Sunday, October 28, 2012

သတိရစရာ အမှတ်တရများ (၂၁)

Moe Zay Nyein



NLD ပါတီဟာ ပြည်တွင်းနိုင်ငံရေးအင်အားစုတွေထဲမှာ အင်အားအများဆုံး ဖြစ်တာရယ်၊ NLD ကို ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေထဲကအချို့ဟာ ပြည်သူတွေ နှစ်သက်လိုလားတဲ့ ခေါင်းဆောင်တွေဖြစ်နေတာတွေကြောင့် စစ်အစိုးရဟာ NLD ကို ပြည်တွင်းနိုင်ငံရေးရန်သူ နံပတ်(၁) အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။
“နိုင်ငံတော်အပေါ် ဆန့်ကျင်သည့် အဖွဲ့အစည်းများအနက် အင်အားအကောင်းဆုံးသည် NLD ပါတီဖြစ်၍ ၎င်းပါတီအား၊ အင်အားခ
ျည့်နဲ့စေရန်နှင့် နိုင်ငံရေး ပါတီအဖြစ်မှ ပျက်သုဉ်းသွားစေမည့် နည်းလမ်းများအား ရေးဆွဲတင်ပြရန်” ဆိုပြီး နိုင်ငံတော် လုံခြုံရေးအဖွဲ့အစည်းတွေကို ညွှန်ကြားခဲ့ပါတယ်။ အဲဒီ ညွှန်ကြားချက်အရ ရေးဆွဲခဲ့တဲ့ အစီအစဉ်လေးတစ်ခုကတော့ ဒီလိုပဲ ဖြစ်ပါတယ်။


“(၁) NLD ပါတီ အပါအ၀င် နိုင်ငံတော်အား ဆန့်ကျင်နေသော အဖွဲ့အစည်းများအတွင်းသို့ စိမ့်ဝင်ဖြိုခွဲခြင်း။ နိုင်ငံတော် အပေါ် ဆန့်ကျင်နေသည့် အဖွဲ့အစည်းများအတွင်းသို့ မိမိ လေ့ကျင့် ပေးထားသည့် တပ်ဖွဲ့ဝင်များ၊ အမာခံအဖွဲ့များ စိမ့်ဝင်စေပြီး စိတ်ထက်သန်မှု အားနည်းသူများအား စတင် ချည်းကပ်ခြင်း၊ ၎င်းတို့၏ အားကို ရယူ၍ စိတ်ဓာတ် ထက်သန်သူများအား သိမ်းသွင်းစည်းရုံးစေခြင်းတို့ကို ဆောင်ရွက်စေပါမည်။

(၂) NLD ပါတီ အပါအ၀င် နိုင်ငံတော်အား ဆန့်ကျင်နေသော အဖွဲ့အစည်းများမှ အဖွဲ့ဝင်များကို နှုတ်ထွက်စေခြင်း။ နိုင်ငံတော်အပေါ် ဆန့်ကျင်သည့် အဖွဲ့အစည်းများအနက် အင်အား အကောင်းဆုံးသည် NLD ပါတီဖြစ်၍ ၎င်းပါတီဝင်များ ပါတီမှ နှုတ်ထွက်သည်အထိ ဖော်ပြပါ နည်းလမ်းများဖြင့် ကြိုးစားဆောင်ရွက်ပါမည်။ (က) နည်းလမ်း မျိုးစုံအသုံးပြု နှောက်ယှက်ခြင်းပါမည်။ (ခ)မိမိအမာခံများမှ နိုင်ငံရေးသမားများ၏ မိသားစုထံ အသွင်ယူချဉ်းကပ်၍ ဆန့်ကျင်ဘက် နိုင်ငံရေးသမားအနေဖြင့် ကြုံတွေ့နိုင်သည့် အနိဌာရုံများအား အလျဉ်းသင့်တိုင်း ပြောကြားစေခြင်း။ (ဂ) ၎င်းတို့အား စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှု၍ ဥပဒေညိစွန်းမှု တစ်စုံတစ်ရာဖြစ်ပေါ်လာသည်နှင့် ချက်ချင်းအမှုဖွင့် အရေးယူရေး စီမံဆောင်ရွက်သွားပါမည်။

(၃) မြေပြင်အခြေအနေအပေါ်မူတည်၍ လိုအပ်သည့်နည်းလမ်းများ အသုံးပြုကာ နည်းမျိုးစုံဖြင့်အနှောင့်အယှက်ပြုရန် စီမံဆောင်ရွက်ပါမည်။

(၄) NLD ပါတီ အပါအ၀င် နိုင်ငံတော်အား ဆန့်ကျင်နေသော အဖွဲ့အစည်းများ၏ အတွင်းသရုပ်အား အမှန်သိရှိရေး ဆောင်ရွက်ပါမည်။

(၅) NLD ပါတီ အပါအ၀င် နိုင်ငံတော်အား ဆန့်ကျင်နေသော အဖွဲ့အစည်းများအတွင်း စိတ်ဝမ်းကွဲပြား အားပြိုင်မှုများအပေါ် အခြေပြု၍ ခံယူချက် နည်းပါးသူအား ဖေါ်ထုတ်ပါမည်။

(၆) NLD ပါတီ အပါအ၀င် နိုင်ငံတော်အား ဆန့်ကျင်နေသော အဖွဲ့အစည်းများအတွင်း ခံယူချက်နည်းပါးသူအား ဖဲ့ထုတ်စည်းရုံး သတင်းဖေါ်ထုတ်ပါမည်။

(၇) NLD ပါတီ အပါအ၀င် နိုင်ငံတော်အား ဆန့်ကျင်နေသော အဖွဲ့အစည်းများအတွင်း အားပြိုင်မှုများအကြား မိမိအမာခံများနှင့်သပ်လျှိုခြင်း ဖြင့် ပိုမိုသွေးကွဲ စေရန်ဆောင်ရွက်ပါမည်။ လိုအပ်သည့်နည်းလမ်းများကိုအသုံးပြု၍ ပါတီအတွင်း မငြိမ်မသက်ဖြစ်စေရန် ဆောင်ရွက်ပါမည်။”

အဲဒီ စီမံချက်တွေနဲ့ NLD ပါတီ ပျက်သုဉ်းရေးအတွက် အားသွန်ခွန်စိုက် ကြိုးစားလိုက်တာ ၂၀၀၉ ခုနှစ် လေးလပတ် ကာလတစ်ခုအတွင်း ရန်ကုန်တိုင်း အတွင်းက မြို့နယ် (၁၀) ခုက ပါတီဝင် (၄၃၄) ဦး နှုတ်ထွက်အောင် ဖိအားပေး လုပ်ဆောင်နိုင်ပါတယ်။ တခြား တိုင်းတွေ၊ ပြည်နယ်တွေမှာလည်း အများအပြားနုတ်ထွက်ခဲ့ကြပါတယ်။ အမှတ်စဉ် (၃) ဖြစ်တဲ့ မြေပြင်အခြေအနေအပေါ်မူတည်၍ လိုအပ်သည့်နည်းလမ်းများ အသုံးပြုကာ နည်းမျိုးစုံဖြင့် အနှောင့် အယှက်ပြုရန် စီမံဆောင်ရွက်မယ်ဆိုတာကတော့NLD ပါတီဝင်တစ်ဦးချင်းစီရဲ့ အခြေအနေပေါ်မူတည်ပြီး ဘယ်လို အနှောက် အယှက်ပေးရမလဲဆိုတာကို သက်ဆိုင်ရာ စရဖ၊ သတင်းရဲတပ်ဖွဲ့၊ နယ်မြေခံရဲတွေ အပါအ၀င် အစိုးရဌာန အသီးသီး ပူးပေါင်ပြီး လုပ်ဆောင်ရတာပါ။ ဥပမာ - ထမင်းဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ ကွမ်းယာဆိုင်တို့လို ဖွင့်ထားတဲ့ ပါတီဝင်တွေဆိုရင် စည်ပင်ကို အသုံးချပြီး အနှောက်အယှက်ပေးရပါတယ်။ စည်ပင်သာယာဥပဒေ ပုဒ်ထီး၊ ပုဒ်မတွေအရ ညိစွန်းတာမို့ ဆိုပြီး ပြဿနာရှာခိုင်းပါတယ်။ ကျူရှင်ဆရာတွေ၊ ဆရာဝန်တွေ၊ ကုမ္ပဏီဝန်ထမ်းတွေ၊ ကိုယ်ပိုင် လုပ်ငန်းရှင်တွေ အစရှိသဖြင့် NLD ပါတီဝင်တွေရဲ့ လုပ်ငန်းဆောင်တာတွေပေါ်မူတည်ပြီး ရမယ်ရှာ၊ ပြဿနာဖန်တီးဖို့ အစီအစဉ်တွေ လုပ်ကြရပါတယ်။ အဲဒီလိုဖန်တီးတဲ့အခါမှာလည်း NLD ပါတီဝင်မို့ ပြဿနာရှာခံနေရတယ်ဆိုကို ကာယကံရှင်နားလည်အောင် နီးစပ်ရင်းနှီးတဲ့သူ၊ ဆယ်အိမ်မှူးတို့၊ ရယက ဥက္ကဌတို့၊ ဓမ္မာရုံဥက္ကဌ စတဲ့လူတွေကို သုံးပြီး တစ်ဖက်လှည့်နဲ့ ပြောပြ၊ အသိပေးခိုင်းပါတယ်။

ဒါ့အပြင် နိုင်ငံရေးအရ အနှောင့်အယှက်ပေးနိုင်သူများ၏ အမည်စာရင်းတွေ၊ NLD ပါတီဝင်စာရင်းတွေကိုလည်း ရပ်ကွက် အလိုက်၊ မြို့နယ်များအလိုက် မှတ်တမ်းတွေ ပြုစုထားပါတယ်။ မြို့နယ်/ခရိုင်/တိုင်း/ပြည်နယ်အဆင့် တာဝန်ယူထားသူတွေနဲ့ တက်ကြွလှုပ်ရှားတဲ့သူတွေရဲ့ လှုပ်ရှားမှုတွေကို နောက်ယောင်ခံလိုက်ဖို့၊ မျက်ခြေမပြတ် စောင့်ကြည့်ဖို့ ညွှန်ကြားထားပါတယ်။ NLD ပါတီခေါင်းဆောင်တွေရဲ့ နေအိမ်တွေအနီးနားမှာရှိတဲ့ ကွမ်းယာသည်တို့၊ ဆိုက်ကားသမား၊ ဆယ်အိမ်မှူး စတဲ့လူတွေကို စောင့်ကြည့်ရေးသမားတွေအဖြစ်တာဝန်ပေးထားကြောင်း သတင်း ပေးပို့ချက်တွေ မကြာခဏ ဖတ်ခဲ့ဖူးပါတယ်။ စောင့်ကြည့်ဖို့၊ သတင်းယူဖို့ တာဝန်ခံရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သူတို့တွေ ဘယ်တွေသွားလဲ၊ ဘာတွေလုပ်လဲ၊ ဘယ်သူတွေနဲ့ စကားပြောလဲ၊ သားသမီးတွေရဲ့ ပညာရေး စသဖြင့် အသေးစိတ်ကိစ္စတွေကအစ နေ့စဉ် အစီရင်ခံစာ တင်ပြရပါတယ်။ “NLD ပါတီမှာ ဘယ်သူသည် ယနေ့ ၀၁၀၃၅ အချိန်တွင် အောင်သာယာဈေးထိပ်ရှိလက်ဖက်ရည်ဆိုင်တွင် ၎င်း၏မိတ်ဆွေ ဘယ်သူဘယ်ဝါတွေနဲ့ ၃၅ မိနစ်ခန့် စကားဝိုင်းဖွဲ့ ပြောဆိုခဲ့” စသဖြင့် အစီရင်ခံတာတွေကို ဖတ်မိရင်း တစ်ခါတစ်လေ ရယ်ချင်ချင်ဖြစ်မိပါတယ်။ အဲဒီနေ့စဉ် အစီရင်ခံစာတွေကို တစ်ပတ်စာ၊ တစ်လစာ၊ လေးလစာ စုပြီး ပြည်ထဲရေးဝန်ကြီးရုံးကို တင်ပြရပါတယ်။

NLD ပါတီရုံးချုပ်မှာ အခမ်းအနားတို့၊ အစည်းအဝေးတို့ လုပ်တဲ့အချိန်တွေမှာလည်း တိုင်းတစ်ခုလုံးမှာရှိတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို အသင့်အနေအထားတပ်လှန့်ထားရပါတယ်။ NLD ရုံးချုပ်အတွင်းမှာ ၀င်ရောက်အကြမ်းဖက် နှိမ်နှင်းဖို့ အကွက်ပေါ်လာရင် ၀င်ပြီး နှိမ်နှင်းနိုင်ဖို့ ရည်ရွယ်ထားတာပါ။ NLD ပါတီဝင်တွေ ကြောက်ရွံ့လာစေဖို့ လက်နက် အသင့်ကိုင်ဆောင်ထားတဲ့ ရဲတွေအပြည့်နဲ့ရဲကားတွေကိုလည်း ရုံးချုပ်ပတ်ဝန်းကျင်မှာ မကြာခဏ ဖြတ်သန်းပြီး မောင်းပြရပါတယ်။ အင်အားပြတာပေါ့။ အသင့်အနေအထားနဲ့ တပ်လှန့်ထားတဲ့ နေရာနဲ့ အင်အားစာရင်းက ဒီလိုပါ။



“NLD ပါတီရုံးချုပ်တွင် အခမ်းအနားကျင်းပစဉ် လုံခြုံရေးဆောင်ရွက်ခြင်း



(၁) ရွှေတိဂုံဘုရား ♦ ဒုတိုင်းရဲတပ်ဖွဲ့မှူးဦးစီး တပ်ဖွဲ့ဝင် (၅ဝ)ဦး
(၂) ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး - ယာဉ်တင်အသင့်တပ်ဖွဲ့ဝင် (၅ဝ)ဦး + မော်တော်ယာဉ်(၂)စီး
(၃) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး - ယာဉ်ထိန်းတပ်ဖွဲ့ဝင်(၅ဝ)ဦး + မော်တော်ယာဉ် (၂)စီး
(၄) ဦးလှသိန်းဓမ္မာရုံ - တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး တပ်ဖွဲ့ဝင် (၅ဝ)ဦး
(၅) ကန်တော်ကြီးစောင်း - မင်္ဂလာတောင်ညွန့်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး တပ်ဖွဲ့ဝင် (၅ဝ)ဦး
(၆) ကုက္ကိုင်းမီးပွိုင့် - ရန်ကင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး တပ်ဖွဲ့ဝင် (၅ဝ)ဦး
(၇) အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး - အရန်တပ်ဖွဲ့ဝင်(၅ဝ)ဦး
(၈) NLD ရုံးပတ်ဝန်းကျင် - ခရိုင်အုပ်ချုပ်ရေးမှူးရုံးအနီး + အနောက်ပိုင်းခရိုင် ရဲမှူး(ဦးစီး)+ရဲအုပ် ဦးစီး တပ်ဖွဲ့ဝင် (၂+၈)ဦး (အရပ်ဝတ်ဖြင့်)
(၉) ကျောက်ဆည်ဓမ္မာရုံ - ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး တပ်ဖွဲ့ဝင်(၅ဝ)ဦး
(၁၀) မြေနီကုန်းမီးပွိုင့်နှင့်ဝိဇယမီးပွိုင့် - စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး တပ်ဖွဲ့ဝင်/အရန်ရဲ(၅ဝ)ဦး
(၁၁) လှည်းတန်းမီးပွိုင့် - ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးတပ်ဖွဲ့ဝင်/အရန်ရဲ (၅ဝ)ဦး
(၁၂) ကြေးသွန်းဘုရားကြီး - အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်(၅ဝ)ဦး
(၁၃) သန်လျင်တံတားထိပ်နှစ်ဖက် - တောင်ပိုင်းခရိုင် ရဲမှူး (ဦးစီး) မှ ဦးစီ တပ်ဖွဲ့ဝင်/ အရန်ရဲ အင်အား (၂၀၀)
(၁၄) ဒလ/ကွမ်းခြံကုန်း/တွံတေး/ကော့မှူး မြို့နယ်များ၌ အရန်တပ်ဖွဲ့ဝင် (၂၀) ဦးစီ
(၁၅) မင်္ဂလာဒုံ/အင်းစိန်မြို့နယ်များ၌ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး၊ ရွှေပြည်သာမြို့နယ်များမှ ထုတ်နုတ်အင်အား တပ်ဖွဲ့ဝင် (၂၀၀) ဦးစီ
(၁၆) ထန်းတပင်/လှိုင်သာယာမြို့နယ်များ၌ ထုတ်နုတ်အင်အား + အရန်တပ်ဖွဲ့ဝင် (၅၀) ဦးစီ”


မိုးဇေညိမ်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...