိုသင်ကြားပို့ချရ၏။ သို့သော် ကျနော်မှ တပည့်များအား " ဆိုရှယ်လစ်စီးပွားရေးစနစ်မှာ အမျိုးသားစီးပွားရေးဘဝတရပ်လုံးကို စီမံကိန်းဖြင့် မချိုးကျကျတိုးတက်စေတယ်။ ဆိုလိုတာက အစိုးရလုပ်ငန်းအားလုံးကို စီမံကိန်းမဲ့ဘယ်တော့မှ မလုပ်ဘူး။ စီမံကိန်းမဲ့မလုပ်တဲ့အပြင် တဌာနနဲ့တဌာနဟာလဲ အမြဲညှိနှိုင်းဆက်ဆံမှုရှိရတယ်။ ဥပမာဆိုရင် ဟောဒီဘောဂဘေဒစာအုပ်ကို ကျောင်းသုံးစာအုပ်ပြဌာန်းရေးကော်မတီက ပြဌာန်းလိုက်တယ်ဆိုရင် တိုင်းပြည်မှာဒီစာအုပ်ကိုသုံးရမဲ့ကျောင်းသား ဘယ်လောက်ရှိတယ်ဆို တာကို ပညာရေးဌာနကပြောရတယ်။ ဒီတော့ ကုန်သွယ်ရေးဌာနက လိုအပ်တဲ့ကုန်ကြမ်းကို နိုင်ငံခြားကမှာပြီး စာအုပ်ချုပ်တဲ့ဌာနကချုပ်ရတယ်။ ရောင်းတဲ့ဌာနကရောင်းရတယ်။ ဒီတော့ စာအုပ်တွေဟာ အချိန်မှီရပြီး အလိုမရှိ အပိုမရှိ ဖြုန်းတီးရာလည်းမဖြစ် အလေအလွင့်လဲမရှိ ဖြစ်ရတာပေါ့ " ဟု ပို့ချသည်။
ထိုအခါ တပည့်တယောက်က " ဆရာရယ် ဆရာက စီမံကိန်းနဲ့လုပ်တယ်သာ ပြောတယ် ခုထက်ထိ ကျွန်တော်တို့ ဘောဂဗေဒစာအုပ်ဝယ်လို့မရသေးဘူး "ဟု ပြောသည်။ ကျွန်တော်က စာအုပ်ဝယ်မရသည်ကို ရှင်းပြမည့်အလုပ်တွင် ဗြုန်းခနဲ့လျပ်စစ်မီးပြတ်သွား၍ ညကျောင်းတခုလုံး မှောင်ကျသွား၏။ ကျွန်တော်သည် တပည့်တယောက်အား မီးဌာနသို့ လျပ်စစ်မီးအရေးပေါ်ပြတ်သွားသည်ကိုပြုပြင်ပေးရန် တယ်လီဖုံးဖြင့်အကြောင်းကြားခိုင်းလိုက်သည်။ တပည့်လုပ်သူက တယ်လီဖုံးဆက်၍မရကြောင်းပြောသည်။ ကျွန်တော်က ဘာဖြစ်လို့ ဆက်မရတာလဲကွ ဟုမေးသာအခါ သူက နေ့ကျောင်းဆရာကြီးက ညကျောင်းအတွက်သူ့ရုံးခန်းကို မသုံးရဘူးဆိုပြီး ရုံးခန်းလည်းပိတ်ထားတယ် ဖုံးကြိုးလဲဖြုတ်ထားသည် ဟုပြောသည်။ လူငယ်ရေးရာညကျောင်းမှာ နေ့ခင်းအထက်တန်းကျောင်းများတွင် အာဂန္တုအဖြစ်ဝင်ရောက် သင်နေကြရာ နေ့ခင်းမှဆရာကြီးသည် ညကျောင်းတွင်လည်းဆရာကြီးဖြစ်လာလျင် တော်သေးရဲ့၊ နေ့ခင်းကဆရာကြီးကတယောက် ညကျောင်းကဆရာကြီးကတယောက်ဆိလျှင် ယခုကဲ့သို့ အပေးအယူ မတည့်ဖြစ်တက်သည်။
ယခုမှပင် ကျွန်တော်တို့သည် နေ့ခင်းကျောင်းဆရာကြီးက ရုံးခန်းကိုအသုံးပြုခွင့် မပေးသောကြောင့် ဆရာအပန်းဖြေခန်းလေးထဲတွင်ပင် ရုံးလုပ်၍နေရသောအဖြစ်ကို ပြန်သတိရလာသည်။ ပညာရေးစနစ်ကိုအကောင်အထည်ဖော်နေသူ လုပ်သားခြင်း ညီညွတ်ပြေလည်မှုတော့ ရှိသင့်သည်။ " ကဲ ဒီလိုဆိုရင် ဖယောင်းတိုင် သွားဝယ်ကွာ ဟု ကျွန်တော်ကဆိုလိုက်သည်။ ကျောင်းသားကျောင်းသူများသည် တယောက် ၅ပြား ၁၀ပြားစု၍ ဖယောင်းတိုင်များသွားဝယ်ကြ၏။ အဝယ်သွားသောသူပြန်လာသောအခါ ဖယောင်းတိုင် ပါမလာ။ ရပ်ကွက်လက်လီဆိုင်ကလေးတွင် ဖယောင်းတိုင်ကုန်နေသည်ဟုပြော၏။ ထို့ကြောင့် ထိုနေ့ညက တပိုင်းတစနှင့်ကျောင်းဆင်းခဲ့ရ၏။
နောက်နေ့တွင် လိုလိုမည်မည်ဟုသဘောထားကာ ညကျောင်းအတွက်ဖယောင်းတိုင် ဝယ်ထားရန် အိမ်နားမှ ဓာတ်ဆီဆိုင်သလို့ထွက်ခဲ့မသည်။ အိမ်ဘေးမှ ဓာတ်ဆီဆိုင်တွင်လည်း ဖယောင်းတိုင်ကုန်နေသည်။ ကျွန်တော်က ဘာဖြစ်လို့ဖယောင်းတိုင်မရှိတာလဲဟု မေးမိသည်။ ဓာတ်ဆီဆိုင်မှ အလုပ်သမားတဦးက ဖယောင်းတိုင်လုပ်တဲ့ဆီက ပို့မပေးလို့ပေါဟု ဖြေ၏။ ကျွန်တော်က သံလျင်ရေနံချက်စက်ရုံရှိ ဖယောင်းဌာနကိုလှမ်းမေးကြည့်သည်။ ဖယောင်းတိုင်လုပ်ငန်းမှ တဦးက ဖယောင်းတိုင်တွေရှိပါတယ်။ ဒါပေမယ့် ဖယောင်းတိုင်ထည့်စရာသေတ္တာမရှိလို့ပါဟု ဆို၏။ ကျွန်တော်က ဆက်၍ သေတ္တာမရှိတော့ ခင်ဗျားတို့အလုပ်မလုပ်ကြတော့ဘူးလားဟုမေးကြည့်မိသည်။ ထိုအခါ " အလုပ်မရှိတာတော့ မဟုတ်ပါဘူး အရင်တုန်းကအလုပ်သမားတယောက်ဟာ ဖယောင်းတိုင်ထုပ်ရေ ရ၅၀ လောက် ထုပ်ရတယ်။ ခုတော့ ၃၅၀ ပဲထုပ်ရတာပေါ့ဟုဆို၏။
ကျန်တဲ့အချိန်တွေဘာလုပ်လဲ ဟု ဆက်မေးကြည့်ရာတွင် ထိုသူက " ဖယောင်းတိုင်တွေကို အထုပ်ထုပ်ပြီးတာနဲ့ တခုနဲ့တခုထပ် ပေးရပါတယ်။ ဒါပေမယ့်ကြာကြာထပ်ထားရင် အောက်ဆုံးကဖယောင်းတိုင်တွေဟာ ပိပြားကုန်ပြီး ပျတ်ဆီးတက်ပါတယ်။ ဒါ့ကြောင့် အလုပ်သမားတွေဟာ အသစ်မရောက်သေးတဲ့အချိန်မှာ ဖယောင်းတိုင်ပုံတွေကို အထက်ကဟာ အောက်ချ ၊ အောက်ကဟာ အပေါ်တင် ၊ နောက် အပေါ်ကဟာ အောက်ချ ၊ အောက်ကဟာ အပေါ်တင်ပြန်လုပ်ရတယ်။ ဒီလိုလုပ်ရင်းက ကျိုးပဲ့ကုန်တဲ့ ဖယောင်းတိုင်တွေရှိရင်လဲ ဒီအကျိုးတွေကို ဖောယာင်းပြန်ကြိုပြီး ဖယောင်းတိုင်ပြန်လုပ် ၊ လုပ်ပြီးသားဖယောင်းတိုင်တွေကို ပုံထားပြီးတော့ အထက်ကဟာအောက်ချ ၊ အောက်ကဟာ ပြန်တင် ၊ ကျိုးကုန်ရင်လည်း ဖယောင်းတိုင်ပြန်ကြိုပေါ့ " ဟု ပြောသည်။
ကျွန်တော့မှာ အတော်ချာချာလည်သွား၏။ ကျုပ်တို့က တော်သေးတယ် သေတ္တာလုပ်တဲ့ လက်သမားဌာနဆို သစ်မရှိလို့ ကျုပ်တို့လို အပေါ်တင် အောက်ချတောင် မလုပ်နိုင်ဘူးပေါ့ ဟု ဆက်ပြောသည်။ သို့ကြောင့်လည်း ကျွန်တော်သည် သစ်လုပ်ငန်းအဖွဲ့သို့ဆက်သွယ်ကြည့်မိ ပြန်သည်။ ထိုတခါသစ်လုပ်အဖွဲ့မှ စီမံခန့်ခွဲသူတချို့က " သစ်မရလို့ဆိုတာ မဖြစ်နိုင်ဘူး။ သစ်မာထုတ်လုပ်ရေးမှာ - (၁၉၆၃ -၆၄ )ခုနှစ်က (ရဂ၄၀၀၀ ) တန် ၊ (၁၉၆၄ - ၆၅) ခုနစ်က (ဂ၃ရ၀၀၀ ) တန် ၊ (၁၉၆၅- ၆၆ ) ခုနှစ်က (ဂ၆၅၀၀၀) တန်၊ ( ၁၉၆၆ -၆ရ )ခုနှစ်က (၉၀ရ၀၀၀) တန်၊ ( ၁၉၆ရ - ၆၈ )ခုနစ်မှာ (၉၅၀၀၀) တန်၊ ထုတ်နိုင်တဲ့အပြင် လာမည့်နှစ်တွေတောင် (၉၉၆၀၀၀) တန်ထုတ်မယ်လို့ခန့်မှန်းထားတယ်။ အခုလောက် တနစ်ထက် တနှစ် သစ်ပိုထုတ်နေတာ သစ်မရဘူးဆိုတာ မဖြစ်နိုင် " ဟု စာရင်းအင်းနှင့် ဆိုပြန်သည်။ သို့သော် ထိုသူက " ကျွန်တော်တို့က သစ်ထုတ်လုပ်ရေးကဆိုတော့ သစ်ခွဲစက်နဲ့မဆိုင်ဘူး ဒီတော့ သစ်စက်ခွဲမပေးနိုင်တာတော့ ကျုပ်မသိဘူး" ဟု ဆက်၍ပြောသည် ။ ကျွန်တော်သည် သစ်စက်သို့ဆက်လေ့လာမိ၏ ။ သစ်စက်တွင်သစ်လုံးများပုံနေသည်။ သို့သော် စက်အပိုပစ္စည်းဝယ်မရ၍ စက်မလလည်နိုင်ဟု ဆိုသည်။ ကျွန်တော်က သစ်မရ၍ဖယောင်းတိုင်မပို့နိုင်သည့်အဖြစ်ကို ရေလည်အောင်ပြောပြသော အခါ သစ်စက်မှ ပုဂ္ဂုလ်က " အို ဖယောင်းတိုင်သေတ္တာလုပ်ဖို့လောက်တော့ ကျုပ်တို့ရောင်းနိုင်ပါတယ်။ ကျုပ်တို့က သစ်ခွဲထားပေမယ့် တခါတလေ သယ်ယူပို့ဆောင်ရေးယာဉ် အခတ်အခဲ့ကြောင့် လိုတဲ့နေရာကိုမရောက်တာလဲရှိတယ် " ဟု ဆက်ပြောပြန်သည်။ သို့ကြောင့် ကျနော်က ကုန်းလမ်းသယ်ယူပို့ဆောင်ရေးမှ ဆရာတဦးအား သစ်သယ်ရန်ကားမရှိ၍ သစ်မရောက်၊ သစ်မရောက်၍ သေတ္တာမလုပ်နိုင် ၊ သေတ္တာလုပ်နိုင်၍ ဖယောင်းတိုင်ထည့်ရန် ပစ္စည်းမရှိ ၊ ဖယောင်းတိုင်ထည့်ရန်ပစ္စည်းမရှိ၍ ဖယောင်းတိုင် မပို့နိုင် ၊ ဖယောင်းတိုင်မပို့နိုင်၍ ဝယ်မရ ၊ ဖယောင်းတိုင်ဝယ်မရ၍ လူငယ်ရေးရာညကျောင်း စာမသင် ၊ စာမသင်၍ သင်ခန်းစာ နောက်ကျ၊ သင်္ခန်းစာနောက်ကျ၍ ကျောင်းသား စာမေးပွဲမအောင်လျှင် ကျောင်းဆရာအပြစ်မဟုတ်ကြောင်း တို့ကို ကျောင်းဆရာဘဝ အစက အဆုံးပြောပြနေသည် ။
ကုန်းလမ်းသယ်ယူပို့ဆောင်ရေး " ယာဉ်ငှါးမရလို့ မဖြစ်နိုင်ပါဘူး။ တခါတလေ ဓာတ်ဆီအလွယ်တကူ မရလို့ ကားရပ်ထားတာနဲ့ ကားပစ္စည်းအပိုမရှိလို့ မထွက်နိုင်တာလောက်ပဲ ရှိတယ် " ဟု ပြောပြန်သည် ။ ထိုအခါ ကျွန်တော်က ပြည်သူ့ရေနံလုပ်ငန်းသို့ မေးမိပြန်သည်။ ပြည်သူ့ရေနံဌာနမှသက်ဆိုင်ရာပုဂ္ဂိုလ်တွေက - ကျုပ်တို့ရေနံချက်စက်ရုံဟာ တနေ့ကို ဂါလံ ရ သိန်းထုတ်နိုင်တယ်။ အခု တနေ့ကို ပြည်တွင်းလိုအပ်ချုက်အရ ဂါလံ ၄သိန်းပဲထုတ်နေတယ်။ ကျုပ်တို့ဟာ ရေနံတွေပိုနေမှာစိုးလို့ ထုတ်နိုင်တာကိုလျော့ပြီး ထုတ်သင့်သလောက်သာ ထုတ်တဲ့အချိန်မှာ ဓာတ်ဆီအလွယ်တကူမရလို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်ဖြစ်နိုင်တာက သယ်ယူပို့ဆောင်ရေးအခတ်အခဲကြေင့် နည်းနည်းကြံ့ကြာတာတော့ ဖြစ်နိုင်ပါတယ် ဟု ဆိုပြန်သည်။
ကျွန်တော်သည် ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ တဦးနှင့် တဦး အပြန်အလှန်လက်ညှိုးထိုး
နေမှုများအတွက် သက်ပြင်းရှည်ရှည်ကိုပင်ချမိပြန်သည်။ ယနေ့သည် အထွေထွေဆိုရှယ်လစ် အခြေစိုက်မှုကို အုန်မြစ်ချနေချိန်ဖြစ်၏။ ညအချိန် ညအခါမျိုး၌ ဌာနအသီးသီးတွင်သာမက နေရာတကာတွင် တဌာနနှင့် တဌာန ဆက်သွယ်မှုချောမွေ့နေမှ တော်ရုံကျမည်ဖြစ်သည်။ သို့သော် ယနေ့အခြေအနေတွင် အထစ် အငေါ့ များလှသည်။ ဤအထစ် အငေါ့များကြောင့် ခေတ်ပြောင်းတော်လှန်ရေးကြီး၏ အရှိန်အဟုန်ကို အင်အားလျော့ပါးစေ၏။
အမှန်စင်စစ် ယနေ့တော်လှန်းရေးသည် အင်အားရှိသည် ၊ ခိုင်မာသည် ၊ ကျစ်လစ်သည်၊ သို့ဖြစ်ပါလျက် အင်အားရှိသလောက် တော်လှန်ရေးယန္တရားကြီး မလည်ပတ်သေးသည်မှာ ချည်သေး၍ ချားမလည်ခြင်းမဟုတ်ဘဲ ချည်ရှုပ်၍ ချားမလည်ခြင်းဖြစ်ရာ ဆိုရှယ်လစ်ရေး ၊ အမျိုးသားစည်းလုံးညီညွတ်ရေး ၊ ညှိနှိုင်းတိုင်ပင်ရေး ၊ ပူပေါင်းဆောင်ရွက်ရေးတို့ဖြင့် ချည်အရှုပ်ကို ရှင်းကြပါစို့ ၊ သို့ရှင်းရာတွင် ကိုယ့်လုပ်ငန်း ကိုယ့်တာဝန်ကျေပွန်တက်ကြပါစို့ ။ ။
ဆရာချစ်စံဝင်း ( ၃၁- ၁၂- ၁၉၆၀ )

ဟဲလို မြန်မာဂျာနယ်မှ ကူးယူတင်ဆက်လိုက်တာပါ တခါလဲ တင်ဖူးပါတယ် သဘောကျလွန်းလို့ လက်ညောင်းခံကာ ထပ်တင်လိုက်တာပါ ။ မောင်မိုး ( ၂၂-၀၄-၂၀၁၃ )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...