Monday, October 29, 2012

ပုံပြင်များသို့ လမ်းလျှောက်ထွက်ခြင်း


by Alin Hnit on Monday, October 29, 2012 at 1:05am 

ပုံပြင် (၁) 
ဖျံ၊ မြေခွေး နဲ့ ယုန်ပညာရှိပုံပြင်

ကျွန်တော်အဲဒီနေ့က ပုံပြင်တစ်ပုဒ်ထဲကို ရောက်သွားခဲ့တယ်။ ပုံပြင်ထဲကို ရောက်ရောက်ချင်း
ရေအိုင်တစ်အိုင်နဲ့တောအုပ်လေးတစ်ခု ကိုအရင်ဆုံးတွေ့ရတယ်။ ပထမတော့ ကျွန်တော်ကိုယ်
တိုင်လည်း ဘယ်ပုံပြင်ထဲရောက်နေမှန်း မသိသေးဘူးပေါ့။ ခဏနေတော့ ကျွန်တော်ဖျံတစ်ကောင်
နဲ့ မြေခွေးတစ်ကောင်ကို တွေ့ရပါတယ်။
သေသေချာချာကြည့်လိုက်တော့ သူတို့နှစ်ကောင်ဟာ
ကျွန်တော်ငယ်ငယ်တုန်းက ကျောင်းစာထဲမှာ သင်ဖူးခဲ့တဲ့ မြေခွေးနဲ့ ဖျံပဲဆိုတာ မှတ်မိသွားတယ်။
ဒါဆို ဒီပုံပြင်ထဲမှာ အခုတွေ့နေတဲ့ မြေခွေးနဲ့ ဖျံအပြင် နောက်ထပ် ယုန်တစ်ကောင် နဲ့ ငါးကြင်း
တစ်ကောင်ထပ်ပါသေးတာပဲ။

ဟုတ်ပါတယ်။ ဖျံဟာ ငါးကြင်း ခပ်ကြီးကြီးတစ်ကောင်ကို ကိုက်လာတာကိုးဗျ။ ကျွန်တော် သူတို့
ကိုလှမ်းနှုတ်ဆက်လိုက်တယ်။ ပြီးတော့
' ခင်ဗျား တို့ ယုန်ပညာရှိဆီ သွားကြတာ မဟုတ်လား " လို့မေးလိုက်တယ်။ ဒီတော့ ဖျံက
" သိပ်ဟုတ်တာပေါ့ဗျာ။ ခင်ဗျာစာထဲမှာ ဖတ်ဖူးမှာပေါ့။ အဲလိုပဲ ကျုပ်တို့ ယုန်ပညာရှိဆီသွားကြတာ
ပေါ့" လို့ပြောပါတယ်။

ကျွန်တော်က
" ခင်ဗျားတို့ ပုံပြင်ကို ကျွန်တော် အဆုံးထိ ဖတ်ဖူးပါတယ်ဗျာ၊ ခင်ဗျားတို့ ဒီငါးကြင်းကို တစ်ယောက်
တစ်ခြမ်း စီရမှာ ကျွန်တော် သိပြီးသားပါ။ အပင်ပန်းခံမနေပါနဲ့ဗျာ။. ကျွန်တော်ပဲ ညီညီမျှမျှ ခွဲပေး
လိုက်ပါ့မယ် " လို့ ပြောလိုက်တယ်။

ဒါပေမယ့် မြေခွေးက
" ဒီမှာ ဟေ့လူ၊ ခင်ဗျားကို ကျုပ်မယုံဘူး ခင်ဗျားတို့လူတွေက ကောက်ကျစ် စဉ်းလဲတယ်၊
ကျုပ်တို့မြေခွေးတွေကိုလည်း ကောက်ကျစ် စဉ်းလဲတယ် ဆိုပြီး နာမည်ဖျက်တယ်။ ပြီးတော့ ခင်ဗျား
သိအောင် ပြောလိုက်မယ် ၊ ကျုပ်စားချင်တာ ငါးကြင်းရဲ့ ၀မ်းပျဉ်းသားဗျ။ ကျုပ်က ၀မ်းပျဉ်းသားကို
ရအောင်ကြံမှာ" လို့ပြောတယ်။

ဖျံကလည်း " ဒီမှာဗျ၊ ဟောဒီငါးကြင်းက ကျုပ်ရဲ့ငါးကြင်းဗျ၊ ဒီကောင်က ကျုပ်ရဲ့ငါးကြင်းကိုလုနေတာ
ကျုပ်က ငါးကြင်းတစ်ကောင်လုံး မရတောင် ၀မ်းပျဉ်းသားလေး စားရရင်ပဲ ကြေနပ်ပါပြီဗျာ။ ဒါကိုဒီ
ကောင်မြေခွေးက ၀မ်းပျဉ်းသားစားမယ် ပြောနေတာဗျ၊ လောဘကြီးတဲ့ကောင်ဗျာ" လို့ မကြေမနပ်
ရင်ဖွင့်ပြတယ်။

" ခင်ဗျား ရဲ့ တစ်ယောက် တစ်ခြမ်းစီဆိုတာကိုလည်း ကျုပ်သဘောမကျဘူး။ ဒါကြောင့် ယုန်ပညာ
ရှိဆီသွားမယ်၊ သူကဆုံးဖြတ်ရင်တော့ လက်ခံရမှာပေါ့ဗျာ" လို့ပြောသေးတယ်။
ဒါနဲပဲ ယုန်ဆီရောက်ရော ဆိုပါတော့ဗျာ။ အဲဒီမှာ ယုန်က အကျိုးအကြောင်းမေးတာပေါ့။
ဒီတော့ ဖျံက
" ယုန်ပညာရှိရယ်၊ ကျုပ်က ရေမှာ ကျင်လည်တဲ့ ကောင်ပါ။ ငါးဖမ်းတာကလည်း ကျုပ်ရဲ့ အလုပ်ပါ၊
ဒီငါးကြင်းကို ကျုပ်ကိုယ်တိုင် ရေထဲဆင်းဖမ်းတာဗျ၊ ငါကြင်းရတော့မှ ဒီကောင်က လာပြီး ၀မ်းပျဉ်း
သားလာတောင်းလို့ ရမလားဗျ။ ပြီးတော့ ယုန်ပညာရှိကြီးပဲစဉ်းစားကြည့်ပါဗျာ။ ဘယ်မြေခွေးကများ
ရေထဲဆင်းပြီး ငါးဖမ်းဖူးလို့လဲဗျ " လို့ပြောတယ်။
ဒီတော့ ယုန်က
' အေး ၊ မင်းပြောတာတော့ ဟုတ်တယ်၊ ဒါပေမယ့် မြေခွေးမှာလည်း လျှောက်လဲချက်ပေးဖို့
အခွင့်အရေးရှိတယ်။ ဒီတော့ မင်းက ဘာပြောချင်လဲ မြေခွေး '' လို့ မေးတယ်။
မြေခွေးက စပ်ဖြဲဖြဲနဲ့
" ယုန်ပညာရှိရယ် ၊ ဒီတောမှာ ခင်ဗျားရယ်၊ ဖျံရယ် ၊ ကျုပ်ရယ်နေတယ်ဗျာ။ တခြားအကောင်တွေ
လည်းရှိတယ်။ ကျုပ်က မြေခွေးဆိုတော့ အသားစားတယ်ဗျာ၊ ဒါပေမယ့် ကျုပ်ကခင်ဗျားတို့ကိုစား
လို့လား၊ ဖျံကိုလည်း လွှတ်ထားတာ ခင်ဗျား အမြင်ပဲ။ ကျန်တဲ့ အကောင်တွေဆိုလို့ကတော့ ကျုပ်
ကတွေ့တာနဲ့ စားပြီးသားဗျနော်။ ဒီတော့ ဖျံရတဲ့ ငါးကြင်းကို ကျုပ်လည်း မစားသင့်ဘူးလား။ ကျုပ်
က ရေထဲဆင်းပြီးငါးမဖမ်းတတ်လို့ဗျနော်။ နို့မို့ ကျုပ်ဟာကျုပ် ဆင်းဖမ်းမှာ၊ နောက်ပြီးဗျာ ဒီငါးကြင်း
တစ်ကောင်လုံးလည်း ကျုပ် မစားပါဘူး၊ ကျုပ်က ၀မ်းပျဉ်းသားလေးပဲ တောင်းတာပါ။ အင်းလေ-ခင်
ဗျား အခက်အခဲ ဖြစ်နေရင် တစ်ဝက်စီ ခွဲပေးချင်လည်း ပေးပေါ့။ ငါးကြင်းရဲ့ အသည်း ကလီစာတွေ
ကိုတော့ ခင်ဗျားပဲတရားစားရိတ်အနေနဲ့ ယူလိုက်ပါဗျာ။ ကျုပ်က ကြေနပ်ပါတယ်။ ကျုပ်ကလောဘ
မကြီးပါဘူး " လို့ပြောပြီး ယုန်ကို မသိမသာ မျက်စိ တစ်ဖက် မှိတ်ပြလိုက်တယ်။
ဒီတော့ ယုန်လည်း မျက်နှာဝင်းလက်သွားတယ်။ သူက ငါးကြင်းရဲ့အသည်းကလီစာတွေ ကိုမစားဘူး
ဆိုပေမယ့် တခြားသတ္တ၀ါတွေဆီမှာ ပြန်လဲလို့ ရတယ်လေ။ ဒီငါးကြင်းရဲ့ ကလီစာတွေဆိုလို့ကတော့
မုန်လာဥသုံးဥလောက် ကောင်းကောင်းရတာပေါ့။

ယုန်က-
" ကဲပါ ကဲပါ၊ ကျုပ်ပဲ အားလုံးအဆင်ပြေအောင် လုပ်ပေးလိုက်ပါ့မယ်" ဆိုပြီး ဖျံဘက်လှည့်ပြောတယ်။
" ဖျံရယ် မင်းပြောတာတော့မှန်တယ်ကွ၊ ငါးကမင်းဖမ်းတာမို့ မင်းပိုင်ပါတယ်။ ဒါပေမယ့် မြေခွေး ပြော
သလို မင်းအေးအေး ဆေးဆေး ငါးဖမ်းနိုင်တာလည်း မြေခွေးက စိတ်ကောင်းရှိနေလို့ကွ။ နို့မို့  မင်းရော
ငါရော၊ ငါးကြင်းရော မြေခွေးရဲ့ ဗိုက်ထဲရောက်နေပြီ၊ ဒီတော့ ငါးကြင်းကို မင်းနဲ့ မြေခွေးတစ်ယောက်
တစ်ခြမ်းစီ ယူသင့်တယ်ကွာ" လို့ပြောပြီး အလယ်က နေခွဲပေးလိုက်ပါတော့တယ်။
အဲဒီအချိန်ကစပြီး ယုန်ဟာ သတ္တ၀ါတွေကြားမှာ ရန်မပွားအောင် ညှိနှိုင်း ပေးနိုင်တဲ့ ပညာရှိကြီးအဖြစ်
ပုံပြင်ထဲမှာ နာမည် ကြီးလာခဲ့တာပေါ့ဗျာ။

အလင်းနှစ် (25.11.2011)


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...