Wednesday, October 31, 2012

Politicide (သို့) လူ့အဖွဲ့အစည်းတစ်ခုအား နိုင်ငံရေးအရ အသေသတ်ခြင်း (အပိုင်း - ၂)


by U U Mhaw Sayar on Wednesday, October 31, 2012 at 6:32pm ·

အပိုင်း(၁)တွင် လူအဖွဲ့အစည်းတစ်စုအပေါ် ဘာကြောင့် Politicide လုပ်ရတာလဲဆိုသောအချက်အပေါ် အစ္စရေးနိုင်ငံကိုဥပမာပေး၍ တင်ပြခဲ့သည်။ ခိုင်မာသည့်အကြောင်းပြချက်တစုံတရာမရှိဘဲ လူမျိုးရေး ၊ ဘာသာရေးအရ ကွဲပြားမှုကိုအခြေခံသည့် မုန်းတီးမှုကြောင့် ဖြစ်သည်။ ထိုမှတဆင့်တက်ကာ ကိုယ့်လူမျိုးသီးသန့်သာရပ်တည်သော ကိုယ်ပိုင်ဟန်ရှိသည့် နိုင်ငံမျိုး ထူထောင်လိုသည့် (ယနေ့ခေတ်အမြင်အရ) အံ့သြစရာကောင်းသော လိုလားချက်ကြောင့်ဖြစ်သည်ဟု ရေးသားခဲ့ပါသည်။
  
(၂) Politicide ဘယ်လိုလုပ်တာလဲ ?

အစ္စရေးနိုင်ငံ၌ ထုတ်ပြန်ခဲ့သော “ဇီယွန်ဝါဒီနှင့် အာရပ်ပြဿနာ” စာစောင် ၊ “ ဟာဂါနာသမိုင်း ” စာစောင်များ တွင် ထိုကာလအခြေအနေများကို ပြည့်ပြည့်စုံစုံ ဖေါ်ပြထားသည် ။
“ ဟာဂါနာ သမိုင်း ”( Haganah Story) စာအုပ်မှာ အစ္စရေးစစ်ဘက်ပုံနှိပ်တိုက်မှ တရားဝင်ထုတ်ပြန်သော စာစောင်ဖြစ်ပြီး မည်သည့်ဘာသာသို့မျှ ပြန်ဆိုခြင်း မပြုခဲ့ချေ။ ထိုစာစောင်၌ ဂျူးတို့နယ်မြေအတွင်း ပါလက်စတိုင်းတို့အား လူမျိုးရေး သုတ်သင် ရှင်းလင်းမှု ပြုလုပ်ခဲ့ပုံများကို အသေးစိတ် ဖေါ်ပြထားခဲ့သည် ။
  
ယင်းစာစောင်အရဆိုလျှင် အစ္စရေးတို့ ပထမဆုံးစတင်ချမှတ်ကျင့်သုံးခဲ့သော စစ်အခြေခံသဘောတရားအား “စီမံကိန်း ဒီ” (Plan -D) ဟု ခေါ်တွင်သည် ။ ဤ သဘောတရားကို ထိုစဉ်က အစ္စရေးတပ်မတော် စစ်ဆင်ရေးဌာန၏ အကြီးအမှုးဖြစ်သော ဗိုလ်ချုပ်ကြီး ယီဂေးလ်ယာဒင်က ရေးဆွဲခဲ့ခြင်းဖြစ်သည်  ဆို၏ ။ အမှန်အားဖြင့် အစ္စရေး လက်နက်ကိုင်တပ်ဖွဲ့များအား ၁၉၄၈ ခုနှစ် မေလ (၃၁) ရက်နေ့တွင်မှ တရားဝင် တည်ထောင်ခွင့် ရရှိခဲ့သည် ။ သို့သော်လည်း ယင်း “ စီမံကိန်း ဒီ ” ကို ၁၉၄၈ ခုနှစ် မေလ (၁၀) ရက်နေ့တွင် စတင်အကောင်ထည်ဖေါ်နေပြီ ဖြစ်သည် ။

ယင်းစီမံကန်း-ဒီ ၌ အောက်ဖေါ်ပြပါတို့အား ရည်မှန်းချက်အောင်မြင်အောင် လုပ်ဆောင်ရမည့် နည်းလမ်းများအဖြစ် ဖေါ်ပြထားသည် -

            “ မိမိ ကာကွယ်ရေးစနစ်များအတွင်း (သို့) အနီးရှိ ရန်သူ့အခြေချနေရာများအား တိုက်ခိုက်ခြင်းဖြင့် ၄င်းနေရာများအား ရန်သူများက အခြေခံစခန်းအဖြစ် အသုံးပြုခြင်းမှ ကာကွယ်ရန် ဖြစ်သည်။ ဤသို့ တိုက်ခိုက် ရာ၌ ရွာများအား ပစ်ခတ်ခြင်း၊ ဖေါက်ခွဲဖျက်ဆီးခြင်းနှင့် မိုင်းထောင်ခြင်းနည်းလမ်းများကို အသုံးပြုဖျက်ဆီးရမည်။ မိမိတို့ မထိန်းချုပ်နိုင်သော ရွာများအား မိုင်းထောင်ရမည်၊ မိမိတို့ ထိန်းချုပ်နိုင်ရန်အတွက် ရွာများအား ၀ိုင်းဝန်း ပိတ်ဆို့၍ ရှာဖွေခြင်း ၊ ခုခံမှုရှိက တစ်ရွာလုံးကို ဖျက်ဆီးပစ်ခြင်းနှင့် ရွာနေလူထုအား နယ်နိမိတ်၏ပြင်ပသို့ မောင်းထုတ်ခြင်းတို့ကို ဆောင်ရွက်ရမည်။ ”


ဤအခြေခံသဘောတရားသည် အာရပ်တပ်မတော်များ၏ ထိုးစစ်ကို ကြိုတင်မျှော်မှန်းသည့်အနေဖြင့် ရေးဆွဲထားခဲ့သော စစ်အခြေခံသဘောတရားသက်သက်အဖြစ် အစပိုင်းတွင် အသုံးပြုခဲ့ရာမှ နောက်ပိုင်းတွင် အစ္စရေးနိုင်ငံအတွင်းမှ ပါလက်စတိုင်းနှင့် အာရပ်တို့အား အပြီးအပိုင်မောင်းထုတ်ဖယ်ရှားပြီး အစ္စရေးတို့အတွက် နယ်ပယ်ချဲ့ထွင်ရာ၌ အသုံးချသည့် နည်းလမ်းများဖြစ်လာသည် ။


ပါလက်စတိုင်းတို့နေထိုင်ရာကျေးရွာများကို အတင်းဝင်ရောက်စီးနင်းပြီး လူများကိုအတင်းအဓမ္မနှင်ထုတ်ခြင်း၊ ခုခံမှုများရှိပါက သတ်ဖြတ်နှိပ်ကွပ်ခြင်း၊  နေအိမ်များကိုဖြိုချဖျက်ဆီးပြီး ဂျူးအခြေဆိုက်အိမ်ရာများ ဆောက်လုပ်နေထိုင်ခြင်းဖြင့် ပါလက်စတိုင်းဒေသ၏ နေရာကောင်းများကို တစတစသိမ်းပိုက်လာခဲ့သည်။ ထို့ပြင် အနည်းငယ်ကျန်ရှိနေသော ပါလက်စတိုင်း ကျေးရွာများကိုလည်း ပြင်ပနှင့်အဆက်ဖြတ်ထားခြင်းဖြင့် ပါလက်စတိုင်းလူမျိုးများ ရပ်တည်ရန်ခက်ခဲလာကာ ထိုဒေသမှစွန့်ခွာထွက်သွားစေရန် လုပ်ဆောင်သည်။ နေရပ်စွန့်ခွာ၍ ကမ္ဘာအနှံ့ပြန့်ကျဲစွာရောက်ရှိနေသော ပါလက်စတိုင်းများနှင့် နှင်ထုတ်ခံရသူများကိုလည်း မူရင်းဒေသသို့ ပြန်လာခွင့်မပြုချေ။ ထို့ပြင်လက်ရှိတွင်လည်း ၁.၅  သန်းခန့်ရှိသော ပါလက်စတိုင်းလူမျိုးများ ဒုတိယတန်းစား အစ္စရေးနိုင်ငံသားများ အဖြစ် ရပ်တည်နေရပေသည်။ မဲပေးပိုင်ခွင့် ၊ ဥပဒေပြုလွတ်တော်အမတ် ဖြစ်ခွင့်၊ အုပ်ချုပ်ရေးဆိုင်ရာတွင် ပါဝင်နိုင်ခွင့် စသည့်အခွင့်အရေးများကို ပိတ်ပင်ထားခြင်းဖြင့် နိုင်ငံရေးအရ နှိပ်ကွပ်ထားခဲ့သည်။ထို့ကြောင့်လည်း ပါလက်စတိုင်းဒေသသည် လူမျိုးရေးအရ၊ လူမှုရေးအရ၊ နိုင်ငံရေးအရ ဂျူးနိုင်ငံတစ်ခုအဖြစ် လုံးဝနီးပါး အသွင်ပြောင်းသွားခဲ့သည် ။


(ယခုချိန်တွင် ကျန်ရှိသော ပါလက်စတိုင်းဒေသ)


ထို့ထက်ပိုဆိုးသည်မှာ ဂျူးပိုင်နယ်မြေ၌ အခြားလူမျိုးများ ကင်းစင်ရမည်ဟူသော ဒေသခံဇီယွန်ဝါဒီတို့၏ လိုလားချက်နှင့်ပါ ဤ“စီမံကိန်း-ဒီ”သဘောတရားက ကိုက်ညီနေခြင်းဖြစ်၏။ ၁၉၄၈ ခုနှစ် စစ်ပွဲမတိုင်မှီအထိ ဂျူးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများက ပါလက်စတိုင်းတို့ထံမှ ၀ယ်ယူနိုင်ခဲ့သော မြေပမာဏမှာ ပါလက်စတိုင်းဒေသ တစ်ခုလုံး၏ (၇%) သာ ရှိခဲ့သည်။ သို့အတွက် မြေ၀ယ်မည့်အစား လက်နက်ကိုအသုံးချ၍ လုယူသည့်နည်းသို့ ပြောင်းလဲကျင့်သုံးလာခဲ့ကြသည် ဆိုနိုင်၏ ။ ဤစီမံကိန်း-ဒီ ၏ ရည်ရွယ်ချက်နှင့် အနှစ်သာရကို သာမာန်ဂျူးလူမျိုးများသာမက ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့သော ဂျူးစစ်သားများကိုယ်တိုင်လည်း မရိပ်မိဟုဆို၏။ ၄င်းစစ်ပွဲပြီးနောက် နှစ်အတန်ကြာသောအခါ နာမည်ကျော် အစ္စရေးလူမျိုးစာရေးဆရာ ယီဇာဆမီလန်စကီ ဆိုသူရေးသားသော ၀တ္ထုတိုတစ်ပုဒ်၌ အစ္စရေးစစ်သားငယ်တစ်ဦးက အာရပ်ကျေးရွာတစ်ခုမှ ရွာသူရွာသားအားလုံးကို ထရပ်ကားပေါ်အတင်းအကျပ် မောင်းတင်၍ နယ်စပ်အပြင်ဘက်သို့ တာဝန်အရ ပို့ဆောင်ပေးခဲ့ရခြင်းကို ခံစားရသည့် အဖြစ်အပျက်အား ဖော်ညွှန်း ထားသည့်အခန်း ပါလာခဲ့သည် ။ ယင်းစာရေးဆရာက ယခုကဲ့သို့ ဂျူးများက အာရပ်တို့ကို အုပ်စုလိုက် ရွှေ့ပြောင်းခြင်းလုပ်ရပ်သည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးလူမျိုးများအား အုပ်စုလိုက် ရွှေ့ပြောင်း၍ သေတွင်းသို့ပို့ခဲ့သော နာဇီများ၏ လုပ်ရပ်နှင့် အတူတူပင်ဖြစ်သည်ဟု ခိုင်းနှိုင်းခဲ့၏ ။


(မိမိတို့နေရင်းဒေသမှ အတင်းအကြပ်ရွေ့ပြောင်းခံနေရသော ပါလက်စတိုင်းလူမျိုးများ)


 


ညအချိန်မတော် အစ္စရေးစစ်သားများက ကိုယ်ပိုင်နေအိမ်အတွင်း အကြမ်းဖက်သမားများအား ရှာဖွေရန်၊ လက်နက်များ ရှာဖွေရန် စသည့်အကြောင်းပြချက်ဖြင့် အတင်းဝင်ရောက်၍ စီးနင်းရှာဖွေမှုများ၌ ရံဖန်ရံခါ တရားမဲ့ကွပ်မျက်စီရင်ခြင်းမျိုးဖြင့် အဆုံးသတ်လေ့ရှိသည် ။ ဤသည်ကို သက်သေခံမည့်မျက်မြင်သက်သေပေါင်း ဒါဇင်နှင့်ချီ ရှိသလို ၊ လူ့အခွင့်အရေးအဖွဲ့များလက်ဝယ်တွင်လည်း သက်သေခံအထောက်အထားများစွာရှိသော်လည်း အစ္စရေးအစိုးရအနေဖြင့် ဤသို့သော လုပ်ရပ်များကို အရေးမယူဘဲထားခဲ့သည်။ ဤသို့ ပါလက်စတိုင်းလူမျိုးများအပေါ် တရားမဲ့ပြုကျင့်မှုများအား အရေးမယူဘဲထားခြင်းကပင် ပါလက်စတိုင်းလူမျိုးတို့၏ သက်အိုးအိမ်စည်းစိမ်သည် အရေးမကြီးပါဟူသော အတွေးမျိုး အစ္စရေးစစ်သားများ၏ ဦးခေါင်းထဲ ရိုက်သွင်းပေးလိုက်သလို ဖြစ်နေသည်။


ထိုသို့ မတရားမှုများခံစားလာရသဖြင့် ပါလက်စတိုင်းလူမျိုးများ လက်နက်ကိုင်ပြောက်ကျားတပ်ဖွဲ့များဖွဲ့စည်းပြီး ပြန်လည်ခုခံတိုက်ခိုက်ခြင်း၊ အခွင့်အရေးရက အကြမ်းဖက်တိုက်ခိုက်ခြင်းများ ပြုလုပ်လာသောကြောင့် အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ခံရပြီး နိုင်ငံတကာ၏ထောက်ခံမှုမရရှိတော့ဘဲ နိုင်ငံရေးအရ ရပ်တည်နိုင်ရန် ခက်ခဲလာတော့သည်။ အစ္စရေးနိုင်ငံအတွက်လည်း စီးပွားရေးအရများစွာထိခိုက်ကာ၊ ကျီးလန့်စာစားအခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။ ဤသည်ပင် Politicide လုပ်ခြင်း၏ ရလဒ်တစ်ခုဟု ဆိုနိုင်သည်။ ရှင်းရှင်းပြောရလျှင် Politicide လုပ်ခံရသော လူ့အဖွဲ့အစည်းသည် အကြမ်းဖက်သမားများပေါက်ဖွားရာ ပင်မအဖွဲ့အစည်းတစ်ခု ဖြစ်လာနိုင်ချေများပါသည် ။ ထို့ကြောင့်ပင် ပါလက်စတိုင်း PLO အဖွဲ့ခေါင်းဆောင် ထယာဆာအာရာဖတ်သည် လက်နက်ကိုင်တိုက်ခြင်းကိုစွန့်၍ စားပွဲဝိုင်းထိုင်ဆွေးနွေးခြင်းဖြင့် နိုင်ငံရေးအရ ပြန်လည်ရပ်တည်နိုင်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုပင် ရယူနိုင်ခဲ့ပေသည်။


(မကြာသေးမီက အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က အရှေ့ဂျေရုဆလင်တွင် ဂျူးအခြေစိုက်အိမ်ရာသစ် ၈၀၀ ထပ်မံတည်ဆောက်မည့်အကြောင်း ကြေငြာခဲ့သည်။)


(တတိယပိုင်းဆက်လက်ဖတ်ရှုပါရန်)


Politicide (သို့) လူ့အဖွဲ့အစည်းတစ်ခုအား နိုင်ငံရေးအရ အသေသတ်ခြင်း (အပိုင်း - ၁) ကို ပြန်ဖတ်လိုပါက

တွင် ဖတ်နိုင်ပါသည်။


ဦးဦး မှော်ဆရာ

--
Ƭнαиκƨ, 

                         \\\ ///
                       /        \
                      | \\    // |
                    ( | (.)  (.) | )
----------o00o-- (_)--o00o------------
         ======ஜ۩۞۩ஜ=======
◄██▓░  Ѧя Ƨσяcɛяɛя  ░▓██►
         ======ஜ۩۞۩ஜ=======    
------------ooo0---------------------------------
               (   )        0ooo
                \ (          (   )
                 \_)         )  /
                             (_/

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...