Friday, October 26, 2012

ကောင်တာဒီမိုကရေစီ


by Lu Cifer on Saturday, October 20, 2012 at 7:32am 

 ဤစာအုပ်သည် ကျွန်တော်ရေးသည့် ဒီမိုကရေစီနှင့်ပတ်သက်သော သုံးအုပ်မြောက်စာအုပ်ဖြစ်ပါသည်။
၁။ ဒီမိုကရေစီနိုင်ငံတော် ဒီမိုကရေစီနိုင်ငံသား (၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလ၊ Wisdom House စာပေ)
၂။ ဒီမိုကရေစီပါရာဒိုင်း (၂ဝ၁၂ ခုနှစ်၊ ဧပြီလ၊ Wisdom House စာပေ) ဟူ၍ ဒီမိုကရေစီရေးရာ အတွေးအမြင်များကို ပေါင်းစုထုတ်ဝေခဲ့ပါ သည်။ ယခုစာအုပ် ‘‘ကောင်တာဒီမိုကရေစီ” မှာ ဒီမိုကရေစီနှင့်ပတ်သက်သည့် တတိယမြောက်စာအုပ်ဖြစ်သည်။

ကျွန်တော့်အနေဖြင့် ‘‘ကောင်တာ” ဆိုသည့် စကားကို ဦးစွာရှင်းလိုပါသည်။ ကောင်တာဆိုသည်မှာ အင်္ဂလိပ်စကားလုံး Counter ကိုဆိုလိုပါသည်။ အင်္ဂလိပ်စကားလုံးတွင် ရှေ့ဆက် (prefix) စကား အနေဖြင့်သုံးပြီး ဆန့်ကျင်မှုသဘော သက်ရောက်သည့် အဓိပ္ပာယ်အနေဖြင့် တွဲသုံးလေ့ရှိသည်။
ဥပမာ counter-attack, counter-argument, counter-demonstration ဆိုသည့်သဘောမျိုးဖြင့် ဆန့်ကျင် သည့်သဘော၊ တန်ပြန်သည့်သဘော၊ တုံ့ပြန်တိုက်ခိုက်သည့်အနက်ဖြင့် သုံးပါသည်။
ဦးစွာပထမ ဝန်ခံလိုသည်မှာ ကျွန်တော့်အနေဖြင့် ဒီမိုကရေစီကို တန်ပြန် ဆန့်ကျင်လိုသည့်သဘောဖြင့် ဤစာအုပ်ကို ရေးသားခြင်းမဟုတ်ကြောင်း ဦးစွာဝန်ခံလိုပါသည်။

၁၉၈၈ ကတည်းက ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ဒီမိုကရေစီသံတွေ ညံလာခဲ့သည်။ စနစ်တကျ ဒီမိုကရေစီကို မစီမံတတ်သဖြင့် ဒီမိုကရေစီဆုံးရှုံးခဲ့ရပြီး အလှမ်းဝေးသွားခဲ့ရသည်။ ကျွန်တော်သည် ၁၉၈၈ မြန်မာနိုင်ငံ အနေအထားကို ယမန်နှစ်က လစ်ဗျားနိုင်ငံတွင် ဖြစ်သွားသည့် အာရပ်နွေဦးလှုပ်ရှားမှုနှင့် သွားပြီး ထပ်တူပြုကာ ကြည့်မိသည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ စိုးမိုးလာသည့် တစ်ပါတီ အာဏာရှင်စနစ်ကျဆုံးသွားသည်။ လစ်ဗျားတွင် ကဒါဖီကျဆုံးသွားသည်။ လစ်ဗျား၏လမ်းများပေါ်သို့ လူတွေထွက်လာစေရန် ဘလော့ဂ်ဂါ တွေက တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်လှုပ်ရှားခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ၈၈ မျိုးဆက်တွေက တော်လှန်ရေးကို တပ်လှန့်ခဲ့သလို လစ်ဗျားတွင်လည်း ဘလော့ဂ်ဂါတွေက တော်လှန်ရေးကို ဦးဆောင်ခဲ့သည်။ သို့သော် ဒီမိုကရေစီကို အာဏာရှင်များလက်မှတိုက်ယူရင်း ဒီမိုကရေစီ နှင့် အလှမ်းဝေးခဲ့ကြရသည်။

ထိုအချက် အလက်များကို ပြန်လည်သုံးသပ်ကြည့်လျှင် ဒီမိုကရေစီကို စနစ်တကျအကောင်အထည်မဖော်နိုင်ခဲ့ ခြင်း၊ လူထုမြတ်နိုးသော ဒီမိုကရေစီကို လူထုကပင် ပြန်လည်နင်းချေသလိုဖြစ်သွားသည်ကို အာဏာနှင့် လက်နက် တို့ဖြင့် ပြန်လည်စိုးမိုး သိမ်းပိုက်မှုခံလိုက်ရခြင်းကြောင့် နှစ်ပေါင်းများစွာဒီမိုကရေစီနှင့် ပြန်လည်ကင်းကွာ သွားခဲ့ရသည်။

၂ဝ၁ဝ ပြည့်နှစ်ကတည်းက မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရိပ်အယောင်တွေ ပြန်လည်နိုးထလာသည်။ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ပြည်သူ့ကိုယ်စားလှယ်တွေနှင့် လွှတ်တော် အရပ်ရပ် ဖြစ်လာသည်။ ဒေါ်အောင်ဆန်းစုကြည် အမျိုးမျိုးသောတားဆီးမှုများကြားမှ လွတ်မြောက်လာသည်။ ၈၈ မျိုးဆက်ကျောင်းသားတွေ လွတ်လာသည်။ လက်နက်ကိုင်များနှင့် အစိုးရတို့ ငြိမ်းချမ်းရေးတွေ တည်ဆောက်ကြသည်။ အစိုးရခေါင်းဆောင်ပိုင်းတွင် တာဝန်ယူထားသည့် ယခင်စစ်ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၈၈ မျိုးဆက်တွေ လက်ဆွဲနှုတ်ဆက်ကြသည်။ တိုင်းပြည် ကောင်းစားရေးအတွက်မပူးပေါင်းနိုင်စရာအကြောင်းမရှိ၊ မလုပ်နိုင်စရာအကြောင်း မရှိဆိုသည့်သဘောဖြင့် အားလုံးလက်တွဲကာ ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်နေကြသည်။

‘‘ဒီမိုကရေစီတွင် အလွန်အကျူး လွတ်လပ်ခွင့်ကို ဆန့်ကျင်သည့် ကောင်တာဒီမိုကရေစီမျိုးကလည်း အရေးကြီးပါသည်။ တစ်နည်းအားဖြင့် ဒီမိုကရေစီကို ထိန်းကျောင်းခြင်းဖြစ်သည်။ ဒီမိုကရေစီကို ထိန်းကျောင်းသူများမရှိလျှင် သို့မဟုတ် ဒီမိုကရေစီကို တန်ပြန်ဆန့်ကျင်သူများမရှိလျှင် ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်ဆိုသူများသည် သူတို့ကိုယ်သူတို့ မိုးကျ ရွှေကိုယ်၊ မင်းမျိုးမင်းနွယ်လိုသတ်မှတ်ပြီး အာဏာရှင်လို အုပ်ချုပ်လာလိမ့်မည်။

နိုင်ငံရေးတွင် ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်များဖြင့် အုပ်ချုပ်ခြင်း၊ ဒီမိုကရေစီတန်ပြန်ဆန့်ကျင်ခြင်းနှင့် နိုင်ငံရေးအရ ချင့်ချိန်ခြင်း သုံးမျိုးသည် ဒီမိုကရေစီအတွေ့အကြုံကို စမ်းသပ်ခြင်းဟူ၍ လည်းဆိုနိုင်သည်။ ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်များက အစိုးရအနေဖြင့် စနစ်ကိုကျောထောက်နောက်ခံပြုထားသည်။

ဒီမိုကရေစီတန်ပြန်ဆန့်ကျင်ရေးက လက်ရှိအုပ်ချုပ်ရေးစနစ်နှင့် ဥပဒေတို့ကို စိန်ခေါ်ကာ အသက်ဝင် လှုပ်ရှားစေသည်။ နိုင်ငံရေးအရ စဉ်းစားချင့်ချိန်ခြင်းဖြင့် သမိုင်းရေးအမြင်၊ လူမှုရေးအမြင်များဖြင့် ပိုပြီးခိုင်မာမှုကို ဖြစ်စေသည်။ ဒီမိုကရေစီမကျခြင်း၊ ဒီမိုကရေစီလမ်းကြောင်းမှ သွေဖီလာခြင်းများကို ဒီမိုကရေစီအား တန်ပြန်ဆန့်ကျင်ပြခြင်း တစ်နည်းအားဖြင့် ကောင်တာ ဒီမိုကရေစီနည်းဖြင့်သာ ပြန်လည်ကုစားနိုင် လိမ့်မည်” ဟူ၍ ကျွန်တော်သည် ဤစာအုပ်ပါ ‘‘ကောင်တာဒီမိုကရေစီ” အခန်းတွင် သတိပေးရေး သားခဲ့ပါသည်။ ကျွန်တော်သည် ဒီမိုကရေစီကို ဆန့်ကျင်ခြင်းမဟုတ်ပါ၊ ဒီမိုကရေစီပျောက်ကွယ်ပြီး နောက်ထပ် အာဏာရှင်ပေါ်လာမည်ကို စိုးရိမ်သောကြောင့်သာ ဒီမိုကရေစီကို ကောင်တာလုပ်ပြီး ထိန်းကျောင်းရန် တစ်နည်းအားဖြင့် ဒီမိုကရေစီပြိုကွဲပျက်စီးနိုင်သည့် အကြောင်း ချင်းရာများကိုသိပြီး ဒီမိုကရေစီကို ပြန်လည်ကုစားရန်ရည်ရွယ်ပြီး ဤစာအုပ်ကိုရေးသားခဲ့ခြင်းဖြစ်ပါသည်။

ယခုရာစုတွင် ဒီမိုကရေစီသည် ပြိုင်ဘက်ကင်းသည့် အကောင်းဆုံးနိုင်ငံအုပ်ချုပ်ရေးစံတစ်ခုအနေဖြင့် ရပ်တည်နေပါသည်။ နိုင်ငံတိုင်း လူမျိုးတိုင်းတွင် ဒီမိုကရေစီတိုက်ပွဲ၊ ဒီမိုကရေစီတော်လှန်ရေး၊ ဒီမိုကရေစီ အုပ်ချုပ်ရေးတို့ကို တမ်းတမ်းတတ အော်လာကြသလို၊ အကောင် အထည်လည်းဖော်လာကြသည်။ သို့သော် ဒီမိုကရေစီသည် မတည်မြဲတတ်ပါ။ ဖောက်လွဲဖေက်ပြန်ဖြစ်တတ်သော လူတို့သဘောကြောင့်လည်း ဒီမိုကရေစီကျဆုံးခြင်း၊ ဆုံးရှုံးပျောက်ကွယ်ရခြင်းများဖြစ်ခဲ့ရသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက် ဒီမိုကရေစီလူ့ဘောင်ကို ထူထောင် ရန် စိတ်ကူးအိပ်မက်ခဲ့ကြသည်။ ထိုအချိန်လောက်ကသာ ဒီမိုကရေစီခိုင်မြဲခဲ့လျှင် မြန်မာနိုင်ငံသည် ယခုလိုအချိန်မျိုးတွင် ခိုင်မာစွာရပ်တည် နိုင်သော ချမ်းသာသည့် နိုင်ငံတစ်နိုင်ငံဖြစ်လောက်ပြီ။ သို့သော် ဒီမိုကရေစီကို လွှတ်ပေးလိုက်မှ ပါတီတွေတိုက်ခိုက်ကြသည်။ ပါတီတွင်း အကွဲအပြဲဇာတ်လမ်းတွေစလာသည်။ လွတ်လပ်ရေးတိုက်ပွဲအတွက် သက်စွန့်ကြိုးပမ်းရာတွင် မသေဘဲ ကျန်ခဲ့သည့် တိုင်းပြည်ခေါင်းဆောင်၊ နိုင်ငံခေါင်းဆောင်တို့ အချင်းချင်းကွဲကြသည်။ ပါတီကွဲ၊ ဂိုဏ်းဂဏကွဲ၊ ဝါဒကွဲ၊ အယူအဆကွဲ၊ လူမျိုးရေးနိုင်ငံရေးတွေကွဲကာ သူတစ်လူ ငါတစ်မင်းဖြစ်နေချိန်တွင် မကွဲနိုင်သော၊ ကွဲလို့မရသော စစ်တပ်ကိုကိုင်ထားသူတွေက အာဏာကိုပိုင်ဆိုင်သွားသည်။ နိုင်ငံတစ်နိုင်ငံအတွက် သံဝေဂရစရာတွေများလှသည်။

စစ်တပ်၏အနေအထားသည် ပြည်တွင်းပြည်ပ နိုင်ငံရေးအနေ အထားများအရ အင်အားကြီးလာနိုင်ပါသည်။ စစ်တပ်၏အရေးပါမှုမှာ လည်း ထိုပြည်တွင်းပြည်ပနိုင်ငံရေးအနေအထားနှင့် များစွာဆက်စပ် ပတ်သက် နေတတ်သည်။ ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေး အတွက် ကြိုးပမ်းနေရစဉ်ကာလများအတွင်း စစ်တပ်သည်တွေ့ရာ ကြုံရာလူများဖြင့် ဖွဲ့စည်းထားရသောကြောင့် ပညာတတ်စစ်သည် တော်များ၊ ပညာတတ်အရာရှိများနည်းပါးခဲ့ရသည်။
သို့သော် စစ်တပ်တွင် အမိန့်နာခံတတ်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ကြံ့ခိုင်ခြင်းဆိုသည့် ပင်ကိုယ်အရည်အသွေးက အရပ်သားပါတီ အဖွဲ့အစည်းများထက် သာလွန်နေသော အချက်ဖြစ်သည်။ အဆိုပါအချက်များအပေါ်တွင် စစ်သည်တော်များကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေခံ ကောင်းစေရန် စစ်ရေးနှင့်ပညာရေးကို ပေါင်းစပ်ပေးနိုင်သည့်အခါတွင်  အတိုင်းထက်အလွန် အင်အား ကောင်းသော အဖွဲ့အစည်းကြီးတစ်ရပ် ဖြစ်သွားခဲ့ရသည်။
စစ်တပ်၏အဓိကအားသာချက်မှာ လက်နက်ကိုင် ဆောင်ခွင့်ရှိခြင်း၊ လက်နက်ကို ကိုင်တွယ်သုံးစွဲတတ်ခြင်းစသည့် (size and firepower) တွင် အရပ်သားများ ထက် အားသာနေခြင်းဖြစ်သည်။ 
စစ်တပ်သည် နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ရခြင်းမှာ အရပ်သား အစိုးရများ၏ စီမံအုပ်ချုပ်နိုင်စွမ်းနည်းပါးမှု၊ အာဏာကိုခွဲဝေသုံးစွဲနိုင်မှုများ အားနည်းလာခြင်းကြောင့်သာ ဖြစ်သည်။ ကျွန်တော်တို့သည် စစ်တပ်၏နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်မှုကို မလိုလားပါက စစ်တပ် လက်အတွင်းသို့ နိုင်ငံရေး အာဏာကျဆင်းခြင်း မဖြစ်စေရန် ထိန်းသိမ်းကာကွယ်ကြရမည်သာဖြစ်သည်။

ကျွန်တော်တို့ စစ်တပ်နှင့် ကင်းကွာပြီးမနေနိုင်ချိန်တွေက ကြာမြင့်လှသည်။ ထိုအချိန်တွင် စစ်တပ်မှပင်  ဦးဆောင်ပြီး တစ်ပါတီစနစ်ဖြင့် တိုင်းပြည်ကို ပြန်လည်ထူထောင်သည်။ တစ်ပါတီစနစ်လက်အောက်တွင် ဒီမိုကရေစီဆိုသည်မှာ စာအုပ်ထဲတွင်သာရှိသည်။ ဆိုရှယ်လစ်အခြေခံ စနစ်ကိုကျင့်သုံးသောကြောင့် ဆိုရှယ်လစ်ဒီမိုကရေစီဆိုသည်မှာ ပါတီတွင်း၊ လွှတ်တော်အတွင်းတိုက်ပွဲတွေသာဖြစ်ပြီး ဒီမိုကရေစီသည် လူထု နှင့် အလှမ်းဝေးသွားသည်။ တစ်ပါတီစနစ်သည် အာဏာရှင်ဆန်လာသောအခါ တိုင်းပြည်အတွင်း ဒီမိုကရေစီ ကင်းမဲ့လာသည်။
အစိုးရအဖွဲ့သည် ပြည်သူ့ဆန္ဒ၊ လူထုဆန္ဒကိုယူသည်ဆိုသော်လည်း ဟန်ပြသာဖြစ်သည်။ ဒီမိုကရေစီမဲ့လွန်းလာလျှင် ပြည်သူနှင့်အစိုးရ ကင်းကွာသွားတတ်သည်။ ထို့ကြောင့်လည်း ၈၈ အရေး အခင်းသည် ထိန်းမနိုင်သိမ်းမရပေါ်လာသည်။ တစ်ပါတီစနစ်ပြုတ်ကျသွားသည်။ တစ်ပါတီစနစ်ကို ထူထောင်ခဲ့သူတွေလည်း အနားယူသွားကြသည်။ သို့သော် ထိုနေရာတွင် စစ်တပ်ကပင် တိုင်းပြည်ကို ထိန်းသိမ်းပြီး အစိုးရနှင့် ပြည်သူ တို့ကြားတွင် ဒီမိုကရေစီအားပြိုင်ပွဲတွေ ကျင်းပခဲ့ကြသည်။ နောက်ဆုံး ပြည်သူ့အားကို မလွန်ဆန်နိုင်သောအခါ စစ်တပ်သည် တစ်ဖြည်းဖြည်း နောက်ဆုတ်သွားသည်။ ဒီမိုကရေစီကို စစ်တပ်ဖြင့်ဖော်ဆောင်သည်။ ကျွန်တော်တို့သည် တောင်ကိုရီးယားနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်မှုကို အမှတ်ရစရာများဖြစ်စေခဲ့သည်။

ကျွန်တော် ‘‘ကောင်တာဒီမိုကရေစီ” ကိုရေးရခြင်းသည် ဒီမိုကရေစီတွင် အပြုသဘောများကို ရေးပြီးဖြစ်သဖြင့် ဒီမိုကရေစီကို ပျက်စီး စေနိုင်သည့် အပျက်သဘောများကိုရေးပြီး ထပ်မံသတိပေးခြင်းသာဖြစ်ပါသည်။ ကျွန်တော်သည် စာရေးသူ "Herbert Agar" ရေးသားသည့် "The Perils of Democracy" ဆိုသည့် စာအုပ်လေးကို အကြိမ်ကြိမ်ဖတ်မိပါသည်။ ထိုစာအုပ်တွင် စာရေးသူက ဒီမိုကရေစီ၏ကြီးမားသော ဘေးအန္တရာယ်များကို ကြိုတင်နိမိတ်ဖတ်ပြီး အပြုသဘောဖြင့်ရေးခဲ့သည်။ ကျွန်တော်သည် ထိုစာအုပ်ကို နှစ်သက်မိသဖြင့် ‘‘ဒီမိုကရေစီ၏ အန္တရာယ်များ” ဟု ဤစာအုပ်ကိုခေါင်းစဉ်ပေးရန် စဉ်းစားမိပါသည်။ သို့သော် ကျွန်တော့်ခေါင်းထဲတွင် အများဆုံးရောက်လာသည့် အတွေးများသည် စာရေးသူ Pierre Rosanvallon ရေးသည့် "Countere-Democracy" ဆိုသည့်စာအုပ်ပါ အကြောင်းအရာများဖြစ်သည်။
စာရေးသူ ကလည်း သူ့စာအုပ်တွင် ဒီမိုကရေစီကို ဆန့်ကျင်ခြင်းမဟုတ်၊ ဒီမိုကရေစီကို တန်ပြန်ဆန့်ကျင်လာနိုင်သည့် အကြောင်းတရားများကို သိမြင်ပြီး ဒီမိုကရေစီကို ထိန်းသိမ်းကြရန်စေတနာဖြင့် အပြုသဘောဆောင်ကာ ရေးသားသွားခဲ့သည်။ ကျွန်တော့်အနေဖြင့်လည်း ဒီမိုကရေစီကို မဆန့်ကျင်၊ မတိုက်ခိုက်ပါ။

သို့သော် မြန်မာနိုင်ငံတွင် နုနယ်လှသေးသည့် ဒီမိုကရေစီရွက်နုလေးသည် လေပြင်းဒဏ်ကြောင့် စုတ်ပြတ်ပဲ့ထွက် သွားမည်ကို စိုးရိမ်သဖြင့် ဒီမိုကရေစီဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရှောင်ရှားနိုင်ရေးအတွက် ဤစာအုပ်ကို ရေးသားခဲ့ခြင်းဖြစ်ပါ သည်။

ဤစာအုပ်သည် ကျွန်တော် ၂ဝ၁ဝ ခုနှစ်ကတည်းက ရေးသားလာခဲ့သောစာများဖြစ်ပါသည်။ စာအုပ်တစ်အုပ်အဖြစ်ရည်ရွယ်ခဲ့သော်လည်း အပတ်စဉ်ဆိုသလို The Venus News ဂျာနယ်အတွက် ရည်စူးကာရေးပေးရင်း စာအုပ်ဖြစ်မြောက်လာခဲ့ရပါသည်။ အပတ်စဉ်ဆောင်းပါးများကို ဂရုတစ်စိုက် ဖော်ပြပေးခဲ့သော The Venus News ဂျာနယ်အဖွဲ့သားများကို အထူးကျေးဇူးတင်ရှိပါသည်။ ဒီမိုကရေစီ စာအုပ်များကို အစဉ် တစ်စိုက်ထုတ်ဝေရန် ကမ်းလှမ်းလာသည့် (Wisdom House) စာပေတိုက်မှ ဆရာကိုကြည်ရွှန်း၏ စာပေစိတ်နှင့်စေတနာကိုလည်း အထူး အသိအမှတ်ပြုရမည်ဖြစ်ပါသည်။ ဒီမိုကရေစီကို ကာကွယ်ရေးအတွက် ဒီမိုကရေစီကို ဆန့်ကျင်နိုင်သော၊ တိုက်ခိုက်နိုင်သော၊ ပျက်စီးစေနိုင်သော သဘောတရားများကို သိမြင်ပြီး၊ ဒီမိုကရေစီကို ကာကွယ်ကြရန် တိုက်တွန်းလိုက်ပါသည်။

မှတ်ချက်
အမှာစကားအတိုင်း ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

မောက္ခစာဖတ်ခန်း
Saturday, 20 October 2012 12:53

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...