Sunday, October 28, 2012

ကြက်ရိုးဒဿန


နွေရာသီ။
အိမ်မှာ လူစုံသည်။ မောင်နှမတွေ ပြန်ဆုံဖြစ်ကြသည်။ အားလုံးက အိမ်ထောင်ရှင်တွေ ဖြစ်နေကြတော့ သူတို့မှာလည်း သားတွေ သမီးတွေနဲ့။ တစ်အိမ်လုံး ကလေးကစားကွင်း ဖြစ်နေသည်။ အမေကတော့ သူ့မြေးတွေကို ကြည့်ပြီး ပျော်နေသည်။ သူ့သားသမီးတွေကို ကြည့်ပြီး ကြည်နူးသည်။ သားတွေ၊ သမီးတွေ၊ မြေးတွေအတွက် ထမင်းဟင်း ချက်ကျွေးရသည်ကိုပင် မမောနိုင်ပါ။ ပို၍တောင် ကျန်းမာနေလိုက်သေးသည်။
အမေ၏ မြေးများသည် အသက် သိပ်မကွာကြ။ တစ်ယောက်နှင့် တစ်ယောက် ကြီးလှ ငယ်လှမှ တစ်နှစ်သာသာပေါ့။ ဒီတော့ ဆော့ရင်းစကားများကြသည်။ ရန်ဖြစ်ကြသည်။ ငိုကြသည်။ ပြန်ခေါ်ကြသည်။ ထိုကြောင့် နွေရာသီသည် ကျွန်တော်တို့ မိသားစုအတွက် အလွန်ပျော်စရာကောင်းပါသည်။

အမေက ညရောက်လျှင် သူ၏မြေးများကို ပုံပြင်ပြောပြလေ့ရှိသည်။ အမေ၏ ပုံပြင်များသည် ခေတ်မမီတော့ပါ။ သို့သော် အမေက ပြောသည်။ မြေးငယ်များက တစ်ယောက်တစ်ပေါက် မေးသည်။
အမေက ယုန်နှင့် လိပ်ပုံပြင်ကို ပြောသည်။
“ဘွားဘွားကြီး၊ ယုန်က အအိပ်ကြီးတာကို ဘွားဘွားကြီး ဘယ်လိုလုပ်သိတုန်း”
“ပုံပြင်ထဲမှာ ပါတာပဲကွဲ့ ”
“သားထင်တာကတော့ ယုန်က အအိပ်ကြီးလို့ ရှုံးတာ မဖြစ်နိုင်ဘူး၊ လိပ်ယောင် ဆောင်ထားတဲ့ ယုန်တစ်ကောင်က ၀င်ပြီး ပြိုင်လို့ နေမှာပေါ့။ ဘွားဘွားကြီး ဘာသိလို့လဲ၊ အဲဒီလို လိမ်ပြီး အနိုင်ယူတာတွေ အများကြီးပဲ ဘွားဘွားရဲ့”
ပုရွက်ဆိတ်နှင့် နှံကောင်ပုံပြင်ကို ပြောပြန်လေသည်။
“နှံကောင်တို့၊ ပုရွက်ဆိတ်တို့မှာ လူလို အသိဥာဏ်ရှိလို့လား ဘွားဘွားရဲ့”
“ရှိတာပေါ့ သားရဲ့၊ နှံကောင်မှာလည်း နှံကောင်ဥာဏ်၊ ပုရွက်ဆိတ်မှာလည်း ပုရွက်ဆိတ်ဥာဏ် ပေါ့”
“ဒါဆိုရင် သားက ပုရွက်ဆိတ်ကို မုန်းတယ်”
“ဘာလို့လဲ သားရဲ့၊ ပုရွက်ဆိတ်က ၀ီရိယ ရှိတယ်လေ”
“ဟုတ်ဖူး ဘွားဘွားရဲ့၊ ပုရွက်ဆိတ်က သူခိုးပဲ။ လူတွေရဲ့ ဆန်တွေ၊ အစားအစာတွေကို ခွင့်မပြုဘဲ ယူတယ်။ ခိုးတယ် ။ နှံကောင်က မခိုးဘူး။ မယူဘူး။ ဘွားဘွားက သူခိုးပုရွက်ဆိတ်ကို သဘောကျတယ်ပေါ့၊ သားကတော့ သူခိုးပုရွက်ဆိတ်ကို မကြိုက်ဘူး”
အမေ၏ မြေးများက အဲဒီလို ပေါက်ပေါက်ရှာရှာ ပြောတတ်ကြသည်။ ဒီနေ့ ခေတ်လူငယ်တွေကိုး။ တချို့ကလေးများက် အတွေးကောင်းသည်။ တချို့က အတွေးရဲသည်။ ဖြန့်တွေးတတ်သည်။ ဖောက်ထွက်တွေးတတ်သည်။
ရွှေလမှာ ယုန်ဝပ်လို့ ဆန်ဖွပ်တဲ့ အဖိုးအို ပုံပြင်ကို ပြောပြန်လေသည်။
“ဘွားဘွားကြီး၊ ဆန်ဖွပ်တဲ့ အဘိုးအိုက ဘာလူမျိုးလဲ”
“ဘွားဘွားလည်း ဘယ်သိမလဲ မြေးရဲ့”
“ဘာလူမျိုးမှန်းလည်း မသိဘဲနဲ့ ဘွားဘွားက ဘယ်လိုလုပ်ပြီး သူ့စကားနားလည်တာတုံး”
ဘွားဘွားကြီးက သူ့မြေးတွေ မေးသမျှကို မဖြေနိုင်။ သူ့မြေးတေါက ရေဒီယို၊ ကက်ဆက်ဖြင့် ကြီးပြင်းခဲ့သူများမဟုတ်။ တီဗွီဂိမ်းဖြင့် ကြီးပြင်းနေသူများ၊ လက်တော့ပ်ဖြင့် ယဉ်ပါးနေသူများ၊ အိုင်ပက်ပ်ဖြင့် ဆော့ကစားနေသူများ ဖြစ်သည်။ ခေတ်ချင်းမတူ။ အမြင်ချင်းလည်းမတူကြ။ သို့သော် ကျွန်တော့်အမေ၊ သူတို့ ဘွားဘွားကြီးက သူ၏မြေးများနှင့် စကားပြောနေရသည်ကို ကျေနပ်နေရှာသည်။
တစ်ယောက်ကမေးသည်။ “လပေါ်မှာ လေမရှိဘဲ အဲဒီအဖိုးအို က ဘယ်လိုလုပ်ပြီး အသက်ရှင်လဲ ဘွားဘွား”
နောက်တစ်ယောက်ကမေးသည်။ “လပေါ်က အဖိုးအိုက ဆန်ဖွပ်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ လပေါ်မှာ ရေမှ မရှိဘဲ။ဆန်တကယ်ဖွပ်တယ်ဆိုရင် လပေါ်မှာ ရေရှိလို့လား။ ဆည်တွေ၊ မြစ်တွေ၊ ချောင်းတွေကော ရှိလို့လား ဘွားဘွား”
ဘွားဘွားကြီးက သူ့မြေးတွေပြောသမျှကို စိတ်မဆိုးတမ်း သူနားလည်သလိုဖြေပေးရှာသ်ည။
“လပေါ်ရောက်နေတဲ့ အဖိုးအိုက ဧည့်စာရင်းတိုင်ရသလား ဘွားဘွားရယ်၊ သားတို့ အခု လာပြီးလည်တာ ဧည့်စာရင်းတိုင်ရတယ်လေ”
အဲလိုတောက်တီးတောက်တဲ့ မေးတတ်တဲ့ မြေးလည်းပါသည်။
“ဘွားဘွားကြီးရယ်၊ ယုန်က ဆန်ကိုလည်း မစားဘဲနဲ့၊ ဆန်ဖွပ်တဲ့ အဖိုးအိုနားမှာ ဘာဖြစ်လို့ ငုတ်တုတ်ထိုင်နေရတာလဲ။ ခါကြက်ဥတို့၊ မုန်လာဥတို့ ဆိုရင်လည်း ဟုတ်ဦးမယ်။ဘွားဘွားကြီး ပုံပြင်ကြီးက မဖြစ်နိုင်ပါဘူး”  အမေတို့ မြေးအဘွား ပျော်ရွှင်နေတာကို ကြည့်ပြီး ကျွန်တော့ စိတ်ထဲတွင် ကြည်နူးနေမိသည်။
တစ်နေ့က သူ၏မြေးများကို ရာဇ၀င်အကြောင်း ပြောနေပြန်သည်။
“သီပေါမင်းဆိုတာကို မြေးတို့ကြားဖူးလား။ သူက ငါတို့ရဲ့ နောက်ဆုံးဘုရင်ဟဲ့။ သူက စာမဖတ်ဘူး။ ဗဟုသုတ လည်းတယ်။ အသက်ငယ်ငယ်နဲ့ ဘုရင်ဖြစ်တော့ ဆုံးဖြတ်ချက် မှားတယ်”
“ဘုရင်ဆိုတာ ဘာလဲ ဘွားဘွား”
“ဘုရင်ဆို တာ ဘုရင်ပေါ့ကွယ်။ လူတွေရဲ့ ခေါင်းဆောင်ပေါ့။ သူ့ စကားကို နားထောင်ရတယ်”
တစ်ယောက်ကမေးသည်။
“ခေါင်းဆောင်ဆိုတာ လူတွေရဲ့ စကားကို နားထောင်ရတာလား၊ လူတွေက သူ့ စကားကို နားထောင်ရတာလား”
သူ့မြေး၏ မေးခွန်းကို ဘွားဘွားကြီး ဘာမှ ပြန်မဖြေပါ။ တစ်ယောက်ကမေးပြန်သည်။
“ဘုရင်ဆိုတာ လူတွေရဲ့ ခေါင်းဆောင်ဆိုရင် သူရဲကောင်းတွေ၊ အာဇာနည်တွေကတော့ လူတွေရဲ့ ခေါင်းဆောင်လား ဘွားဘွား”
ဒီနေ့ ခေတ်ကလေးများသည် တွေးရဲသည်။ မေးရဲသည်။ ရဲဝံ့သည်။ ရင်ထဲရှိတာကို ပြောရဲသည်။
နောက်တစ်ယောက်က မေးပြန်လေသည်။ “ဘုရင်ဆိုတာ သူရဲကောင်းလား ဘွားဘွား”
“ဘုရင်တိုင်းတော့ သူရဲကောင်းမဟုတ်ခဲ့ဘူးကွဲ့ ၊ တချို့ ဘုရင်တွေကတော့ သူရဲကောင်းပေါ့”
“ဒါဆိုရင် သီပေါမင်းက ဘုရင်ဆိုတော့ သူရဲကောင်းဘုရင်လား ဘွားဘွား”
“သူရဲကောင်းလည်း မဖြစ်ခဲ့ဘူးး။ အာဇာနည်လည်း မဖြစ်ခဲ့ဘူး၊ ”
ထိုအချိန်တွင် ကိုးတန်းတက်မည့် မြေးအကြီးကောင်က ၀င်ပြီးပြောလေသည်။
“ဘွားဘွားကြီး သားတို့ကျောင်းသင်ခန်းစာမှာ သီပေါမင်းအကြောင်းပါတယ်၊ သီပေါမင်းက သတ္တိမရှိဘူး ဘွားဘွားရဲ့။ သူ့ ကိုလာပြီးဖမ်းတဲ့ “ကာနယ်စလေဒင်” ဆိုတဲ့ အင်္ဂလိပ်စစ်ဗိုလ်ကို သားဆိုရင် ဓါးနဲ့ ခုတ်ပစ်မှာ”
တစ်ယောက်က ၀င်ပြီးပြောသည်။
“ဟိတ်ကောင်၊ မင်းက ဓါးနဲ့ ခုတ်ရင် သူက သေနတ်နဲ့ ပစ်မှာပေါ့ကွ”
“ဟာ… မင်းကလည်း၊ သီပေါမင်းက ကာနယ်စလေဒင် ကို ဓါးနဲ့ ခုတ်လို့ ကာနယ်စလေဒင် သေသွားခဲ့ရင် သီပေါမင်းက ငါတို့ရဲ့ သူရဲကောင်းဖြစ်ပြီကွ။ အဲဒီလို မဟုတ်ဘဲ ကာနယ်စလေဒင် သေသွားခဲ့ရင် သီပေါမင်းက ငါတို့ရဲ့ သူရဲကောင်းဖြစ်ပြီကွ။ အဲဒီလိုမဟုတ်ဘဲ ကာနယ်စလေဒင် က သီပေါမင်းကို သေနတ်နဲ့ ပစ်လို့ သီပေါမင်း သေသွားခဲ့ရင်လည်း သီပေါမင်းဟာ ငါတို့ရဲ့ အာဇာနည်ကွ”
အမေတို့ မြေးအဘွားတစ်သိုက် သီပေါမင်းအကြောင်း ပြောနေသည်ကို အဝေးမှ ကြည့်ရင်း နားထောင်နေပြီး ကျေနပ်နေမိသည်၊
“အေးကွဲ့ ၊ မြေးပြောသလိုဆိုရင် သီပေါမင်းက သူရဲကောာင်း ဖြစ်ခွင့် လည်း ကြုံတယ်၊ အာဇာနည်ဖြစ်ခွင့် လည်း ကြုံတယ်၊ သူမသိခဲ့ဘူး ။ သူအသုံးမချခဲ့ဘူးး”
“သူရဲကောင်းဆိုတာ ဘာလဲ ဘွားဘွား”
“သူရဲကောင်းဆိုတာ လူအများအတွက် ရဲဝံ့သူ၊ လူအများကောင်းစားရေးအတွက် အလုပ်လုပ်သူကို ခေါ်တယ်ကွဲံ”
“ဒါဆိုရင် သီပေါမင်းက ကျွန်တော်တို့ ကောင်းစားရေးအတွက် အလုပ်မလုပ်ခဲ့ ဘူးပေါ့”
မြေးငယ်တစ်ယောက်က မေးပြန်သည်။
“အာဇာနည် ဆိုတာ ဘာလဲ ဘွားဘွား”
“အာဇာနည်ဆိုတာ အများအတွက် ကိုယ်ကျိုးမဖက်ဘဲ အသက်စွန့် ၀ံ့တဲ့ သူကို ခေါ်တာ”
“သီပေါမင်းက ဘာဖြစ်လို့ အသက်မစွန့် ၀ံ့တာလဲ ဘွားဘွား”
ဘွားဘွားကြီးက မဖြေ။ မြေးအကြီးကောင် တစ်ယောက်က ဖြေသည်။
“ဟိတ်ကောင်ရ၊ မင်းမှတ်ထား၊ အများအတွက် မစဉ်းစားလို့ပေါ့ကွ၊ ကိုယ့်အတွက် စဉ်းစားတဲ့ သူက အသေမခံရဲဘူး၊ အများအတွက် စဉ်းစားတဲ့ သူတွေက အသေခံရဲတယ်”
သူ့မြေးအကြီးကောင်၏ အဖြေကို သူ့အဘွားက တအံ့တသြဖြင့် နားထောင်နေရှာသည်။
“ဘွားဘွားကြီး၊ သီပေါမင်း ပါတော်မူတယ်ဆိုတာ ဘာလဲဗျ”
“ပါတော်မူတယ်ဆိုတာ အပေါ့အပါးသွားတာမဟုတ်ဘူး၊ အိမ်သာတက်တာ မဟုတ်ဘူး၊ အင်္ဂလိပ်ဖမ်းသွားတာကို ပြောတာ”
“ဘယ်လမ်းက ဖမ်းသွားတာလဲ ဘွားဘွားရဲ့”
“၃၅လမ်းပေါ့ဟယ်၊ ဟိုးအနောက် ဂေါဝန်မြစ်ဆိပ်ကို ဖမ်းသွားတယ်”“
“ဘာလို့  မန္တလေးသူ၊ မ  န္တလေးသားတွေက ဘုရင်ကို ပြန်ပြီး မလုတာလဲ”
ရန်ကုန်မှာမွေးတဲ့ ရန်ကုန်က မြေးငယ်တစ်ယေ.ာက်က ၀င်ပြီးပြောသည်။
“မန္တလေးသားတွေက ငကြောက်တွေ၊ ၀င်ပြီးလုရင် ရရဲ့သားနဲ့ အလကားကြောက်နေကြတယ်”
“မြေးရဲ့ ၊ ဒီလိုလည်း မပြောရဘူးး၊ မန္တလေးသူ၊ မန္တလေးသားတွေက သတ္တိရှိတယ်။ မြန်မာပဲဟယ်…သတ္တိဘယ်နည်းမလဲ၊ ”
ရန်ကုန်သား မြေးငယ်တစ်ယေ.ာက်က ၀င်ပြီးပြောပြန်သည်။
“မန္တလေးးသားတွေ သတ္တိနည်းရင် နည်းတယ်ပေါ့ ဘွားဘွားရယ်”
“ဒီလို မပြောရဘူး၊ ဒီလိုမတွေးရဘူး မြေးရဲ့၊  အဲဒီအချိန်တုန်းက သီပေါကိုယ်တော်လေး၇ဲ့ လုပ်ရပ်တွေကြောင့် တိုင်းသူပြည်သားတွေက ဘုရင်ကို အလိုမကျဘူး၊ မုန်းနေကြတယ်။ ဘုရင်က မောင်နှမတွေကို သတ်တယ်လို့ နန်းတော်အပြင်မှာ လူအများက ပြောနေကြတယ်။ သတ်လိုက်တာလည်း အများကြီးဘဲ၊ မင်းတုန်းမင်းကြီးမှာ သားသမီးတွေ အများကြီးရှိတာကိုး၊ အဲဒါတွေ အားလုံးကို သတ်ပစ်လိုက်တာတဲ့။ တချို့လည်း ကြောက်လို့ ထွက်ပြေးတယ်တဲ့။ ညီအစ်ကို အချင်းချင်းသတ်ကြတာ၊ တကယ်ရက်စက်တယ်။ အဲဒီလို ရက်စက်တဲ့ ဘုရင်ကို လူတွေက မချစ်ကြဘူး၊ ပြည်သူလူထု အကျိုးကို မကြည့်ဘဲ ကိုယ်ဘုရင်ဖြစ်ရေးကိုသာေ၇ှ့တန်းတင်တဲ့ အတွက် သီပေါမင်းကို မန္တလေးသူ၊ မန္တလေးသားတွေက အေးအေးဆေးဆေးပဲ ကြည့်နေလိုက်ကြတယ်လို့ ဘွားဘွားထင်တယ်။ သီပေါကိုယ်တော်လေးနေရာမှာ ညောင်၇မ်းကိုယ်တော်တို့၊ ညောင်အုပ်ကိုယ်တော်တို့ ဆိုရင်တော့ ဘယ်ပြောကောင်းမလဲကွယ်။ သူတို့ကို ပြည်သူတွေက ချစ်တယ်။ မန္တလေးသူ၊ မန္တလေးသားတွေက ချစ်တယ်၊ အားကိုးတယ်၊ သူတို့ ဆိုရင်တော့ အသက်ပေးပြီး ကို လုမှာ သေချာတယ်။
ပြည်သူပြည်သားဆိုတာ ကိုယ်ချစ်တဲ့ ခေါင်းဆောင်အတွက် အသက်ပေးဖို့လည်း ၀န်မလေးကြဘူး၊ ကိုယ်လိုလားတဲ့ ခေါင်းဆောင်အတွက် ဘာလုပ်ပေးရ၊ပေးရ ဆိုတဲ့ စိတ်ဓါတ်ည်းရှိကြတယ်။ လူဆိုတာ ကိုယ်မနှစ်သက်တဲ့၊ ကိုယ်မကြည်ဖြူတဲ့ ကိုယ်မလိုလားတဲ့၊ ခေါင်းဆောင်တွေဆိုရင် သူတို့နဲ့ မပူးပေါင်းဘူး။ သူတို့ ခိုင်းသမျှကို စိတ်မပါဘဲ ၀တ်ကျေတမ်းကျေလုပ်တယ်။ အရွဲ့ တိုက်တယ်။ ဒီဖြစ်ရပ်ကိုကြည့်လေ၊ မန္တလေးသူ၊ မန္တလေးသားတွေ အရွဲ့ တိုက်လိုက်ကြတာမှ ကျွန်ကို ဖြစ်သွားရော”
အမေက အဲလို စကားကြောရှည်နေတော့ မြေးတွေက အိပ်ပစ်လိုက်ကြသည်။
သူ့မြေးတွေကို ခြင်ကိုက်မှာစိုး၍ ယပ်တောင် တဖျပ်ဖျပ် ခပ်နေရှာတဲ့ အမေ့ကိုကြည့်ပြီး ကျွန်တော့ စိတ်ထဲတွင် ပို၍ ချစ်လာနေမိသည်။
တစ်နေ့ မနက်မှာတော့….
အမေ၏ မြေးတစ်သိုက် ထမင်းစားရင်း စကားများကြသည်။
“ဘွားဘွားကြီးက မတရာဘူး၊ အငယ်မ ချစ်ပေါက်ကိုတော့ ကြက်သားဟင်းကို ရင်အုပ်ထည့်ပေးတယ်၊ ချစ်တိုးကို ကျတော့ ပေါင်သားကျွေးတယ်။ မီးသားကိုကျတော့ ကြက်မြစ်ကြက်သည်း ကျွေးတယ်။ သားကိုကျတော့ ဖင်ပိုင်းနားက အသားကိုပဲကျွေးတယ်”
“ဟေ့ကောင် မင်းကတော်သေးတယ်၊ ငါ့ကျတော့ ရင်အုပ်နားက အရို့းပဲကျွေးတာ၊ ဘွားဘွားကြီးက မျက်နှာလိုက်တယ်”
အမေက စိတ်မဆိုးဘဲ သူ့မြေးများ၏ ပြဿနာကို ပြေလည်အောင် ၇ှင်းပေးနေရှာသည်။ ထို့နေ့က နေ့လည်စာကို “ကြက်သားရေချိုချက်” အမေက ချက်သည်။ အဝေမတည့်ကြ။
အမေက သူ့မြေးများကို အသားကျွေးသည်။ ကောင်းပေ့ ညွန့်ပေ့ ဆိုတာကို ကျွေးသည်။ အမေကတော့ ကြက်ခြေထောက်ရိုးကိုသာ စားသည်။ အမေ့တွင် သွားကောင်းကောင်းမရှိတော့ ။ သို့သော် ကြက်ခြေထောက်ရိုးကိုသာ ပျော်ပျော်ကြီးစားသည်။
နေ့ခင်းဖက်တွင် သူ၏မြေးများ တစ်ေ၇းတစ်မော အိပ်ကြသည်။ အမေနှင့် ကျွန်တော် စကားပြောဖြစ်သည်။
“အမေရယ်၊ အသက်လည်း ကြီးပါပြီ၊ ကြက်သားဟင်းချက်တာပဲ၊ ရင်အုပ်လေးပေါင်လေးစားပါ အမေရဲ့။ အားရှိအောင်လို့”
အမေက ဘာမှ ပြန်မဖြေဘဲ ပြုံး၍ နေရှာသည်။
“ကျွန်တောမှတ်မိသလောက်တော့ အမေရယ်၊ ကြက်သားဟင်းချက်တိုင်း အသားစားတာ မတွေ့ ဖူးဘူး၊ တောင်ပံရိုးပဲစားတယ်။ ခြေထောက်ရိုးဘဲ စားတယ်။ အရိုးနားကပ်နေတဲ့ အသားက ပိုပြီးချိုတယ်ဆိုလို့ ကျွန်တော်လည်း စားကြည့်ပါတယ် အမေရယ်၊ ချိုဖို့ နေနေသာသာ ဘာအသားမှ ကိုက်လို့၊ စားလို့ မရပါဘူး အမေရဲ့၊ ”
အမေက ကျွန်တော့်ဦးခေါင်းကို ပုတ်လိုက်သည်။
“ဒီမယ်သားရဲ့ အမေက လူကြီးလေ၊ ဒီအိမ်မှာ အကြီးဆုံးလေ၊ အိမ်ရဲ့ ခေါင်းဆောင်လေ၊ ခေါင်းဆောင်ဆိုတာ အနစ်နာခံရတယ်ကွဲ့ ”
အမေက စကားပြောရင်း အိမ်နံရံတွင် ချိတ်ထားသော ဗိုလ်ချုပ်အောင်ဆန်ုး၏ ဓါတ်ပုံကို လှမ်းပြီး ကြည့်လိုက်သည်။
“သားစဉ်းစားမိရဲ့လား။ ဗိုလ်ချုပ်အောင်ဆန်းကို အမေတို့ ဘာဖြစ်လို့ ချစ်တာလဲ၊ အနစ်နာခံလို့ မဟုတ်ဘူးလား သားရဲ့။ ဘယ်လောက်အထိများအနစ်နာခံခဲ့သလဲဆိုရင် လွတ်လပ်ရေးရဖို့ တရုတ်ပြည်လည်း သွားခဲ့တယ်၊ ဂျပန်ပြည်လည်း သွားခဲ့တယ်။ ပြန်လာတော့လည်း စစ်တိုက်ရတယ်။ ပြီးတော့ အ၀တ်အစားတောင် သုံးလေးထည်ပဲရှိတယ်လို့ အမေတို့ သိရတယ်။ တိုင်းပြည်ခေါင်းဆောင်သာ ပြောတာပါကွယ်၊ အိမ်ကောင်းကောင်း၊ ကားကောင်းကောင်း၊ အစားအသောက်ကောင်းကောင်း သူ့မှာ နေမသွားရ၊ စီးမသွားရ၊ စားမသွားရရှာပါဘူး။ အခုဆိုရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ စာအုပ်တွေ အပြင်မှာ ဖတ်လို့ ရနေပြီပဲ။ သားလည်း သိမှာပါ”
အမေက စိတ်ပါလက်ပါဖြင့် ကျွန်တော့်ကို ပြောနေရှာသည်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ကျွန်တော် လှမ်းမှီသလောက် ဖတ်ရှုဖူးပါသည်။ ဗိုလ်ချုပ်၏ ရိုးသားမှု။ တည်ကြည်မှု၊ ပြတ်သားမှု၊ ရဲရင့်မှုတို့ကို ကျွန်တော် နှစ်သက်သည်၊ သဘောကျသည်။
“ဒီမယ်သားရဲ့၊ ဗိုလ်ချုပ်အောင်ဆန်း က ကျဆုံးသွားတယ်။ သူကျဆုံးသွားတဲ့ အချိန်မှာ သူ့မိသားစုအတွက် မြေတစ်ကွက် မထားခဲ့နိုင်ဘုး။ မိသားစုနောင်ေ၇းအတွက် ဘာလုပ်ငန်းမှလည်း ထူထောင်မပေးခဲ့ဘူး။ မြန်မာနိုင်ငံရဲ့ မြေစာရင်းဌာနမှာ ဗိုလ်ချုပ်အောင်ဆန်းနာမည်နဲ့ မြေဂရန် မရှိဘူး။  တိုက်တွေ၊ အိမ်တွေ၊ နန်းတော်တွေ၊ စိန်တွေ၊ ရွှေတွေဆိုတာ ဝေးရော။ ဗိုလ်ချုပ် ကျဆုံးသွားတော့ သူတို့ မိသားစုက ပန်းစိုက်ပြီး အသက်မွေးခဲ့ တယ်လို့ အမေ ဖတ်ဖူးတယ်။ ဗိုလ်ချုပ်က တိုင်းပြည်အတွက် တကယ်အနစ်နာခံခဲ့တဲ့ ပုဂ္ဂိုလ်ကွဲ့ ။ အဲဒီလို အနစ်နာခံခဲ့လို့ သူ့ကို ဒီကနေ့ အထိ လွမ်းပြီး ချစ်နေကြတာလေ။ ကြက်သားဟင်းလို ပြောရင် တို့ ဗိုလ်ချုပ်ဟာ ရင်အုပ်တွေ၊ ပေါင်တွေ စားဖို့ နေနေသာသာ ခြေထောက်ရိုး၊ တောင်ပံရိုးတောင် စားခွင့် ရမသွားရှုာပါဘူး သားရယ်”
အမေက ဆွေးဆွေးမြည့်မြည့် ကြီးပြောနေရှာသည်။
“မိခင် ဖခင်ဆိုတာ အိမ်ရဲ့ ခေါင်းဆောင်၊ ခေါင်းဆောင်ကောင်းဆိုတာ အနစ်နာခံရတယ်။ အခွင့်အရေး ရရင်တောင် မယူရဘူး။ ကိုယ်ချင်းစာတရား ထားရတယ်။ မေတ္တာနဲ့ လောကကြီးကို ဆက်ဆံရတယ်။
ဒီလိုပဲ ငါ့သား….ခေါင်းဆောင်ကောင်းဆိုတာ
ငွေကြေးချမ်းသာဖို့ထက် ဂုဏ်သိက္ခာချမ်းသာဖို့က ပိုအရေးကြီးတယ်။
ခေါင်းဆောင်ကောင်းဆိုတာ အုတ်ရိုးနဲ့ တည်ဆောက်ထားတဲ့ နန်းတော်ကြီးပိုင်ဆိုင်ဖို့ထက် ပြည်သူ့နှလုံးသားနဲ့ တည်ဆောက်ထားတဲ့ နန်းတော်ကြီး ပိုင်ဆိုင်ဖို့ ပိုပြီး အေ၇းကြီးတယ်။
ခေါင်းဆောင်ကောင်းဆိုတာ စိန်တွေ၊ ရွှေတွေ စီခြယ်ထားတဲ့ သရဖူကို ဦးခေါင်းမှာ ဆင်မြန်းဖို့ထက် အကျင့်သီလ သန့်စင်ခြင်းဆိုတဲ့ ခေါင်းပေါင်းကိုသာ ဦးခေါင်းမှာ ဆင်မြန်းဖို့ ပိုပြီး အေ၇းကြီးတယ်။
ခေါင်းဆောင်ကောင်းဆိုတာ ကိုယ်မွေးထားတဲ့ သားသမီးတွေက ကိုယ့်ကိုချစ်ဖို့ထက် တိုင်းသူပြည်သားတွေက ကိုယ့်ကိုချစ်ဖို့ ပိုပြီး အရေးကြီးတယ်။
ဒီတော့ သားရယ်…
ခေါင်းဆောင်ကောင်းဆိုတာ စားရကံကြုံခဲ့ရင်လည်း အရိုးအရင်းပဲ စားရတယ်ကွဲ့။ ရင်အုပ်တွေ၊ ပေါင်တွေစားနေပြီး ခေါင်းဆောင်ကောင်းဖြစ်ချင်လို့ ဘယ်ရမလဲကွယ်၊ သားပဲ စဉ်းစားကြည့်ပါ၊”
အမေက အိပ်မောကျနေသော သူ၏မြေးများကို ယပ်တောင်ခတ်ပေးနေရှာသည်။ ထိုနေ့က မီးမလာပါ။ အမေပြောသည့် “ကြက်ရိုးဒဿန” သည် တကယ်တော့ ရိုးရိုးလေးပါ။ အရိုးစားတိုင်း အရိုးမစူးကြပါ။
အသားစားပြီး အရိုးစူးနေကြတဲ့ သူတွေ ကျွန်တော်တို့ ခေတ်သမိုင်းမှာ အများကြီး ပါလားလို့ တွေးနေမိသည်။
သြော်…
ခေါင်းဆောင်ကောင်းဆိုတာ အရိုးစားပေမယ့် အရိုးမစူးကြပါလားဗျာ။

ဦးဘုန်း (ဓါတု)
--

Be Happy,

          Moe Moe.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...