ငါ့ရင်ဘတ်ပေါ် အပင်ပေါက်နေတဲ့ ၀ါကျများ
by မောင်သစ်ဝေ (မြင်းခြံ) on Sunday, October 7, 2012 at 8:25am ·
မျက်ရည်တွေက ဆာလောင်နေတယ်
ဆာလောင်ခြင်းက ခိုကိုးရာမဲ့နေတယ်
ခိုကိုးရာမဲ့သူတွေက ကျည်ဆန်တွေကြားမှာရောက်နေတယ်
ကျည်ဆန်တွေက ငြိမ်းချမ်းရေးလက်မှတ်ထိုးနေတယ်
ငြိမ်းချမ်းရေးလက်မှတ်တွေက ဒုက္ခိတစာရွက်ပေါ်မှာ ရောက်နေတယ်
ဒုက္ခိတတွေက နယ်စပ်ဒေသတွေမှာ ရှင်သန်နေတယ်
ဖေ့စ်ဘုတ်တွေကလည် သယ်ဆောင်လာတယ်
ဂျာနယ်တွေကသယ်ဆောင်လာတယ်
ဘလော့ဂ်တွေကသယ်လာတယ်
လေလှိုင်းတွေကသယ်လာတယ်
ငါ့ရင်ဘတ်ပေါ်အပင်ပေါက်နေတယ်
ဒီဝါကျတွေက လွှတ်တော်ရင်ခွင်မှာ မပေါက်ဘူးလား
ဒီဝါကျတွေက သမ္မတရုံးမှာ မပေါက်ဘူးလား
ဒီဝါကျတွေက ကုလသမဂ္ဂမှာ မပေါက်ဘူးလား
ဒိဝါကျတွေက အန်နယ်ဒီရုံးမှာ မပေါက်ဘူးလား
“၀မ်းနည်းပါတယ်
ကိုယ်ချင်းစာပါတယ်”
ဒီဝါကျလေးနှစ်ကြောင်းက ဒီဒုက္ခိတတွေကိုကယ်ဆယ်တာလား
ဒီတီးလုံးလေးလောက်တော့ဂီတမခေါ်ဘူး
ဒီဂီတလောက်တော့ ငါ့ရင်ဘတ်ပေါ် မရှင်နိုင်ဘူး
တောင်ပေါ်ကအပြေးဆင်းလာတဲ့လေထဲမှာ ကြေကွဲခြင်းရနံ့တွေ နေ့တိုင်းရတယ်
ဘာသာရေးကိုဒလိမ့်တုံးလုပ်ပြီး လိမ့်ဆင်းလာတာကုသသမဂ္ဂကမဖမ်းနိုင်ဘူးလား
ဘင်္ဂလားဒေ့ရှ်အထိ မီးကကူးသွားတာ ဘယ်ထိလောင်နေဦးမှာလဲ
ဗုဒ္ဓဘာသာအဆောက်အဦးတွေဘယ်လောက်ထိ ဖျက်ဆီးနေဦးမှာလဲ
လူကြီးလူကောင်းဆန်တယ်ဆိုတာနှုတ်လေးဆက်လက်လေးဆက်ရုံပဲလား
အသားဖြူတဲ့နိုင်ငံ စိတ်ထားမဖြူနိုင်တာမအံ့သြဘူး
နိုင်ငံကြီးပီသဖို့ နှာခေါင်းရှုံ့ပြတာဟာ ယဉ်ကျေးမှုလား
ရှစ်ဆယ့်ရှစ်တွေလည်း လူကြီးလူကောင်းကြိုးကွင်းမှာ မိတဲ့သူမိနေတယ်
ဗကသတွေကို စည်းအပြင်ဘက် တွန်းပို့တဲ့လူကတွန်းပို့နေတယ်
ပြည်သူကိုဗဟိုပြုလည်ပတ်လိုက်တာနဲ့ပဲလမ်းကြောင်းကမှန်နေတာပဲ
အကြိုညှိနှိုင်းနေတဲ့အချိန်ဆိုတာကိုသွေးနဲ့မျက်ရည်နဲ့ကိုင်ထားရတယ်
အရပ်မျက်နှာတိုင်းမှာ မုန်တိုင်းဆင်တာသိတယ်
ပြဿနာမီးတွေလောင်နေတာလည်းသိတယ်
ရုံးသုံးဆန်တဲ့စကားလုံးတွေကလူလုံးပြနေတာလည်းသိတယ်
လက်တွေ့ဆန်ဆန်ဘာမှမပါတာသိတယ်
သိပါတယ်
သိနေပါတယ်
ငြိမ်းချမ်းရေးဟာထမင်းငတ်နေတာသိပါတယ်
ပြဿနာတွေဟာသွေးမတိတ်နိုင်တာသိနေပါတယ်။
(၁၀၊ ၁၀၊ ၂၀၁၂)
မောင်သစ်ဝေ (မြင်းခြံ)
0 comments:
Post a Comment