အချစ် မိုးကောင်းကင်
by Mya Than Tint on Saturday, October 20, 2012 at 8:31pm ·
မြန်မာပြန်သူ၏ အမှာစာ
၁၉၉၂ ခုနှစ် ကုန်လောက်တွင် နိုင်ငံခြားမှ မိတ်ဆွေ တစ်ဦးက စာအုပ်တစ်အုပ် ပို့လိုက်သည်။ စာအုပ်မှာ အချစ် မိုးကောင်းကင် ဟူသော အမည်ဖြင့် ကျွန်တော် ယခု မြန်မာပြန်သည့် စာအုပ် အင်္ဂလိပ် မူရင်း ဖြစ်သည်။ ရေးသူမှာ ပြင်သစ် စာရေးဆရာ ဒေါမနစ် လာပီယဲ ဖြစ်သည်။
လွန်ခဲ့သည့် လေး ငါး နှစ်တုန်းက လာပီယဲ ရေးသည့် စာအုပ်တစ်အုပ်ကို သုခမြို့တော် အမည်ဖြင့် ကျွန်တော် မြန်မာပြန်ခဲ့ဖူးသည်။ ကျွန်တော့် မိတ်ဆွေသည် ကျွန်တော် မြန်မာ ပြန်သည့် သုခမြို့တော်ကို ဖတ်ဖူးသဖြင့် ယခု စာအုပ်ကိုလည်း ကြိုက်လျှင် မြန်မာပြန်ရန် အမှတ်တရ ပို့လိုက်ခြင်း ဖြစ်သည်။
ကျွန်တော့် မိတ်ဆွေမှာ အမေရိကန် တက္ကသိုလ်များနှင့် အင်္ဂလန်တက္ကသိုလ်များမှ ပါရဂူဘွဲ့များ ရပြီးနောက် ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုတွင် အလုပ် လုပ်နေသူ ဖြစ်သည်။
သူနှင့် ကျွန်တော်သည် ရန်ကုန် တက္ကသိုလ်သို့ တစ်နှစ်တည်းရောက်ကြသည်။ တစ်ဆောင်တည်း နေခဲ့ကြသည်။ သူက စာပေကို ဝါသနာ ပါသည်။ အထူးသဖြင့် ဂီတကို ဝါသနာ ပါသည်။
လရောင် ဝင်းပသော တက္ကသိုလ် ညများတွင် ကျွန်တော်တို့တစ်တွေ တယော၊ သို့မဟုတ် မင်ဒိုလင် တစ်လက်ဖြင့် တီးခတ်ခဲ့ကြဖူးသည်၊ သီဆိုခဲ့ကြဖူးသည်။ သူသည် သိပ္ပံဘာသာကို ယူသော်လည်း သူ့စိတ်ဝင်စားမှု၊ သူ့ပုံပန်း သဏ္ဌာန်၊ သူ့အတွေး၊ သူ့ ခံစားချက်တို့မှာ အနုပညာသမားဘက်သို့ တိမ်းညွတ်သည်။
ကျောင်းကထွက်တော့ ကျွန်တော်တို့နှစ်ယောက် လူချင်း ကွဲကွာသွားကြသည်။ သို့ရာတွင် အဆက်အသွယ်ကတော့ မပြတ်ပါ။
သူသည် တက္ကသိုလ်တွင် ဆရာလုပ်သည်။ ထို့နောက် ၁၉၅၅ ခု တစ်ဝိုက်တွင် အမေရိကန် တက္ကသိုလ် တစ်ခုသို့ သွားတက်ပြီး ပါရဂူဘွဲ့တစ်ခု ရလာခဲ့သည်။ အပြန်တွင် အမေရိကန်ပြည်ထောင်စုတွင် ထုတ်ဝေသည့် လူထုနှင့်ပင်မရေစီး မဂ္ဂဇင်းတွေ အုပ်တစ်ရာကျော်လောက် ပါလာပြီး ကျွန်တော့်ကို လက်ဆောင်ပေးသည်။ လူထုနှင့်ပင်မရေစီး မဂ္ဂဇင်းများမှာ အမေရိကန်ပြည်ရှိ လက်ဝဲ အနုပညာသည်များ ပါဝင်ရေးသားလေ့ရှိပြီး ဝတ္ထုတို၊ကဗျာ၊စာပေ သဘောတရား၊ ရုပ်ရှင်၊ ဂီတ ဝေဖန်ချက် စသည်တို့ ပါဝင်လေ့ ရှိသည်။
ကျွန်တော့်မိတ်ဆွေသည် သူကိုယ်တိုင် လက်ဝဲသမားတစ်ဦး မဟုတ်သည့်တိုင် ထိုမဂ္ဂဇင်းများကို ဝယ်လာပြီး လက်ဆောင်ပေးတတ်သည်။
ထို့နောက် သူ လန်ဒန်တက္ကသိုလ်သို့ သွား၍ ပါရဂူဘွဲ့တစ်ခု ယူပြီး ပြန်အလာတွင်လည်း လန်ဒန်မှ ထုတ်ဝေသော မော်ဒန် ကွာတာလေး မဂ္ဂဇင်းများကို ယူလာတတ်သည်။ မော်ဒန် ကွာတာလေး မဂ္ဂဇင်းမှာလည်း အင်္ဂလိပ် လက်ဝဲ ပညာရှင်များ ပါဝင် ရေးသားလေ့ရှိသည့် မဂ္ဂဇင်း ဖြစ်သည်။ သိပ္ပံပညာ၊ အနုပညာ၊ ဗိသုကာ ပညာ၊ ဒဿနိကဗေဒ၊ ဘောဂဗေဒ စသည့် ဘာသာရပ်များကို လက်ဝဲ အမြင်နှင့် ဆွေးနွေး ရေးသားတင်ပြထားသည့် ဆောင်းပါးများ ပါဝင်တတ်သည်။
၇၀ ပြည်လွန် နှစ်များ အတွင်း 'ဘဝတက္ကသိုလ်' မှ ကျွန်တော် ပြန်လာသည့် အခါတွင် ကျွန်တော့် မိတ်ဆွေမှာ နိုင်ငံခြား တက္ကသိုလ်တစ်ခုတွင်၊ ထို့နောက် ကုလသမဂ္ဂ အဖွဲ့အစည်း တစ်ခုတွင် အလုပ် လုပ်နေသည်။
ကျွန်တော့်မိတ်ဆွေသည် မြန်မာပြည်သို့ ပြန်လာလျှင်လည်း ဖတ်ကောင်းမည် ထင်သည့် စာအုပ်တွေကို ဝယ်လာတတ်သည်။ ၁၉၉၀ ပြည်နှစ်လောက်တုန်းက ကျွန်တော် မြန်မာပြန်သည့် သုခမြို့တော်ကို ဖတ်ရသဖြင့် ယခု လာပီယဲ ရေးသည့် အချစ်မိုးကောင်းကင် (Beyond Love) ကို ဝယ်ပို့လိုက်ခြင်း ဖြစ်သည်။
အချစ်မိုးကောင်းကင် - မြသန်းတင့် - ၁၉၉၅ ခုနှစ် အမျိုးသားစာပေဆု (ဘာသာပြန်)
ကျွန်တော်သည် လာပီယဲ၏ ဝတ္ထုကို မြန်မာပြန်ကာ မဟေသီ မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။ ၁၉၉၃ ခု ဧပြီလမှ ၁၉၉၅ ခု ဖေဖော်ဝါရီလအထိ ၂၃ လ ကြာသည်။
သူသည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော မူရင်းကို ဆုံးအောင် မဖတ်ဖူးသေးကြောင်း၊ မြန်မာပြန် အချစ်မိုးကောင်းကင် ကို မဟေသီမဂ္ဂဇင်းတွင် လစဉ် စောင့်ဖတ်နေသည်ဟု နိုင်ငံခြားမှ စာ ရောက်လာသည်။ အဆုံးပိုင်းကိုတော့ မြန်မာပြန်ပြီးမှ မဟေသီတွင် စောင့်ဖတ်မည်ဟု စာထဲတွင် ပါသည်။
သူ့စာ ရသည့် အချိန်တွင် ကျွန်တော့် မြန်မာပြန်သည် တစ်ဝက်သာသာခန့်၊ တစ်နှစ်ကျော်ကျော်ကလေးသာ ရှိသေးသည်။ ထို့နောက်တွင်မူ သူ့ထံမှ ဘာစာမျှ မရတော့။
သူသည် ၁၉၉၄ ခုနှစ်လယ် လောက်တွင် လန်ဒန်ဆေးရုံတစ်ရုံတွင် ကွယ်လွန် အနိစ္စ ရောက်သွားခဲ့သည်။
မဟေသီ မဂ္ဂဇင်းတွေ ဖတ်ဖူးသူများ သိကြသည့်အတိုင်း အချစ် မိုးကောင်းကင် ဝတ္ထုသည် အနောက်နိုင်ငံများတွင် ခေတ်စားနေသော မှတ်တမ်းဝတ္ထု ပုံစံ ဖြစ်သည်။ ဝတ္ထုထဲတွင် ပါဝင်သူ ပုဂ္ဂိုလ်အချို့သည် တကယ် သက်ရှိထင်ရှား ရှိသူများ ဖြစ်ကြသည်။
ဥပမာအားဖြင့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဘရင်ဂျီ သီလရှင် မာသာ ထရီဇာ၊ ကိုယ်ခံအား ကျဆင်းမှု ရောဂါ လက္ခဏာချက်ကို ပထမဆုံး စတင် တွေ့သူ ကိုယ်ခံအား ဗေဒ ပညာရှင် ဒေါက်တာ မိုက်ကယ် ဂေါ့လိယက်၊ အိတ်ခ်ျအိုင်ဗွီပိုးကို စတင် တွေ့ရှိသူများဖြစ်ကြသော အမေရိကန် ပညာရှင် ဒေါက်တာ ရောဘတ် ဂါလို နှင့် ပြင်သစ် ပညာရှင် လတ် မွန်တိန်းနီးယား စသူတို့ ဖြစ်သည်။
ရောဘတ် ဂါလို သည် ရက်ထရို ဗိုင်းရပ်စ် ပါရဂူ အမေရိကန်လူမျိုး။ ရောဘတ် ဂါလိုက ကိုယ်ခံအား ကျဆင်းစေသည့် ဗိုင်းရပ်စ်ပိုးကို သူ တွေ့သည်ဟု ကြေညာသည်။ သူ တွေ့သော ဗိုင်းရပ်စ်ပိုး၏ အမည်ကို human T-lymphocyte leukemia virus = HTLV ဟု အမည် ပေးသည်။
အမေရိကန်တို့က ရက်ထရို ဗိုင်းရပ်စ်ပိုးကို သုတေသန လုပ်နေကြသလို ပြင်သစ် ပညာရှင်တို့ကလည်း သုတေသန လုပ်နေကြသည်။ သူတို့ ခေါင်းဆောင်မှာ ဗိုင်းရပ်စ်ပိုး ပါရဂူ လတ်မွန်တိန်းနီးယား ဖြစ်သည်။
ပြင်သစ်တို့က သူတို့ တွေ့သည့် ဗိုင်းရပ်စ်ကို lymphadenopathy associated virus = LAV ဟု နာမည်ပေးသည်။
သို့ဖြင့် သူ တွေ့သည်၊ ငါ တွေ့သည်၊ သူ မူပိုင် ဖြစ်သည်၊ ငါ မူပိုင် ဖြစ်သည် ဆိုသည့် အငြင်းပွားမှုသည် ပြင်သစ်နှင့် အမေရိကန် ပညာရှင်များ ကြားတွင် တစ်နှစ်လောက် မုန်တိုင်း တိုက်ခဲ့သည်။
နောက်ဆုံးတွင် နိုင်ငံတကာ ကော်မတီ တစ်ခုက ပြင်သစ်တို့ ပေးထားသော အမည်နှင့် အမေရိကန်တို့ ပေးထားသော အမည် နှစ်ခုစလုံးကို ပယ်ဖျက် ပစ်လိုက်ကာ human immuno-deficiency virus = HIV ဟု အမည် ပေးလိုက်သည်။ ယင်းမှာ၁၉၈၆ ခုနှစ် ဖြစ်သည်။
၁၉၈၇ ခုနှစ်တွင် အမေရိကန် သမ္မတ ရေဂင်နှင့် ပြင်သစ် ဝန်ကြီးချုပ် ဂျက် ချီရတ်တို့ ထိုကိစ္စ အတွက် တွေ့ဆုံ ဆွေးနွေးကာ ဝါရှင်တန်တွင် သဘောတူညီချက်တစ်ခုကို လက်မှတ် ထိုးကြသည်။ ထို သဘောတူညီချက်အရ အေအိုင်ဒီအက်စ် ရောဂါပိုးကို ရှာဖွေတွေ့ရှိမှုအတွက် အမေရိကန်နှင့်ပြင်သစ် အဖွဲ့နှစ်ဖွဲ့စလုံးကို အသိအမှတ်ပြုသည်။
ယင်းသို့ဖြင့် ဗိုင်းရပ်စ် ပညာရှင်တို့၏ အကြားက မုန်တိုင်းသည် ရပ်စဲ သွားခဲ့သည်။
၁၉၉၂ ခုနှစ်က စာရင်းများအရ ယနေ့အချိန်တွင် ခြောက်သန်းနှင့်ဆယ်သန်းကြားရှိ လူများသည် အေအိုင်ဒီအက်စ် ရောဂါ (အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပိုး) စွဲကပ်နေကြသည်။
အမျိုးသမီး နှစ်သန်းနှင့် ကလေးငယ်ပေါင်း နှစ်သိန်းတို့သည် အေအိုင်ဒီအက်စ် ရောဂါ စွဲကပ်နေကြသည်။ အာဖရိကတိုက် အချို့သော နေရာများတွင် လူဦးရေ၏ ဆယ်ရာနှုန်းသည် အေအိုင်ဒီအက်စ် ရောဂါ စွဲကပ်နေကြသည်။
ဟေတီမှ မိဘမဲ့ ဂေဟာများတွင် ကလေး နှစ်ယောက် အနက် တစ်ယောက်သည် ရောဂါပိုး သယ်ဆောင်သူ ဖြစ်နေသည်။
သက္ကရာဇ်၂၀၀၀ တွင် လူ သန်း ငါးဆယ်တို့သည် အေအိုင်ဒီအက်စ် သယ်ဆောင် လာသူများ ဖြစ်ကြလာလိမ့်မည် ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားသည်။
ယင်း သက္ကရာဇ်၂၀၀၀ အရောက်တွင် အေအိုင်ဒီအက်စ် ရောဂါစွဲကပ်သူ ခြောက်သန်း ရှိနေမည်ဟု ခန့်မှန်းရသည်။
ယင်းမှာ ၁၉၉၂ ခုနှစ်က တွက်ချက်ထားသည် ခန့်မှန်းခြေ ဖြစ်သည်။ ယခု အချိန်တွင် အေအိုင်ဒီအက်စ် ရောဂါ စွဲကပ်သူ၊အိတ်ခ်ျအိုင်ဗွီပိုး တွေ့ရှိသူ အရေအတွက်သည် မျှော်မှန်းသည်ထက် များပြားနေကြောင်းကို တွေ့ရသည်။
အေအိုင်ဒီအက်စ် ရောဂါသည် ကူးစက် ပြန့်ပွားရောဂါ ဖြစ်သဖြင့် ကပ်ရောဂါကြီး တစ်ခု ဖြစ်လာခဲ့သည်။ အာဖရိကတိုက် ပြီးလျှင် အာရှတိုက်သည် ဒုတိယ လိုက်နေသည်။
အေအိုင်ဒီအက်စ် ရောဂါ တိုက်ဖျက်ရေးနှင့် ပတ်သက်၍ နိုင်ငံအသီးသီးမှ အစိုးရများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေး ဝန်ထမ်းများသည် အထူး အာရုံ စိုက်၍ ဆောင်ရွက်နေကြသည်။
ထိုရောဂါ တိုက်ဖျက်ရေးသည် သူတို့နှင့် မလုံလောက်။ လူထု ကိုယ်တိုင်က ကျန်းမာရေး အသိပညာ ကျယ်ပြန့်လာမှ၊ လူထု ကိုယ်တိုင် သိစိတ် ရှိရှိဖြင့် ပါဝင်လာမှသာ ပို၍ ထိရောက် အောင်မြင်နိုင်သည်။
အချစ် မိုးကောင်းကင် သည် ထို ကြီးမားသော လုပ်ငန်းကြီးတွင် သဲတစ်ပွင့်စာလောက်မျှ အထောက်အကူ ပေးနိုင်သည် ဆိုလျှင် ဤစာအုပ်ကို မြန်မာပြန်ရကျိုး နပ်ပြီဟု ကျွန်တော် ယူဆပါသည်။
ဤစာအုပ်ကို မြန်မာပြန်ရန် မူရင်းကို အမှတ်တရ ပို့ပေးသော ကွယ်လွန်သူ ကျွန်တော့်မိတ်ဆွေကို လည်းကောင်း၊ အခန်းဆက် အဖြစ် ဖော်ပြပေးခဲ့သော မဟေသီ မဂ္ဂဇင်းကို လည်းကောင်း၊ ဤစာအုပ်ကို ပုံနှိပ် ထုတ်ဝေသော ဘဝတက္ကသိုလ် စာအုပ်တိုက်ကို လည်းကောင်း ကျေးဇူးတင်ကြောင်း ဖော်ပြပါသည်။
မြသန်းတင့်
၃၀၊ ၁၁၊ ၉၅။
0 comments:
Post a Comment