Monday, October 29, 2012

အမှတ်တရ သေရာပါ


by Ma Nandar on Monday, October 29, 2012 at 9:13am 


သီတင်းကျွတ်တိုင်း သီတင်းကျွတ်တိုင်း ရင်ထဲက အနာဟောင်း၊ စိတ်ဒဏ်ရာဟောင်းတို့နဲ့အတူ ကိုယ်မှာ သေရာပါ စွဲထင်ခဲ့တဲ့ အမာရွတ်အဟောင်းတို့ကြောင့် ကျွန်ုပ်စိတ်ထဲမလည်း ကျွတ်ကျွတ်ကျွတ်လို့ မြည်တမ်းမိပါရဲ့။


လွန်ခဲ့တဲ့ အနှစ်(၂၀) ကျော် ၁၉၈၇ ခုနှစ်လောက်တုန်းကပေါ့။ အခုလို သီတင်းကျွတ်ချိန်မှာ ရပ်ကွက်ထဲက ကလေးတွေနဲ့အတူ မီးရှူးမီးပန်းလေးတွေနဲ့ကစားနေချိန်မှာ သူငယ်ချင်းတယောက်က မန်းကျည်းစေ့ အရွယ်လောက်ရှိတဲ့ ငွေရောင်လို ပြောင်ပြောင်လက်လက်နဲ့ သတ္တုခဲလိုလို အတုံးတတုံးကို နန်းကြိုးမျှင်မျှင် လေးနဲ့ ပတ်ပြီး၊ အဲသည့် နန်းကြိုးလေးနဲ့ပဲ လက်က ကိုင်လို့ရအောင် လုပ်ထားတဲ့ဟာလေးတွေ လေးငါးခြောက်ခု ကျွန်ုပ်ထံကို ယူလာပြတယ်။

သူက "ဒါ မာကျူရီ လို့ ခေါ်တယ်၊ ဒီနှစ်မှ စပေါ်တာ၊ မီးရှို့ရင် အရမ်းလင်းထိန်သွားရော၊ နင်အခု ကစားနေတဲ့ မီးရှူးမီးပန်းနဲ့ တခြားဆီပဲ၊ ငါတို့ ရပ်ကွက်မှာ မရောင်းသေးဘူး၊ ငါ မြို့ထဲက ဝယ်လာတာ"လို့ လည်း ပြောတယ်။

ဆက်ပြီးတော့ သူကပဲ " တခုတော့ ရှိတယ်၊ မီးရှို့ရင်တော့ အကြာကြီး ရှို့ရတယ်။ မီးရှူးမီးပန်းလို တစ်မိနစ်လောက်နဲ့ မရဘူး၊ မီးစွဲသွားရင်တော့ တအားလှတယ်၊ ထိန်နေတာပဲ။ နောက်ပြီး အဲဒါကိုမီးရှို့ပြီး ဖိနပ်နဲ့ရိုက်ရင် "ဒိန်း" လို့မြည်တယ်၊ အသံကလည်း အကျယ်ကြီးပဲ၊ ဗျောက်အိုးထက်တောင် ကျယ်သေးတယ်"တဲ့။

ကျွန်ုပ်လည်း သူပြောပြီးပြလာတဲ့ အဲသည့်အတုံးလေးတွေကို စိတ်ဝင်စားသွားတယ်။ ဖြတ်ခနဲဆို သူ့လက်ထဲကယူပြီး ဖယောင်းတိုင်မီးမှာ မီးရှို့လိုက်တယ်။ ၁၅မိနစ်လောက်ကြာတော့ ဖျစ်ဖျစ်ဖျစ် ဆိုတဲ့ အသံလေးတွေထွက်လာပြီး အတုံးတခုလုံးကို မီးစွဲပါလေရော။

အိုး....လှလိုက်တာ၊ ပတ်ဝန်းကျင်တခုလုံး လင်းထိန်သွားတယ်။ မီးတောက်အရွယ်ကလည်း ကျောက်ဂေါ်လီလုံးလောက် ဖြစ်သွားတယ်။ နောက်ပြီး ခဏလေးလည်း မီးမငြိမ်းဘူး။ ၃မိနစ်လောက်တောင် ကြာကြာခံတယ်။ ငြိမ်းခါနီးကျတော့ ဝယ်လာပေးတဲ့ သူငယ်ချင်းကပဲ " အောက်ပစ်ချလိုက် အောက်ပစ်ချလိုက်" လို့ ပြောတယ်။

ကျွန်ုပ်ကအောက်ကို ပစ်ချလိုက်တော့ မီးတုံးကနေ မီးပွင့်လေးတွေအဖြစ် ဖြာကနဲ ကွဲထွက်သွားတယ်။ ဒါလည်း တမျိုးလှတာပဲ။ အဲလို ကွဲထွက်သွားတဲ့ မီးပွင့်လေးတွေကို သူငယ်ချင်းက သူ့ဖိနပ်နဲ့ရိုက်ပြတယ်။ "အုံး"ကနဲနေတာပဲ။ အသံအကျယ်ကြီးထွက်သွားတယ်။

ကျွန်ုပ်ကတော့ မာကျူရီဆိုတဲ့ အဲသည့်အရာကို အတော်သဘောကျသွားတယ်။
"နောက်နေ့ နင်မြို့ထဲသွားရင် ဝယ်ခဲ့ဦး" လို့မှာလိုက်တယ်။

နောက်နေ့ သီတင်းကျွတ် လပြည့်ည၊ ရပ်ကွက်ထဲက လမ်းထဲမှာ လူတွေနဲ့စည်ကားနေတာပေါ့။ ကျွန်ုပ်ကတော့ သူငယ်ချင်းကောင်လေးအလာကို မျှော်နေမိတယ်။ သိပ်မကြာဘူး။ သူရောက်လာတယ်။ ကျွန်ုပ်လည်း သူ့လက်ထဲက အခဲလေးတွေကို မီးစတင်ရှို့တော့တာပေါ့။

တခဲ မီးရှို့လိုက် မီးစွဲသွားရင် လက်မှာကိုင်ပြီး ဝှေ့ယမ်းလိုက်၊ ကုန်ခါနီးကျရင် လေထဲကို မြှောက်ပြီး ပစ်ချလိုက်၊ ဖွေးကနဲ ဖြာထွက်လွင့်စင်သွားတဲ့ မီးရောင် ဖွေးဖွေးတွေကိုကြည့်ပြီး သဘောကျလိုက်ဖြစ်နေခဲ့တယ်။

ဒါပေမယ့် အဲလိုလုပ်နေရာက စိတ်ကူးတခု ဖြစ်လာတယ်။ ငါ ပစ်လိုက်တဲ့အတုံးက လမ်းမနဲ့ထိမှာ ဖြာထွက်ပြီး ကွဲသွားတာဆိုတော့ လမ်းမပေါ်မှာပဲ အလင်းတွေကရှိနေတယ်၊ သိပ်မလှဘူး။ လေထဲမှာ ကွဲဖြာထွက်သွားရင် သိပ်လှမှာပဲလို့။

ဒါနဲ့ပဲ ကျွန်ုပ်စိတ်ကူးကို အကောင်အထည်ဖေါ်တဲ့ အနေနဲ့ ဒီတခါ တတုံးမီးရှို့အပြီးမှာ ထုံးစံအတိုင်း မီးခဲတုံးကို အပေါ်ကို ပစ်မြှောက်လိုက်ပြီး လေထဲက ပြန်အကျမှာ ညာခြေဖမိုးအဖျားနဲ့ ခြင်းခတ်သလို ခတ်ပစ်လိုက်တယ်။

ဒီမှာတင်ပဲပေါ့...........
"အား" ဆိုတဲ့အော်သံနဲ့အတူ ကျွန်ုပ် တဒင်္ဂကခဏ ဆွေမျိုးအားလုံးကိုမေ့သွားတယ်။
မီးခဲလုံးက ကျွန်ုပ်ထင်ထားသလို ကျွန်ုပ်ကန်ချက်ကြောင့် လွှင့်ဖြာမသွားဘဲ ကျွန်ုပ်ဖိနပ်သဲကြိုးနဲ့ ဖြေချောင်းလေးတွေကြားမှာ ညပ်ပြီး အသားမှာ ကပ်နေတယ်။ ဘယ်လိုမှ ခါထုတ်လို့မရဘူး။

ရုတ်တရက်ဆိုတော့ ရေရှိတဲ့နေရာကိုလည်း ပြေးမသွားမိဘူး။ ကျွန်ုပ်ဘေးက ကလေးတွေကလည်း " ဟာ..မအေးနန္ဒာခြေထောက်ကြီး မီးလောင်နေပြီ၊ မီးလောင်နေ" ပြီဆိုပြီး အိမ်ထဲက လူကြီးတွေကို ပြေးပြောတယ်။
မီးခဲတုံးကြီးကတော့ ကျွန်ုပ်ခြေဖမိုးအသားကို လောင်စာတခုလို သဘောထားပြီး လောက်ကျွမ်းနေလိုက်တာ တော်တော်နဲ့ကို မငြိမ်းဘူးပေါ့။

ပူလိုက်တာမှ နှိုင်းပြစရာ စကားလုံးမရှိတော့သလိုပါပဲ။ ကျွန်ုပ်တယောက် အဲသည်လို ခြေတဖက်ထောက်ပြီး ခုန်ဆွခုန်ဆွ ဖြစ်နေချိန်မှာပဲ ကျွန်ုပ်အမေနဲ့ ကျွန်ုပ်ဦးလေးဆရာဝန်ပြေးထွက်လာတယ်။ နောက်တော့ ဦးဦးက သူ့ဆေးခန်းထဲခေါ်သွားတယ်။

အသားညှော်နံ့ကတော့ ယူတတ်တဲ့ ပုဂ္ဂိုလ်ဆို တရားရလောက်ပါရဲ့။ ဆေးခန်းထဲရောက်တော့ ဦးဦးက ဘယ်ဟာနဲ့ လောင်သွားတာလဲလို့မေးတော့ လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတဲ့ မာကျူရီမီးတုံးတွေကို ပြလိုက်တယ်။

အဲဒီ့တော့မှ သိရတာက အဲဒါ ခဲတုံးတွေဆိုပဲ။ ဒီတော့ လွယ်လွယ်နဲ့ မီးမစွဲသလို စွဲမိရင်လည်း လွယ်လွယ်နဲ့ မငြိမ်းဘူး။ အပူလည်း အရမ်းပြင်းတယ်တဲ့။ အဲသည့်အချိန်မှာတော့ ကျွန်ုပ်ရဲ့ ညာခြေထောက်တချောင်းလုံးက တဆတ်ဆတ်နဲ့ တုန်နေပါပြီ။

ပါးစပ်ကလည်း " ပူတယ် ပူတယ်" ကလွဲလို့ ဘာမှ မပြောနိုင်တော့ဘူး။ ဒါနဲ့ပဲ ရေဇလုံကြီးထဲမှာ ရေခဲတွေထည့်ပြီး ခြေထောက်ကို ရေခဲတွေကြား ထိုးထည့်ထားရတယ်။ တနာရီလောက်နေတော့ ခြေထောက်တခုလုံး စမ်းကြည့်ရင် အေးစက်ထုံကျင်ပြီး နာတာတော့ နည်းနည်း သက်သာသွားတယ်။ ပူတာကတော့ ရက်ရက်စက်စက် ပူနေတုန်းပဲ။

ကျွန်ုပ်လည်း လူကြီးတွေ အလစ်မှာ ခြေထောက်ကို ရေခဲတွေကြားက ဆွဲထုတ်ကြည့်လိုက်တော့ ခြေဖမိုးအလယ်လောက်က အသားက လုံးဝမရှိတော့ဘဲ အထဲက ခြေခလယ်နဲ့ ခြေသကြွယ်ရဲ့ အရိုးဖြူဖြူလေးတွေကို မြင်လိုက်ရတယ်။

ပူနေတဲ့ ကြားကပဲ အရှင်လတ်လတ်နဲ့ ကိုယ့်အရိုးကို ပြန်မြင်ဖူးတာ ငါကံထူးတာပဲလို့ တွေးမိလိုက်သေးတယ်။ နောက်နေ့တွေမှာလည်း အဲသည့် အသားမရှိ၊ အရေပြားမရှိတဲ့ မတ်စေ့လောက် အပေါက်ကြီးထဲကနေပဲ ပတ်တီးကို အသာမ,မပြီး မြင်နေရတဲ့ အရိုး၂ချောင်းကို ချောင်းကြည့်မိသေးတယ်။

တလလောက် ထော့နဲ့ထော့နဲ့ ပြီးတဲ့အချိန်မှာတော့ အသားပြန်တက်လာတယ်။ ဒါပေမယ့် အဲသည့်အသားက မူရင်းအသားနဲ့တော့ မတူတော့ဘူး။ ဖြူဖြူအကွက်ကြီးဖြစ်နေတယ်။ ကြည့်ရတာ သိပ်ရုပ်ဆိုးတာပဲ။ လူကြီးတွေကပြောတယ်။ အဲဒါ သေရာပါ အမာရွတ်ဖြစ်သွားပြီတဲ့။

အဲသည့်အချိန်တုန်းက ကျွန်ုပ်က ငါးတန်းကျောင်းသူပေါ့။ ခြေထောက်က ရုပ်ဆိုးဆိုး မီးလောင်ကွက်ကြီးကို မြင်တိုင်းစိတ်မချမ်းသာရဘူး။ သီတင်းကျွတ်ရောက်တိုင်းလည်း အဲသည့် အပူက ပြန်ပူလာသလို ခံစားရတယ်။

အရာရာကို အတတ်စမ်းချင်တဲ့ စိတ်ဟာ နေရာတိုင်းမှာ မကောင်းပါလားလို့ သိလိုက်ရပေမယ့် အခုချိန်ထိလည်း တော်ရုံတန်ရုံနဲ့တော့ သူများပြောတိုင်း လက်မခံတတ်သေးဘူး။ ခေါင်းမာချင်တုန်း။

သြော်......နှစ်ပေါင်း ၂၀ ကျော်သာ ကြာသွားခဲ့ပေမယ့်၊ သေရာပါ အမာရွတ်တခုသာ ရသွားပေမယ့် သီတင်းကျွတ်တွေဟာလည်း လှပမြဲလှပနေသလို၊ ကျွန်ုပ်ဟာလည်း ခေါင်းမာမြဲ ခေါင်းမာလျက်ပါပဲ။

   အေးနန္ဒာအောင်(ဂျပန်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...