ခွေးတောင်ထမင်းမငတ်ဘူး
မှော်ဘီဆရာသိန်းကြီးရေးတဲ့ ရှေးခေတ်ပညာရှိတွေအကြောင်း ဖတ်ရတာ ကြက်သီးထဖွယ်ကောင်းပါတယ်။ အဲဒီခေတ်က အဲဒီလို ပညာရှင်တွေကနေ မွေးထုတ်လို့ တကယ့်ပညာရှင်တွေ ပေါ်ထွက်လာတာပါလား။ ငါတို့ သားသမီးတွေကျတော့ စစ်အစိုးရအဆက်ဆက် ခွက်ထိုးခံ ပညာရှင်တွေလက်အောက်မှာ ကြီးပြင်းလာရ တာကြောင့် ကျွန်ခံဖို့လောက်ပဲသိပါလားဆိုပြီး စိတ်မကောင်းဖြစ်သွားမိတယ်။
မှော်ဘီဆရာသိန်းကြီးရေးတဲ့အထဲမှာ အကြီးတော်မင်းအကြောင်း ဖတ်လိုက်ရတော့ ကိုယ့်မိတ်ဆွေတွေကို တစ်ချိန်က ပညာရှင်တွေအကြောင်း ပြန်ပြီးမျှဝေချင်စိတ်ပေါ်လာတယ်။
တစ်ခါက ပွဲစားကြီးတစ်ယောက်ကနေ အကြီးတော်မင်းထံကို "ရေစက်ချ ဆုတောင်းစာကောင်းကောင်း ရေးပေးလိုက်ပါ" ဆိုတဲ့ စာနဲ့အတူ အစေခံတစ်ယောက် လွှတ်လိုက်တယ်။ ပြီးတော့ ပွဲစားမင်းက ငွေသုံးဆယ် လည်းပေးခိုင်းလိုက်တယ်ဆိုပြီး စာနဲ့ ငွေကိုဆက်တယ်။ အကြီးတော်မင်းက
"မင်းပွဲစားကိုပြောလိုက် ငါမအားလို့ မရေးနိုင်ဘူး" ပြောပြီး ပြန်လွှတ်လိုက်တယ်။
"မင်းပွဲစားကိုပြောလိုက် ငါမအားလို့ မရေးနိုင်ဘူး" ပြောပြီး ပြန်လွှတ်လိုက်တယ်။
အဲဒီအချိန်မှာ အကြီးတော်မင်းရဲ့ သမီးဖြစ်သူက ဈေးသုံးရန် ငွေ တစ်ကျပ်ခြောက်မူးသာရှိတော့ကြောင်း ပြော တယ်။ အဲဒီတော့မှ အကြီးတော်မင်းက ဆရာသိန်းကို
"မောင်ဖိုးသိန်း အဲဒါပဲကွယ့်။ သူတို့ရေးခိုင်းတဲ့စာ ငါရေးတတ်တယ်။
ငွေသုံးဆယ်ယူပြီး ရေးပေးလိုက်ရင် သုံးရ တာပေါ့။ သူတို့မတတ်လို့ ငါ့ထံလာကြပေမယ့် ဆုတောင်းစာကောင်းကောင်း ရေးပေးလိုက်ပါဆိုတဲ့ အာဏာ သံနဲ့ အမိန့်ပေးခိုင်းတာကို မကြိုက်လို့ ရေးမပေးလိုက်တာ။ ငါစာရေးပြီဆိုမှတော့ မကောင်းအောင် ရေးမှာလား။ အကြီးတော်မင်းခင်ဗျား ရေစက်ချဆုတောင်းစာကလေး မစလိုက်ပါဆိုရင် ကိုယ့်ပညာကို လာပြီး ခိုကိုးပါလား ဆိုကာ ရေးပေးလိုက်မိမှာ။ မျက်စိလည် လမ်းမှား ချောက်ကမ်းပါးကျပြီး၊ ဓနဂုဏ်ကြွယ်သူဖြစ်၍ အာဏာသံ ကလေးနဲ့ လာပြောတာကို ငါက မခံချင်ဘူးဟေ့။ မှတ်ထား …ငါတို့မရှိရင် မင်းတို့လည်း ဆရာခေါ်ခံကြပေလိမ့် မယ်။ ပညာရှိလုပ်မယ်ကြံလျှင် အနှိပ်သည်နှင့် မတူလေနှင့်။ သူတို့ငွေရှိတာက တစ်မျိုး။ ငါတို့မှာ ပါရမီ အလျောက် ဆည်းပူးလာသော ပါရမီဖြစ်သည်။ ထို့ကြောင့် ထမင်းကိစ္စ၊ ဝမ်းရေးကိစ္စအတွက်ကြောင့် ဓနဂုဏ် ကြီးတဲ့သူအောက် ဒူးမတုတ်လေနဲ့၊ ကြပ်ကြပ်မှတ်ထား။ ထမင်းဆိုတာ ခွေးတောင် မငတ်ဘူး။ မှတ်ထားလေ" တဲ့ဗျာ။ စာဖတ်ပြီးကြက်သီးထမိရုံမက ဦးချမိပါရဲ့။
အဲဒီလိုခေတ်က အဲဒီလိုဆရာတွေရဲ့ တပည့်တွေဖြစ်ရတာ မှော်ဘီဆရာသိန်းတို့ ဂုဏ်တက်စရာပေါ့။ ဒီခေတ်မှာ အလိုတော်ကျတွေး၊ အလိုတော်ကျရေး၊ ဖိနှိပ်ရေးအကြံပေး၊ မဖွံ့ဖြိုးရေး ကူညီပေး၊ ချောက်ထဲကျရေး ဝိုင်းတွန်း ပေး၊ ထမင်းရှင်အတွက် ပြန်ဟောင်ပေးတဲ့ ပညာရှိတွေရဲ့ လက်ထဲမှာ ကြီးပြင်းခဲ့ရတဲ့ ကျွန်တော်တို့ ကလေး တွေရဲ့ဘဝတွေဟာ ဘယ်လောက်များ ရင်လေးစရာကောင်းလိုက်သလဲ။
ခွက်ထိုးခံပညာရှင်တွေရဲ့ လက်အောက်မှာ၊ ပေးတာယူ ကျွေးတာစား၊ ပြန်မပြောနဲ့ နားထောင်ဆိုတဲ့ ကျွန်စိတ် ပညာရေးကို လက်ခံမလား၊ ကိုယ်လိုချင်တာ၊ ကိုယ်ယူချင်တာ၊ ကိုယ်သင်ချင်တာကို သင်ယူနိုင်တဲ့ ပညာရေးကို အားပေးမလား စဉ်းစားတွေးကြပေါ့။
အကြီးတော်မင်းပြောသလို ပြောရရင်
" ထမင်းကိစ္စ၊ ဝမ်းရေးကိစ္စအတွက်ကြောင့် ဓနဂုဏ် ကြီးတဲ့သူအောက် ဒူးမတုတ်လေနဲ့၊ ကြပ်ကြပ်မှတ်ထား။ ထမင်းဆိုတာ ခွေးတောင် မငတ်ဘူး။ မှတ်ထားလေ"
၆.၃.၂၀၁၅
0 comments:
Post a Comment