Friday, March 6, 2015

မသန်စွမ်းတဲ့ သားသမီးတွေရဲ့လိုအပ်ချက် ခင်မောင်ညို (ဘောဂဗေဒ)


`        တလောတုန်းက တောင်ကြီးကို သွားပါတယ်။ မသန်စွမ်းတွေရဲ့ စွမ်းရည်ပြပွဲဆိုတာကို သွားပါတယ်။ အဲဒီတော့ ကိုယ်ဘယ်လိုလူလဲ။သန်ပြီးတော့ မစွမ်းတဲ့လူလား၊ မသန်လည်းမသန် မစွမ်းလဲ မစွမ်းတဲ့သူလားပေါ့။ အဲဒိအတွေးလေး ဝင်မိပါတယ်။

တောင်ကြီးကိုရောက်သွားတာက  စီးပွားရေးတက္ကသိုလ်က တပည့်ဟောင်းတစ်ယောက်ရှိပါတယ်။ သူက တောင်ကြီးမှာ LCCI သင်တန်း ဒေါ်သန်းနွယ်အောင်ဆိုပြီး  သင်တန်းတစ်ခုဖွင့်တယ်။ သူကိုယ်တိုင်ကအောက်ပိုင်းမသန်ဘူး။ အောက်ပိုင်းမသန်ပေမယ့် သူ တက္ကသိုလ်ဘွဲ့တစ်ခုကို ကြိုးစားပြီးတော့ယူတယ်။  တက္ကသိုလ်အဆောင်မှာ နေခဲ့ပြီးတော့သူ့ရဲ့သူငယ်ချင်းတွေကလည်း ဝိုင်းကြဝန်းကြ ကူညီကြနဲ့၊ အဲဒိလိုနဲ့သူဘွဲ့ရလာတယ်ပေါ့လေ။ အဲဒိကနေပြီးတော့ သူသင်တန်းလေးဖွင့်တယ်။သင်တန်းဖွင့်ရာကနေပြီးတော့ နောက်တစ်ဆင့်မှာ သူဘာလုပ်သလဲလို့ဆိုတော့ သူ့လို ဘဝတူတွေဆိုကြပါစို့ မသန်စွမ်းတဲ့ကလေးတွေကို တတ်နိုင်သမျှ ပြုစုစောင့်ရှောက်မယ်ဆိုပြီးMorning Star ဆိုတဲ့ အဖွဲ့လေးတစ်ခု ဖွဲ့တယ်။


အဲဒိအကြောင်းကိုလဲသူအခုသူပြန်ပြောပြ ပြန်ရေးတဲ့ စာအုပ်ကလေးတစ်အုပ် ထွက်တယ်။  အဲဒိစာအုပ်ကလေးကိုလည်း ဖြန့်မယ်။ နောက်ပြီးတော့မသန်စွမ်းတွေရဲ့ စွမ်းရည်ပြပွဲကိုလဲ လာပါ ဆရာလာစေချင်တယ်၊ အားပေးစေချင်တယ် ဆိုတော့သွားတယ်။ သွားပြီးတော့ အဲဒိကလေးတွေလဲ လက်ဆောင်ပေးတယ်။ ကလေးတွေနဲ့ တရင်းတနှီးပေါ့။ပြောရင်းတောင်မှ မျက်ရည်လည်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပျော်လိုက်ကြတာမှ ဒီကလေးတွေက။ 

မြန်မာစကားပုံမှာအကျိုးဆော့ အကန်းမော့ ဆိုတဲ့စကားတစ်ခုရှိတယ်။ အဓိပ္ပာယ်ကောက်တဲ့အခါကျရင်တော့မကောင်းတဲ့ဘက်ကနေ ကောက်ကြတယ်။ မကောင်းတဲ့ဘက်ကဆိုတာ နဂိုထဲကမှ မကောင်းတဲ့သူကျိုးနေတဲ့သူက ဆော့ရကောင်းလား။ နဂိုတုန်းကမှ မျက်စိမမြင်တဲ့သူက မော့နေရကောင်းလားပေါ့။အဲဒိစကားကတော့ မကောင်းတဲ့ဘက်ကနေ အဓိပ္ပာယ်ပဲ ထွက်ကြတယ်။

အဲဒိကိုသွားပြီးတဲ့အခါကျတော့ ကောင်းတဲ့ဘက်ကနေပြီးတော့ တွက်တယ်။ အဲဒါကဘာလဲဆိုတော့ခြေမကောင်းတဲ့သူ ကျိုးတဲ့သူဟာ များများဆော့ရမယ်။ ကျိုးနေတာပဲဆိုပြီးတော့ငြိမ်နေလို့ မဖြစ်ဘူး။ များများဆော့ရမယ်။ နောက် မျက်စိမမြင်တဲ့သူကလည်းနှိမ့်ချထားစရာမလိုဘူး။ သူမျက်စိမမြင်ပေမယ့် ခေါင်းမော့ပြီးတော့ ရင်ကော့ပြီးတော့နေနိုင်တယ်ဆိုပြီးတော့ အဓိပ္ပာယ်အသစ်နဲ့ အဓိပ္ပာယ်ဖွင့်ကြည့်ပါတယ်။

အဲဒိလိုပြောရတာကစောစောကပြောသလို စွမ်းရည်ပြပွဲဆိုတဲ့အတိုင်းပဲ သူတို့ကတော့ ဒီရှမ်းသီချင်းတွေပေါ့နော်။ ရှမ်းရိုးမကအိုးစည်သံတို့ ဘာတို့ပေါ့။ အဲဒါတွေနဲ့ကကြခုန်ကြတာပေါ့။ ဟာ ပျော်လိုက်ကြတာမှ တခါထဲ။ ကလေးတစ်ယောက်ဆိုရင်သူကမြေကြီးမထိဘူးပေါ့လေ။ လူကြီးပဲချီနေရတယ်။ သူနဲ့ သွားပြီးတော့ တွဲကတယ်။ လက်ဆွဲကနှုတ်ဆက် ဘာညာနဲ့ဆိုတော့ အဲဒိမှာ မြေကြီးထိသွားတယ်။

တချို့ကလေးတွေကနဂိုတုန်းကဆို  မိဘအားကိုးစိတ် တအားများတယ်။သူတို့အချင်းချင်း ဉာဏ်ရည်မသန်စွမ်းတဲ့သူတွေ အချင်းချင်း စုစည်းပေးလိုက်တယ်။အဲတော့ သူတို့အချင်းချင်း တွေ့တဲ့အခါကျတော့ ပိုပြီးတော့ လုံခြုံမှုရှိပုံရတယ်။နဂိုတုန်းကလို မိဘကို အားကိုးပြီးတော့ နေရတဲ့ ကလေးတစ်ယောက်ဆိုရင်လဲ အလိုလိုပေါ့လေသူ့ကိုယ်သူ ဒီရောင်းရင်းတွေနဲ့ ပေါင်းသင်းရင်းနဲ့ သူ့ကိုယ်သူ အားကိုးတဲ့ယုံကြည်ချက်တွေရှိတဲ့ ကလေးတွေ ဖြစ်လာတယ်။

တချို့ကဘာအားနည်းချက်ရှိမှန်းတောင်မသိဘူး။ ဒီတိုင်း ထိုင်နေတာ။ ကလေးတစ်ယောက်က သူက မျက်စိအဝေးသိပ်မမြင်ဘူး အနီးအနားပဲမြင်တယ်။ ဒါပေမယ့် အဆို အရမ်းကောင်းတယ်။ အခုသူတို့က စီးရီးအခွေထုတ်ဖို့တောင်မှ ပြင်နေတယ်။
နောက်ကလေးမနှစ်ယောက်ကဆိုရင်  မှုန်ရွှေရည်တို့ ဘာတို့ပေါ့။ အကအရမ်းကောင်းတယ်။  သူတို့မှာဘယ်လိုအားနည်းချက် ရှိတယ်ဆိုတဲ့ဟာတောင် သတိမရဘူး။ နောက်ကလေးတစ်ယောက်ဆိုရင်လက်မှုမှာ ကျွမ်းကျင်တယ်။
သူခဏလေးနေနေတဲ့အချိန်မှာကို အဲဒိ ပန်းထိုးတယ်၊ နောက်တစ်ယောက်ကသူ စကားမပြောနိုင်ဘူး။စကားမပြောနိုင်ပေမယ့်သူ စာအရမ်းဖတ်တာ။ စာကြီးပေကြီးတွေပဲ ဖတ်တာ။  ပြီးတော့သူက သူဖြစ်ချင်တဲ့ လုပ်ချင်တဲ့ဆန္ဒကိုသူက စာရေးပြီး ပြောတယ်။ သူပြောတဲ့စာကတော့နည်းနည်းတော့ တမျိုးတော့ဖြစ်နေတယ်။ ဒါပေမယ့် သူ စာကြီးပေကြီးမှဖတ်တာ။ တကယ့်ဗဟုသုတလည်းတအားစုံတယ်။ 

သတိထားမိတာတစ်ခုရှိတယ်။ တဖက်ကကျတော့လည်း သဘာဝတရားကြီးက တရားတယ်လို့ အောက်မေ့မိတယ်။ဆရာမဒေါ်သန်းနွယ်အောင်ဆိုရင် အောက်ပိုင်းမသန်ဘူး။ အဲတော့ သူက လက်ကိုအားကိုးပြီးတော့အလုပ်လုပ်ရတာပေါ့နော်။ အဓိကလက်ကိုပဲ အားကိုးရတယ်။ ခြေထောက်လုပ်တဲ့အလုပ်တွေ လက်ကပဲလုပ်ရတာပေါ့။ လုပ်ရတဲ့အခါကျတော့ သူနဲ့ လက်လှဲလို့ရှိရင် ရှုံးမယ်။ ပိုပြီးလက်သန်တယ်ပေါ့နော်။ 

တချို့ကလေးတွေမှာလက်မသန်ရင် ခြေထောက်မှာ ပိုသန်တယ်။ သူတို့တွေက ဂရိအိုလံပစ်ကနေပြီးတော့တောင်ပြန်လာတဲ့သူ။ စင်ကာပူက ပြန်လာတဲ့သူ။ ဥရောပက ပြန်လာတဲ့သူ။အမေရိကန် သွားမယ့်သူတွေ ဖြစ်တယ်။ အားကစားပြိုင်ပွဲတွေပေါ့နော်။ ဒီတခါ အနီးကပ်တွေ့ဖူးတာပေါ့။
အဲတော့ဒီ Morning Star ဆိုတဲ့အဖွဲ့လေးက လုပ်တဲ့ပွဲကို ရှမ်းယဉ်ကျေးမှုခန်းမတော်တော်ပြည့်အောင် လာကြတယ်။ ဒါပေမယ့် သူတို့က ကိုယ်တစ်နိုင်လေး လုပ်နေတာပေါ့။ဒီဆရာမက သူကိုယ်တိုင်ကိုက အောက်ပိုင်းအားနည်းနေတဲ့အခါကျတော့ အရမ်းကြီး မချဲ့ဘူး ဆရာမသန်းနွယ်အောင်အခုလို အောက်ပိုင်း မကျန်းမမာဖြစ်တဲ့ဟာက ကောင်းဖို့ဖြစ်တာနဲ့တူတယ်။သူကိုယ်တိုင်ကခံစားရတယ်။ အဲတော့ သူနဲ့ဘဝတူတွေ၊ ဒုက္ခတူတဲ့သူတွေ ဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့ဟာကို သူစဉ်းစားတယ်။ ဘယ်လိုဖြေရှင်းပေးရမလဲဆိုတဲ့ဟာကို သူမြင်တယ်ပေါ့။ ။

သူနဲ့လက်မောင်းလှဲရင်မနိုင်ဘူး။ ရှမ်းသီချင်းတွေ ဘာတွေနဲ့လည်း မကတတ်ဘူး။ နောက်တစ်ခါစာဖတ်တဲ့ကလေးဆိုရင်လဲ မထင်မှ မထင်ရဘဲနဲ့။ ဒီကလေးလေးက ကုတ်ကုတ်လေးထိုင်နေတယ်။နောက်ဒီ လက်မှုပညာပြတဲ့ ကလေးတစ်ယောက်။ နောက် ပန်ချီကားဆွဲတဲ့ကလေး၊ ပန်ချီကားဆိုလဲ တအားကောင်းတာပဲ။ နော် ပန်းချီဆွဲတဲ့ကလေးတွေ တွေ့တယ်ဆိုတော့အဲဒါတွေက သူတို့လည်း မသန်စွမ်းပဲလေ။ 

နောက်ပြီးတော့သူတို့ကြည့်ရတဲ့ဟာက လောဘတွေ ဒေါသတွေ ဘာမှမတွေ့ရဘူး။ နောက် ပျော်ပျော်ပါးပါးပဲ။အခုဆိုရင် ဒီ Morning Star ဆိုတဲ့အဖွဲ့လေးက တစ်ပတ်ကို နှစ်ရက်သုံးရက်လောက်သူတို့နဲ့တွေ့တယ်။ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေလုပ်ဖို့က နှစ်ရက်လောက်လုပ်တယ်။ နောက် စိတ်ပိုင်းဆိုင်ရာတွေ၊ သူတို့အချင်းချင်း ဆက်သွယ်ဖို့ဘာဖို့ရောဆိုတော့ သူတို့က အဲဒိသုံးရက်ကို အရမ်းတန်ဖိုးထားတာပဲ။

သူတို့ကအားကစားရုံကြီးတွေနဲ့ နေနေသလား၊ ခန်းမကြီးတွေနဲ့ နေနေသလား။ မဟုတ်ဘူး။ တခြားခန်းမလေးတစ်ခု ကျယ်ကျယ်ဝန်းဝန်းလေး ရှိတဲ့ဟာကို ခွင့်ပြုချက်ရလို့ သူတို့သွားပြီးအဲဒိမှာ လေ့ကျင့်ခန်းတွေလုပ်ကြတယ်။
ဆရာမသန်းနွယ်အောင်ရဲ့အခန်းမှာလာပြီးတော့ သူတို့တခြား စိတ်ပိုင်းဆိုင်ရာပေါ့ သူတို့လုပ်ချင်တဲ့ဟာလေးတွေ၊ပန်းချီကားလေးတွေ ဆွဲခိုင်း၊ စာတွေရေးခိုင်း၊ ပြောခိုင်းပေါ့နော်။ 

တိုင်းပြည်ရဲ့လူ့စွမ်းအားအရင်းအမြစ်လို့ပြောတဲ့အခါမှာ အခုလို မသန်စွမ်းတဲ့သူတွေရဲ့ အခန်းကဏ္ဍကိုလဲ ထည့်တွက်ရမယ်။ သူတို့ကို မသန်စွမ်းတဲ့သူတွေဆိုပြီးတော့ ပစ်မထားရဘူး။ပစ်ထားဖို့မလိုဘူး။ လူ့အဖွဲ့အစည်းနဲ့နေရမယ်။ သူတို့ကို အထူးစောင့်ရှောက်ဖို့တော့လိုတာပေါ့နော်။ 

ဒါပေမယ့်သူတို့မှာလည်း မာနလေးတွေရှိတယ်၊ သူတို့မှာလည်း စွမ်းရည်လေးတွေရှိတယ်။  ကိုယ့်ဖာသာကိုယ် လုပ်နိုင်ကိုင်နိုင်တဲ့သူဆိုရင်လာပြီးတော့ သူတို့ကူညီတာဘာညာ မကြိုက်ဘူး။ သူ့ဟာသူ လုပ်နိုင်တာပေါ့နော်။ အထူးသဖြင့်သူတို့ကို ပိုပြီးတော့ သဘောကျတာ စိတ်ဓာတ်ခွန်အားပေါ့။ ရုပ်ပိုင်းဆိုင်ရာမှာချို့တဲ့နေတဲ့သူတွေက အသက်ရှည်ဖို့ ကျန်းမာဖို့ စိတ်ဓာတ်ခွန်အား ပိုအရေးကြီးတယ်။ သူတို့ကိုကြည့်ပြီးတော့ကိုယ်လည်း စိတ်ဓာတ်ခွန်အားတွေ တော်တော်လေး တက်လာတယ်။ သူတို့ရဲ့စွမ်းရည်ပြပွဲဆိုတော့။

တပည့်မိတ်ဆွေတွေထဲမှာလည်း  အဲဒိလိုကလေးတွေ ရှိကြတယ်။ ရှိတော့ သူတို့ကဒီအတိုင်းထားလိုက်ရင် တောင်ကြီးလိုနေရာမျိုးမှာ ဒီလိုအစီအစဉ်ရှိတာလဲ မသိဘူး။ရန်ကုန်တို့ မန္တလေးတို့ကိုလဲ သူတို့ မပို့နိုင်ဘူး။ မပို့နိုင်တဲ့အခါကျတော့ ကလေးတွေကဒီအတိုင်းပဲပေါ့နော်။ တခါတလေကျရင် လူကြီးမိဘတွေက စိတ်တိုတဲ့အခါကျရင် ရှုပ်လိုက်တာနင့်အတွက်ဝန်လေးတယ် ဆိုတဲ့ဟာမျိုးပေါ့နော်။ ဒါမျိုးတွေ ပြောမိကြတယ်။ အဲဒိလို မပြောရဘူး သူတို့လဲ ဒီလိုမျိုး ဘယ်ဖြစ်ချင်မလဲ။ ဒါ ကိုယ့်ဆီကို ရောက်လာတာလဲကိုယ်နဲ့သက်ဆိုင်လို့၊ ကိုယ်နဲ့ရေစက်ရှိလို့ ကိုယ့်ဆီကို ရောက်လာတာ။ အဲတော့သူတို့ကို ပြုစုစောင့်ရှောက်နိုင်တဲ့ နည်းတွေရှိတယ်။ စောစောက ဆရာမသန်းနွယ်အောင်တို့ရဲ့ Morning Star ဆိုတဲ့အ ဖွဲ့လေးကို ပို့ပေးပါဆိုပြီးတော့ဆက်ပေးလိုက်တယ်။ ဆက်ပေးလိုက်တဲ့အခါကျတော့ တချို့ဆို ခဏလေး ရောက်ခါရှိသေးတယ်တော်တော်ကို ပျော်ကြတယ်။ 

လူဆိုတာသူတို့ကို သာမန်လူတွေကလည်း ဂရုစိုက်တာကို လိုချင်ကြတာပဲလေ။ အခုဒီကလေးတွေဆိုလို့ရှိရင်လဲ အထူးသဖြင့် ဒီဂရုစိုက်တာ ခံချင်တာပေါ့နော်။ခံလည်းခံထိုက်ပါတယ်။ သူတို့ကို ဂရုစိုက်တာမျိုး ဘာမျိုးတွေ့တယ်ဆိုရင်လဲ လက်ဆောင်ပေးတယ်ဆိုတာကလဲသိပ်ပြီးတော့ တန်ဖိုးကြီးတဲ့ဟာတွေမဟုတ်ပါဘူး။ အဲဒါကို ဝမ်းသာအားရပဲ တခါထဲပျော်လိုက်ကြ ပါးလိုက်ကြတာ။ 

တောင်ကြီးကိုသွားလိုက်တဲ့အခါမှ သူစရိတ်အကုန်ခံပါ့မယ်ဆိုတာပြောတယ်။ မချမ်းသာပါဘူး။ ကိုယ့်စရိတ်နဲ့ကိုယ်လာရမယ်ဆိုလဲ လာမယ်။ လာမယ့်နေ့ကို လေယာဉ်ပျံနဲ့သွားတယ်။ ကျောင်းဆရာဆိုတော့နော်မခဲယဉ်းပါဘူး။ ဟိုကျတော့ ရွှေကျားပျံဆိုတဲ့နေရာမှာ တည်းတယ်။ ကျန်တဲ့တပည့်တွေကလည်း သွားချင်တဲ့နေရာတွေအကုန်လုံးကို လိုက်ပို့ကြတယ်။ နောက် မွေတော်ကက္ကူဆိုတာလဲ ကြားဖူးပြီးတော့မရောက်ဖူးဘူး။ နောက်တခါ ထမ့်ဆန်းဂူဆိုတာလဲ တော်တော်နာမည်ကြီးတယ်လေ။ တော်တော်လဲသဘာဝအလှအပတွေ အများကြီးရှိတယ်။ အဲဒိလဲ ရောက်ခဲ့တယ်။ ဒါ သွားရင်းဟန်လွှဲပေါ့နော်။
ပြန်တော့လဲမနည်းပြန်ရတာ။ ကျောင်းသားတွေကိုလဲ ဆရာဟောပြောပွဲတစ်ပွဲ လုပ်တယ်။ နောက်တခါ  အေးသာယာ။ အေးသာယာကတော့ ဝိုင်နဲ့နာမည်ကြီးတာပေါ့။ အေးသာယာဆိုင်ကလည်း နာမည်ကြီးလွန်းလို့ ဆရာဝင်ကြည့်ပါတယ်။တော်တော်လေး ရှုခင်းကောင်းတယ်။ ပြီးတော့ အေးသာယာ စက်မှုဇုန်မှာလဲ ဟောပြောပွဲတစ်ပွဲလုပ်ခဲ့သေးတယ်။ ကိုယ်သိသမျှလေးတွေ ဝေငှတာပေါ့။ 

ဒီတခါ ခရီးထွက်ရတဲ့ဟာကထူးထူးဆန်းဆန်းပဲ ကိုယ့်ရဲ့ခွန်အားတွေလည်းပိုပြီး ပြည့်လာတယ်။ 
-     
မိဘတွေဒီလို သားသမီးတွေဒီလိုမျိုးအခြေအနေနဲ့ကြုံခဲ့လို့ရှိရင် သားသမီးတွေကိုရှုပ်လိုက်တာ၊ ဝန်လေးလိုက်တာလို့ မမြင်ဘဲနဲ့ ဖြေရှင်းနိုင်တဲ့နည်းတွေ အခုခေတ်မှာ အများကြီးရှိတယ် ကိုယ်က လုပ်ပေးရကောင်းမှန်းမသိတဲ့အတွက် ကလေးတွေဆုံးရှုံးတာတွေ နစ်နာတာတွေ ဖြစ်နိုင်ပါတယ်။ အဲ ဂရုတစိုက်နဲ့ သားသမီးတွေရဲ့လိုအပ်ချက်တွေကို အထူးသဖြင့်တော့ မသန်စွမ်းတဲ့ သားသမီးတွေရဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းပေးကြပါလို့ မေတ္တာရပ်ခံချင်တာပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...