Monday, October 14, 2013

*** The Voice က ကိုကျော်မင်းဆွေ ရဲ့ လက်ရှိ ဗုံးကွဲနေမှုတွေ အပေါ်သုံးသပ်ချက်လေးပါ လုံးဝဖတ်သင့်လို့ရှယ်ပါတယ် ။ ***


ဒီရက်ပိုင်း အတော်ကြာကြာငြိမ်နေခဲ့တဲ့ ဗုံးကိစ္စ ပြန်ပေါ်လာပြန်ပြီ။ “ ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျမယ်” ဆိုသလိုပဲ။ သူတို့မကြိုက်တာ၊ မလိုလားတာ၊ စိုးရိမ်တာ၊ အလိုမကျတာ တစ်ခုခုရှိလာရင် တခြားနေရာမှာ ပြဿနာတစ်ခု ဖန်တီးပြီး ပြည်သူတွေကို လမ်းလွှဲလေ့ရှိတာ အခုမှ မဟုတ်ဘူး။ အာဏာရှင်ခေတ်တစ်လျှောက်လုံးပဲ။

မြန်မာပြည်က ဒီမိုကရေစီနိုင်ငံတစ်ခုကို နေ့ချင်းညချင်းသွားလို့မရဘူးဆိုတာ ပြောရင် အစိုးရလေသံနဲ့အတူတူပဲတို့၊ ဒီပုတ်ထဲက ဒီပဲတို့၊ စစ်တပ်နဲ့ အမျိုးတော်သလားလို့ စတဲ့ ခနဲ့တဲ့တဲ့ ရိတိတိ၊ အောက်ဂလိအာသံတွေ သောသောညံညံ ထွက်လာတတ်တယ်။ တော်တော်များများက အွန်လိုင်းပေါ်မှာ သူတို့လော်ဘီလုပ်ချင်တဲ့သူဘာလုပ်လုပ် ဘုရားလိုကိုးကွယ်မတတ် အမွှန်းတင်ကြ၊သူတို့နောက်လိုက်တွေ၊ အပေါင်းအပါတွေ “အိပ်ချင်လိုက်တာ”တို့၊ “ ခေါင်းမူးနေတယ်“တို့ စတဲ့ ဘာမှ ရေစာမပါ ပေါက်တတ်ကရ တင်တာတွေကိုတော့ ရာနဲ့ချီပြီး လိုက်ခ် “ကြိုက်တယ်”လုပ်၊ သူတို့နဲ့ ဆန့်ကျင်ဘက်လို့ ယူဆတဲ့သူမှန်သမျှကို အကွက်ချောင်း၊ အမှားစောင့်ပြီး ငယ်ကျိုးငယ်နာဖော်၊ အပုတ်ချ၊ နစ်နစ်နာနာပြော၊ အောက်တန်းကျကျ ဖရုဿဝါစာတွေနဲ့ ဆဲဆိုနေကြတယ်။ စစ်တပ်နဲ့ အစိုးရဘက်ကနေ ဆန်ကျင်ဘက်လို့ ယူဆတဲ့သူအားလုံးကိုလည်း အွန်လိုင်းပေါ်က အုပ်စုတစ်စုက အဲလိုလုပ်နေတာပဲ။ အဲတော့ နှစ်ဖက်စလုံးက အတူတူပဲ။ သူများ စေရာသွား၊ ထားရာနေ၊ ခိုင်းတာလုပ်နေရင် ရှေ့ရေးနောက်ရေး ဘာမှမတွေးပဲ ဖြုတ်ဦးနှောက်နဲ့ တူတဲ့သူတွေ ဖြစ်သွားမှာပေါ့။ ရှုးတိုက်တိုင်း ကိုက်နေတဲ့ ခွေးဆိုးတွေလို ဖြစ်သွားမှာပေါ့။ အဲဒါတွေကြောင့် တိုင်းပြည်ဘာဖြစ်သွားနိုင်တယ်ဆိုတာ မစဉ်းစားတဲ့ လက်ပါးစေတွေလို ဖြစ်သွားမှာပေါ့။ ကျနော်ကတော့ ဘယ်ဖက်ကိုမှ အဲလို မဖြစ်စေချင်ဘူး။ ကျနော်တို့တတွေကို အဲလိုဖြစ်အောင် အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်းနေတာ။ ကျနော်တို့ အချင်းချင်းခွပ်လေ နောက်ကွယ်ကနေ ပြုံးပြုံးကြီးလုပ်နေလေ ဖြစ်မှာပေါ့။

ဒီနေ့ မြန်မာ့နိုင်ငံရေးက ကျနော်တို့အားလုံးထင်ထားတာထက်၊ တွေးထားတာထက်၊ မျှော်လင့်ထားတာထက် ပိုရှုပ်ထွေး၊ ပိုနက်နဲ၊ ပိုခက်ခဲပြီး ပိုညစ်ပတ်တယ်။ အခုလက်ရှိကာလက စိုးရိမ်စရာအကောင်းဆုံးပဲ။ ဒီကနေ့ မီဒီယာစာမျက်နှာတွေပေါ်ကနေပြီး လက်ရှိအခြေအနေအပေါ် စိုးရိမ်ကြောင်း ပြောနေတဲ့သူတွေက သေချာလေ့လာထားလို့၊ အတွင်းအပြင်အခြေအနေကို သိလို့၊ နိုင်ငံတကာမှာ ကြုံခဲ့၊ ဖြစ်ခဲ့ဘူးတဲ့ သာဓကတွေ၊ မြန်မာပြည်သမိုင်းမှာတင် ပူပူနွေးနွေးဖြစ်ခဲ့ဘူးတဲ့ ဥပမာတွေနဲ့ အဲဒါတွေ ဖြစ်အောင် စေ့ဆော်မှုတွေကို ရိပ်မိလို့ ပြောနေတာ။ တစ်စုံတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုကို ဆန့်ကျင်ပြီး ပြောနေကြတာမဟုတ်ဘူး။ မြန်မာပြည်နဲ့ မြန်မာပြည်သူလူထု တစ်ရပ်လုံးအတွက် စိုးရိမ်လို့ပြောနေကြတာ။ အဲလို ပြောတဲ့သူတွေကို အရင်ပုံစံဟောင်း စတီရီယိုတိုက်ပ် တစ်ကြောင်းတိုက်တွေးနည်းလိုပဲ သူ့လူ၊ ငါ့လူ၊ ရန် ငါ စည်းခွဲပြီး အာဏာနဲ့ နီးစပ်သွားလို့ဆိုတဲ့ စွပ်စွဲချက်နဲ့ သက်သက်ဆဲနေကြတယ်။ ကိုယ်သွားနေတဲ့ လမ်းကြောင်းက ရယ်ဒီကယ် လမ်းကြောင်းမှန်းမသိဘူး။

မြန်မာပြည်သမိုင်းကို ပြန်ကြည့်လိုက်။ အာဏာအတွက်ဆို ဖအေအရင်းကိုတောင် ပြန်သတ်ပြီး နန်းလုခဲ့တာ။ အာဏာအပြင် ကိုယ်ကျိုးစီးပွားပါလာရင် နည်းလမ်းမျိုးစုံသုံးပြီး အဲဒါတွေကို ကာကွယ်ဖို့လုပ်ခဲ့တာ။ အနှောက်အယှက် အတားအဆီးလို့ ထင်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနဲ့ သက်ရှိ၊ သက်မဲ့အားလုံးကို အပျောက်ရှင်းဖို့ ဝန်မလေးခဲ့တာ။ ငွေလေး သုံးလေးထောင်နဲ့ သံဃာတွေကိုတောင် ဝါးရင်းတုတ်နဲ့ ရိုက်သတ်ရဲတာ။ ကုန်ကုန်ပြောမယ် အာဏာရယ်၊ စည်းစိမ်ဥစ္စာရယ်၊ အသက်ရှင်ရပ်တည်ရေးအတွက်ဆိုရင် ဘယ်လိုလူမျိုးကိုမဆို မြေကမ္ဘာပေါ်ကနေ ရှင်းပစ်ဖို့အထိ ဝန်လေးတဲ့သူတွေ မဟုတ်ဘူး။

ကွင်းက သူ့ကွင်း။ ကိုယ်က လောလောဆယ် ဧည့်သည်အသင်းအနေနဲ့ လာကစားရတာ။ အဲတော့ ကစားပွဲကို ပညာနဲ့ ကစားတတ်ဖို့လိုမယ်။ သည်းခံမှုနဲ့ လိုက်လျောတတ်ဖို့လိုမယ်။ စိတ်ရှည်မှုနဲ့ ယုံကြည်မှုတည်ဆောက်ဖို့လိုမယ်။ ခွင့်လွှတ်မှုနဲ့ လေးစားမှုရအောင်လုပ်ဖို့လိုမယ်။ သဘောထားကြီးမှုနဲ့ နောင်တရအောင် လုပ်ဖို့လိုမယ်။ ကိုယ်ကစားနေရတဲ့ ပြိုင်ဖက်အသင်းအကြောင်း မသိရင် နိုင်ချင်ဇောနဲ့ ကစားရင် အမှားများတတ်တယ်။ နောက်ဆုံး ရှုံးသွားတယ်။ ကစားပွဲစည်းမျဉ်းကို ပြင်ချင်ရင် နှစ်ဖက်ကစားသမားအားလုံးနဲ့ ဒိုင်သုံးယောက်စလုံးက သဘောတူတဲ့ စည်းမျဉ်းတွေကို အရင်စပြင်ရင် သူမနိုင် ကိုယ်မရှုံးဖြစ်နိုင်တယ်။ ကိုယ့်ဖက်က နိုင်ချင်တဲ့ စိတ်နဲ့ ကစားပွဲစည်းမျဉ်းအားလုံး အစအဆုံးပြင်မယ် စိတ်ကူးရင် ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ကစားပွဲ ဖျက်တဲ့သဘော သက်ရောက်သွားတတ်တယ်။ ကစားပွဲပျက်ရင် ကစားသမားအချင်းချင်း ကတောက်ကဆဖြစ်မယ်၊ အဲဒါမှာ အရံကစားသမားတွေ၊ နည်းပြတွေပါ ပါလာမယ်။ နောက်ပိုင်း ကြည့်နေတဲ့ ပရိသတ်တွေပါ ကွင်းထဲ ဝင်လာမယ်။ အဲဒါဆို ကွင်းအပြင်မှာ လုံခြုံရေးတာဝန်ယူထားတဲ့ သူတွေ ကွင်းထဲရောက်လာမှာပေါ့။ ဒီ့ထက်ဆိုးတာက ဂိုးသွင်းကောင်းတဲ့ ကစားသမားတစ်ယောက်ယောက် ဒါမဟုတ် အသင်းကက်ပတိန် သို့မဟုတ် အသင်းနည်းပြကို အန္တရာယ်ပြုလာနိုင်တယ်။ ကိုလံဘီယာမှာလို သေနပ်နဲ့ ဝင်ပစ်သွားရင် ပွဲချင်းပြီးသွားမယ်။ အဲတော့ လိမ္မာပါးနပ်တဲ့သူများလို ပွဲကို ထိန်းကစားတတ်ဖို့လိုမယ်။ ဒီလိုမှမဟုတ်ရင် ကိုယ်ကျိုးနည်းစရာ အဖြစ်အထိပါ ကြုံရနိုင်တယ်။ အဲတော့မှ တစ်တိုင်းတစ်ပြည်လုံး ကိုယ်ကျိုးနဲပါပေါ့လို့ အာဗြဲကြီးတွေနဲ့ အော်ငိုနေလဲ အပိုပဲ။ အဲဒါကို နည်းနည်းလောက် အရှည်ကလေး တွေးကြည့်ရင် ပေါ်တယ်။

ကျနော် လက်ရှိအခြေအနေတွေကိုကြည့်ပြီး အတော်ကြီးကို စိတ်ပူမိတယ်။ အခုဗုံးကိစ္စပေါ်လာတော့ ကျနော့်စိုးရိမ်သောက ပိုကြီးသထက်ကြီးလာတယ်။ ကျနော်တို့ စိတ်ခံစားမှုအတိုင်းလုပ်ကြရင်၊ အဆိပ်လူးမြှားနဲ့တူတဲ့ လက်ခုပ်သံတွေနောက် လိုက်ကြရင် ကိုယ်ကျိုးနည်းစရာတွေ ဖြစ်လာမှာ မလိုလားဘူး။ အဲဒီအတွေးနဲ့ မနက်ဖန်ထုတ် သတင်းစာအတွက် ခေါင်းကြီးရေးဖြစ်တာကို အွန်လိုင်းက မိတ်ဆွေများ ကြိုဖတ်လို့ရအောင် ဝေဖန်ဖို့နဲ့ ဆင်ခြင်သတိထားလို့ ရအောင် ဒီနေ့ ကြိုတင်လိုက်တယ်။ ဆဲမယ့်သူတွေလည်း ဆဲကြမှာပေါ့။ မတတ်နိုင်ဘူး အဆဲခံပြီး ပြောဖို့လိုရင် ပြောရမယ်လေ။ တိုင်းပြည်နဲ့ လူထုအတွက် ကျနော့် စိတ်စေတနာ သန့်တယ်။ ကျနော့်ကိုယ်ကျနော်လည်း လိပ်ပြာသန့်တယ်။ ဒီစကားမှန်ကြောင်း သစ္စာပြုနိုင်တယ်။ အဲဒီသစ္စာကြောင့် မြန်မာပြည်သူပြည်သားအားလုံး ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကို လက်တွေ့ကျကျ မြှင့်တင်တည်ဆောက်နိုင်သူတွေ ဖြစ်ကြစေ၊ ကိုယ်စိတ်နှလုံးသုံးပါးလုံး အေးချမ်းသာယာကြစေ၊ လက်တွေ့ကျ၊ ဖြစ်နိုင်ခြေရှိပြီး ဘယ်ဖက်ကိုမှ မထိခိုက်စေတဲ့ ဖြေရှင်းနည်းနဲ့ ပြဿနာမှန်သမျှ ပြေလည်နိုင်ကြစေ၊ ကျနော့် အယူအဆကို သဘောမတူဆန့်ကျင်ဆဲဆိုလိုသူများ၊ ကျနော့်ကို မလိုမုန်းတီးသူများလည်း အထက်ကအတိုင်း အကျိုးခံစားကြစေ။ ကျနော်လည်း တူသော အကျိုး ခံစားရစေ။

တရားခံ ဘယ်သူလဲ

ရန်ကုန်မြို့တော်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့က နာရီပိုင်းအတွင်း ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ ထိုပေါက်ကွဲမှုနှင့် မရှေးမနှောင်း တောင်ငူမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ယင်းမတိုင်မီ ဖြူးမြို့တွင် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးတွေ့ရှိခဲ့သည်။ ထိုမှတစ်ဆင့် နောက်ကြောင်းပြန်ကြည့်သော် ကုန်ခဲ့သည့် နှစ်၂၀ ကာလအတွင်း ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်နှင့် မြန်မာနိုင်ငံ အနှံ့အပြား ဗုံးပေါက်ကွဲမှုများ၊ ဗုံးလန့်မှုများ၊ မပေါက်ကွဲသေးသည့် ဗုံးတွေ့ရှိမှုများ မကြာခဏဆိုသလို ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။

ဗုံးပေါက်ကွဲမှုများကို ယခင်အစိုးရလက်ထက်များတွင် ဗကပ ခေါ် ဗမာပြည်ကွန်မြူနစ်ပါတီလက်နက်ကိုင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ကျောင်းသားတပ်မတော်နှင့် ပြည်ပရောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချို့ကို အသေးစိတ် အထောက်အထားနှင့်တကွ တရားခံများအဖြစ် ဖော်ထုတ်ပြခဲ့သည်။ ယခုနောက်ပိုင်း ဗုံးပေါက်ကွဲမှုများကိုမူ ထိုကဲ့သို့ ဗုံးခွဲသူနောက်မှ လိုက်ကြည့်ထားသည့်အလား အသေးစိတ် ဖော်ထုတ်တင်ပြရှင်းလင်းသည်မျိုး လုပ်ဆောင်နိုင်သည်ကို မတွေ့ရပေ။

စင်စစ်အားဖြင့် မြန်မာနိုင်ငံသားတို့၏ ပင်ကိုယ်စရိုက်လက္ခဏာမှာ အေးချမ်းစွာနေလိုကြပြီး တစ်ပါးသူ သို့မဟုတ် လူအများကို အကြောင်းမဲ့ ဒုက္ခရောက်စေရန် တမင်သက်သက် ဒုက္ခပေးခြင်း၊ အသက်အန္တရာယ်ပြုခြင်း စသဖြင့် ကျူးလွန်စော်ကားတတ်သည့် သဘောမရှိပေ။ သမိုင်းတွင် အာဏာအတွက် ဖခင်အရင်းကိုသတ်၊ မင်းညီမင်းသားများကိုသုတ်သင်ခဲ့သည့် နန်းတွင်းလုပ်ကြံမှု သာဓကများရှိခဲ့သော်ငြား အပြစ်မဲ့ပြည်သူများအကြားတွင်မူ ထိုမျှ ရက်စက်သည့် ကျူးလွန်မှုမျိုး မရှိခဲ့ပေ။ ဆိုလိုသည်မှာ နိုင်ငံရေးအာဏာအတွက်မှတစ်ပါး အခြားကိစ္စများတွင် ထိုမျှလောက် ရက်စက်သော အပြုအမူမျိုး မရှိခဲ့ဆိုသည့်သဘောဖြစ်သည်။

သို့သော် ပြည်တွင်းစစ်ကာလတစ်လျှောက်လုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တပ်မတော်တို့အကြား အပြန်အလှန် ရက်စက်မှုများရှိခဲ့သောကြောင့် မီးရထားလမ်းနှင့် တံတားများ မိုင်းခွဲဖျက်ဆီးခြင်း၊ တိုက်ပွဲဖြစ်ပွားရာဒေသတို့တွင် အပြန်အလှန် မြေမြှုပ်မိုင်း ထောင်ခြင်းတို့ ရှိခဲ့သည်မှတစ်ပါး ပြည်သူလူထုကို အဓိကဦးတည် တိုက်ခိုက်မှုမျိုး မရှိခဲ့ပေ။ ၂၀၀၀ပြည့်လွန်နှစ်များမှစကာ အများပြည်သူကို တိုက်ရိုက်ထိခိုက်စေသော ဗုံးခွဲတိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

၂၀၁၀ပြည့်နှစ်နောက်ပိုင်း အာဏာသုံးရပ်ကို တစ်သီးတစ်ခြားစီ ခွဲခြားကျင့်သုံးခဲ့သည့်အချိန်မှစကာ ဗုံးပေါက်ကွဲမှုများ၊ ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုများ တစ်လှည့်စီဖြစ်ပေါ်နေခြင်းမှာ မျာစွာ မေးခွန်းထုတ်စရာရှိပေသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံးနီးပါးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပနေသောကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ စွပ်စွဲရန်ခက်ခဲလှသည်။ သို့ဆိုလျှင် မည်သူ၊ မည်သည့်အဖွဲ့အစည်းက ကြံစည်ကျူးလွန်နေသနည်း။ မည်သည့်အတွက်ကြောင့် ပြည်သူလူထုကို ထိခိုက်စေလိုသနည်း။ ထိုသို့ထိခိုက်ခြင်းအားဖြင့် မည်သည့်အကျိုးအမြတ်ရသွားသနည်း။

များစွာစဉ်းစားစရာရှိသည်မှာ လက်ရှိမြန်မာနိုင်ငံသွားနေသည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်း၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို မလိုလား၊ ဆန့်ကျင်လိုသူများသာ ဤသို့ကျူးလွန်ဖွယ်ရှိသည်ဆိုသော အချက်ပင်။ ဗုံးပေါက်ကွဲမှုဖြစ်ပွားတိုင်း မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲနေသော အခြေအနေတို့ကို ချိတ်ဆက်စဉ်းစားကြည့်လျှင် မည်သည့်အင်အားစုတို့က ကျူးလွန်နိုင်ဖွယ်ရှိကြောင်း ရိပ်စားမိနိုင်စရာရှိသည်။ ထို့အတူ ယခင့်ယခင် အတိတ်ကာလ စုံစမ်းထောက်လှမ်းမှုများကဲ့သို့ ဖော်ထုတ်ပါက အမှန်တကယ်ကျူးလွန်သူများထက် အစိုးရနှင့် တပ်မတော်ကို ဆန့်ကျင်သူဟု ယူဆရသည့် တစ်ဦးဦး သို့မဟုတ် အပြစ်မရှိသူ အခြားတစ်ဦးဦးကို ဇွတ်ဝံခံခိုင်းသည့်ပုံစံမျိုး ထွက်ပေါ်လာနိုင်သည်ကိုလည်း အထူးသတိထားရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယနေ့ဖြစ်ပေါ်နေသော ဗုံးပေါက်ကွဲမှုများ၊ ဘာသာရေးအကြမ်းဖက်မှုများသည် လက်ရှိ ပြည်သူလူထုတစ်ရပ်လုံး၊ အာဏာသုံးရပ်၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် တပ်မတော်တို့ အကောင်အထည်ဖော်နေသော ငြိမ်းချမ်းစွာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထိခိုက်စေနိုင်သည့်အပြင် နိုင်ငံတကာတွင် ကောင်းသတင်းကျော်ဇောနေသော နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာကို ကြီးစွာထိခိုက်နိုင်သည်ကို အထူးသတိချပ်ရမည်ဖြစ်ပေသည်။

အယ်ဒီတာ(၁၄-၁၀-၂၀၁၃)
ကျော်မင်းဆွေ
The Voice Weekly

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...