Monday, October 14, 2013

* အကောင့်ပုန်းတွေရဲ့ အန္တရာယ် *


ရဲစတိုင်း

ကလေးမိဘတွေဟာ ကိုယ့်အသားသာ အပ်နဲ့အထိုးခံလိုက်ချင်တော့တယ်။ ကိုယ့်သားသမီးကို အပ်နဲ့ဆွတာတော့ သူတို့နှလုံးသားကို အပ်နဲ့ဆွသလို ခံစားရမှာ မလွဲဘူး။ အပ်မပြောပါနဲ့လေ။ မွေးချင်းထဲမှာ သားဦးယောင်္ကျားလေးမို့ အမေ့ညီမ အဒေါ်တွေက ဖူးဖူးမှုတ်ထားတုန်း ၀မ်းချုပ်လို့ ငိုနေရင်တောင် ကွမ်းရိုးလေးနဲ့ ၀မ်းချူတဲ့အခါ ကလေးနာရှာမှာပဲဆိုပြီး မျက်ရည်ပေါက်ပေါက် ကျကြတယ်လို့တောင် ကြားဖူးပါတယ်။


အခုလက်ရှိအချိန်အခါမှာ ကိုယ့်လူကိုယ့်ဘက်သားကို နာနာကျင်ကျင် မဖြစ်စေရေးအတွက် မီဒီယာ အင်တာနက်ပေါ်မှာ လှိုင်လှိုင်ကြီး တွင်ကျယ်နေတဲ့ အသုံးတစ်ခုကတော့ လော်ဘီလုပ်တာပါတဲ့။ ဟိုးအရင်တုန်းကတော့ အဲဒီစကား ဘာပြောမှန်းမသိလို့ အဘိဓာန်ထဲမှာ လှန်ရှာရတာပါ။ ပထမဦးဆုံး ကြားဖူးတာကတော့ ဟောလီးဝုဒ်က ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားတစ်ကားထဲမှာဗျ။ မင်းသားက lobbyist လုပ်တယ်ဆိုတော့ ဘာပြောမှန်းမသိဘူး။

Lobby ဆိုတာ ဟိုတယ်တွေမှာဆို ဧည့်ခန်းဆောင် လို့ ခေါ်တာမို့လို့ ဧည့်ကြိုလုပ်တာလား။ Receptionist လိုမျိုးလားလို့ အောက်မေ့နေတာ။ နောက်တော့မှ သူက ဆေးလိပ်ကုမ္ပဏီကြီးတွေက ပြောရေးဆိုခွင့်ရှိသူအဖြစ် ငှားထားပြီး ဆေးလိပ်ရောင်းကောင်းအောင် ဆွယ်တရားဟောပေးရတဲ့သူ၊ ဆေးလိပ်မကောင်းကြောင်းပြောရင် ကာကွယ်ချေပ ပေးရတဲ့သူ ဖြစ်နေတယ်။ လော်ဘီဖြစ်ဖို့ လိုအပ်တဲ့အရည်အချင်းကတော့ ကြမ်းပိုးကိုလိပ်ဖြစ်အောင် ပြောနိုင်ရမယ်။ မှားတာမှန်တာ ကိုယ်နဲ့မဆိုင်ဘူး။ သူ့ဘာသာ ယုံတာ မယုံတာလည်း ကိုယ့်အလုပ်မဟုတ်ဘူး။

ဒါပေမယ့် ကိုယ်ပြောတဲ့စကားကိုတော့ သူများတွေယုံအောင် ယုတ္တိယုတ္တာလေးနဲ့ လှည့်ကာပတ်ကာ ပြောနိုင်ရမယ်။ ရှေ့နေတွေလို ဥပဒေကြောင်းနဲ့ ငြင်းရခုန်ရတာ မဟုတ်ဘူး။ အလိမ္မာ ကလေးနဲ့ နှုတ်ရေးကြွယ်ကြွယ် ငါ့စကားနွား ရ ပြောရတာ။ လော်ဘီသမားဆိုတာ အမှားအမှန်တွေ၊ တရားတာ မတရားတာတွေက အဓိကမကျဘူး။ ကိုယ့်ကို ဘယ်သူက ပိုက်ဆံပေးမလဲ ဆိုတာကပဲ အဓိကကျတယ်။ ကြေနပ်လောက်တဲ့ ငွေကြေးပမာဏယူပြီးရင် အဲသည်လူ ဘက်ကနေ ခိုင်ခိုင်မာမာရပ် တည်ပြီး လှော်တန်လှော်၊ ကြော်တန်ကြော် လို့ ညှော်တန်ရင်လည်း ၀င်ဝင်ညှော်ပေးနေရတယ်။

အဲဒီလိုဆိုတော့ လော်ဘီဆိုတာ အောင်သွယ်ပွဲစားလည်း မဟုတ်ဘူး။ ရှေ့နေတို့ ဥပဒေအကျိုးဆောင်တို့လည်း မဟုတ်ဘူး။ ပြောရေးဆိုခွင့်ရှိသူလည်း မဟုတ်ဘူး။ အလံရှူးလိုလို၊ ဘေးတီးပေးတဲ့လူလိုလို၊ ကိုယ်တိုင်လည်းလိုက်ဖွတန်ဖွ၊ သူများတွေပါးစပ်ဖျားမှာ ပွသွားအောင်လည်း ဆွတန်ဆွပေးရတဲ့သူပေါ့။
“တို့ဘဘကြီး(ငြိမ်း) ထမင်းဆိုင်ဖွင့်စားနေရရှာတယ်” “မာမီတို့များ လွှတ်ရိုးတာ။ သည်နေ့အနားယူ၊ နောက်နေ့ မုန့်ဟင်းခါးအိုး တည်ရတော့မှာ” “ဒေါ်ဒေါ့်ကို သနားလို့တဲ့ မော်တော်ပီကယ်တောင် ငိုချလိုက်တယ်။ မီးကိုစိမ်းရော” အစရှိတဲ့ ကရုဏာသက်ဖွယ် စာမျိုး ရေးသူတွေဟာ လော်ဘီသမား စစ်စစ်ကြီးတွေပါပဲ။

လူမှုကွန်ယက်ပေါ်မှာ ကိုယ်ရေးအချက်အလက်တွေ မဖော်ပြပဲ ဟိုဟာရှာဖွေနေသူ၊ ချစ်ဖို့ကောင်းသူကလေး၊ အ၀ှာပြုချင်သူများ စုဝေးရာ စသည်ဖြင့် စာမျက်နှာတစ်ခုဖွင့်ပြီး ကိုယ်ရေးချင်တာကိုယ်ရေးလို့ ရနေတဲ့ခေတ်ဆိုတော့ တချို့လူတွေဆို ပိုက်ဆံအကုန်ခံပြီး သူများတောင် လော်ဘီငှားမနေတော့ပါဘူး။ ကိုယ့်ဘာသာ ကိုယ် နောက်ထပ်အကောင့်သစ်တစ်ခုဖွင့်ပြီး “မဟုတ်ဘူးလား ငါ့တူရယ်” “ဟုတ်တာပေါ့ ဦးလေးရယ်” နဲ့ လုပ်ကြတယ်။ သူများကိုဆဲဖို့က အကောင့်တစ်ခု၊ ကြိတ်ပုံးကလေး ကြူဖို့က အကောင့်တစ်ခု၊ ဘုရားစာလေးတွေတင်ပြီး မေတ္တာပို့ဖို့က အကောင့်တစ်ခုနဲ့ တစ်မိုးလုံးဖျောက်ဆိတ် လုပ်နေကြတယ်။ တချို့များဆို သူ့အကောင့်အချင်းချင်း In a relationship တို့၊ Married to တို့ နဲ့ အမျိုးစပ်ထား လိုက်သေးတယ်။ သူ့ဘာသာသူ အားအားယားယား အချိန်ကုန်ခံနိုင်လို့ တစ်လုံးကမီးထိုးဖို့ တစ်လုံးက ရေလောင်းဖို့ လုပ်ချင်လည်း လုပ်ပေါ့လေ။ ဒီအထိက သူ့အခွင့်အရေးပါပဲ။ ဒါပေမဲ့ သူရော၊ သူ့အကောင့်ခွဲတွေပါ ၀ိုင်းကာအုံကာ ဖဲ့ရွဲ့တိုက်ခိုက်နေတဲ့အခါ မှာတော့ တော်တော်ကို အာရုံနောက်စရာ ကောင်းတာပါ။ အဲဒီလူတွေက ရည်ရွယ်ချက်ရှိရှိနဲ့ ဆိုက်ဝါး (Psy-War)တွေသုံးနေတာဟာ နည်းနည်းများ မလွန်လွန်းဘူးလားလို့။ ဖေ့စ်ဘုတ်ပေါ် အနေကြာလာတဲ့အခါ အပြင်မှာ လူချင်းတစ်ခါမှ မမြင်ဖူးပေမယ့်လည်း နံမည်တွေ့လိုက်တာနဲ့ သည်လူ့ဆီက ဘယ်လိုစကားမျိုးကြားရတော့မယ်လို့ ကြိုတင်မှန်းဆလို့ရတာ ပညာလို့တောင် မခေါ်နိုင်တော့ပါဘူး။ သူ့နံရံပေါ် ဘာတွေရေးထားသလဲ။

တစ်ပတ်လောက် ဖတ်ကြည့်လိုက်ရင် သဘောပေါက်နေပြီ။ မင်းသမီးတွေ အောက်စလွတ်တာချည်းပဲ ထိုင်တင်မယ့် စာမျက်နှာလည်း ရှိရဲ့။ ကုန်ကုန်ပြောရရင် အပြာစာ၊ အပြာပုံတွေတင်တဲ့ စာမျက်နှာတင်မကဘူး။ မာမီတွေ ရွပိုးထိုးတဲ့ စာမျက်နှာတွေလည်း ရှိတယ်။ ဒါပေမယ့် အဲဒီစာမျက်နှာတွေအားလုံးဟာ သူ့ရပ်တည်ချက် (Main theme) တစ်ခုခုနဲ့ ခိုင်ခိုင်မာမာ ရပ်တည်ကြတာမို့ သိက္ခာမဲ့တဲ့ စာမျက်နှာလို့ မပြောချင်ပါဘူး။ သူ့ထက်သိက္ခာမဲ့တာက ဘာရပ်တည်ချက်မှ မရှိပဲနဲ့ ပြည်သူလူထုကြားမှာ အမုန်းမီးတောက်တွေ ကြီးထက်ကြီးလာအောင် ဆီလောင်းလေပင့် လုပ်ပေးနေကြတဲ့ များစွာသော ခါတော်မီ အကောင့်ပုန်းတွေ ဖြစ်ပါတယ်။

အဲဒီလူတွေဟာ ဘယ်သူဘယ်ဝါတွေဆီက ဘယ်လောက်အတိုင်းအတာအထိ အကျိုးအမြတ်ရနေသလဲတော့ မသိပါဘူး။ ဒါပေမယ့် သူတို့ လုပ်ကွက်များ ကတော့ တော်တော် ကြောက်စရာကောင်းပါတယ်။ မဟုတ်မှန်တဲ့သတင်းတွေ လုပ်ကြံဖန်တီးပြီး တကယ့်လက်တွေ့ဘ၀မှာ လူအမြောက်အများ သေကြေပျက်စီးအောင် ပြုတဲ့ အကုသိုလ်ဟာ မုသာဝါဒတစ်ပါးတည်း ကျိုးလိမ့်မယ်လို့ မထင်မိပါဘူး။ ဓာတ်ပုံအတုတွေ ဖန်တီးတယ်။ သတင်းအတုတွေ လွှင့်တယ်။

ထိပ်ဆုံးကတော့ ခေါင်းစဉ်အကြီးကြီးနဲ့ ဖြစ်ရပ်မှန်ဆိုတာကြီးက အမြဲတမ်းပါတယ်။ ခုရက်ပိုင်းတော့ များမကြာမီပေါ်ပေါက်လာမယ့် လော်ဘီအသစ်တစ်မျိုးကို သိုးသိုးသန့်သန့် အနံ့ရနေသလိုလို ရှိပါတယ်။ Like များများနဲ့ account တွေကို သိန်း ၂၀ နဲ့ အရောင်းအ၀ယ်ဖြစ်သွားသတဲ့။ ပြီးတော့ မူလအကောင့်ပိုင်ရှင်ကပဲ အဲဒီ Page ကို ဆက်ရေးပေးနေရမတဲ့။ နဂိုကတည်းက လူသိများ လူဖတ်များတဲ့ စာမျက်နှာပေါ်မှာ ကိုယ်လိုချင်တဲ့ ၀ါဒဖြန့်စစ်မျက်နှာဖွင့်ဖို့ အဲသလောက်ပိုက်ဆံကလေးကတော့ ကြော်ငြာခလောက်ပဲ ရှိပါလိမ့်မယ်။ ပြီးရင် ဆက်ထွက်လာမယ့် အိုင်ဒီယာတွေလည်း အလကားဆက်သုံးလို့ ရဦးမယ်။ သိန်း၂၀ ဆိုတဲ့ ပိုက်ဆံဟာ မူးမူးနဲ့ ကောင်တာပြတ်ဝယ်လိုက်တဲ့ ပန်းကုံးဖိုးတောင် မရှိဘူး။ ဒီပိုက်ဆံနဲ့ ပညာတတ်ဦးနှောက်တစ်ခုနဲ့ သူရင်းထားတဲ့ အချိန်တွေကို ၀ယ်ရတာ တန်ပါတယ်။

နောက်ဆို ပစ္စည်းများ ၀ယ်လှောင်ထားသလို တက်ဈေးရတော့ ပြန်ရောင်းထုတ်လို့လည်း ရနိုင်တယ်။ ဒီလိုဆိုတော့ ကျုပ်တို့ဆီမှာ စတော့ရှယ်ယာဈေးကွက်သာ မပေါ်သေးတာ။ အိုင်ဒီယာဈေးကွက်၊ ဦးနှောက်ဈေးကွက်၊ စာမျက်နှာဈေးကွက်တော့ ပေါ်နေပြီပဲနော်။ ကဲဗျာ အိုင်တီခေတ်ထဲက လူငယ်မောင်မယ်များ အဲသလို အ၀ယ်ခံရသူအဖြစ်က လွတ်ကင်းပြီး ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် လမ်းမှန်ကမ်းမှန်လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါရဲ့။

Credit To > Smart Pro Journal

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...