ကျနော်နဲ့ ကြယ်ပွင့်ကလေး - ၁ {သွန်းနေစိုး}
by Thorn Nay Soe on Sunday, October 21, 2012 at 8:43am
ညညဆို ကြယ်တွေအများကြီးနဲ့အတူ သူ ထွက်ထွက်လာတတ်တယ်။
ဒီလိုပဲ သူ့အလင်းစူးစူးကလေးနဲ့ ညလွှာရုံခြုံထားတဲ့ ကမ္ဘာမြေကြီးကို ငုံ့ငုံ့ကြည့်။
ဘာမှ လုပ်စရာမရှိ ပျင်းတော့လည်း ဒီလိုပဲ ငုံ့ငုံ့ကြည့်နေတာပေါ့နော်။
***********
ကမ္ဘာမြေပေါ်မှာ ကောင်လေး တစ်ယောက်ရှိတယ်။
သူက ညညဆိုမှ လမ်းတွေ ထွက်ထွက်လျှောက်တတ်တာ။
ကောင်လေးက ဆိုးပေလေးပါ။
စာလည်း ကောင်းကောင်းမကျက်ဘူး။
ကဗျာစာအုပ်ကလေးတစ်အုပ်ကိုင်လို့။
ညဆိုတာနဲ့ ဓာတ်မီးတိုင်အောက် ထွက်လာ။
ကဗျာတွေဖတ်။ ညကောင်းကင်ကြီးကိုကြည့်ပြီး ငေးမော စိတ်ကူးတွေယဉ် ... လို့။
************
ကြယ်ပွင့်ကလေးက တစ်ရက် ညကမ္ဘာမြေကို ငုံ့ကြည့်ရင်း ကောင်လေးကို စတွေ့သွားတယ်။
နောက် ညစဉ်ဆိုတော့လည်း သူ သတိထားမိသွားတာပေါ့။
ကြည့်ရင်း ကြည့်ရင်းက သူ ဒေါသတွေ ထွက်လာတယ်။
`ကြည့်စမ်း၊ ဒီကောင်လေး တယ်ခက်ပါလား၊ စာလည်း မကျက်ဘူး၊ တစ်ည တစ်ည ဓာတ်တိုင်အောက် ကဗျာစာအုပ်ကိုင်ပြီး ရောက်ရောက်လာ၊ ဟိုငေးလိုက် ဒီတွေးလိုက်နဲ့၊ ခက်တော့တာပဲ၊ ငါ့မှာသာ ကြိမ်လုံးတစ်လုံးလောက်ရှိရင် ခပ်စပ်စပ်လေး ဆော်ချင်လိုက်တာဟယ်´
ကောင်လေးကတော့ ကြယ်ပွင့်လေး စိတ်ကို ဘယ်နားလည်မလဲ။ သူ့ဖာသာ ဆက် ငေးမော စိတ်ကူးယဉ်လို့ ကောင်းတုန်း။
ကြယ်ကလေးကလည်း ဒေါမနဿတွေ ဖြစ်ကောင်းတုန်းပေါ့။
`ဟင်း ဒီပုံနဲ့တော့ စာမေးပွဲအောင်ပါလိမ့်မယ် အားကြီး´
************
ဒါပေမဲ့ ကြယ်ပွင့်လေး အဲဒီတစ်ခုတော့ အထင်မှားသွားတယ်။
ကောင်လေးက ဥာဏ်အရမ်းကောင်းတာကိုး။ အဲဒီနှစ် ဆယ်တန်းအောင်သွားတယ်။
အမှတ်လည်း မဆိုးလှပါဘူး။ ဒါပေမဲ့ လိုင်းကောင်းကောင်းတော့ ဘယ်ရမလဲနော်။
ရိုးရိုး ၀ိဇ္ဖာသိပ္ပံ တက္ကသိုလ်ပဲ တက်ရတာပေါ့။
ကောင်လေးမအေက ငြီးတယ်။
`သားရယ် နင်က ဥာဏ်ကောင်းရက်နဲ့ ဘာတွေ လျှောက်စိတ်ဝင်စားနေမှန်း မသိပါဘူး´
ဒီလိုဆိုလေ ကြယ်ပွင့်ကလေးက ဒေါသ ဖြစ်လေပဲ။
`ဒီကောင်လေးနဲ့တော့ မဖြစ်တော့ပါဘူး၊ ငါ ဆုံးမဦးမှပါပဲ´
ဒီလိုနဲ့ ကြယ်ပွင့်ကလေး လူ့ပြည်ဆင်းဖို့ဖြစ်လာရပါတော့တယ်။
************
[ည ကောင်းကင်ကို မော့မော့ကြည့်နေတတ်တဲ့ ကောင်ကလေးရဲ့စကား]
သိလား။
ကျနော့်မှာ ကြယ်လေး တစ်ပွင့်ရှိတယ်။
သူက အလင်းစူးစူးကလေးနဲ့။
သိလား။
ကျနော် ညဘက်တွေ သိပ်မွန်းကြပ်လာတဲ့အခါ သူ့ကို ငေးကြည့်နေရင်
စိတ်ထဲ ချမ်းမြေ့သွားသလိုပဲ။
သိလား။
ကျနော့်ကြယ်ပွင့်ကလေးက ကျနော်နဲ့ အဝေးကြီးမှာ
ဒါပေမဲ့ သူရှိနေတာ သိတဲ့အတွက် ကျနော်ပျော်တယ်။
သိလား။
ကျနော်ဖတ်တဲ့ ကဗျာတွေအားလုံး
ကျနော်ရေးဖြစ်သမျှ ကာရန်တွေအားလုံးဟာ
ကြယ်ပွင့်ကလေးအကြောင်း ညွှန်းနေသလိုပဲ။
သိလား။
ကျနော့်မှာ ကြယ်ပွင့်ကလေးရှိတဲ့အကြောင်းကို
အထူးလျို့ဝှက်ထားတယ်။
သူများတွေ ခိုးသွားမှာစိုးလို့
သူရှိတဲ့နေရာအတိအကျကို
ကျနော်ဘယ်တော့မှ ဘယ်သူ့ကိုမှ ပြောပြမှာ မဟုတ်ဘူး။
သိလား။
ကျနော့် ကြယ်ပွင့်ကလေးဟာ
အထူးကြယ်ပွင့်ကလေး မဟုတ်ပါဘူး။
ဒါပေမဲ့ ကျနော့်အတွက်တော့ အထူးတလည်ဖြစ်တယ်။
ညစဉ် သူနဲ့ ကျနော့်ရဲ့ ဆက်သွယ်ချက်ကလေးက
ကမ္ဘာပေါ်မှာ အထူးဆုံးအရာလေ
ကျနော့်အတွက် ဆိုရင်ပေါ့။
သိလား။
ကျနော့် ကြယ်ပွင့်ကလေးကို ကျနော်
အရမ်းချစ်တယ်။
သွန်းနေစိုး Thorn Nay Soe
0 comments:
Post a Comment