Saturday, October 27, 2012

သူမနှင့် ရွှေငါးလေးများ


by Ngwe Sinthoun on Saturday, October 27, 2012 at 12:58pm ·

တခါတလေ နှင်းတွေဖွဲဖွဲလေးကျနေတဲ့ကလောမြို့ ကို သူမလွမ်းတယ်။
တခါတလေ မြူတွေရစ်သိုင်းနေတတ် တဲ့ ကျိုက်ထီးရိုးတောင်တန်းပေါ်က ညတွေကိုလည်း လွမ်းတတ်တယ်။ အိမ်မပြန်နိုင်သေးပေမယ့် မေမေရှိမယ့်အရပ်ကို မျက်နှာမူပြီးလွမ်းတတ်တယ်။
ဘာမှမဟုတ်ပဲ သံယောဇဉ်ထားလွယ်လွန်းတဲ့ သူမဘ၀ထဲကို ခဏလေးလာလည်တတ်တဲ့သူတွေကိုလည်း သူမလွမ်းတတ်တယ်။

သူမ အအိပ်မက်သလောက် သူမ အိပ်ပျော်ဖို့ ခဲယဉ်းတတ်တယ်။

သူမ ဘ၀ထဲကို ခဏလာလည်ဖူးသူများထဲမှာ မဲဆောက်မှာနေတုန်းက မွေးဖူးတဲ့ ရွှေငါးလေးများ အပါအ၀င် "ဘုတ်ကလုံ"ဟုခေါ်သော သူမချစ်ဖူးတဲ့ ခွေးလေးလည်း အပါအ၀င်ဖြစ်တယ်။ဒါ့အပြင် ကြက်တူရွေး ၂ ကောင်မွေးဖူးသေးတယ်။ သူမမွေးခဲ့ဖူးသော သတ္တ၀ါများ သူမကို အကြောင်းမလှစွာ ခွဲခွာသွားခဲ့ကြပါတယ်။

အဲတုန်းက သူမငိုသည်။ သူမမှာမကောင်းတဲ့အကျင့်က အင်မတန်မျက်ရည်လွယ်သည်။ လူမသိသူမသိအချက်က သူမခေါင်းမာသည်။ သူမမွေးခဲ့တဲ့ တိရိစ္ဆာန်လေးများကို တိရိစ္ဆာန်ဟု ဘယ်တုန်းကမှ မမှတ်ခဲ့ပါ။ ပထမဆုံး ငါးမွေးတော့ ငါးကန်အကြီးကြီးအရင်ဝယ်တယ်။ ငါးကန်နဲ့  ပတ်သပ်သမျှ ကျောက်တုံးသေးသေးလေးတွေ ကျောက်ရောင်စုံလေးတွေ ရေငုတ်တဲ့ လူအရုပ်လေးတွေ ရေပေါ်ပေါ်နေနိုင်သော သင်္ဘောလေးတွေ သူမ တတ်နိုင်တာထက် လှတာမြင်ရင် သူမ အကုန်ဝယ်သည်။ ခင်မင်ရင်းနှီးသော သူငယ်ချင်းများက ပြောကြတယ်။ မလိုအပ်ပဲ ပိုက်ဆံအပိုကုန်အောင် ဖြုန်းတယ်။ သုံးတယ်ပြောလျှင် သူမ ၀က်ဝက်ကွဲစိတ်ဆိုးလေသည်။ " နင်တို့ လို မိတ်ကပ် ၊ နှုတ်ခမ်းနီ ၊ အင်္ကျီဝယ်ပြီး ဖြုန်းနေတာမဟုတ်ဘူး။ " လို့  ကပ်ကပ်လန်ရန်ပြန်တွေ့ လေသည်။
သူမ သူငယ်ချင်းများက " ငါတို့ ဝယ်တာတွေက ပြန်ရင် သယ်သွားလို့ ရတယ်။ နင်ဝယ်တာတွေက ပြန်ရင်ဘယ်လိုသယ်မှာတုန်း " မေးလျှင် သူမ ဘယ်သူကိုမှ စကားမပြောတော့ပဲ နှုတ်ခမ်းတစ်တောင်လောက်စူတတ်သည်။

အောက်ဆီဂျင်ပိုက် ၂ ချောင်းနဲ့  အောက်ဆီဂျင်စက်တွေဝယ်သည်။ ငါးစာကို လိုအပ်တာထက်ပိုကျွေးသည်။ ထို့ ကြောင့် ငါးကန်သည် ခဏ ခဏ ညစ်ပတ်လွယ်လွန်းသည်။ သူမ အလုပ်မှ ပြန်လာလျှင် စိတ်ပင်ပန်းသော်လည်း ငါးများ ရေကန်ညစ်ပတ်မှာ အင်မတန်စိုးရိမ်သည်။
ထို့ ကြောင့် တစ်ယောက်ထဲ မနိုင်မနင်းနဲ့  ညတွေမှာ ငါးကန်ရေလဲလှယ်ရပါတော့သည်။

တစ်ယောက်ထဲ အသံစုံထွက်တတ်သော သူမအခန်းကို အခန်းကပ်လျှက် သူငယ်ချင်းများ စာနာနားလည်စွာ ခွင့်လွှတ်တတ်သော်လည်း သူမသည် သူ့ ရွှေးငါးလေးများကို သူများချစ်မှာလည်း အင်မတန်စိုးရိမ်သည်။ သူမမွေးခဲ့သော် ရွှေငါးလေးများသည် ဗိုက်ပူလေးများ အကောင်ကြီးများ
အမြီးကားကားများ ဖြစ်သည်။ ထို့ ကြောင့် မြင်သူတိုင်းချစ်သည်။သူမမှာ မကောင်းသည့်အချက်မှာ သူမချစ်သောအရာများ သူများချစ်တာ ...  သူများချစ်သွားမှာ  အင်မတန်မနာလိုဖြစ်တတ်သည်။ မည်သူမှမသိပါ။ ထိုပြသနာအရင်းအမြစ် ဘယ်ကစတယ်ဆိုတာ မသိပေမယ့် သူမမှာ အဲဒီစိတ်ဓာတ် ငယ်စဉ်ထဲက ရှိပါသည်။ သူမတကယ်တမ်းမွေးခဲ့သောငါးလေးများမှာ ရွှေရောင်စစ်စစ် နဲ့  ဗိုက်ပူ အမြီးကားကား ရွှေးငါးစစ်စစ်များသာဖြစ်ပါတယ်။

ဒီလိုနဲ့  သူမသဘောကျနှစ်သက်သော ရွှေငါး ၁၁ ကောင်နှင့် သူမ ညစဉ်စကားပြောသည်။ သူမ ပြောတာ နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ဒီလို ရင်ဖွင့်ရတာကို သူမပျော်နေတတ်သည်။ သူမ ပင်ပန်းတာ မောတာ အဆင်ပြေတာ တစ်နေ့ တစ်နေ့ ဘာတွေစားတာကအစ ထိုရွှေငါးလေးများ အကုန်မြင်သည်။ အကုန်သိတယ်။ သိသည်ဆိုသည်ကလည်း သူမထင်မြင်ချက်သာဖြစ်သည်။ရွှေးငါးလေးတွေနဲ့ ပတ်သပ်သမျှ ပစ္စည်းများ ၀ယ်လွန်းလို့ လည်းငါးဆိုင်ပိုင်ရှင်နဲ့ သူမ ရင်းနှီးနေလေပြီ။ ဆိုင်ပိုင်ရှင်သည် ယိုးဒယားလူမျိုးဖြစ်ပေမယ့် ဆိုင်မှာ အလုပ်လုပ်သူများသည် မြန်မာများ ဖြစ်ပါတယ်။သူမသည် မုန်းသူ ၁၀ ယောက်ရှိလျှင် သူမကို ချစ်သူ အယောက် ၂၀ သီးသန့် ရှိနေတတ်သည်က သူမ သူများအပေါ် စိတ်ပုတ်မရှိတတ်လို့  ဆိုပြီး ကိုယ့်ကိုကိုယ့် ဂုဏ်ယူတတ်သေးသည်။

ကံကောင်းသည့်အချက်မှာ သူမ လိုချင်သော ၀ယ်သောမည်သည့်ပစ္စည်းကိုမဆို အမြဲပိုပိုသာသာပေးသည်။ ဥပမာ ကျောက်တုံးလေးများ ၀ယ်ခြင်း။ အရုပ်လေးများ ၀ယ်ခြင်း တစ်ရုပ်ဝယ်လျှင် ၂ ရုပ်ထည့်ပေးသည်။ သူမ အလွန်ပျော်သည်။ မှတ်မှတ်ရရ သူမမှာ စက်ဘီကောင်းကောင်း အနီရောင်တစ်စီးရှိသည်။
ထိုစက်ဘီးလေးဖြင့် အလုပ်ပြီးလျှင် ငါးဆိုင်ရောက်နေတတ်သည်။ စားစရာသွားဝယ်သည်။ သူမ ထိုစက်ဘီးလေးကိုလည်း ချစ်သည်။
ထိုစက်ဘီးလေးသည် နောက်ဆုံး မြန်မာပြည်အထိပြန်သယ်လာနိုင်သည်။ သူမသည် သူမကစားစရာပစ္စည်းလေးတွေကိုပင် ငယ်စဉ်ကတည်းက ထိန်းသိမ်းနိုင်စွမ်း မပျောက်အောင်ကစားတတ်နိုင်စွမ်းရှိသည်။

ဆိုလိုရင်းမလွဲအောင်ပြောပြရမယ်ဆိုလျှင် သူမ နဲ့  ရွှေငါးလေးများ ရင်းနှီးမှုသည် တစ်သားထဲကျပေမယ့် အသန့် ကြိုက်သောရွှေငါးလေးများ နှင့် သန့် လွန်းလျှင်လည်း သေတတ်သည့်စနစ်နှင့်ကြီးထွားသော ထိုရွှေငါးလေးများ မှာသူမနှင့်  ခဏ ခဏ လမ်းခွဲရပါတော့သည်။
ရွှေငါးလေးတွေသေတိုင်း ဗိုက်ပူလေးတွေပက်လက်ဖြစ်နေတတ်သဖြင့် သူမ အလုပ်ပြန်လာလျှင် မျက်ရည်တွင်တွင်ကျရပါတော့သည်။



ငါးကန်မီးလင်းအောင် ထားတဲ့မီးချောင်အောက်မှာ လူးလာခေါက်ပြန် သွားတတ်တဲ့ ငါးလေးတွေ လျှော့သွားတိုင်း သူမ အစားမထိုးတတ်ပေ။
စကားပြောဖို့ အကောင်ရေလေးတွေ လျှော့သွားတိုင်း သူမ၀မ်းနည်းတတ်ပေမယ့် အဲဒီအကောင်ရေပြည့်အောင် ပြန်ပြန်မဖြည့်ဖြစ်ပေ။

ဒီလိုနဲ့  သူမ နဲ့  ၂ နှစ်ခွဲလောက် နေခဲ့သော ရွှေငါးလေးများ အကုန်သေသွားသည်။ ခုချိန်မှာ သူမအသက်ကြီးလို့  ရင့်ကျက်လာခဲ့ပေမယ့် အဲဒီငါးလေးတွေအတွက် သူမ မွေးခဲ့တဲ့အချိန်တုန်းက ငါးကန်ကို မှန်တိုက်ခဲ့ရတယ်။ မှန်ဆေးပေးခဲ့ရတယ်။ ငါးကန်ကို မနိုင်မနင်းတစ်ယောက်ထဲ မခဲ့ ရတယ်။  ရေလဲရတယ်။ ကျောက်ကလေးတွေဆေးရတယ်။ ရေကြည်အောင် ဆေးထည့်ပေးရတယ်။ ငါးလေးတွေနေကောင်းအောင် ဆားခပ်ပေးရတယ်။ကရိကထများပေမယ့် သူမ ပျော်ခဲ့တယ်။ အားချိန် နားချိန် ကိုယ့်အခန်းမှာ အေးချမ်းရာ အဲလိုနေခဲ့တဲ့ မြို့  ပြခမ်းနားမှုညတွေအောက်မှာ သူမ အဖော်အပေါင်းမမက်ခဲ့မိဘူး။ ငါးလေးတွေနဲ့  သူမကျေနပ်တယ်။



ခုတော့ ငါးလေးတွေလည်း မရှိတော့ဘူး။ ငါးဆိုင်နဲ့ လည်းဝေးနေပြီး
မီးရောင်အောက်မှာ လူးလွန့် တဲ့ အမြီးလေးတွေနဲ့  လှုပ်လှုပ် လှုပ်လှုပ် သွားတတ်တဲ့ ငါးလေးတွေကို သူမ လွမ်းတတ်တယ်။ နောက် သူမ အသက်ကြီးတော့ ရန်ကုန်အိမ်မှာ ငါးကန်ကြီးကြီးတစ်ကန်နဲ့  ငါးပြန်မွေးဖြစ်ပေမယ့် အဲဒီအချိန်တုန်းက ( အသက်ငယ်တုန်း က ) မှတ်မှတ်ရရ သူမအသက် ၂၀ နဲ့  ၂၂ ကြားမှာ အတူတူရှိခဲ့တဲ့ ရွှေငါး ၁၁ ကောင်လောက် သူမ သံယောဇဉ်မဖြစ်မိတော့ပါ။ မှတ်မှတ်ရရ ရန်ကုန်မှာ ငါးပြန်မွေးတဲ့အချိန် အဲဒီရွှေငါးလေးတွေပေါက်ဈေးက တစ်ကောင်ကို ၅၀၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်ကြားရှိပေမယ့် သူမငယ်စဉ်က မွေးခဲ့တဲ့ ရွှေငါးများလောက် သူမ ကရိကထ မလုပ်ပေးတော့ပါ။ မချစ်တတ်တော့ပါ။


သူမဘ၀ အချိန်တော်တော်များများမှာ ပထမဆုံးမွေးခဲ့တဲ့ သတ္တ၀ါလေးတွေလည်း ဖြစ်သလို သူမအရမ်းချစ်ခဲ့တဲ့ ဂရုစိုက်ပြုစုခဲ့တဲ့ ရွှေငါးလေးတွေပါ ... ဘာရယ်မဟုတ်ဘူး ....
မခံစားတတ်တဲ့သူတွေက ငါးလေးတွေသေလို့  မြေမြှုပ်ပေးခဲ့ရင်တောင် " ကြော်စားမယ် ပေး ... ပေး .... " ဆိုပြီး လှောင်ပြောင်သူများ ရှိခဲ့ပါတယ်။
အားလုံးက သူမကိုဘယ်လိုစစ နောက်နောက် ခွင့်လွှတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူမ ရွှေငါးလေးတွေကို သူမ အမြဲလွမ်းတတ်တယ်။



ရန်ကုန်ကို ဖုန်းဆက်တိုင်း ငါးလေးတွေ အဆင်ပြေလား ငါးကန်လဲရတာ အဆင်ပြေလား မေးတတ်ပေမယ့် တကယ့်တကယ်စိတ်ထဲမှာတော့ သူမငယ်စဉ်က မွေးခဲ့ရွှေငါးလေးတွေကိုသာ အမြဲသတိရတမ်းတနေခဲ့တာပါ။


သူမပျော်စရာပြောတိုင်း လှုပ်လှုပ် လှုပ်လှုပ် ပြေးတတ်တဲ့ငါးလေးတွေ သူမ စိတ်ညစ်ပြီးပြန်လာတိုင်း ငါးကန်နားထောင့်ကပ်ပြီး အစာတောင်းတတ်တဲ့ငါးလေးတွေ လူမြင်တာနဲ့  ဘယ်နားရှိနေလဲ ပြေးကပ်လာတတ်တဲ့ ငါးလေးတွေကို သူမ ချစ်တယ်။ ခုတော့ ငါးလေးတွေလည်း ဘယ်ဘ၀ရောက်နေလဲသူမ မသိသလို
သူမလည်း ငါးလေးတွေနဲ့  အဝေးကြီးအရပ်မျက်နှာတစ်ခုမှာ ဘယ်တော့မှ ဘယ်အချိန်မှ ဘယ်လို ပြန်ဆုံမယ်ဆိုတာ မသေချာနိုင်သေးပါ။ ။ငွေစင်သွန်း27.10.2012 ( 10.55 PM )



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...