“ဓါးခုတ်ကောင်”
ကောင်းတဲ့မြတ်တဲ့ ကျက်သရေမင်္ဂလာရှိတဲ့ အလုပ်မျိုးဟာ လုပ်ကောင်းတယ်၊ မကြာခဏ လုပ်ပေးသင့်တယ်၊ အခုရောနောင်ရော ကောင်းဖို့ ဖြစ်လာတယ်၊ ဆိုရင်တော့ အခုရက်ပိုင်း အခုလပိုင်းမှာ ကုသိုလ်တွေတော်တော်ရသွားပြီ လို့ ပြောရမယ် ထင်ပါတယ်။ ဆရာကန်တော့ပွဲတွေ စီပြီးဆက်နေအောင် လုပ်ဖြစ်တယ်။ ဆေးကျောင်းက ဆရာတွေမို့ကန်တော့၊ စိန်ပေါက ငယ်ဆရာတွေမို့ကန်တော့၊ သည်ကနေ့တော့ အသက်အရွယ်ကြီးရင့်သော ခွဲစိတ်ဆရာဝန်ကြီးများမို့ ကန်တော့ဖြစ်ပြန်တယ်။ ဆရာတွေကို ကန်တော့တိုင်းကန်တော့တိုင်း ကုသိုလ်ရတယ်ဆိုတာ နောင်ကာလမှာမို့ လက်ဆုပ်လက်ကိုင် မပြနိုင်ပေမယ့် ဆရာတွေကို ကန်တော့တိုင်းကန်တော့တိုင်း ကိုယ့်ဆရာကြီး ဆရာမကြီးများဆီက ဆုံးမသြဝါဒစကားတွေ နာကြားခွင့်ရတာကတော့ အခုလက်ငင်းဒိဋ္ဌ အကျိုးရှိသွားတဲ့ ကိစ္စပါပဲ။ ပညာဆိုတာ ကန့်ကူလက်လှည့်ချည့်ပဲ သင်ရတာ မဟုတ်ဘူးလေ။ ဆရာသမား မိဘအဆုံးအမဆိုတာလည်း လိုအပ်တာပဲ မဟုတ်လား။ သည်အချိန် သည်ပွဲလမ်းမျိုးမှာ သူတို့လည်း စေတနာအပြည့်နဲ့ မျိုးဆက်သစ်တွေအပေါ် ပေးခဲ့ပြောခဲ့ချင်တာကလေးတွေကို လိုရင်းတိုရှင်း ပညာသည်အချင်းချင်းသာ သဘောပေါက်မယ့် အရိပ်အရောင်ကလေးတွေပြလို့ အကောင်လိုက်မြင်စေရတယ်။ ကိုယ်တို့ကလည်း ကိုယ့်ဆရာသမားများ ဘာကိုပြောချင်လို့ ဘာကိုဆိုလိုတယ်ဆိုတာ ကိုယ့်ဘာသာကိုယ်တစ်မိုက်ပြ တစ်တောင်မြင်အောင်တွေးပြီး ဟင်းစားလည်းယူ ကွန်ချက်ကလေးလည်း မှတ်ရတယ်။
ဒါကြောင့်ဆရာကန်တော့ပွဲ တစ်ခုလုပ်တိုင်း တစ်ခါလုပ်တိုင်း ကိုယ့်အဖို့တော့ အသိဥာဏ်တွေ ပွင့်လင်းသွားတယ်။ အလိမ်မာတွေ တိုးလာတယ် လို့ ယူဆပါတယ်။ ဆိုဆုံးမလွယ်ခြင်းဟာလည်း မင်္ဂလာတစ်ပါးပဲ မဟုတ်လား။ တွေ့ရာမှတ်သား မိုးပေါက်များသော် အင်းနားချောင်းကန် ပြည့်သောဟန်တည့်တဲ့။
ကိုယ့်လိုပဲ ကွက်ကျော်မြင်တတ်တဲ့ ဆရာသမားများကတော့ ဆရာကြီးများဆီက သြဝါဒစကားကို အကြွေစောင့်ကောက်တဲ့သဘောတောင်မဟုတ်ဘူး။ အပင်ပေါ်က လတ်လတ်ဆတ်ဆတ် ခူးဆွတ်ချိုင်ယူသလို ဆရာ့နှုတ်ဖျားက စကားစအဖြေတွေ ရှောကနဲရှောကနဲ ထွက်လာအောင် ပုစ္ဆေဟိ မေးမြန်းစူးစမ်းလျက် မိုက်ခွက်ကြီးကို ကမ်းပေးပလိုက်တာ။ သည်တစ်နှစ်တော့ ထူးထူးခြားခြားပါပဲ။ ဆရာကြီးတွေအလယ်မှာ ဝိုင်းဝန်းဆွေးနွေးစရာ အကြောင်းအရာခေါင်းစဉ်တစ်ခုတင်လိုက်ပြီး Panel Discussion အဖြစ် တည်ထားလိုက်တယ်။ “Evolution of Surgical Education” တဲ့။ ကိုယ်တို့မြန်မာပြည်ဆေးလောကမှာ ခွဲစိတ်ကုဆရာဝန်တွေ ဘယ်ပုံဘယ်နည်း သင်ကြားလေ့လာခဲ့ကြသလဲ။ အတိတ်ကိုလည်း လှန်ကြည့်တယ်။ လက်ရှိအချိန်ကိုလည်း သုံးသပ်ကြည့်တယ်။ အနာဂတ်အတွက်လည်း မျှော်တွေးကြည့်တယ်။ လောလောဆယ် ဆရာကန်တော့ပွဲလုပ်တဲ့ ခန်းမထဲမှာ မြန်မာပြည်က ခွဲစိတ်ဆရာဝန်မျိုးဆက် သုံးဆက်မက ရှိနေတယ်။ ကန်တော့ခံနေတာက ဆရာ့ဆရာကြီးတွေ။ တချို့ဆို ကိုယ်တောင် မမီလိုက်ဘူး။ ဦးစီးဦးဆောင်လုပ်ပြီး ကန်တော့နေတာက ကိုယ့်ဆရာသမားနဲ့ စီနီယာအကိုအမတွေ၊ ကိုယ့်အောက်မှာ ကိုယ်က ပြန်သင်ထားတဲ့ ကိုယ့်တပည့်တွေအပါအဝင် လူငယ်သွေးသစ်တွေ။ သည်အကြောင်းအရာကို သည်လူတွေအလယ်မှာမှ စိတ်ဝင်တစား မဆွေးနွေးရင် ဘယ်မှာသွားဆွေးနွေးမလဲ။ ကိုယ်တို့အားလုံး ခွဲစိတ်ဆရာဝန်တွေလေ။
အာဒမ်နဲ့ အေးဝကို အစရှာသလိုပဲ။ ကိုယ်တို့ မြန်မာခွဲစိတ်ဆရာဝန်များရဲ့ အစကို နောက်ယောင်ခံလိုက်မိတဲ့အခါ Wikepedia ထဲမှာရော။ Google Search ထဲမှာရော Burma Surgeon လို့ ရိုက်ထည့်လိုက်ရင် အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့သူတစ်ယောက် သွားတွေ့တယ်။ သူ့နံမည်က Gordon Stifler Seagrave တဲ့။ အမေရိကန်လူမျိုး မြန်မာခွဲစိတ်ဆရာဝန်လို့ ပြောရင် အံ့သြမှာပဲနော်။ မအံ့သြနဲ့။ သူ့ကို သာသနာပြုလာတဲ့ အမေရိကန် မိဘနှစ်ပါးက ရန်ကုန်မြို့မှာ မွေးခဲ့တာ။ မြန်မာလိုတင်မဟုတ်ဘူး။ ကရင်လိုပါ မွှတ်နေအောင် တတ်တယ်။ John Hopkin University က ဆေးပညာဘွဲ့ရခဲ့ပြီး ကျောင်းပြီးတဲ့အခါ သူတို့ဆေးရုံမှာ အသုံးမလိုတော့တဲ့ Surgical Instruments တွေကို တောင်းကြီးတစ်လုံးနဲ့ လိုက်တောင်းပြီး မြန်မာပြည်ကို ပြန်သယ်လာတယ်။ ဒီရောက်တော့မှ အဲ့ဒါကြီးတွေနဲ့ အသုံးတည့်အောင် ခွဲခန်းထောင်ပြီး ဆေးကုတော့ သူ့ဘာသူ နံမည်ပေးထားတယ်။ Waste Basket Surgery တဲ့။ ရှမ်းပြည်မြောက်ပိုင်းက ရွှေလီမြစ်ကမ်းနံဘေးမှာ ကျောက်တုံးတွေ ကိုယ်တိုင်စီပြီး နမ့်ခမ်းဆေးရုံကို သူကိုယ်တိုင်ဆောက်ခဲ့သတဲ့။ ခွဲစိတ်ခန်းကို သူ့ကိုယ်တိုင် စီမံရုံတင်မကဘူး။ သူနာပြုဆရာမကလေးတွေကိုပါ ကိုယ်တိုင် သင်ကြားလေ့ကျင့်ပေးခဲ့လို့ အဲသည်ခေတ်အခါက Seagravian Trained ဆိုရင် အမေရိကန်စတန်းဒတ်စစ်စစ် လို့ လူတွေလက်ခံကြတယ်။ စစ်အတွင်းကာလမှာ ဒဏ်ရာရတဲ့ တိုင်းရင်းသားတွေကို သူကိုယ်တိုင်လေ့ကျင့်သင်ကြားပေးထားတဲ့ Triage /Surgery Unit နဲ့ အသက်ပေါင်းများစွာ ကယ်တင်နိုင်ခဲ့တယ်။ ဒါပေမယ့်လည်း ဒုဗိုလ်မှူးကြီးအဆင့်ရှိတဲ့ စစ်ဆရာဝန်တစ်ယောက်မို့လို့ ဂျပန်တွေလက်ချက်နဲ့ သူ့ဆေးရုံလည်း မြေလှန်ခံရ၊ သူကိုယ်တိုင်လည်း အင်္ဂလိပ်စစ်တပ်နဲ့အတူ အိန္ဒိယကို ဆုတ်ခွာခဲ့ရပြန်တယ်။ နိုင်ငံရေးတွေအမျိုးမျိုး ပြောင်းလဲလို့ အင်္ဂလိပ်အစိုးရ၊ ဂျပန်အစိုးရ၊ ဖဆပလအစိုးရ၊ တော်လှန်ရေးကောင်စီအစိုးရတွေသာ အဆက်ဆက် ပြောင်းလာတယ်။ ဒေါက်တာဆီးဂရေ့ကြီး ကိုယ်တို့မြန်မာပြည်ကို ချစ်တဲ့စိတ်၊ ဆေးပညာကိုချစ်တဲ့စိတ်၊ ခွဲစိတ်ကုပညာကို ချစ်တဲ့စိတ်ကတော့ ပြောင်းမသွားပါဘူး။ နမ့်ခမ်းကိုပြန်လာ၊ ဆေးရုံပြန်ဆောက်၊ အသက်ထက်ဆုံး ကုသရင်း သင်ကြားရင်းနဲ့ပဲ ၁၉၆၅ ရောက်မှ နမ့်ခမ်းမှာပဲ ခေါင်းချသွားတယ်။ သြော် ပြောဖို့မေ့နေတာ တစ်ခု ရှိသေးတယ်။ ဆီးဂရေ့ဗ်ကြီးက အရမ်းအပြောကောင်းတာတဲ့။ သူရေးတဲ့ ဒိုင်ယာရီကို ၁၉၄၃ မှာ Burma Surgeon ဆိုပြီး စာအုပ်ထုတ်ရောင်းတာ ကမ္ဘာကိုကျော်ရောပဲ။ ကိုယ်ကိုယ်တိုင် မြန်မာပြည်က ခွဲစိတ်ဆရာဝန်လုပ်နေပြီး သူ့ကို သည်ကနေ့ ဆရာဦးသိန်းလွင်မိတ်ဆက်ပေးမှ သိရတာ ရှက်တောင်ရှက်မိပါရဲ့။
ဆာဂျင်လောကမှာ အဲသလိုမျိုး ဖြုံလောက်ဖျားလောက်တဲ့ ပိုင်အိုးနီးယားကြီးတွေ ရှိခဲ့တာ ဂုဏ်ယူဖို့လည်းကောင်း၊ အတုယူဖို့လည်းကောင်း၊ စွန့်ဦးတီထွင် ရှေ့ဆောင်လမ်းပြမို့ အားကျစရာလည်း အင်မတန်ကောင်းတာပေါ့နော်။ အဲ့ဒါကို Inspiration လို့ ခေါ်ပါသတဲ့။ သုမေဓါရှင်ရသေ့ကြီး ဘုရားဆုပန်တာလည်း Inspiration၊ ဆရာဝန်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည် ဆိုတာလည်း Inspiration ပဲလေ။ ကိုယ်တို့ဆရာ့ဆရာကြီးတွေလည်း ဘယ်လို Inspiration နဲ့များ ဆာဂျင်ဖြစ်လာခဲ့ပါလိမ့်။ ဘာတွေက စေ့ဆော်လို့ ခွဲစိတ်ဆရာဝန်လုပ်ဖြစ်သွားတာပါလဲ လို့ မေးကြည့်တဲ့အခါ သူတို့လည်း သူတို့အတွေ့အကြုံနဲ့သူတို့ Inspire လုပ်လာကြတာပါပဲ။ တစ်ဦးချင်းတစ်ဦးချင်းစီကနေ ယေဘုယျအဖြေ ထွက်လာတာကတော့ ဘယ်သူဘယ်ဝါကို ပုဂ္ဂလဒိဋ္ဌာန်နဲ့ အားကျတာမျိုးထက် အလုပ်ထဲမှာ စိတ်ရောကိုယ်ရော နှစ်မြုတ်ထားပြီးမှ ခွဲစိတ်ကုသလိုက်လို့ လူနာနေကောင်းသွားတဲ့ စိတ်ကျေနပ်မှုက ဆာဂျင်ဖြစ်ချင်စိတ်ကို ပေးတယ်လို့ သွားတွေ့ပါတယ်။ ကိုယ့်ထက်အငယ်တွေကို မှတ်လို့သားလို့ရအောင် သင်ခန်းစာပေးချင်တာကတော့ ဖြေသွားတဲ့ ဆရာကြီးဆရာမကြီးတွေအားလုံးဟာ ဆာဂျင်မဖြစ်ခင် လက်ထောက်ဆရာဝန် အလုပ်တွေကို အောက်သက်ကျေအောင် နင်လားငါလား လုပ်ပြီးတော့မှ ဆာဂျင်အဖြစ်ကို တက်လာတာ လို့ သတိထားမိအောင် ထောက်ပြချင်ပါတယ်။ ဆရာဝန်ကောင်းတောင် မဖြစ်ရင် ဘယ်လိုမှ ဆာဂျင်ကောင်း ဖြစ်မလာနိုင်ဘူး။ ဝတ်ကျေတန်းကျေအလုပ်လုပ်၊ စာမေးပွဲအောင်အောင်ဖြေ၊ သည်တစ်ဘွဲ့ပြီးရင် နောက်တစ်ဘွဲ့ရဖို့ အရေးကြီးတယ်။ ဘွဲ့နှစ်လုံးသုံးလုံး ပြည့်ရင် ဆာဂျင်လုပ်စားမယ် ဆိုတဲ့ ခွဲစိတ်ဆရာဝန်မျိုး သည်ကနေ့ ဆရာကန်တော့ပွဲတက်တဲ့ ဆာဂျင်တွေထဲမှာ တစ်ယောက်မှ မပါပါဘူး။ အဲ့လိုဆာဂျင်မျိုး မရှိဘူးလို့ မငြင်းဘူးနော်။ ရှိလည်း သည်ကနေ့လို ပွဲမျိုးမှာ ဝင်မတိုးနိုင်ဘူး။ ပညာရှင်တွေဟာ အချင်းချင်း ပါးစပ်မဟပဲနဲ့ အူဘယ်နှစ်ခွေ အကုန်မြင်တယ်။ အောင်လက်မှတ် ဟန်ပြလောက်နဲ့တော့ တက်မလာနဲ့။ တောက်ချပစ်လိုက်မှာ။ ပြောချင်တာကတော့ အောက်သက်ကျေဖို့လိုတယ်။ အဲ့ဒီအခြေခံရှိမှ အထက်က မြင့်ချင်သလောက်မြင့် ခိုင်ခိုင်မာမာ ရှိတာ။ အလုပ်မလုပ်ပဲ စာသာကျက်ရင် မာစတာတော့ရကောင်းရမယ်။ ဆာဂျင်လုပ်စားလို့တော့ မရဘူး။
ဒါရိုက်တာမောင်တင်ဦးကြီး ခေတ်ကောင်းတုန်းက သူ့ကို အသစ်တင်တာတော်လွန်းလို့ “ရွှံ့ကိုကိုင်ရင်တောင်ရွှေဖြစ်တဲ့သူ” လို့ ဝိုင်းချီးကျူးကြပါတယ်။ သည်အခါမှာ သူက “ရွှံ့ကိုကိုင်လို့ ရွှေဖြစ်တာမဟုတ်ဘူး။ ရွှံ့တွေထဲမှာ ရွှေဖြစ်မယ့်ရွှံ့ကို သူသိလို့ သူကိုင်လိုက်တိုင်း ရွှေဖြစ်တာ။”လို့ ပြန်ပြောသတဲ့။ ကိုယ်တို့ဆရာကြီးတွေလည်းပဲ တပည့်တွေကို ကြည့်လိုက်ရင် ဘယ်ကောင်တော့ ဆာဂျင်ဖြစ်အောင် သင်ပေးလို့ လက်စလက်နရှိတယ်လို့ သိသလား။ ဘယ်လိုလိုအပ်ချက်တွေ ရှိသလဲ။ ဆာဂျင်ဖြစ်ချင်ရင် ဘာတွေလုပ်ရမလဲ လို့ ဆက်ဆွေးနွေးကြပါတယ်။ ဆေးကျောင်းသား တစ်ယောက်အနေနဲ့ ကုသရေးဆေးရုံကို ပထမဦးဆုံးရောက်လာကာစ 3rd MB အတန်းလောက်ဟာ ကလေးတွေကို ဆာဂျင်ပိုးဝင်အောင် ဇာတ်သွင်းလို့ အသင့်တော်ဆုံးလို့ ဆရာကြီးတွေက ပြောပါတယ်။ အဲသည်နောက်မှာတော့ အလုပ်သင်ဆရာဝန်အဖြစ် လူနာဆောင်ထဲမှာ ခေါင်းမဖော်နိုင်အောင် အလုပ်တွေခိုင်းရင်း သင်သွားလို့ရတယ် လို့လည်းပြောကြပါတယ်။ သူတို့တွေကို ဆာဂျင်ဖြစ်အောင် ဘယ်လိုလေ့ကျင့်ပေးသလဲဆိုတော့ ဘာစာအုပ်ညာစာအုပ်ဖတ်တာက အဓိက မကျဘူး။ လူနာဆောင်ထဲမှာ ဖင်မြဲမြဲနေဖို့က ပိုအဓိက ကျတယ်လို့ ပြောသဗျ။ ဘွဲ့လွန်ကျောင်းသားတစ်ယောက်အနေနဲ့ သတ်မှတ်ထားတဲ့ အရည်အချင်းပြည့်မီမှ စစ်ဆေးတဲ့စာမေးပွဲများအောင်ပြီး သက်ဆိုင်ရာ အထူးကုဆရာဝန်များဖြစ်မှာကိုတော့ အားလုံးသိပြီးမို့ ပြောစရာ မလိုတော့ပါဘူး။ ဒါပေမယ့် အဲ့ဒါက Certification ပဲ ရှိသေးတာ။ ဘွဲ့လွန်ရပြီးဆရာဝန်တစ်ယောက် သူကျွမ်းကျင်ရာနယ်ပယ်မှာ အထူးကုစစ်စစ်ဖြစ်ဖို့အတွက်ကတော့ စာမေးပွဲအောင်ပြီဆိုပြီး စာအုပ်တွေ သူများပေးပလိုက်လို့မရဘူး။ ရေကူးသင်ပေးလိုက်တဲ့သူကို အခုမှစပြီး ရေထဲမှာ ကျက်စားခိုင်းတော့မှာ။ သည်အချိန်မှာ Senior Surgeon တွေရဲ့Supervision ရော၊ Hand on training ရော၊ သူများနိင်ငံတွေမှာဆို အလုပ်ရဖို့အတွက် Recommendation ပါ လိုသတဲ့။ ဝါးလုံးခေါင်းထဲ လသာလို့မရတော့တဲ့ခေတ်မှာ နိုင်ငံတကာက အသိအမှတ်ပြုတံဆိပ်ကလေးဘာလေး ကပ်နိုင်တော့ ပိုကောင်းတာပေါ့လေ။ International Bench Mark တဲ့။ ကိုယ်တို့ဆရာဝန်တွေ အင်္ဂလန်က ဘျင်မကြီး ဂါဝန်ဖိုးထောက်ပံ့နေရတာ ဆေးကျောင်းခုနစ်နှစ်တက်တဲ့ စားရိတ်ထက်တောင် ကြီးသေး။ အခု မာစတာဖြေဖို့တောင် IELTS Score တောင်းမယ်ဆိုရင် British Council ကတဆင့် ဆရာဝန်ခွန်ဆက်ရတာနဲ့ ဘာမှ မထူးတော့ဘူး။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ကွယ်။ Good Student ဖြစ်မှ၊ Good Doctor ဖြစ်မယ်။ Good Doctor ဖြစ်မှ Good Surgeon ဖြစ်မယ်လို့ တဆင့်ပြီးတဆင့် တက်ကြတဲ့အခါ နောက်ဆုံးမှာ လိုချင်တာက ကျွမ်းကျင်သူဆာဂျင်ကောင်းတစ်ယောက် Competent Surgeon ဖြစ်လာဖို့ ဘယ်လိုအချက်တွေနဲ့ ပြည့်စုံရမလဲလို့ ပိုက်စိတ်တိုက်လိုက်တော့ တြင်းကျေ နဝင်းကျေ ကိုးချက်သွားတွေ့တယ်။
၁။ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု(Medical Expertise)
ဒါကတော့ Theoretical back ground knowledge ရှိဖို့လိုပါသတဲ့။
၂။ မှန်ကန်စွာ ဆုံးဖြတ်နိုင်မှု (Judgment)
သူ့ကျတော့ အတွေ့အကြုံများများ ရှိဖို့လိုတာပါ။
၃။ နည်းပညာပိုင်း ကျွမ်းကျင်မှု (Technical Expertise)
အခုခေတ်က လက်နဲ့ချည့်ခွဲတာ မဟုတ်ဘူး။ စက်ကိရိယာ နည်းပညာ အကူအညီတွေများလာပြီ။ အဲ့ဒါတွေပါ ကျွမ်းကျင်ဖို့လိုတယ်။
၎။ ပညာရှင်ပီသမှု နှင့် ကျင့်ဝတ်လိုက်နာစောင့်ထိမ်းမှု (Professionalism & Ethics)
သည်အကြောင်းကတော့ပြောမဆုံးပေါင် တောသုံးတောင်ပါကွယ်။
၅။ Health Advocacy
အဲ့ဒါကိုဘယ်လို ဘာသာပြန်ရမှန်း မသိဘူး။ နားလည်အောင် ရှင်းပြရရင်တော့ ကိုယ်တို့ဆရာဝန်တွေ တစ်နေ့တစ်နေ့ဆေးရုံမှာ ခေါင်းမဖော်နိုင်အောင် ခွဲနေရတယ်။ ဒါပေမယ့် သိတဲ့သူ သိပ်မရှိဘူး။ ဈေးအိမ်သာလိုပဲ မနိုင်မနင်းဖြစ်၊ ပိုက်ဆံကလည်း မတတ်နိင်ဆိုမှ ဆေးရုံကို လာကြတယ်။ အရေးဆို ပြည်သူ့ဆေးရုံကမှ အားကိုးရတယ်ဆိုတဲ့ စိတ်နဲ့မလာဘူး။ ပညာမတတ်တဲ့ လက်လုပ်လက်စား ဆင်းရဲသားတွေမှ မဟုတ်ဘူး။ကိုယ်နဲ့ ဆေးကျောင်းအတူတူ တက်ဖူးတဲ့ ဆရာဝန်သူငယ်ချင်းတစ်ယောက်တောင် သူ့မှာ လိပ်ခေါင်းဖြစ်တဲ့အခါ ကိုယ်တို့ဆီလာမပြဘူး။ မြန်မာလို မပြောတတ်တဲ့ တရုတ်ဆေးခန်းမှာ ငွေကုန်ကြေးကျခံပြီး သွားခွဲတယ်။ သွေးတွေဒလဟောဆင်းမှ ဆေးရုံရောက်တာ။ အဲ့လိုလူနာတွေ ကိုယ်တို့ဆေးရုံမှာ မရှားပါဘူး။ သူများက မဟုတ်တရုတ်လုပ်ထားတာတွေကို ကိုယ်တွေက တာဝန်ယူရှင်းပေးနေရတယ်။ အဲ့ဒါ ကိုယ့်ဆေးရုံက သူ့ဆေးခန်းလောက် Advocacy မကောင်းလို့ ဖြစ်ရတာ။ မအေပြော တစ်လ မယားပြော တစ်ညဆိုတာ မအေထက် မယားက Advocacy ပိုကောင်းတယ် လို့ ဆိုလိုတာ။ အဲ့တော့ Advocacy ဆိုတာ နားဝင်အောင် အကြိမ်ကြိမ်တိုက်တွန်းရတာကို ဆိုလိုတယ်။ ဆာဂျင်လုပ်ပြီး Advocacy မကောင်းရင် သူများချေးထိုင်ကြုံးရမယ်။
၆။ ဆက်ဆံရေး ပြေပြစ်ကောင်းမွန်ရမည်။(Communication)
မင်းကဆရာဝန်လား။ ငါက ဆရာဝန်လား။ ရော့ တတ်ရင် ကိုယ့်ဘာသာ ခွဲသွား။ ဆိုတာမျိုးဟာ အတုခိုးရမယ့်အရာ မဟုတ်ဘူး။ ခေတ်တွေ ပြောင်းကုန်ပြီ။ လောက်ကိုင်မှာ ခွဲစိတ်ဆရာဝန်ဘဝနဲ့ ပွဲဦးထွက်တဲ့အခါ အရင်ဆုံးသင်ရတာက လူနာတွေနဲ့ တရုတ်လို စကားပေါက်အောင် ပြောနိုင်ဖို့ပါ။ ဘူတန်မှာလည်း ဘူတန်စကား သင်ခဲ့တာပဲ။ ဆရာဝန် နဲ့ လူနာကြားမှာ အောင်သွယ်မလိုဘူး။ ကိုယ့်စကား သူနားမလည်ရင်သူ့စကား ကိုယ်လိုက်ပြောဖို့ပဲ ရှိမယ်။ သူနဲ့ကိုယ်နဲ့ စကားလက်ဆုံကျနိုင်မှ ရင်းနှီးမယ်။ ရင်းနှီးမှ ယုံကြည်မယ်။ ယုံကြည်မှ အပ်နှံမယ်။ ခွဲတယ်စိတ်တယ်ဆိုတာ ဆရာဝန်ဆီမှာ အသက်ကိုအပ်နှံရတာမျိုး။
၇။ အများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရမည်။(Collaboration & Team Work)
သိတဲ့အတိုင်း ဆာဂျင်ဆိုတာ ဆိုင်းမပါ ဗုံမပါ တပင်တိုင်ကတဲ့ မြေလျှောက်မင်းသား မဟုတ်ဘူး။ ရှေ့ကသွားရင် နောက်ကပါမယ့် လူလိုတယ်။
၈။ စီမံခန့်ခွဲမှု နှင့် ခေါင်းဆောင်မှုအရည်အသွေး(Management & Leadership)
ဆေးကျောင်းကလည်း သင်မပေးလိုက်ဘူး။ မာစတာ သင်ရိုးညွှန်းတမ်းမှာလည်း မပါဘူး။ ဒါပေမယ့် အဲ့ဒါ မပါပဲ ဆာဂျင်လုပ်လို့မရဘူး။ တစ်သက်လုံး သူများ Assistant လိုက်လုပ်ရလိမ့်မယ်။ ခေါင်းဆောင်ဆိုတာ အကြီးဆုံး ကုလားထိုင်မှာ သြဇာထိုင်ပေးနေရုံသက်သက် မဟုတ်မှန်း ကိုယ်တိုင် အဲသည်နေရာရောက်တော့ သိလိမ့်မယ်။ စားတတ်တာနဲ့ ဖားတတ်တာ နှစ်ခုတည်းတတ်ရုံနဲ့ တစ်နိုင်ငံလုံး တမိုးလုံးဖျောက်ဆိပ် အုပ်ချုပ်ချင်ရင် ဆေးကျောင်းမလာနဲ့။ ဟိုကျောင်းသွား။
၉။ သင်ကြားရေး သင်ယူရေး (Scholarship & Teaching)
ဆရာဇီဝကလက်ထက်က အူအထုံးဖြေတဲ့ ခွဲစိတ်ပညာတွေ အခုမရှိတော့ဘူး။ မယုံရင် ပုံပြင်မှတ် လို့ စာအုပ်ထဲပဲ ဖတ်ဖူးတော့တယ်။ အဲ့ဒါ သင်ကြားရေး သင်ယူရေး မပါလို့ ဖြစ်ရတာ။ ဆရာစားချန်တယ်ဆိုတာ မျက်မှောက်ခေတ်ဆေးပညာမှာ မရှိဘူး။ တပည့်ဆီက ခေတ်နဲ့ မျက်ခြေမပြတ်အောင် ပြန်ပြန်သင်နေရတာပဲ ရှိမယ်။ ကိုယ့်ဘက်က သင်ယူမှုရပ်လိုက်တာနဲ့ ကြာလေကြာလေ ခေတ်နဲ့အလှမ်းကွာလေ၊ နောက်မှာ ကျန်ရစ်ခဲ့လေပဲ။ ဆေးပညာဆိုတာ ဘယ်တုန်းကမှ ရပ်မနေခဲ့ဘူး။
ကိုယ်တို့ဆရာကြီး အင်္ဂလန်ကပြန်လာတော့ သူ့ဆရာက “မင်းဟိုမှာ ဘာတွေလုပ်ခဲ့ရသလဲ” လို့ မေးပါသတဲ့။ အဖြေကို နားထောင်အပြီးမှာ“တို့နဲ့ သိပ်တော့ မကွာလှပါဘူး။” လို့ တွေးတွေးဆဆ ပြောနိုင်သတဲ့။ သည်ကနေ့ ဆရာကြီးကတော့ သူ့တပည့်တွေကို မေးကိုမမေးရဲတော့ဘူး။ အရမ်းအရမ်းကို ကွာလွန်းနေပြီ။ “အမေရိကန် အင်္ဂလန်မပြောနဲ့၊ အိန္ဒိယတပည့်၊ ထိုင်းတပည့် ဖြစ်နေရတာ သိပ်အသည်းနာစရာကောင်းတာပဲ” လို့ ရင်ထုမနာပြောပါတယ်။ ဟုတ်ပါတယ်။ အမှန်တရားဟာ ခါးသီးလိုက်တာ။ အခုဆို ကိုယ်တို့သူငယ်ချင်းတွေ ဂျီပီထိုင်ပြီး ဆေးမကုကြတော့ဘူး။ အရပ်တကာ လူနာရှာပြီး အိန္ဒိယသွားမလား၊ ထိုင်းသွားမလား၊ ဗီဇာရော၊ ဖလိုက်ရော၊ချိတ်ပေးမယ်။ ဒီမှာထက်စာရင် ဟိုမှာက ကျေနပ်လောက်တဲ့ ဆားဗစ်ရတယ် ဖြစ်ကုန်ပြီ။ ယူလီဟားက ဘဘစိုင်းကြီးတောင် ယပက်လက်တွေနဲ့ နှစ်နိုင်ငံ ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု စာချုပ်တွေသွားချုပ်နေပြီ။
ဂျပန်ကိုသွားတုန်းက အာရှပစိဖိတ်အရေးပေါ်ဆရာဝန်များ ကွန်ဖရင့်မှာ ကိုယ်တို့ဆေးရုံက ကောက်ခံရှာဖွေယူသွားတဲ့
ဒေတာကလေးတွေနဲ့ စာတမ်းအသေးအဖွဲကလေးတစ်ခု တင်ဖြစ်တယ်။ ကိုယ်တို့ဆီမှာ အရေးပေါ်ကို ဘယ်လိုလူနာတွေ လာသလဲ။ ဘယ်လိုတွေခွဲပြီး ဘာတွေ ဖြစ်ကုန်သလဲ။ အဲသလောက် Facts & Figures လေး ရဖို့ကိုတောင် လူနာဆောင် အသီးသီးမှာ မှတ်တမ်းစာအုပ် အစောင်စောင် လှန်လှော ရှာဖွေ ကူးယူရတယ်။ ဒါတောင်မှတ်မှတ်သားသား မရှိတာတွေ တပုံကြီး။ မှန်ကန်တဲ့ အချက်အလက်လိုချင်လို့ မှန်ကန်တဲ့ဒေတာရအောင် လိုက်ပြီးတဲ့နောက်မှာ ကိုယ့်ထုံးစံအတိုင်း မကွယ်မဝှက် အရှိအရှိအတိုင်း တင်ပလိုက်တယ်။ အဲ့ဒီက Chair Person ကြီးက ကိုယ်တို့ဆီ ဘာဖြစ်လို့ အူအတက်ရောင်တာ များနေသလဲ သိချင်တယ်။ ကိုယ်တို့က လူနာကို လက်နဲ့စမ်းပြီး ခွဲဖို့ဆုံးဖြတ်တာမို့ Over diagnose လည်း ဖြစ်နိုင်သလို အူအတက်ဆိုတိုင်းလည်း အူအတက်ရောင်တာ မဟုတ်။ အထဲရောက်လို့ တခြားရောဂါတွေဖြစ်နေရင် လိုအပ်သလို ဆက်လုပ်ရသေးတာလို့ ရှင်းပြရပါတယ်။ အူအတက်တောင်မှပဲ ရောင်ရုံကလေးရောင်တာလား၊ ပေါက်သွားပြီလား၊ ခဲသွားပြီလား၊ ပြည်တည်နေပြီလား၊ လား လား လား လားတွေကို ချက်ပေါ်ကို လက်တော်နဲ့သပ်ပြီး တော်တော်မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်တာကို သူချီးကျူးပါတယ်။ သူတို့ဆီမှာ အူအတက်တွေကို ကွန်ပြူတာဓါတ်မှန် (CT scan) မပါပဲ ဘယ်တော့မှ မခွဲဘူး။ သူတို့ဆီက ဆရာဝန်တွေ အူအတက်ကို လက်နဲ့ မစမ်းတတ်ကြတော့ဘူး။ မင်းတို့ဆီမှာ စက်ကိရိယာတွေ မပြည့်စုံတာလည်း တစ်မျိုးကောင်းတာပဲ။ စွမ်းရည်ထက်မြက်တဲ့ ဆရာဝန်လေးတွေ ထွက်လာတာပေါ့။ ငါတော့ အဲ့လိုခေတ်အခါမျိုးကို ပြန်လွမ်းတယ်။လို့ ဆိုပါတယ်။ သူကတော့ ဖြေသိမ့်လိုက် လို့ ပြောချင်တာနေပါလိမ့်မယ်။ ကိုယ့်မှာသာ ဖြေလည်းမပြေဖြစ်ရပါတယ်။ လူကိုများ တောဆရာဝန်ပြော ပြောနေလိုက်တာ။ မောင်မင်းကြီးသား ဘယ်ရွာဇာတိမို့ပါလိမ့်လို့ ကြည့်လိုက်တော့ ထိုင်ဝမ်ဆရာဝန်ကြီးပါဗျာ။ ကျွန်းကလေး တစ်ထွာတစ်မိုက်ကနေ လေကျယ်နေလိုက်တာ။ မျက်စောင်းကြီး ပိတ်ထိုးပလိုက်ရ မကောင်းရှိတော့မယ်။
အားလုံးပြီးသွားလို့ အိမ်ပြန်ရောက်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်ရော ငါ ဘာလို့ ခွဲစိတ်ဆရာဝန်လုပ်ခဲ့မိပါလိမ့် လို့ ပြန်မေးပါတယ်။ ဆွေထဲမျိုးထဲ ပထမဆုံးဆရာဝန်ဖြစ်တဲ့သူမို့ အင်စပိုင်းယားလုပ်စရာ ကြီးကြီးမားမား ဆရာဝန်ကြီးတွေ ကိုယ်မမြင်ဖူး မကြားဖူးပါဘူး။ ၂ တန်းတုန်းက မြေပုံမဆွဲတတ်လို့ ငိုနေတဲ့ကိုယ့်ကို မြေပုံဆိုတာ သည်လိုဆွဲရတယ်လို့ အကွက်ကလေးတွေချပြီး သင်ပေးခဲ့သူ ကေကေချာကရာပါတီဆိုတဲ့ ပန်ချာပီဆရာဝန်ကြီးဟာ ကိုယ်ပထမဦးဆုံး သိတဲ့ ဆရာဝန်ပါပဲ။ ဆယ်တန်းမှာ အဖေဆုံးတော့ ကိုယ်တို့အိမ်မှာ ဆရာဝန်တစ်ယောက်ရှိဖို့ကောင်းတယ်လို့ တွေးတတ်နေပါပြီ။ ဒါပေမယ့် ဆေးကျောင်းမပြီးမချင်း ဘယ်လိုဆရာဝန်မျိုးလုပ်မှာလဲဆိုတာ မတွေးတတ်ပါဘူး။ ဆရာဝန်ဖြစ်ပြီးရောပေါ့။ ဘာဖြစ်ဖြစ်။ ဟောက်ဆာဂျင်မှာ ဆရာဦးကြည်ဦးက “မင်း ဆာဂျရီဖြေမှာလား။” လို့ မေးတော့ ခါးခါးသီးသီး ငြင်းခဲ့တာပါ။ အဲ့ဒီဘာသာက ကိုယ်အကြောက်ဆုံးဘာသာလေ။ ဒါပေမယ့် လူနာဆောင်ထဲမှာ တစ်ရက်ခြား ၂၄ နာရီ ဂျူတီဆင်းရပါတယ်။ အိမ်ပြန်ရောက်လို့ အိပ်ရေးမဝသေးဘူး။ နောက်ဂျူတီနေ့ ပြန်ရောက်လာတာ။ သူများအသားကို ဓါးနဲ့လှီးဖို့ဆိုတာ လက်ရောစိတ်ရော ငြိမ်ရသလို အချိန်အဆလည်း လိုပါတယ်။ အဲ့ဒါတွေကို သင်ပေးတာကတော့ ဆရာဦးသိန်းလွင်ပါ။ ဆေးထိုးအပ်နာကို ပြည်ဖောက်တဲ့အခါ သူက အခန်းဝကနေ "ကြက်ခြေခတ်ကလေးလှီးလိုက်၊ ထောင့်စွန်းလေးမှတ်ကို စက်ဝိုင်းကလေး ရေးလိုက်၊ တြိဂံကလေးတွေကို ဖြတ်ထုတ်လိုက်၊ ဆရာ ဒယ်အိုးကလေး မလိုချင်ဘူး။ ရေတွင်းကလေး လိုချင်တယ်။" အဲ့လိုမျိုး အသေးစိတ် သင်ပေးတဲ့အခါ ကိုယ်လည်း လက်ရဲဇက်ရဲ ရှိလာပြီး ခိုင်းရင် မကြောက်မရွံ့ အကုန်လုပ်ပါတယ်။ ဘာကြောက်စရာရှိမလဲ။ ဖြစ်လာရင် သူတာဝန်ခံမယ့်ဟာ။ ဆိုလိုတာက ဆရာဝန်ပေါက်စတစ်ယောက် ဓါး နဲ့ လက်ယဉ်သွားဖို့ အဲ့လို တာဝန်ယူ တာဝန်ခံပြီး သင်ပြပေးမယ့် ဆရာသမားတစ်ယောက်ယောက် မရှိမဖြစ် လိုပါတယ်။ အတွေ့အကြုံဆိုးတွေ ရှိခဲ့ရင် ဓါးကို ကြောက်သွားတတ်တာကိုး။
အလုပ်ဝင်တော့ JICA ဆေးရုံမှာ ဆရာဦးခင်မောင်ကြည်က အဲသည်မေးခွန်းကိုပဲ မေးပါတယ်။ ကိုယ်ကလည်း ဘူးခါတုန်းပါပဲ။ ဒါပေမယ့်ဖြေချင်ချင် မဖြေချင်ချင် ကိုယ့်ကို ခွဲခန်းထဲမှာ နေဝင်မိုးချုပ် ခိုင်းပါတယ်။ အဲ့ဒီတုန်းကရန်ကုန်ဆေးရုံကြီးက အရေးပေါ်လူနာတွေကို တပတ်နှစ်ရက် လက်ခံတာမို့ လူနာလက်ခံတဲ့ရက်ဆို သည်မနက်ကစ ခွဲခန်းဝင်လိုက်တာ၊ ဝင်လိုက် ထွက်လိုက်။ စမ်းလိုက် ခွဲလိုက်နဲ့ နောက်တစ်နေ့မနက်လင်းတဲ့အထိပါပဲ။ အလုပ်ထဲမှာ ပျော်ဖို့ အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့ အလုပ်ပတ်ဝန်းကျင်ကောင်းကောင်းလည်း လိုပါတယ်။ ဌာနမှူးဖြစ်တဲ့ ဆရာကြီးဦးရဲမြင့်နဲ့ တစ်ခါမှ တိုက်ရိုက်စကားမပြောဖူးပေမယ့် Team Leader လုပ်တဲ့ ဆရာဦးခင်ဇော်၊ အမ ပြုံးမာဆွေ၊ အမ စိုးမြတ်မွန်တို့နဲ့တော့ လုံးလုံးထွေးထွေး ရင်းရင်းနှီးနှီးနေပါတယ်။ အနည်းဆုံးတော့ သူတို့တတွေ သိပ်သဘောကောင်းတာပဲ လို့ ခံစားလို့ရတယ်။ ခွဲခန်းထဲကို ရောက်တဲ့အခါ ကိုယ်လိုပဲ အလုပ်ဝင်ကာစ ဆရာမကလေးတွေနဲ့ ဝိုင်းလုပ်ဝိုင်းစား ခင်ခင်မင်မင် ပေါင်းမိတဲ့အခါ Surgical Field ဆိုတာ ပျော်စရာကောင်းတယ်လို့ ခံစားမိလာပါတယ်။ အဲ့ဒီတော့ ကိုယ့်ကို ဘာလို့ ဆာဂျင်လုပ်တာလဲ လို့ မေးရင် ခွဲခန်းထဲမှာ ပျော်လို့ လို့ဖြေမှာပါ။ ဒါဆို မေ့ဆေးလုပ်လည်း ရတာပဲ။ မေ့ဆေးဆို ခွဲခန်းထဲမှာ ပိုတောင်နေရသေး။ JICA မှာ ၂ နှစ်နေခဲ့တဲ့အထဲ ကိုယ်မေ့ဆေးမှာနေတာ ၁၁ လ တောင် ကြာပါတယ်။ ကိုယ့်အမကြီးဒေါ်ကြည်ကြည်စန်းက သေသေချာချာ သင်ပေးသလို မေ့ဆေးဖြေဖို့လည်း အမြဲတိုက်တွန်းပါတယ်။ ဒါပေမယ့် အမှန်အတိုင်းပြောရကြေး မေ့ဆေးဖြစ်လာရင် ဆာဂျင်က အပြင်မှာခွဲတဲ့အခါ ကိုယ့်ကိုခေါ်ဖို့ပြုံးချိုချိုကလေးနေရတဲ့အဖြစ်ကို မခံစားနိုင်ပါဘူး။ (မေ့ဆေးတွေ အဲသလိုနေတယ်လို့ မပြောဘူးနော်။ အဲ့ဒီအချိန်တုန်းက ကိုယ်တွေးမိတဲ့အတွေးကို ပြောတာ။ အလုပ်ပိချင်ပိပစေ။ လူအတင်စီးတော့ ခံနိုင်တာ မဟုတ်) အခုအချိန်မှာ ကိုယ်တွေးမိတာကတော့ ဆာဂျင်တစ်ယောက်ြဖစ်ဖို့ ဘယ်သူဘယ်ဝါကို အထင်ကြီး အားကျတယ် ဆိုတာမျိုးထက် စိတ်ချမ်းချမ်းသာသာ အလုပ်လုပ်နိုင်သော ပတ်ဝန်းကျင်ကောင်းတစ်ခုကသာ ပိုဆွဲဆောင်နိုင်မယ် လို့ ထင်မိပါတယ်။
လောက်ကိုင်မှာနေတုန်းက သူတို့က ကိုယ့်ကို ခိုက်တောင်းရီစင်း လို့ ခေါ်ကြပါတယ်။ ဓါးဆရာ ဆိုပါစို့။ သူတို့ပြောတော့ ကိုယ့်မှာမျက်စိထဲ ပြေးမြင်မိတာ ငယ်ငယ်က တရုတ်သိုင်းဝတ္ထုတွေထဲက ဓါးတွေချည့်ပဲ။ နဂါးနိုင်ဓါး၊ တိမ်လွှာဓါး၊ ကိုးသင်္ချိုင်းသံဓါး၊ မက္ခရာဓါး၊ မင်းကြီးရန်နောင်ရဲ့ ယိမ်းနွဲ့ပါးဓါးတွေတောင် မကျန်ဘူး။ တကယ်တမ်း အဲ့ဒီဓါးတွေကို ဝါသနာပါပါနဲ့ စိတ်ဝင်တစားစုဆောင်းတတ်တာ ကိုယ်တို့ရဲ့ မွေးသဖခင် ကျေးဇူးရှင်ပါ။ အိမ်မှာဓါးတွေ အများကြီးရှိတယ်။ ဧည့်သည်လာတိုင်း ထုတ်ထုတ်ပြတတ်တယ်။ ကိုယ်တို့သားအကြီးနှစ်ယောက်ကို ဗန်တိုဗန်ရှည်တို့၊ သိုင်းပြောင်းပြန်တို့ လိုက်အပ်ပေးပြီး ကစားခိုင်းတယ်။ ရှမ်းဘောင်းဘီဆင်တယ်။ ကိုယ့်ညီဆို ရှမ်းဝတ်စုံနဲ့ ခေါင်းပေါင်းကလေးပေါင်းပြီး ဓါးကလေးမွှေ့ကာမွှေ့ကာ ကတတ်တယ်။ သူက မူကြိုအရွယ်ကလေးနဲ့ အဲ့သလိုမောင်းဆိုင်းကလေးနဲ့ ကတဲ့အခါ လူတွေကလည်း သဘောကျလို့။ ကိုယ့်အဖေမျက်နှာကလည်း ပြုံးလို့။ အခုတော့ သူ့ဓါးတွေ အိမ်မှာ တစ်လက်မှ မရှိတော့ပါဘူး။ သူဆုံးပြီးကတည်းက လိုချင်တဲ့သူ အကုန်ပေးပလိုက်ပြီ။ ဒါပေမယ့် သူ့သား ဓါးစကြာကြီးနှစ်ယောက်ကတော့ အလုပ်ထဲမှာ ဓါးတဝင့်ဝင့်ကိုင်နေတဲ့သူတွေ ဖြစ်လာတယ်။ တစ်ခါတစ်ခါလည်း ခွဲခန်းထဲမှာ လူချင်းဆုံဖြစ်သားပဲ။ သူလည်းသူ့လူနာသူခွဲ ကိုယ်လည်းကိုယ့်လူနာကိုယ်ခွဲ။ ကိုယ်တို့အဖေများ ရှိသေးရင် သည်ကောင်တွေ သူများအသား ဓါးနဲ့လှီး၊ သွေးထွက်သံယို ဖြစ်တာမြင်မှ အိပ်ပျော်စားဝင်တဲ့ ဓါးခုတ်ကောင်တွေဆိုပြီး ပြုံးနေမယ် ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆာဂျင်ဖြစ်ရတဲ့ဘဝမှာ ကိုယ့်မိဘ ဘိုးဘွား ဆရာသမားများ မျက်နှာငယ်၊ အရှက်ရ၊ သိက္ခာကျစေမယ့် အလုပ်မျိုးမှန်သမျှ အသက်ထက်ဆုံး ရှောင်ကျဉ်နိုင်ဖို့ကလည်း အရေးကြီးဦးမယ် ထင်ပါရဲ့။

0 comments:
Post a Comment