Thursday, March 5, 2015

တံလျှပ်ကိုရေထင်မှားသည့် ၊ရွှေသမင်ငမိုက်သားကျွန်ုပ် (မင်းဒင်)


(တစ်)
‘‘ဒီမယ်မောင်တို့ရဲ့ အမေရိကန် အစိုးရတော်တယ်၊ ကောင်းတယ်ဆိုတာ ငတို့အစိုးရရဲ့ ဖင် ဖျားတောင် မမီပါဘူးကွာ။ အတီ တေကမ္ဘာဦးအစ မဟာသမ္မတ မင်းများကနေ ဒီနေ့အချိန်အထိ ပေါ်ခဲ့ဖူးလေသမျှ အစိုးရမင်းများ ထဲမှာ ငတို့အစိုးရသာ ကြည်ညို စရာအကောင်းဆုံးလဟ။
အင်း ..၊ ဒီလိုအကြည်ညိုခံ ရဖို့ ဖြည့်ကျင့်ခဲ့ရတဲ့ ပါရမီတွေက လည်း လေးသင်္ချေနဲ့ ကမ္ဘာတစ် သိန်းမို့ မနည်းလှပေပဲကိုး ဖြစ်နိုင်ရင် ရတနာသုံးပါးအစား၊ ရတနာလေးပါးဆိုပြီး တစ်ပါးတောင်ထပ်ဖြည့် လိုက်ချင်ပါရဲ့’’

အသံသြဇာကြီးမား၍ အဓိပ္ပာယ်လေးနက်လှသော ကျွန်ုပ်၏ ဥဒါန်းမှတ်ချက်စကားကို နားနှင့်ဆတ်ဆတ် ကြားလိုက်ရသူ ဘေးဘီဝဲယာမှ လူအပေါင်းသည် ရုတ်ခြည်းမှင်တက်မိသွားကြလေ၏။ တစ်ဆိုင်လုံး မီးကိုရေဖြင့် ငြှိမ်းလိုက်သည့်အလား အပ်ကျသံမျှပင်မကြားရလောက်အောင် တိတ်ဆိတ်သွားချေသည်။
ကျွန်ုပ်နှင့် တပည့်ကျော်သုံး ဦးရောက်ရှိနေရာ အရပ်ကား မဟာရန်ကုန်မြို့ မြေနီကုန်းမီးပွိုင့်ပဒုမ္မာပန်းခြံအနီးမှ တင်တင်အေး မုန့်ဟင်းခါးဆိုင် ဖြစ်၏။ ရန်ကုန် မြို့ကြီးနှင့် အဆက်ပြတ်နေခဲ့ သည်မှာ ကာလအားဖြင့် အ တန်ကြာပြီမို့ရောက်တုန်းရောက် ခိုက် မုန့်ဟင်းခါးစားလိုသည့် ချင်ခြင်းအာလျကို ဖြည့်ဆည်းရန် အလို့ငှာ ရောက်ရှိနေခဲ့ကြခြင်း ဖြစ်လေသည်။
ဟင်းရည်ကို တစ်ဇွန်းချင်း ဇိမ်ခံသောက်နေရင်း ရုတ်တရက် မြွက်ကြားလိုက်သည့် ကျွန်ုပ်၏ နှုတ်ထွက်စကားကြောင့် ငွေသိမ်း ကောင်တာမှ ခပ်ရွယ်ရွယ်အမျိုး သမီးမှာ ပါးစပ်အဟောင်းသား ဖြင့် ငါးထောင်တန် ငွေစက္ကူကို သတိလက်လွတ် တစ်စစီဆုတ်ဖြဲ ရင်း ကြက်သေသေလျက်ရှိ၏။ နံနံပင် ညှပ်နေသော ဈေးရောင်း အကူမိန်းမငယ်သည် သူ၏လက် ကိုကတ်ကြေးနှင့် ညှပ်မိသွား သဖြင့် မျက်နှာရှုံ့မဲ့လျက်ရှိ၏။
ကျွန်ုပ်တို့၏ စားဝိုင်းဘေးမှ လူငယ်မှာမူ သူအငမ်းမရ လွေး နေသော မုန့်ဟင်းခါးဖတ်ပါးစပ်ဝ မှ ဖြုတ်ခနဲ ပြုတ်ကျသည်အထိ သတိလက်လွတ် ဖြစ်သွားခဲ့၏။ သူနှင့်ကပ်လျက် မိန်းမပျိုကား၊ မုန့်ပန်းကန်ထဲသို့ ထည့်ရမည့် ငရုတ်သီးမှုန့် တစ်ဇွန်းစာကို ပါးစပ် ထဲ ယောင်ယမ်းထိုးသွင်းလိုက်မိ သဖြင့် ဖွီးခနဲနေအောင် ထွေး ထုတ်လိုက်ရင်း တရှူးရှူးတရှဲရှဲ ပင် ဖြစ်သွားရချေ၏။
အများစိတ်ဝင်တစားရှိနေ ကြသည်မို့ ပိုမိုပြည့်စုံရှင်းလင်းစေ ရန် အလို့ငှာ ကျွန်ုပ်၏ ဆိုလက်စ စကားကို ဆက်လိုက်ရပြန်သည်။
(နှစ်)
‘‘လက်ရှိအစိုးရလို လူသူ တော်ကောင်းကြီးများနဲ့ ကြုံ ကြိုက်ရတဲ့ မောင်တို့ကျုပ်တို့ဟာ အင်မတန်ကုသိုလ်ကံကြီးမား တယ်လို့ မှတ်ကြရမကွဲ့။ ပါရမီရှင်ကြီးများ အသက်ရှည်ရာ အနာမဲ့ ကြောင်းကိုလည်း မေတ္တာမပြတ် ပို့သအပ်သကွဲ့။ ဒီပုဂ္ဂိုလ်ကြီးများ ဟာ ပစ္စေကဗုဒ္ဓါများလောက် နီး နီး ကြည်ညိုစရာကောင်းတာမို့ စိတ်နဲ့တောင် မပြစ်မှားကြပါ လေနဲ့’’။
ပရိသတ်၏ အာရုံစိုက်မှု ကား စိုးစဉ်းမျှမလျော့။ ကျွန်ုပ်၏ စကားကို အာရုံစိုက်မိသည့် စားပွဲ ထိုးလူငယ်မှာ လက်တွင်းမှ မုန့် ဟင်းခါးပန်းကန်အား မှာကြားသူ ၏ ခေါင်းပေါ်တည့်တည့်မှာ ထား ရင်း ကျွန်ုပ်ရှိရာသို့ စိတ်ဝင်တစား အမူအရာဖြင့် ငေးမျှော်လျက်ရှိ လေသည်။ မလှမ်းမကမ်းရှိ မုန့် ဟင်းခါးစားသုံးသူတစ်ယောက် ကား မုန့်ဟင်းခါးခပ်ထားသည့် ဇွန်းကို ပါးစပ်ဝဆီသို့ တည့်တည့် မသွင်းနိုင်ဘဲ ပါးစောင်ကို ချော်ထိုး နေလေ၏။ ဆိုင်အတွင်းခန်းဆီမှ ဟင်းရည်ထည့်နေသော ခပ်၀၀ အမျိုးသမီးကြီးမှာ ယောက်ချိုနှင့် မုန့်ပန်းကန်လွဲကာ လက်ပေါ်သို့ လောင်းချမိသဖြင့် မျက်နှာရှုံ့မဲ့ ရင်း ဆတ်ခနဲတွန့်သွားသည်ကို ကျွန်ုပ်လှမ်းမြင်နေရ၏။
သို့ရှိကြစဉ် ငယ်ရွယ်သူများ ပီပီ ရှေ့နောက်မတိုင်းတာတတ် ကြသော တပည့်တို့ကား ဆင်ခြင် တုံတရားကြီးမားလှသည့် ဆြာ့ စကားကို နားလည်သဘော ပေါက်ကြဟန် မတူလေ။ ပြူး ကျယ်ဝိုင်းစက်သော မျက်လုံးများ ဖြင့် အံ့သြခြင်းကြီးစွာ ကျွန်ုပ်အား ၀ိုင်း၍ကြည့်နေကြပုံမှာ နေ့ဘက် တွင် တစ္ဆေတစ်ကောင်ကို မျက် ၀ါးထင်ထင်မြင်လိုက်ရသည်နှင့် တူလေသည်။
ကျွန်ုပ်၏ စကားကိုနှစ်လို လက်ခံဟန် မရှိသည့် အစွာဆုံး တပည့်ကပ္ပလီကား ကျွန်ုပ်အား လေသံတိုးတိုးဖြင့် ဟန့်၏။
‘‘လူ တွေကြားထဲမှာ ဘာတွေလျှောက် ပြောနေတာတုံး ဆြာရယ်။ သတိလေးဘာလေး ကပ်မှပေါ့’’။
ကပ္ပလီငယ်၏ စကားစကို နင်းလျက်သံယောင်လိုက်၍ ညည်းတွားရေရွတ်သူကား ဖေကြည်တည်း။
‘‘ဟုတ်ပါ့ဆြာရယ်။ တပည့် တို့ မျက်နှာတွေကို ဘယ်မှာသွား ထားရပါ့မတုံး’’
သဘောထား တင်းမာဟန်ရှိသည့် လေမင်းသား ၏ ငေါ့တော့တော့ လေသံကား အတန်ငယ်ခက်ထန်လေသည်။
‘‘ဆြာတပည့်ချင်းမို့ အား တော့ နာပါရဲ့။ ဒီစကားမျိုးက တောမှာ သွားပြောရမှာဆြာ’’
တပည့်ကျော်လေမင်းသား ၏ ကတ်ဖဲ့တိုက်အငေါ့တူးစကား သည် ကျွန်ုပ်၏ ဦးခေါင်းတွင်းမှ အသိဉာဏ်စက်ခလုတ်ကို ထပ် ခနဲဖွင့်လိုက်သကဲ့သို့ ရှိ၏။ မှန် လိုက်လေစွ။ ပညာရှိ သုခမိန်တို့ မည်သည်၊ သံပရာသီးကိုပင်လျှင် သံပရာရည်ဖြစ်အောင် ကြံဆောင်နိုင်ရပေမည်။
ရန်ကုန်ကဲ့သို့ မြို့ကြီးပြကြီး ကား အတ္တကြီးမားသော ကြေး ရတတ် လူလည်ပညာတတ်တို့ မင်းမူကြီးစိုးရာ အရပ်ဒေသဖြစ်၍ ကျွန်ုပ်၏ အကောင်းမြင်ဝါဒကို ရုတ်တရက်လက်ခံနိုင်ကြဟန် မတူချေ။ ကျွန်ုပ်သည် တပည့် ကျော်လေ မင်းသားအား ပြုံးရွှင် သော မျက်နှာပေးဖြင့် ကြည့်ရင်း လက်ခမောင်းကို ဖြောင်းခနဲနေ အောင် ခတ်လိုက်မိလေ၏။
‘‘မှန်လိုက်လေ ငါ့တပည့်ရာ ဆြာ့ရဲ့ ခေတ်မီတိုးတက်သော သဘောထားအမြင်ကို တောမှာ သွားပြောမှသာ နေရာကျမှာမို့ ဇာတိရွှေပင်ရွာကို ရက်မဆိုင်းဘဲ ခပ်သုတ်သုတ်ခရီးနှင်ကြစို့ရဲ့’’
(သုံး)
စိတ်မြန်လက်မြန် ရှိလှသောကျွန်ုပ်ကား မဆိုင်းမတွပင် ကွမ်းခြံဘူတာရုံတွင် လက်မှတ်ဖြတ် လျက် အညာအဆန်လော်ကယ် ရထားဖြင့် ဇာတိနတ်မောက်သို့ ခရီးနှင်ခဲ့လေရာ မီးရထားလမ်းဝဲ ယာ တစ်လျှောက် ရှုခင်းတို့မှာ အစိုးရမင်းတို့၏ မေတ္တာဓာတ် အဟုန်ကြောင့် မြင်မြင်ရသမျှ သွေ့ခြောက်ကာ ရွှေအိုရောင် တောက်လျက် ရှိချေ၏။ ရန်ကုန်တွင် ဇွတ်ပေကျန်နေခဲ့လျှင် ခိုကိုးရာမဲ့မည့်အရေးကို တွေးပူဟန်ရှိသော တပည့်တို့ကား ဆြာ့အလိုကို မဆန့်ကျင်ရဲလေသဖြင့် အောင့်အည်းအောင့်သက် တရွတ်တိုက်လိုက်ပါလာခဲ့ကြသည်မှာ လော်ကယ်ရထား သားမြားဘူတာသို့ ဆိုက်ရောက်သည်အထိ ဖြစ်ချေသည်။
တစ်ရွာလုံး အမျိုးမကင်း သည်ကတစ်ကြောင်း၊ ကျွန်ုပ်၏ ဉာဏ်ပညာနှင့် ဂုဏ်ရှိန်ကြီးလွန်း လှသည်က တစ်ကြောင်းတို့ ကြောင့် ရွာလုံးကျွတ်အုတ်အုတ် သဲသဲ ကြိုဆိုကြလေသဖြင့် ကျွန်ုပ်လည်း ရွာသို့အရောက် အကြိုထောက်သော လှည်းပေါ်မှ မဆင်းမီခရီးရောက်မဆိုက်မှာပင် ကျွန်ုပ်၏အစိုးရအပေါ်ထားရှိသည့် သဘောထားကို ဟောရပြောရချေ၏။
‘‘ရွှေပင်သားတို့ ခင်ဗျာ။ အခုကာလသမယမှာဆိုရင်ဖြင့် အစိုးရမင်းများဟာ အဘက်ဘက် က ပြောစရာမရှိအောင် ကောင်း လွန်းကြီးမက ကောင်းနေကြပါ ပြီ။ ဒီလောက်ကောင်းတဲ့ အစိုးရ မျိုးကို စကြ၀ဠာကမ္ဘာတစ်ခွင် လုံးမှာ မဟာပထဝီမြေကြီးကို လှန်လှောရှာဖွေရင်တောင် အရိမေတ္တယျဘုရားရှင် ပွင့်တော်မူတဲ့တိုင် တွေ့နိုင်ခဲတာမို့ အစိုးရဂုဏောအနန္တောလို့ မှတ်ယူသင့်ကြပါတယ်။ ရွှေပင်သူရွှေပင်သားများဟာ အစိုးရမင်းများရဲ့ တုနှိုင်းမမီတဲ့ ကျေးဇူးတော်အနန္တကြောင့် ထမင်းနပ်မှန်နေကြရတာမို့ အစိုးရသရဏံဂစ္ဆာမိလို့သာ နှလုံးသွင်းကြစေလိုပါတယ်ခင်ဗျာ’’။
တရုန်းရုန်းဖြစ်နေကြသော ရွှေပင်ရွာလူထုကား ကျွန်ုပ်၏ပြောင်မြောက်လှသောဩဝါဒအဆုံးတွင် ရုတ်ခြည်းအသံတိတ်သွားကြကုန်၏။
ဤတွင် ချင့်ချင့်ချိန်ချိန်တွေး ဆတတ်ဟန်ရှိသော ရွှေပင် ပဏ္ဍိတ်ကျောင်းဆရာလေးကိုဘိုကိတ်၏ စောဒကတက်လာသည့် မေးခွန်းတချို့ကိုမူ ကျွန်ုပ်အနေဖြင့် ချက်ကျလက်ကျပြန်လည် ဖြေကြားရပြန်သည်။
‘‘ဒီလောက်ကောင်းတဲ့အစိုး ရဟာ မြင်မြင်သမျှ ထန်းတောငါ့ ယောက္ခမထန်းတောဆိုပြီး တစ် နိုင်ငံလုံးက ယာမြေလယ်မြေတွေ လျှောက်သိမ်းနေတာက ဘာ သဘောလဲဗျာ’’
‘‘ဩ.. ဒါလားမောင်ဘို ကိတ်ရဲ့ တည်ဆဲဥပဒေတွေအရ မြေပေါ်မြေအောက်၊ ရေပေါ်ရေ အောက်သယံဇာတတွေအပြင် မောင်ရင့်ခါးမှာဝတ်ထားတဲ့ ပုဆိုး ကြမ်းကိုပါ နိုင်ငံတော်က ပိုင်ပါ သကွယ်။ တကယ်တော့ နိုင်ငံ တော်ဆိုတာ အစိုးရပဲလေ။ တစ် နိုင်ငံလုံးပြောင်အောင်သိမ်းပြီးရင် နီးစပ်ရာလူတွေကို ပြန်ဝေပေးမှာ ပါကွဲ့’’
‘‘ဩော် .. ဩော် .. ဒါဆို အခြေခံလုပ်အားခတိုးတောင်းတဲ့ အလုပ်သမားတွေကို ရက်ရက် စက်စက်ရိုက်နှက်နေတဲ့ကိစ္စတွေ ကကောဗျာ’’
‘‘မရှိဆင်းရဲသားဆိုတာ ရတာလေးနဲ့ ဝအောင်စား၊ ရှိတာ လေးနဲ့ လှအောင်ဝတ်ကြရမှာ လေ။ ကွန်မြူနစ်တွေနောက်ကွယ် က မြှောက်ပင့်ပေးတိုင်း လျှောက် လုပ်နေကြတော့ အစိုးရခမျာ တရားဥပဒေစိုးမိုးရေးအတွက် လုပ်သင့်တဲ့အလုပ်ကို လုပ်ကြရ ပေတာပေါ့’’
(လေး)
ဤတွင် ဆရာလေးကိုဘို ကိတ်သည် ရွံရှာစက်ဆုပ်သော အမူအရာဖြင့် ကျွန်ုပ်အားစူးစူးရဲ ရဲ့ကြည့်လျက် ချာခနဲလှည့်ထွက်သွားသည်၌ ရွှေပင်ရွာလူ အုပ်ကြီးသည်လည်း ၎င်း၏နောက်မှာတ ညီတညာတည်း စီတန်းလိုက်ပါ သွားကြလေရာ နွားဖြုတ်ထား သည့်လှည်းပေါ်တွင် ငုတ်တုတ်ကျန်ရစ်ခဲ့သည့် ကျွန်ုပ်တို့ဆြာ တပည့်လေးဦးအား ရွှေ ပင်ပေါက် ခွေးဝဲစား တစ်ကောင်ကပင် စောင်းကန်းကန်းမျက်နှာပေးနှင့် မကျေမချမ်းကြည့်နေလေသည်။ သဘောမနောကောင်းလှပါသည် ဆိုသော ရွှေပင်သားများသော်မှ အစိုးရမင်းများအပေါ် အာဃာ တမစင်၊ အမြင်မကြည်လင်ကြ သည်မှာ လွန်စွာသိသာ ထင်ရှား လှချေသည်။
ဆွေရင်းမျိုးချာ ရွာခံလူထု ကြီးကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ချိန်တွင် တပည့် ကျော်တို့မှာ အတန်ငယ်စိုးရိမ်စိတ်ဝင်တုန်လှုပ်သွားကြသည် ထင့်။ တစ်စခန်းထလာကြပြန်ချေသည်။
‘‘ကဲ.. တည်းအိမ်စားအိမ် တောင် ပျောက်ပါပေါ့လားဆြာ ရယ်’’
‘‘တစ်ရွာလုံးနဲ့ တစ်ယောက် ဆိုတော့ တစ်ရွာလုံးအလွန်ပေါ့ ဆြာ’’
‘‘စားတော့ဇရပ်၊ သောက် တော့ရေအိုးစင်ဆိုတဲ့ ဘဝရောက် တော့မယ်ထင်ပါရဲ့’’
‘‘နင်တို့ပါးစပ်ပေါက်တွေ ပိတ်ထားကြစမ်းလဟ၊ ရွာထဲမှာ မတည်းရတော့လည်း ဘုန်းကြီး ကျောင်းပေါ့ကွာ။ တောကျောင်း ဘုန်းကြီးဟာ ဆြာ့နောင်တော်နဲ့ ကျောင်းနေဖက်ပါလေ’’
မှန်ရာကို ဆိုမိသော ကျွန်ုပ် ကား ခေတ်အတွေးခေတ်အမြင် အတန်ငယ်ရှိသည့် တောကျောင်း ကျောင်းထိုင်ဘုန်းကြီး၏ မျက်နှာ တော်ကို အားကိုးတကြီးပြေးမြင် လျက် တောကျောင်းဆီသို့ တပည့်တို့နှင့်အတူ အပြေးချီကြရပြန် သည်။ ကျောင်းထိုင်ဆရာတော် ကား ကျွန်ုပ်တို့ဆြာတပည့်တစ် သိုက်အား အေးဆေးတည်ငြိမ် သော ဣနြေ္ဒတော်ဖြင့် လှိုက်လှဲ ပျူငှာခွန်းဆက်ကြိုဆိုရင်း သိလို သည်ကို မိန့်မြွက်ပါ၏။
‘‘ဒါနဲ့ ဒကာဒင်ရေ ပညာရေး စနစ်ပြင်ဖို့ဆိုလား ကျောင်းသား တွေဆန္ဒပြကြတယ်ဆို’’
‘‘တင်ပါ့ဖျာ့။ ပြင်စရာမလို အောင် ဒေါင်ဒေါင်မြည်ကောင်း နေတဲ့ ပညာရေးစနစ်ရှိနေပါ လျက် ဒီမိုကရေစီပညာရေးဆို လား ပြုပြင်ဖို့တဲ့ဖျာ့။ အမှန်တော့ ရွှေပင်မှာ ပညာတတ်ဖြစ်ဖို့မလို အပ်ပါဘူး။ အချိန်တန်ယာထွန်၊ နွားကျောင်း၊ ပဲနုတ် သူ့အရပ်နဲ့သူ့ ဇာတ်၊ ဟုတ်နေတာပဲဥစ္စာ’’
‘‘အိမ်း.. သည်လိုဆိုရင်ဖြင့် ဘွဲ့ရပညာမတတ်တွေ တောင်လို ပုံနေတာကိုကော ဒကာကြီးဘယ် လိုမြင်တုံး’’
‘‘မှန်ပါ့။ တကယ်တော့ ဘွဲ့ ရဖို့က လိုကိုမလိုတာဖျာ့။ အရွယ် ရောက်လို့ ရွှေပင်မှာ ဝင်ငွေနည်း တယ်ထင်ရင် မလေးရှားနဲ့ ထိုင်း ဘက်ကူးသွားပြီး စားပွဲထိုး၊ ပန်းရန် စသည်ဖြင့် လုပ်လိုက်ရင် တစ်လ သုံး၊ လေးသိန်းတော့ တန်းနေတာ ဖျာ့။ နောက်ပြီး စင်ကာပူနဲ့ ထိုင်ဝမ်မှာလည်း ရွှေပင်သူတွေ အတွက် အိမ်ဖော်အလုပ်တွေပေါ ချက်ဖျာ့’’
‘‘တော်.. တော်.. ဒကာကြီး တော်တော့။ ဘုန်းကြီးဒေါသ မထွက်ပါရစေနဲ့။ ကြာရင်လက်ပါ မိလိမ့်မယ်။ ရော့.. ရော့.. စားပြီး ပြန်တော့။ ကျုပ်ကျောင်းမှာလည်း ဧည့်သည်တွေပြည့်နေပြီ’’
ဘုန်းတော်ကြီးကား စွန့်ထား သောငှက်ပျောဖီးနှင့် ဆီးထန်းလျက် ပန်းကန်ကို ကျွန်ုပ်တို့ရှေ့သို့ ဆောင့်ကြီးအောင့်ကြီး ထိုးပေး ကာ သင်းပိုင်ကိုလက်ဖြင့်ခပ်ကျစ် ကျစ်ဆုပ်ကိုင်ရင်း ကျက်သရေ ခန်းတွင်းသို့ကြွတော်မူလေ၏။
(ငါး)
တပည့်ကျော်တို့ကား စိတ် ဓာတ်အကျကြီးကျကာ ချူသံပါ အောင် ခိုညည်းညည်းကြလေပြီ။
‘‘ဒုက္ခနဲ့လှလှတော့တွေ့ကြ ပြီးပေါ့ဆြာ’’
‘‘ကဲ့.. ကြည်ညိုတတ်လွန်း တဲ့ ဆြာကြီးခင်ဗျာ လှည်းလမ်း ကြောင်း ဘေးအိပ်ရမယ့်ဘဝ ရောက်ပြီဗျ’’
‘‘အင်း.. အခုတော့ သောင် ပြင်မှာလွတ်ကြပါပေါ့လားဆြာ’’
အချိန်ကား ညနေစောင်းခဲ့ ပြီ။ ဘုတ်အီသံလွင့်ပျံ့နေသည့် တောလမ်းကလေးအတိုင်း ကျွန်ုပ်တို့ဆြာတပည့်တစ်သိုက် ခေါင်း ငိုက်စိုက်ချကာ ရွှေပင်တော ကျောင်းဘုန်းကြီး၏ ဝိဟာရမှ သည် သားမြားဘူတာရုံဆီသို့ လေးလံသောခြေလှမ်းများဖြင့် ခရီးနှင်လျက်ရှိပါ၏။ ကြုံတွေ့နေ ရသည့် လက်ရှိပကတိအခြေ အနေအရပ်ရပ်အရမူ ဘယ်မြို့ ဘယ်နယ်၊ ဘယ်ရွာသွားသွား ဟန်ကျမည့်ပုံမပေါ်ချေ။ နောက်ဆုံး လော်ကယ်မမီတော့သည်ဖြစ်၍ သားမြားဘူတာရုံမှာပင် တစ်ည တာကိုဖြစ်သလိုကုန်ဆုံးစေရပေ တော့မည်။
တပည့်ကျော် ကပ္ပလီသည် ကျွန်ုပ်အားသနားကြင်နာသော မျက်ဝန်းအစုံဖြင့်ကြည့်လျက် သူ သိလိုသောပုစ္ဆာ၏အဖြေကို တိုး ညင်းစွာမေးလာပါ၏။
‘‘ဆြာရယ် ဘယ်လိုကြောင့် များ အစိုးရမင်းများကို ဒီလောက် ကြည်ညိုနေရတာပါလိမ့်’’
‘‘အင်း.. အဲဒီလိုရှိတယ်ကွ။ တပည့်ရ ဘုရားဟောကျမ်းဂန် တွေအလိုအရ ရာဇတောဝါ၊ ရာဇာ၊ မင်းအစိုးရတို့မည်သည် တောဝါ ရန်သူမျိုးငါးပါးထဲမှာ တစ်ပါးပါဝင်သတဲ့ဟ။ အစိုးရကို မကြည်ညိုတဲ့သူများဟာ ဖေ့စ် ဘွတ်ခ်မှာ ဓာတ်ပုံလေးတစ်ပုံတင် မိ၊ မျှဝေမိရုံနဲ့ ဖမ်းလားဆီးလား၊ စစ်လားဆေးလားအလုပ်ခံရသတဲ့ကွာ။ ဒီလိုခေတ်ကြီးမှာ အစိုးရမင်းများကို မကြည်ညိုတဲ့ သူတွေဟာ ကြက်ကလေး၊ ငှက်ကလေးတွေလို ကွိခနဲနေအောင် ညအဖမ်းခံရမလား၊ နေ့အဖမ်းခံရမလား စိုးရိမ်သောက ဗျာပါဒနဲ့ ကြက်အိပ်ကြက်နိုး၊ ဘယ်မှာလာ အိပ်ကောင်းခြင်း၊ စားကောင်းခြင်း ရှိပါတော့မတုံး။ ဒါကြောင့် မင်းရို့ဆြာလည်း ရာဇတောဝါ မင်းဘေးက နေ ရတက် အေးပြီး အိပ်ကောင်းခြင်း အိပ်ချင်တဲ့ဆန္ဒနဲ့ မောင်တို့တွေ့တဲ့အတိုင်း ဇွတ်အတင်းဒိုင်ဗင်ထိုးပြီး ကြည်ညိုမိခဲ့တာပါပဲ’’
စပ်ဖြဲဖြဲအမူအရာရှိသည့် ကပ္ပလီငယ်၏ ကောက်ချက်ကို အတည်လော၊ အရွဲ့တိုက်သည် လော ကျွန်ုပ်မဝေခွဲနိုင်ချေ။
‘‘ဒီအတိုင်းသာမှန်ရင်ဖြင့် ဆြာ့ရည်ရွယ်ချက်ပြည့်တယ်လို့ ဆိုနိုင်ပါတယ်ဆြာ’’
(ခြောက်)
အို.. ချစ်သာစာရှုသူ အကယ်၍ သင်သည် လွန်ခဲ့သောသုံးရက် ခန့်က ရန်ကုန်၊ ကျောက်ပန်း တောင်း၊ ကြီးနီမီးရထားလမ်း၏ ခုလတ် သားမြားအမည်ရှိ ဘူတာရုံပလက်ဖောင်းပေါ်တွင် အကာ လညအခါ၌ အေးချမ်းလှသော ဟေမန္တဆောင်းရာသီ၏ဒဏ်ကို ပုဆိုးခြုံကာအန်တုရင်း၊ ညစာငတ် လျက် တခူးခူးတခေါခေါနှစ်နှစ် ခြိုက်ခြိုက်အိပ်မောကျနေသည့် ပုဂ္ဂိုလ်လေးဦးကို တွေ့ရှိခဲ့ငြားအံ့။ ထိုသူတို့သည် အိပ်ကောင်းခြင်း အိပ်လိုသောဆန္ဒဖြင့် တံလျှပ်ကို ရေထင်ခဲ့မိသည့် ကျွန်ုပ်နှင့် ဆရာ တင်မှားခဲ့လေသော နောက်တော် ပါတပည့်လေးဦးဖြစ်ကြောင်း မုချ ဆတ်ဆတ် ယုံကြည်မှတ်ယူကြ စေလိုပါသည်။။

၀၆။၀၃။၂၀၁၅ နေ့ထုတ်ဆဲဗင်းဒေးနေ့စဉ်သတင်းစာ။ ။


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...