Friday, October 26, 2012

ဦးခေါင်းခွံများနှင့် စကားပြောခြင်း



တစ်နှစ်မှာ နှစ်ကြိမ်လောက်ထွက်တဲ့ အမျိုးသမီးရေးရာမဂ္ဂဇင်းနဲ့ “မေတ္တာစမ်းရေ” ခေါ်တဲ့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးကထုတ်တဲ့ မဂ္ဂဇင်းများမှာ ကျွန်တော် အမြဲတမ်းရေးပေးပါတယ်။ 
ကိုယ့်ရဲ့ အနီးဆုံးမိန်းမသားများဖြစ်ကြတဲ့ မိခင်၊ ညီမ နောက် ကိုယ်ပိုင်မိသားစုရလာတော့ ဇနီးသည်နဲ့ သမီးလေးစတဲ့ အမျိုးသမီးတွေသာမက သဘာဝအားဖြင့်အားနွဲ့ပြီး အင်အားနည်းပါးတဲ့ မိန်းမသားများကို စောင့်ရှောက်ကူညီပေးသင့်တယ်ဆိုတဲ့ ခံယူချက်နဲ့ အထက်ပါ မဂ္ဂဇင်းများမှာ ၀င်ရေးပေးခဲ့တာပါ။ 

ဒီကနေ့ အမျိုးသမီးများကိုရည်ရွယ်ပြီး ရေးခဲ့တဲ့ ဘာသာပြန်၊ပင်ကိုရေး စာမူလေးတွေကို
ပြန်ကြည့်လိုက်တော့ အပုဒ် ၃၀လောက်ထိ ရှိနေပြီဆိုတာ တွေ့လိုက်ရတယ်။ ဒါလေးတွေကို စုပြီး “မိန်းမတို့အကြောင်း”ခေါင်းစဉ်နဲ့ လုံးချင်းတစ်အုပ်လောက် ထုတ်ချင်ပါတယ်။ သို့ပေမယ့် ဒီနာမည်ကို မကြိုက်လှပါ။စာဖတ်သူ များ ကလည်း ၀ိုင်းပြီး အကြံပေးကြပါဦး။ စဉ်းစားလို့ကောင်းအောင် စာမူလေးတစ်ပုဒ် ရိုက်ပြီးတင်ပေးလိုက်ပါတယ်။ ဘာသာပြန် အက်ဆေးလေးတစ်ပုဒ်ပါ။
=          =          =          =          =          =          =          =          

ဦးခေါင်းခွံများနှင့် စကားပြောခြင်း (အမျိုးသမီးရေးရာ မဂ္ဂဇင်း၊ ၂၀၀၉ ဇူလိုင်)
            ဖီလာဒီးပီးယားမြို့ကို  အလည်သွားကြတုန်းက ခင်ပွန်းသည်နှင့် ကျွန်မ မူတာပြတိုက်ကို ရောက်ခဲ့သည်။ကျွန်မ
အမျိုးသားက ဖီလာဒီးပီးယားမှာ ခွဲစိတ်ဆရာဝန်လုပ်နေသည်။ မိသားစုအားလပ်ရက်မှာ ပူပြင်းသည့် ရာသီဥတုဒဏ်ကို
ရှောင်ချင်တာလဲပါသည်။ ကျွန်မကိုယ်တိုင်ကလည်း ဆေးပညာသမိုင်းမှာ နာမည်ကြီးသည့် မူတာပြတိုက်ကို သွားလေ့လာ
ချင်နေသည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုပြတိုက်မှာက ဆေးပညာဆိုင်ရာပြပွဲတစ်ခုရှိနေသည်။ သည်လိုနှင့် ဖီလာဒီးပီးယားသို့
ကျွန်မရောက်သွားပါသည်။
            ကျွန်မတို့က လင်မယားနှစ်ယောက်စလုံး ဆရာဝန်ဖြစ်နေကြပေမယ့် ကျင်လည်ရသည့် ပတ်ဝန်းကျင်က တခြားစီ
ဖြစ်သည်။ ခင်ပွန်းသည်က ခွဲစိတ်ဆရာဝန်၊ကျွန်မက ပြည်သူ့ကျန်းမာရေးပါရဂူ။ ကျွန်မတို့နှစ်ယောက် သည်လို ဆေးပညာပြပွဲ
တွေကို အတူတကွ သွားဖြစ်လေ့မရှိပါ။ ကျွန်မတို့ ဇနီးမောင်နှံသည် တစ်ယောက်လက်ကို တစ်ယောက်  ဆွဲလျက် ဆေးလော
က၏ အံ့သြဖွယ်ရာများကို ရင်သပ်ရှုမောကြည့်ကြရပါသည်။ ခေတ်အဆက်ဆက် အသုံးပြုခဲ့ကြသည့် ခွဲစိတ်ကိရိယာများ၊ဆေး
ရည်စိမ်ပြီး အပိုင်းပိုင်းလှီးထားသည့် ဦးနှောက်အလွှာများ၊ဖန်ပုလင်းထဲမှာ ဆေးရည်စိမ်ထားသည့် ရှေးပဝေသဏီမှ အမြွာပူး
ကလေးငယ်များ စသည်စသည်တို့က ကျွန်မတို့ကို အတော်ပင်ဆွဲဆောင်ပါသည်။ ထူးထူးခြားခြား ၁၉ရာစုက အသည်းရောင်
ရောဂါဖြင့်  ကွယ်လွန်သွားသော အမျိုးသမီးတစ်ဦး၏ ဆေးရည်စိမ်အလောင်းပင် ပါလိုက်သေးသည်။
            ပြပွဲကြီးတစ်ခုလုံးကို ခြုံငုံ၍ကြည့်အပြီးမှာ စိတ်ဝင်စားဖွယ်ပြခန်းတစ်ခန်းကို တွေ့လိုက်ရသည်။ အနက်ရောင်ဆေးမှိုင်း
မှိုင်းသုတ်ထားသည့် မူတာပြတိုက်၏ အတွင်းပိုင်းနံရံကို နောက်ခံထားလျက် ဟေလိုဂျင်မီးလုံးခပ်မှိန်မှိန်အောက်မှာ တွေ့လိုက်ရ
သည်က လူ့အရိုးခေါင်းများဖြစ်ပါသည်။တွဲလွဲချိတ်ဆွဲထားသည့် အရိုးခေါင်းများက အတန်းလိုက်၊အတွဲလိုက်နှင့် အတန်းပေါင်း၊
အတွဲပေါင်းများစွာ။ ဦးခွံပေါင်းအားလုံး ၁၃၉ခု။ သူတို့အားလုံးစီမှာ ရှေးဟောင်းလက်နှိပ်စက်ဖြင့် ရိုက်ထားသည့် စာကြောင်း
နှစ်ကြောင်းစီပါသည်။
            “ပိုး ရိုမန်၊ အသက် ၂၆နှစ်
            လူသတ်တရားခံ ၊ကယ်မင်စကို၌ ကြိုးပေးခံရသည်။”

            “ဖရန့်တင်ချာ၊ ပိုလန်နိုင်ငံသား၊ အသက် ၄၀နှစ်
            မီးရထား လမ်းလုပ်သား၊ဒဏ်ရာဒဏ်ချက်များစွာဖြင့် ကုသိုလ်ဖြစ်ဆေးရုံတွင် ကွယ်လွန်သည်။”

            “ဖရန့်တစ်ကာစေကော၊ ဗီယင်နာမြို့သူ၊ အသက် ၁၉နှစ်
            ဗီယင်နာမြို့မှ နာမည်ကြီး ပြည့်တန်ဆာ၊ ဦးနှောက် အမြှေးရောင် ရောဂါဖြင့် ကွယ်လွန်သည်။”

            ဦးခေါင်းခွံပိုင်ရှင် တစ်ဦးချင်းစီ၏ ဂုဏ်ပုဒ်များကို စိတ်ဝင်တစားဖတ်ရှုနေယင်းမှ အရိုးခေါင်းများနှင့် ကျွန်မတို့ပွဲကြည့်
ပရိသတ်ကြားမှာ ခြားထားသည့် ဖန်သားပြင်သည် ပျောက်ကွယ်သွားသလိုဖြစ်ပါသည်။ မွေးကင်းစကလေးငယ်မှသည် အိုမင်း
မစွမ်းအရွယ်များအထိ ရွယ်စုံပါဝင်သည့် ဦးခေါင်းခွံတွေကို ဘယ်လိုပုဂ္ဂိုလ်မျိုးက စုဆောင်းထားခဲ့သလဲ။ ဦးခေါင်းခွံပိုင်ရှင်တွေ
ကိုယ်တိုင်ကရော ဘယ်လိုလူတွေလဲ။သူတို့ဘ၀မှာ ဘယ်လိုရှင်သန်ခဲ့ကြသလဲ။ကျွန်မသိချင်လှပါသည်။
            ကျွန်မတို့လေ့လာရမိသလောက် ဤအရိုးခွံများကို စုဆောင်းခဲ့သူက သြစတြီးယန်း လူမျိုး ခန္ဓာဗေဒပါမောက္ခ
တစ်ဦးဖြစ်ပါသည်။ ၁၉ရာစုနှစ်ကတည်းက စုဆောင်းထားခဲ့သည့် ဤဦးခေါင်းခွံများကို ဖီလာဒီးပီးယား သမားတော်များ
ကောလိပ်မှ လွန်ခဲ့သည့် နှစ်ပေါင်း၁၃၃နှစ်က ဒေါ်လာ ၄၈၀၀ပေး၍ ၀ယ်ယူခဲ့ခြင်းဖြစ်ပါသည်။ဤဦးခေါင်းခွံများက
အောင်မြင်မှု၊ဆုံးရှုံးမှု၊အလွမ်းဆွေးများဖြင့် တချိန်က အသက်ရှင်ရပ်တည်ခဲ့ကြသည့် လူပုဂ္ဂိုလ်များအကြောင်းကို လှစ်ဟ
ပြောပြနေသကဲ့သို့ရှိပါသည်။ သူတို့တတွေကိုယ်စီကိုယ်စီမှာ သူတို့ကိုချစ်သော၊သူတို့ကလည်းချစ်ရသော ပုဂ္ဂိုလ်တွေကိုယ်
စီ ရှိခဲ့ကြပေလိမ့်မည်။ တချိန်ကဘယ်လိုလူတွေ ဖြစ်ခဲ့ဖြစ်ခဲ့ အခုအခါမှာတော့ သူတို့အားလုံးသည် တိတ်ဆိတ်အေးစက်
မှောင်မဲနေသည့် ပြခန်းထဲမှာ လူမသိသူမသိ ချိတ်ဆွဲခံထားနေကြရပါသည်။ ကျွန်မသည် သူတို့တစ်ဦးစီ၏ အကြောင်းကို
အေးအေးဆေးဆေး ဖတ်ကြည့်နေမိပါသည်။
           
            “ဂျီရိုလာ မိုဇင်နီ၊ အသက်၂၀နှစ်
            ကြိုးတန်းလျှောက် သမား၊ လည်ပင်ရိုးကျိုး၍ ကွယ်လွန်သည်”
           
            “မာရီယာလစ်တင်စတာ၊ လစ်သူရေးနီးယားနိုင်ငံ၊ အသက် ၁၇နှစ်
            ရေကျောက်ရောဂါဖြင့် ကွယ်လွန်သည်”

            အရိုးခေါင်းများမှ စာကြောင်းများကို ဖတ်ရှုလာယင်း တစ်နေရာအရောက်မှာ ဦးခေါင်းခွံနေရာက ကွက်လပ်ဖြစ်နေ
သည်။ဖန်သားမျက်နှာပြင်ပေါ်မှာ တွေ့နေရသည်က ကျွန်မ၏မျက်နှာဖြစ်ပါသည်။ နေလောင်ပြီးပါးရိုးငေါငေါ ထိုးထွက်နေ
သည့် ကျွန်မမျက်နှာကို မြင်မိတော့ “ငါသေရင်ရော ငါ့ဦးခေါင်းခွံအောက်မှာ ဘယ်လိုအရေးခံရမှာလဲ” ဟုတွေးနေမိပါသည်။
ပြည့်တန်ဆာဟု အရေးခံရသည့် ၁၉နှစ်အရွယ် မိန်းကလေးကိုပဲကြည့်ပါ။ သူ့ဘ၀မှာ ပြည့်တန်ဆာအချိန်ပြည့် ဖြစ်ခဲ့တာဟုတ်
ချင်မှဟုတ်မည်။ ချစ်စဖွယ်ညီမငယ်တစ်ယောက်၊အနုပညာရှင်တစ်ယောက်၊ ဆရာမတစ်ယောက်၊ချစ်သူကောင်းတစ်ယောက်
ဖြစ်ချင်လည်း ဖြစ်ခဲ့ဖူးပါလိမ့်မည်။သို့ပေမယ့် အခုအချိန်မှာတော့ ဤနာမည်ဆိုးကြီးသာ သူ့ဦးခေါင်းခွံအောက်မှာ ကျန်ရစ်ခဲ့ပါ
သည်။ မရွေးသင့်သည့် နာမ်စားသာဖြစ်ပါသည်။

            “ဒရုစ်၊ လက်ဘနွန်နိုင်ငံသား
            ဓားပြ၊ခေါင်းဖြတ်သတ်ခံရသည်”

            “ကရယ်လ်၊ ချက်နိုင်ငံ၊ အသက် ၁၅နှစ်
            ဖိနပ်ပြင်သမား၊ ရေကျောက်ရောဂါဖြင့် သေဆုံးသည်”
           
            အရိုးခေါင်းတစ်ခုစီ၏ အောက်မှာ စာကြောင်းနှစ်ကြောင်းစီပါသည်။ ပထမတစ်ကြောင်းက ဦးခေါင်းခွံပိုင်ရှင်သည်
ဘယ်သူဘယ်ဝါဆိုတာပါသည်။ နောက်တစ်ကြောင်းက ဘာကြောင့်သေရသည်၊ ဘာရောဂါကြောင့် သေရသည်ဆိုတာ
ပါသည်။ပထမစာကြောင်းမှာက ကျွန်မတို့လူသားတွေ တန်ဖိုးထားတတ်ကြသည့် ကျွန်မတို့ဘယ်သူဘယ်ဝါဆိုသည့်အချက်
ပါဝင်ပြီး ဒုတိယစာကြောင်းမှာက ကျွန်မတို့ဘယ်သူမှ ရှောင်လွှဲလို့မရနိုင်သည့် နာရေး၊သေရေး အချက်တွေပါဝင်နေသည်ကို
တွေ့ရသည်။သူတို့ဘ၀မှာ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေဖြစ်ခဲ့ဖြစ်ခဲ့၊ အောင်မြင်သည်ဖြစ်စေ၊ရှုံးနိမ့်သည်ဖြစ်စေ၊ ရောဂါဆိုးတွေ ခံစား
ခဲ့ရသည်ဖြစ်စေ၊ ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့သည်ပဲဖြစ်စေ ယခုအချိန်မှာတော့ သူတို့အားလုံးမှာ စိတ်ငြိမ်စွာဖြင့် ဤအခန်းကျဉ်း
ကလေးထဲမှာ လာရောက်တွေ့ဆုံနေကြတာဖြစ်ပါသည်။
            ခင်ပွန်းဖြစ်သူက ကျွန်မဘေးနားရောက်လာသည်။ ပြတိုက်ပြင်ပ ကျောက်ထိုင်ခုံလေးပေါ်မှာ နှစ်ယောက်သားထိုင်ကြ
ယင်း အခြားသော လေ့လာရေးအဖွဲ့ဝင်တွေကို စောင့်ကြသည်။လေပူနွေးနွေးက ပြတိုက်အပြင်ဘက်မှာ ခပ်ဖြေးဖြေးတိုက်
ခတ်နေသည်။ ခင်ပွန်းသည်ကို ကျွန်မမေးကြည့်သည်။ အရိုးခေါင်းပြခန်းထဲက စာသားတွေကို ဖတ်ကြည့်ဖြစ်ခဲ့ရဲ့လားဟု။
သူက ဦးခေါင်းကို မော့လျက် စဉ်းစားရင်ပြောသည်။

            “အသက် ၃၉နှစ်၊ လစာနည်း အမျိုးသား ခွဲစိတ်ဆရာဝန်
            ဦးခေါင်းအား သေနတ်ဖြင့် ပစ်၍ ကိုယ့်ကိုကိုယ် အဆုံးစီရင်သည်”

            သည်လိုမျိုး ကိုယ့်ဦးခေါင်းခွံအောက်မှာ စာရေး၍ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖွင့်ချခံရသည့် ဘ၀ကို ကာယကံ
ရှင်တွေကရော သဘောတူနိုင်ပါ့မလား ဟု ခင်ပွန်းသည်ကို ကျွန်မမေးကြည့်သည်။
            “သူတို့ကတောင် ပိုပြီး တို့ထက် ကံကောင်းချင်ကောင်းနေဦးမှာ။”ဟုသူက ပြန်ဖြေသည်။ ကျွန်မတွေဝေသွားသည်။
ဟုတ်တော့လည်းဟုတ်သည်။ သေသောသူကြာရင်မေ့ဆိုသလို သမိုင်းရေစီးထဲမှာ သူလိုကိုယ်လို စီးမျောနစ်မြုပ်သွားကြရမည့်
ပုဂ္ဂိုလ်များနှင့်ယှဉ်လိုက်လျှင်တော့ သူတို့၏သမိုင်းသည် သူတို့၏ဦးခေါင်းခွံနှင့် ယှဉ်တွဲလျက် ကျန်ရစ်ခဲ့သည်ဟု ဆိုနိုင်ပါသည်။
အနည်းဆုံးတော့ ကျွန်မလို လေ့လာရေးသမားမျိုး ထောင်နှင့်ချီအား သူတို့၏အကြောင်းကို သတိပြုမိစေမှာ ဖြစ်ပါသည်။လူ့
လောက မြေကမ္ဘာအတွက် ပေးဆပ်နိုင်ခဲ့သမျှတို့တွင် ထိုစာကြောင်းလေးများသည် သူတို့ပေးနိုင်ခဲ့သမျှအနက် တန်ဖိုးအရှိဆုံး
ဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။
            ကျွန်မဆုံးပါးသွားရင်ရော။ ကျွန်မ၏ဦးခေါင်းခွံသည် သည်လိုပြတိုက်မျိုးဆီကို ရောက်လာနိုင်ပါသလား။ သိပ်တော့
မဖြစ်နိုင်။ ရောက်လာခဲ့သည်ထားဦး။ နှောင်းလူတွေက ကျွန်မအကြောင်းကို ဘယ်လိုသရုပ်ဖော်ကြမှာလဲ။ ပြည့်တန်ဆာ၊ဖိနပ်
ချုပ်သမား၊ မီးရထားသံလမ်း အလုပ်သမား၊ သည်လိုမျိုးတော့ ကျွန်မဦးခေါင်းခွံအောက်မှာ ရေးတာမခံလိုပါ။ တာဝန်ကျေသည့်
မိခင်တစ်ဦး၊ ထင်ရှားသည့် ဆရာဝန်တစ်ဦး၊ ကလေးသုံးယောက်မိခင် သည်လိုမျိုးပဲ ကျွန်မအရေးခံချင်ပါသည်။
            လူတွေဟာ ကိုယ့်သမိုင်းကိုယ် ရေးတာလား၊သူများရေးတာ ခံရတာလား ကျွန်မ မတွေးတတ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ်
ဤပြတိုက်မှာ လေ့လာခွင့်ရလိုက်တာ ကျွန်မအတွက် အများကြီး အကျိုးရှိပါသည်။ ဆေးပညာသမိုင်းမှာ မိမိဦးခေါင်းခွံအောက်
၌ စာဖြင့် အရေးခံလျက် ပါဝင်ဖြည့်ဆည်းခဲ့ကြသည့် ဤဦးခေါင်းခွံပိုင်ရှင်များကိုလည်း ကျွန်မကျေးဇူးတင်မိပါသည်။ သူတို့နှင့်
ကျွန်မ ကွာသည့် အချက်တစ်ချက်သာရှိပါသည်။သူတို့က သူတို့ဦးခေါင်းခွံအောက်က စာတွေကို ပြန်လည်ပြင်ဆင်ခွင့်မရှိတော့။
ကျွန်မအနေနှင့်က ကျွန်မဦးခေါင်းခွံ၊သို့မဟုတ် ကျွန်မ နာမည်အောက်မှာ လူတွေဘာရေးစေချင်သလဲဆိုတာကို လုပ်ပြဖို့ အခွင့်
အရေးရှိနေပါသေးသည်။
            မူတာပြတိုက်မှ ကျောက်သားနံရံများသည် လှိုဏ်သံများဖြင့် ပဲ့တင်ထပ်လျက်ရှိပါသည်။ ဦးခေါင်းခွံပိုင်ရှင် အချင်းချင်း
တီးတိုးစကားပြောနေတာ ဖြစ်ကောင်းဖြစ်မည်။ ကျွန်မသည် ကိုယ့်သမိုင်းကိုယ် ဘာတွေဆက်ရေးနေရမလဲဟု တွေးတောစဉ်း
စားယင်းဖြင့် မူတာပြတိုက်မှ ပြန်လာခဲ့ပါသည်။

Ref : Listening to Skulls by Charity Thoman, MD, MPH

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...