Sunday, April 28, 2013

"ဟံသာဝတီသတင်းစာ သာဓု တရားစွဲမည်"

by Ter Tee (Notes) on Friday, June 1, 2012 at 8:07pm

 လွန်ခဲ့သောနှစ် ၃၀- ခန့်လောက်က သာဓုတစ်ယောက် စာရေးဆရာ ဖြစ်မှန်းမသိဖြစ်နေချိန်ကာလ၊
သာဓု ပင်ကိုယ်စိတ်အတိုင်း မဟုတ်မခံ မှန်ရာကို အားမနာတမ်းပြောတတ်ရေးတတ်သော စိတ်ဓါတ်က
ပြင်းထန်နေသည့် သမယ .... ။

တနေ့သော် နံနက်စောစော သတင်းစာ ရောက်လာလာချင်း ကြော်ငြာပိုင်းကို ကသုတ်ကသက် လှန်လိုက်၏။
သတင်းစာမှာ ဟံသာဝတီသတင်းစာဖြစ်လျက် ထိုနေ့ကထုတ်ဝေသော အဆိုပါသတင်းစာတွင် သာဓု၏စာအုပ်တစ်အုပ် ကြော်ငြာပါရမည့်နေ့ဖြစ်၍ ကြော်ငြာပိုင်းကို အာရုံစိုက်ကာလှန်လိုက်ခြင်းဖြစ်၏။

သာဓုကြော်ငြာကိုတွေ့၏။ တွေ့တွေ့ချင်းလည်း အသားများတုန်လာသည်အထိ ဒေါသဖြစ်နေမိ၏။
အကြောင်းရင်းကား သာဓုကြော်ငြာတွင် " စာမျက်နှာ ၃၀၀ကျော် နှစ်ကျပ် " ဟု ထင်ရှားသော
နှစ်လိုင်းစာလုံးမဲဖြင့် ဖော်ပြရန်ဖြစ်ရာ၌ သတင်းစာက " စာမျက်နှာ ၃၀ ကျော် နှစ်ကျပ် " ဟူ၍ ရုပ်ပျက်ဆင်းပျက်မှား၍ ဖော်ပြထားသောကြောင့် သာဓု အလွန်စိတ်ဆိုးသွား၏။ ရုတ်ခြည်းဆိုသလိုပင်
အနီးရှိအိမ်မှ တယ်လီဖုန်း ကောက်ဆက်ကာ ဟံသာဝတီ သတင်းစာ ကြော်ငြာဌာနသို့ထိုကြော်ငြာအမှားကိစ္စကို အပြစ်ဆိုပြောပြလိုက်ရာ၌ ....


" ဒါကတော့ ဘယ်တတ်နိုင်မလဲ  စာစီဌာနကမှားတာ " ဟု တာဝန်ခံက မချေမငံပြန်ပြောသောကြောင့်
သာဓုပို၍ဒေါပွလာ၏။


မှားသည်မှာလည်း ခွင့်လွှတ်နိုင်ဘွယ်ရာ အသေးအဖွဲအမှားမျိုးမဟုတ်၊ ထိုစဉ်က ၀တ္ထု၊ ဂျာနယ်၊ မဂ္ဂဇင်းများသာမက
သတင်းစာများပင် စာမျက်နှာများများပေးနိုင်ခြင်းကို ရောင်းပန်းအဖြစ် အသားယူဖော်ပြနေချိန်ဖြစ်သည်နှင့်အညီ သာဓု၏စာအုပ်ကြော်ငြာအမှားကြောင့် အဘယ်မျှအရုပ်ဆိုး၍ အဘယ်သို့ထိခိုက်နိုင်သည်ကို ဖော်ပြရှင်းလင်းရန်ပင်
မလိုတော့သည်ကို ယခုစာရှုသူ သိပြီးဖြစ်ပါချိမ့်မည်။


" ကဲ မိတ်ဆွေ၊ သာဓု တိုတိုဘဲပြောမယ်၊ အဲဒီကြော်ငြာအမှားကို ပြန်ထည့်ပေးမလား၊ ဒါမှမဟုတ် "

" ကြော်ငြာခ ထပ်ပေးရင်ထည့်ပေးမယ် "


သာဓုစကားမဆုံးမီမှာပင် သူက အထက်ပါအတိုင်းပြောပြီး ဖုန်းချသွားသောကြောင့် သာဓုက တိုက်အုပ်ထံ
ဖုန်းထပ်ခေါ်လိုက်၏။ အကျိုးအကြောင်း ရှင်းပြ၏။ တိုက်အုပ်ကလည်းခပ်တင်းတင်းပင် လေသံပြင်းနေပြန်သည်။


" ကျွန်တော်တို့မှာ သတင်းစာအလုပ်ဖြစ်လို့ အချိန်လုပြီးလုပ်နေရတယ်၊
အမှားဆိုတာကတော့ ပါမှာဘဲ " ဟု သူကဆိုချေ၏။


" သတင်းစာတိုက်တခုရဲ့  စီးပွားရေး တိုးတက်မှု ဆုတ်ယုတ်မှု စည်းကမ်းတကျရှိမှုတွေမှာ
ထိပ်ဆုံးကတာဝန်ယူထားရတဲ့ တိုက်အုပ် အနေနဲ့ ဒီစကားမျိုး မပြောသင့်ဘူးထင်တယ်၊ ခုလိုသာ ငွေကုန်ကြေးကျခံပြီး ကြော်ငြာနေတဲ့ ကြော်ငြာရှင်တွေ စိတ်ပျက်လောက်အောင်
မကြာခဏ မှားနေမယ်၊ အဲဒီအမှားမျိုးကိုလည်း တာဝန်မယူဘူးဆိုရင် ကြော်ငြာရှင်တွေဆီက
ဝင်ငွေနည်းပါးသွားမှာ မစိုးရိမ်ဘူးလား "  ဟု သာဓုက မေးလိုက်သည်တွင် တိုက်အုပ်ထံမှ ရုတ်တရက်
စကားသံပေါ်မလာသေးဘဲ အတန်ကြာမှ -


" ကဲပါဗျာ .... အမှားပြင်ဆင်ချက် ဆိုတာလောက်တော့ ပြန်ထည့်ပေးမယ် "


သူဆိုလိုသည့် ပြင်ဆင်ချက်ကို သာဓု နားလည်သည်။ သတင်းစာ၏ ချောင်ကြိုချောင်ကြားတွင် မထင်မရှား အသေးဆုံးစာလုံးကလေးများဖြင့်  " မည်သည့်နေ့ထုတ် မည်သည့်ကြော်ငြာတွင် စာမျက်နှာ ၃၀ ကျော်အစား ၃၀၀ ကျော်ဟု ပြင်ဆင်ဖတ်ရှုပါရန် " ထိုမျှသာဖြစ်မည်။ ယင်းပြင်ဆင်ချက်ကို တွေ့သူပရိတ်သတ်က
မည်သည့်နေ့ထုတ် သတင်းစာဟူသည်ကို ပြန်လည်လှန်လှောရှာဖွေတိုက်ဆိုင်ဖတ်ရှုပါမည်လား။
လုံးဝ အရာရောက်မည်မဟုတ်သော ပြင်ဆင်ချက်ကို သာဓု လက်မခံနိုင်။


" ပြင်ဆင်ချက်ဆိုတာကို မူလကြော်ငြာအတိုင်း စာလုံးမဲနဲ့ ထည့်ပေးမလား " ဟု သာဓုကမေးလိုက်ရာ ....


" ဒါတော့မဖြစ်နိုင်ဘူး "  ဟူသော အဖြေနှင့်အတူ ဖုန်းချသွားသည်။


သာဓု မကျေနပ်။ အယ်ဒီတာချုပ်ထံသို့ ဖုန်းဆက်ပြီး အကြောင်းစုံ တိုင်ကြား၏။
သူကား ဟံသာဝတီ ဦးထွန်းဖေ ဖြစ်၏။ သူ့ထံမှလည်း လေသံတသံတည်း ထွက်လာပြန်၏။


" ကိုသာဓု ခင်ဗျားလဲ သိသားနဲ့၊ မှားတဲ့ အပိုဒ်လောက်ပြင်ဆင်ချက်ထည့်ပေးရင် ကျေနပ်လောက်ရောပေါ့ "


" ဒီမှာဗျ အစ်ကိုကြီး၊ ကျွန်တော်က ရှစ်လက်မအတွက် ကြော်ငြာခပေးပြီးထည့်ခဲ့တာမဟုတ်လား၊
အဲဒါကို လက်မ၀က်လောက် ပြန်ထည့်ပေးရုံနဲ့ ကျေနပ်ရမယ်ဆိုတာတော့ ကြော်ငြာရှင်တွေကို
ဒါ သက်သက် အနိုင်ကျင့်တာဘဲ " ဟု အစချီကာ ကြော်ငြာရှင်များအနေဖြင့် အဘယ်မျှ နစ်နာရသည်များကို
သေးစိတ်ရှင်းပြ၏။ တခါက ရုပ်ရှင်ကြော်ငြာတခုတွင် လတ်လတ်ဆတ်ဆတ် ပြသနေဆဲ ကြော်ငြာ၌
" ပြပြီ " အစား  " ပြီးပြီ " ဟု မှားထည့်သဖြင့် ကြော်ငြာရှင်၌ အဘယ်မျှ ထိခိုက်သွားရသည်များကိုပါ
ပြောပြသော်လည်း နောင်တော် သတင်းစာဆရာကြီးမှာ သတင်းစာဘက်မှသာမြင်နေပြီး ထုံးစံအတိုင်း
သတင်းစာဘက်မှပင် အကြောက်အကန် ကာကွယ်ပြောဆိုနေ၏။
သာဓုကလည်း ကြော်ငြာရှင်များ ဘက်မှ ကြံ့ကြံ့ခံကာ ....


" ကဲ- အစ်ကိုကြီး၊ ကျွန်တော့် ကြော်ငြာကို မူလအတိုင်း အပြည့်အ၀ ပြန်ထည့်ပေးရင်ထည့်ပေးပါ၊
ပြင်ဆင်ချက်တော့ မလိုချင်ဘူး၊ အဲ- မူလကြော်ငြာအတိုင်း အပြည့်ထည့်မပေးရင်
ကျွန်တော် ဆိုင်ရာကတရားစွဲမယ်၊ ကျွန်တော့် စာအုပ်ကိုယ်စားလှယ်တချို့ကလဲ
စာမျက်နှာ ၃၀ ကျော်နဲ့နှစ်ကျပ်ဆိုရင် မပို့ပါနဲ့တော့လို့ ခုဘဲ သံကြိုးစာတွေရောက်နေပြီ၊
အဲဒီ နစ်နာကြေးပါ တရားစွဲမယ်၊ ဒါပါဘဲ အစ်ကိုကြီး၊ ၀မ်းတော့နဲပါတယ် " ဟု ပြောပြီး
သာဓုက အရင် ဖုန်းချလိုက်၏။


ထို့နောက် တနာရီလောက် အတွင်းမှာပင် မိတ်ဆွေဖြစ်သူ ၀တ်လုံတော်ရ သခင်ဘဦးထံသွားရောက်ကာ
ကိစ္စအ၀၀ ရှင်းပြလိုက်ရာ သခင်ဘဦးက ....


" အင်း .... တရားစွဲလို့ကတော့ ရပါတယ်၊ ဗမာပြည်မှာတော့ အဆန်းဖြစ်သွားမှာဘဲ၊
ဒါပေမယ့် ကြော်ငြာခက အစိတ်လောက်နဲ့ တရားစရိတ်ကုန်မှာက နှစ်ရာကျော်နေလိမ့်မယ်၊ စဉ်းစားပါဦးဗျာ

" ကိစ္စမရှိဘူး၊ ငွေတစ်ထောင်ကုန်ချင်ကုန်ပစေ၊ ဒါမျိုးတရားစွဲလို့ရတယ်ဆိုတာ
ကြော်ငြာရှင်တွေသိသွားရင်၊ ပီးတော့ သတင်းစာတိုက်တွေကပါ ဒီလိုအနိုင်ကျင့်တာမျိုး
တရားဥပဒေကခွင့်မပြုဘူးဆိုတာ သဘောပေါက်သွားရင် တော်ဘီဗျာ၊ လူတိုင်းလူတိုင်းမှာ
အကြောင်းအရာတိုင်းနဲ့ ပတ်သက်လို့ နစ်နာချက်ရှိလာရင် အရေးဆိုပိုင်ခွင့်ရှိတယ်ဆိုတာ
အားလုံးသိစေချင်တယ်၊ တရားစွဲဘို့သာ စီစဉ်ပါတော့ဗျာ၊ ကျွန်တော် နက်ဖန်လာခဲ့မယ် "
သို့ပြောဆိုထွက်လာပြီး အိမ်ပြန်ရောက်သည်နှင့် တပည့်ဖြစ်သူက စာတစောင် လာပေးသဖြင့်
ဖောက်ဖတ်ကြည့်သည်တွင် ဟံသာဝတီ သတင်းစာတိုက်မှ ပို့လိုက်သောစာ ဖြစ်နေ၏။
" သာဓု၏ မူလကြော်ငြာအတိုင်း အပြည့်အ၀ အခမဲ့ပင် ထည့်ပေးပါမည်၊ စိတ်မရှိပါရန် " ဟူသတည်း။


                                                                                                    သာဓု
                                                                                   ( သာဓုလူဝါးဝတယ် စာအုပ်မှ )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...