Sunday, October 21, 2012

အမြော်အမြင်ကြီးပါ၊ သဘောထားကြီးပါ


by Ven Ravika on Thursday, October 18, 2012 at 1:12pm 

မွန်ကျောင်းကို မိုက်ကယ်မိသားစုကနေ ဝယ်လိုက်တာပါ။ မွန်ဒကာတွေက မြောက်ပိုင်းမှာပဲ နေကြတာများလို့ ကျောင်းမြေကို မြောက်ပိုင်းမှာပဲ ရှာနေခဲ့တယ်။ စိတ်ကြိုက်နေရာတွေ့ပေမယ့် ဈေးကြီးနေလို့၊ ဈေးတန်ပေမယ့် public hearing မှာ ဘာသာရေးအရ အသုံးပြုခွင့်မရလို့၊ ဈေးလည်းတန်၊ တတ်လည်းတတ်နိုင်၊ ဘာသာရေးအဆောင်အဦးလည်း ပြုခွင့်ရပေမယ့် အသင်းဆုံးဖြတ်ချက်အရ မပြည့်စုံလို့ ၂၀၀၇ ကနေ ၂၀၀၉ ခုအထိ နှစ်နှစ်ကြာခဲ့တယ်။ ၂၀၀၉ ခုမှာ လက်ရှိကျောင်းမြေကို ဝယ်ယူဖြစ်ခဲ့တယ်။

ဒီအိမ်နဲ့ခြံကို မိုက်ကယ်မိသားစုက ပိုင်ပါတယ်။ မိုက်ကယ်မိသားစုတို့က အေးအေးဆေးဆေး နေချင်ကြတယ်။ မြို့ပြင်ကို ပြောင်းသွားကြတယ်။ မိုက်ကယ်တို့ကို ရောင်းခဲ့တယ့် လောလ်လီမိသားစုတို့ကလည်း မြို့ပြင်မှာပါ။
လောလ်လီမိဘတွေက ကျောင်းရှေ့က မြေကွက်မှာ နေထိုင်နေကြတုန်းပါ။ ဒကာနာမည်ကလည်း မိုက်ကယ်ပါပဲ။ မိုက်ကယ်က ပြီးခဲ့တယ့်လမှာ ဆုံးပါးသွားရတယ်။ အသက်ကတော့ (၉၀)ကျော်ပါ။

သူတို့မိသားစုတွေက ကက်သိုလစ်ဘာသာဝင်တွေပါ။ စာရေးတို့ကျောင်းမြေကို အဆင့်ဆင့်ရောင်းခဲ့ပေမယ့် သံယောဇဉ်မကုန်ကြသေးပါ။ စာရေးသူ အားတယ့်အခါ သူတို့အိမ်ရှေ့ သွားပြီး စကားပြောဖြစ်ပါတယ်။ သူတို့က ကျောင်းမြေနဲ့ပတ်သက်ပြီး ရှေးဟောင်းနှောင်းဖြစ်တွေ မမောနိုင်မပန်းနိုင် ပြောပြရှာကြတယ်။ စာရေးသူက ကျောင်းမှာ မွမ်းမံမှုလုပ်ငန်းတွေ၊ စီမံကိန်းတွေ ပြောပြဖြစ်တယ်။ ကျောင်းမှာ လူများလို့ ဆူနေခဲ့ယင် ခွင့်လွှတ်ဖို့အကြောင်းလည်း တောင်းပန်ထားရတယ်။ စိတ်လွတ်ကိုယ်လွတ်နေပါ၊ စိုးရိမ်စရာမလိုပါလို့ သူတို့ပြောတော့ စိတ်အေးခဲ့ရတယ်။ နို့မို့ယင် အိမ်နီးချင်းတိုင်လို့ ရုံးကနား ရောက်နေရဦးမယ်။ သိတယ့်အတိုင်း ကိုယ့်လူတွေက တစ်ခါတလေ ထိန်းမနိုင်သိမ်းမရပါ။

ဒကာက ဆုံးသွားလို့ ဒကာမက သားသမီးတွေရဲ့နောက်ကို လိုက်သွားရပါတော့မယ်။ မသွားခင် ဒကာမနဲ့ သူ့မိသားစုတွေက စာရေးသူတို့ကျောင်းကို နောက်ဆုံးအနေနဲ့ လာကြည့်ချင်ပါတယ်။ စာရေးသူက ကျောင်းထဲရှိအခန်းများကို ပြတယ်။ သူတို့က ဘယ်နေရာဘာပစ္စည်း ရွှေ့သွားတယ်၊ ဘယ်နေရာ ဘာအရောင်ပြောင်းသွားတယ် အကုန်ပြောနိုင်တယ်။ ဒကာမကလည်း အသက် (၉၀)ဝန်းကျင်ပါ။ စာရေးသူအခန်းမှာ ကြီးပြင်းလာခဲ့တယ့် အသက်(၈၀)လောက် ဒကာကြီးက စာရေးသူတို့က အခန်းထဲကနေ ထွက်ခဲ့တာတောင် သူ ထွက်မလာသေးပါ။

သူတို့က ဓမ္မာရုံကိုလည်း သွားကြည့်ချင်ကြတယ်။ ဓမ္မာရုံမှာ ဘုရားနှစ်ဆူ ရှိတယ်။ တစ်ဆူက အိုဟိုင်ယိုက ဒကာကျော်လှုခဲ့တာပါ။ ဒုတိယတစ်ဆူက ပြီးခဲ့တယ့်အပတ်တုန်းက ဈေးမှာ အလှပြထားတာ အမြင်မတော်လို့ ဒကာတွေ ဝယ်လှူခဲ့တာပါ။ ဘုရားကို မြင်တော့လည်း သူတို့က ပုံမှန်ပါပဲ။ ဂိုဒေါင်ပြင်နေလို့ ဓမ္မာရုံမှာ ပုံနေတယ့် မွန်တူရိယာပစ္စည်းများကိုလည်း တွေ့သွားကြရာ အတော့်ကို စိတ်ဝင်စားသွားကြပါတယ်။ တီးတတ်သလား မေးတော့ လူတွေ တီးကြ၊ ကကြတာပါလို့ ဖြေလိုက်တယ်။

ဓမ္မာရုံကနေ အရှေ့ဘက်ကို လှမ်းကြည့်လိုက်တော့ သူတို့ဂိုဒေါင်(၃)ခုအနက် နောက်ဆုံးဂိုဒေါင်ကိုလည်း ဖြိုပြီး အသစ်ပြန်ဆောက်နေတာကို တွေ့ရလို့ အငယ်ဆုံးဒကာမက ဂိုဒေါင်ထဲက ပစ္စည်းတွေကို သွားကြည့်လို့ ရလား မေးတယ်။ ပြန့်ကျဲနေတယ့် ပစ္စည်းများကြားမှာ သူတို့ပစ္စည်းများကို ကောင်းကောင်းလက်ညှိုးထိုးပြောနိုင်ပါတယ်။

"ဟိုစဥ့်အိုးပေါ်ကပန်း အရမ်းလှတယ်"
အငယ်မစကားကို ကြားတော့ ဒကာမကြီးက
"ဘယ်မလဲ" လို့ မေးတယ်။

ကုလားထိုင်တစ်လုံးပေါ်မှာ တင်ထားတာ အမေတဲ့။ စာရေးသူက ကြည့်လိုက်တော့ ဟုတ်တယ်၊ ပန်းအိုးတစ်လုံးပဲ။ အမှတ်တရ သိမ်းထားချင်တယ်ဆိုယင် ကြိုက်တယ့်ပစ္စည်းတွေကို ယူသွားလို့ရတယ်လို့ စာရေးသူက ပြောတော့ သူတို့က ဝမ်းမြောက်ဝမ်းသာဖြစ်ကြတယ်။ ပန်းအိုးလေးတွေနဲ့ အခြားတိုလီမိုလီပစ္စည်းလေးများကို ကောက်ယူကြတယ်။ မိုက်ကယ်ညီ ဒကာတစ်ယောက်က သစ်တောလေးကို မျှော်ကြည့်ပြီး သူတို့မိဘတွေ ဒီနေရာကို ရောက်တုန်းက ကွင်းပြင်ပဲ ရှိတယ့်အကြောင်း၊ ဒီအပင်တွေအားလုံးကို သူတို့ပဲ စိုက်ခဲ့ကြကြောင်း၊ အခုလို အပင်တွေ ထူထူထောင်ထောင် ဖြစ်နေတာ မြင်လို့ ဝမ်းသာကြောင်း လွမ်းသံနဲ့ ပြောပြရှာတယ်။ စာရေးသူကလည်း ဒီအပင်တွေကို ထိန်းသိမ်းသွားမှာဖြစ်ကြောင်း ပြောလိုက်တယ်။

သူတို့ပြန်မယ်လုပ်တုန်း အဆိုပါဒကာက မြေအောက်ခန်းကိုလည်း ကြည့်ချင်သေးတယ်လို့ ပြောလို့ သူတို့အားလုံးက ဆင်းကြည့်ကြပါတယ်။ဒီလို Tour ပြပေးတာ ကျေးဇူးတင်တဲ့အကြောင်းပြောပြီး သူတို့ ကားပေါ် တက်ကြတယ်။ အဝေးကို ပြောင်းသွားခဲ့ပေမယ့် ဒီကျောင်းဟာ အများပိုင်ပါ၊ ကိုယ့်နေရာလိုပဲ သဘောထားလို့ ရပါတယ်၊ ဒီနေရာလေးကို လွမ်းယင် အချိန်မရွေး အလည်လာလို့ ရပါတယ်လို့ စာရေးသူက သူတို့ကို ဖိတ်မန္တက ပြုလိုက်တယ်။

သူတို့ပြန်သွားတော့ စာရေးသူက အတွေးယဉ်ကြောမှာ မျှောပါနေခဲ့တယ်။ သူတို့က ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ကြပါဘူး။ သူတို့ခြံဖြစ်ဖူးတယ့် ဒီနေရာလေး ဗုဒ္ဓဘာသာအဆောက်အဦးတွေနဲ့ ဖြစ်လာတာ၊ သူတို့နဲ့ လုံးလုံးမတူတယ့်ယဉ်ကျေးမှုတွေ နေရာယူလာတာကို ကန့်ကွက်ရကောင်းမှန်းမသိပါ။ အချိန်တိုအတွင်း ဒီလောက်တိုးတက်အောင် လုပ်နိုင်တာကို မချီးကျူးဘဲ မနေနိုင်ကြောင်းလည်း ပြောသွားကြသေးတယ်။

ဖို့ဝိန်းမြို့မှာ ဘာသာတရားပေါင်း အနည်းဆုံး(၉)ခု ရှိပါတယ်။ ကက်သိုလစ်၊ ခရစ်ယာန်၊ ဗဟာအီ၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ မူစလင်၊ အင်ဒီယန် အစရှိသည် ရှိပါတယ်။ ဘာသာတရားများ ညီညီညွတ်ညွှတ် နေကြဖို့ အဓိကဦးဆောင်လှုံ့ဆော်သူများမှာ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များဖြစ်ကြပါတယ်။ အစည်းအဝေးတွေ ခေါ်တယ်။ သူတို့နားမလည်တယ့်ဘာသာတရားများအပေါ်မှာ သူတို့ဘာသာဝင်တွေ အမှားမၜလုပ်မိအောင် ဘာသာတိုင်းလိုလိုကို ဘုရားရှိခိုးကျောင်းမှာ ဟောပြောစေတယ်။ ဘုရားရှိခိုးကျောင်းမှာ ဗုဒ္ဓဘာသာအကြောင်းကို သင်တယ်၊ သူတို့သင်တာ ဟုတ်မဟုတ် သိရအောင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးကို ဟောပြောစေပြီး မေးခွန်းတွေ မေးခိုင်းလေ့ရှိတယ်။

ခရစ်ယာန်တက္ကသိုလ်များကလည်း မိမိကျောင်းသူကျောင်းသားများကို နှစ်စဉ်နှစ်တိုင်း လေ့လာရေးခရီး ထွက်ခိုင်းတယ်။ ဗုဒ္ဓဘာသာကျောင်းကန်များ၊ ဟိန္ဒူကျောင်းကန်များ အစရှိသည် သွားရောက်လေ့လာကြတယ်။ မေးခွန်းတွေ မေးကြတယ်။ အချက်အလက်တွေ စုဆောင်းကြတယ်။ လူကြီးလူကောင်းဆန်ဆန် ပြုမူကြတယ်။ ဝေဖန်ပုတ်ခတ်ခြင်း အလျဉ်းမရှိ။ ဘာသာတရားတစ်ခုကနေ အတုယူစရာများကို မရမက ယူသွားကြတယ်။

အမေရိကန်ပြည်ထောင်စုမှာ လူမျိုးရေးအရ မခွဲခြားဖို့၊ ဘာသာရေးအရ မချိုးနှိမ်ဖို့၊ လိင်အရ အဆင့်မခွဲဖို့ မနည်းကြိုးစားခဲ့ရတယ်။ အရင်တုန်းက အမေရိကန်ပြည်ထောင်စုဆိုသည်မှာ အချင်းချင်းသတ်ကြ၊ ဖြတ်ကြနဲ့ အင်မတန်ဘဝကြမ်းခဲ့ပါတယ်။ စာရေးဆရာမ ကက်သရင်း မာရှောလ် ရေးတယ့် ဝတ္ထုတွေမှာ ဒီအကြောင်း တွေ့ရတတ်ပါတယ်။ စာရေးဆရာမ ကက်သရင်းမာရှောလ်ဝတ္ထုကို အခြေခံပြီး ရိုက်ထားတယ့် ခရစ္စတီ ဆိုတယ့်ရုပ်မြင်ဇာတ်လမ်းတွဲမှာ မြင်ဖူးတယ်။ တင်နက်ဆီပြည်နယ် ဘလူရစ်ဂ်ျတောင်တန်းဒေသကို အခြေပြုရိုက်ထားတယ့် ဇာတ်လမ်းတွဲပါ။ အဲဒီမှာ ခရစ်ယာန်တွေ အယူသည်းပုံကတော့ ခရစ်ယာန်အချင်းချင်းတောင် စုစည်းဖို့ ဘယ်လောက်ခက်ခဲတာကို သရုပ်ဖော်ထားတယ်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ နေနေတယ့် အမေရိကန်ပြည်ထောင်စုကို ယဉ်ကျေးမှုမြင့်မားအောင် လုပ်နိုင်ခဲ့ခြင်းမှာ အံ့သြစရာကောင်းလှတယ်။ အမေရိကန်ပြည်ထောင်စုဟာ အခြေခံဥပဒေကောင်းခဲ့တယ်၊ အစိုးရကောင်းခဲ့တယ်၊ ဘာသာရေးခေါင်းဆောင်တွေ အမြော်အမြင်ကြီးခဲ့တယ်၊ ပြည်သူပြည်သားတွေ ကြိုးစားခဲ့ကြတယ်။

မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကောင်းခဲ့ယင်တောင် လူမျိုးရေးပဋိပက္ခများ၊ ဘာသာရေးပဋိပက္ခများ ချုပ်ငြိမ်းပြီး စုစည်းညီညွတ်တယ့် ပြည်ထောင်စုကြီးတစ်ခုဖြစ်ဖို့ အချိန်အများကြီး ယူကြရဦးမှာဖြစ်ပါတယ်။ လူမျိုးအချင်းချင်း တန်းတူဆက်ဆံကြဖို့၊ ဘာသာတရားအချင်းချင်း လေးစားကြဖို့ မလွယ်သေးတာကတော့ အမှန်အကန်ပါပဲ။


(ဒီဆောင်းပါးပါအမည်များမှာ အမည်ရင်းများမဟုတ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...