မိတ်ဆွေစစ်ရနိုင်ကြပါစေ
by Ma Nandar on Saturday, October 20, 2012 at 8:45am
ကျွန်ုပ် face bookကို သုံးလာတာ ၃နှစ်နီးပါးရှိပြီဆိုပါတော့။ Friend listမှာ အခုဒီစာကိုရေးနေတဲ့အချိန်အထိ Friends(4,655)ရှိနေတယ်။
Friendsဦးရေ (၁)ထောင်လောက်အထိတော့ ပုထုစဉ်ပီပီ မြင်သမျှတွေ့သမျှ friend request ဟူသမျှ confirm ချည်းပဲပေါ့။ (၁)ထောင်ကျော်တော့ နည်းနည်းလန့်လာတယ်။ နည်းနည်းလည်း ဆင်ခြင်ပြီး confirmတော့တယ်။
ဆင်ခြင်နေရင်းကပဲ ၂ထောင်၊ ၃ထောင်ကျော်သွားတော့ ကိုယ့်ဖာသာကိုယ် သတ်မှတ်ချက်ကလေးထားပြီး confirmလုပ်ရင်းက အခုဆို (၄)ထောင်ကျော်သွားတယ်။
တချို့က friendများတာကို ဂုဏ်ယူတတ်ကြတယ်။ ကျွန်ုပ်ကတော့ (အရင်တုန်းက) friendများလာရင် ငါတော့ မိတ်ဆွေတွေအများကြီးရလာပြီးဆိုပြီး ပျော်တယ်။
ပြည်ပမှာ အနေကြာတဲ့သူအတော်များများဟာ အနည်းနဲ့အများတော့ မိတ်ဆွေငတ်ကြတာပဲလေ။ အထူးသဖြင့် မြန်မာပြည်က မိတ်ဆွေအသစ်တွေရရင် တအားပျော်ခဲ့တယ်။
လက်သည်းခွံလောက်ရှိတဲ့ profileပုံသေးသေးလေးထဲက မိတ်ဆွေတွေကိုပဲ တကယ့်အပြင်မှာတွေ့ရသလို အားရပါးရ စကားတွေပြော၊ စလိုက်နောက်လိုက်နဲ့ စိတ်ရင်းနဲ့ ခင်မိတယ်။
တချို့ဆို message ကတဆင့် ဖုန်းနဲ့ စကားပြောဖြစ်တဲ့အဆင့်အထိ ရောက်သူလည်းရှိတယ်။
ဖုန်းကတဆင့် စာပို့၊ ပါဆယ်ပို့ အဆင့်အထိရောက်သူလည်း ရောက်တယ်။
တိုကျိုတမြို့ထဲမှာ နှစ်ပေါင်းများစွာ အတူနေလာပြီး မသိကြဘဲ face bookကမှတဆင့် အပြင်မှာ မိတ်ဆွေဖြစ်သွားတာလည်းရှိတယ်။
ကျွန်ုပ်ကို ကူညီတာလည်းရှိတယ်။ ကျွန်ုပ်က ကူညီတာလည်းရှိတယ်။
ကျွန်ုပ်ကတော့ face bookထဲမှာ ကျွန်ုပ်မိတ်ဆွေတဦးဦး မတရားအပြောခံနေရရင် ဝင်ကူပြောပေးတယ်။
ရိုင်းရိုင်းစိုင်းစိုင်း မဟုတ်ပေမယ့် မိတ်ဆွေဘက်က မခံနိုင်လို့ ရန်တွေ့တဲ့အခါလည်း တွေ့လိုက်တာပဲ။
မိတ်ဆွေလုပ်သူက မှားနေရင်လည်း messageထဲကနေ မှားနေကြောင်းသွားပြောပြီး ကောင်းနိုးရာရာ အကြံပေးတာမျိုးလည်း လုပ်ဖူးတာပဲ။
တချို့မိတ်ဆွေများအတွက်ဆို ကြားထဲက အချောင်နေရင်း အဆဲတောင် ခံလိုက်ရတာမျိုးရှိပါတယ်။
တချို့ဆို ကျွန်ုပ်ကို လိုအပ်တုန်းက အကူအညီတွေတောင်းပြီး မလိုအပ်တော့ ကျွန်ုပ်ဘက်ကို မငဲ့ဘဲ လုပ်ချင်ရာလုပ်သွားလို့ ကျွန်ုပ်မှာ နောက်ကနေ အိတ်စိုက်ပြီး ဖြေရှင်းရတာမျိုးလည်း ရှိခဲ့ပါတယ်။ ပြီးတော့ ဆောရီး မနန္ဒာရေ...ဆိုတာမျိုးနဲ့ ပြီးသွားတာမျိုးလည်း ကြုံဖူးခဲ့ပါပြီ။
တချို့ဆို ကျနော်(သို့) ကျမကို ဘယ်သူက ဘယ်လိုရန်လာရှာနေပါတယ်။ ဘယ်မှာ ဖိုက်(fight)နေပါတယ်။ လိုက်ပြောပေးပါဆိုပြီး messageကနေ အကူအညီတောင်းတယ်။
ကျွန်ုပ်က အကျိုးသင့်အကြောင်းသင့် လိုက်ပြောတဲ့အခါ၊ ရန်ကူဖြစ်ပေးတဲ့အခါကျရင်တော့ လူတွေရှေ့မှာတော့ ခပ်တည်တည်နဲ့ ကျွန်ုပ်commentကို likeတချက်ပေးလိုက်တယ်။ messageထဲမှာတော့ ငိုတော့မတတ် ကျေးဇူးတင်တတ်ကြတဲ့ နာမည်ကျော်ကြီးများနဲ့လည်း ကြုံဖူးပါတယ်။
အဲသည့် (၄၆၅၅)ယောက်သော မိတ်ဆွေထဲမှာ ကျွန်ုပ်က စပြီး မိတ်ဆွေအဖြစ် ကမ်းလှမ်းတာ လွန်ရောကျွံရောရှိ အယောက်(၁၀၀)လောက်ပါပဲ။
ဒါပေမယ့် ဒါပေမယ့်ပေါ့လေ.....
အပြင်လောကမှာ မဆိုထားနဲ့ face bookထဲမှာပဲ
ကျွန်ုပ်နဲ့ တစုံတယောက်နဲ့ စကားအခြေအတင် ဖြစ်တဲ့အခါမျိုးတွေမှာ၊ တစုံတယောက်က ကျွန်ုပ်ကို အသားလွတ်ကြီး ရန်စခြင်း၊ မဟုတ်တာတွေ လုပ်ကြံပြောခြင်းစသဖြင့် အတိုက်အခံတွေ ဖြစ်လာပြီဟေ့ဆိုရင် အဆိုပါ (၄)ထောင်ကျော်သော မိတ်ဆွေထဲမှ အယောက်(၄၀)ပြည့်အောင်တောင် ကျွန်ုပ်ရပ်တည်သလို မိမိမိတ်ဆွေတယောက်အပေါ်မှာ ရပ်တည်ပေးတာ မတွေ့ရပါဘူး။
ကျွန်ုပ်ရပ်တည်သလို ရပ်တည်ပေးတဲ့ မိတ်ဆွေဟာ အယောက်(၄)ထောင်ကျော်ထဲကနေ (၄၀)ယောက်လောက်တောင် ထွက်လာတာ မတွေ့ဖူးသေးပါဘူး။
သိပ်အခြေအတင်ဖြစ်နေရင် လွန်ရောကျွံရော likeလုပ်ခြင်းဖြင့် အားပေးတာလောက်ပါပဲ။ (ဒါတောင် မေ့သလောက်ရှိရင် likeပြန်ဖြုတ်တာမျိုးလည်း တွေ့ဖူးခဲ့ပါတယ်)
face bookမှာပဲဖြစ်ဖြစ်၊ အပြင်လောကမှာပဲဖြစ်ဖြစ် လူတယောက်နဲ့ မိတ်ဆွေဖွဲ့တော့မယ်ဆိုရင် "ငါဟာ မိတ်ဆွေကောင်း ပီသအောင်နေမယ်"ဆိုတဲ့ အသိစိတ်နဲ့ မိတ်ဆွေဖွဲ့လာတာ မဟုတ်ဘူးလားလို့ မေးရမလိုဖြစ်နေပါတယ်။
တချို့များဆို ဆဲချင်လို့ friend လာလုပ်တာတောင်ရှိပါတယ်။ ဘယ်လို စိတ်ဓါတ်မျိုးတွေမှန်းတောင် မတွေးတတ်အောင်ပါပဲ။
ကျွန်ုပ်ကတော့ face bookပေါ်မှာတင်မဟုတ်ပါဘူး။ ဘယ်မှာပဲဖြစ်ဖြစ် လူတယောက်နဲ့ မိတ်ဆွေဖြစ်ရင် အတတ်နိုင်ဆုံး ထိုသူအတွက် မိတ်ဆွေကောင်းတယောက်ဖြစ်အောင် နေပါတယ်။ မနှစ်သက်တဲ့လူကိုလည်း မိတ်ဆွေမဖွဲ့ပါဘူး။ ရန်လည်းမလုပ်ပါဘူး။
ဒီစာကိုဖတ်ပြီး မနန္ဒာ ခင်ဗျားကို ကျနော်(သို့)ကျမက မိတ်ဆွေကောင်းပီသပါရက်နဲ့ ခင်ဗျားက ဘယ်လို ဒုက္ခပေးသွားတာလေဆိုတဲ့ မိတ်ဆွေမျိုးကျွန်ုပ်ဆီမှာ မရှိဘူးလို့ ရဲရဲကြီးအာမခံရဲပါတယ်။
give and takeလို့ သဘောမထားပေမယ့် ကျွန်ုပ် တစုံတယောက်ဆီက တခုခုရရင် ထိုက်တန်တဲ့ တခုခု ပြန်ပေးဆပ်ပါတယ်။ ဘာကိုမှ ဘယ်သူ့ဆီကမှ အလကားမယူဘူး။ တုန့်ပြန်မှုက နောက်ကျခဲ့ရင် ကျေနပ်တဲ့အထိ တောင်းပန်တယ်။
အချုပ်ပြောရရင် အခုတော့ ကျမသိပြီ လို့ပဲဆိုရမှာပဲ။ ကျွန်ုပ်face bookမှာ မိတ်ဆွေ(၄၅၀၀)ကျော်နေပေမယ့် ကျွန်ုပ်တကယ်ရလိုက်တဲ့ မိတ်ဆွေစစ်က ၃နှစ်အတွင်းမှာ အယောက်(၄၀)တောင် မရှိပါလားလို့။
ကျွန်ုပ်friend listထဲမှာရှိကြတဲ့ မိတ်ဆွေ အားလုံး မိတ်ဆွေစစ် မိတ်ဆွေမှန်များနဲ့ တွေ့နိုင်ကြပါစေ။
အေးနန္ဒာအောင်
2012.Oct.20.
0 comments:
Post a Comment