Monday, October 7, 2013

Government Shut Down နှင့် မြန်မာနိုင်ငံ ♦ မှူးဇော်♦

မြန်မာ့နိုင်ငံရေးဆောင်းပါးများ


•နိဒါန်း•
လက်ရှိ ကမ္ဘာအရပ်ရပ်သတင်းများတွင် ထိပ်တန်းရောက် သတင်းတစ်ရပ်မှာ အမေရိကန် ပြည်ထောင်စု၌ အစိုးရလုပ်ငန်းများ ယာယီရပ်ဆိုင်းသွားခြင်း ဖြစ်ပြီး ယင်းကို Government Shut Down ဟု တင်စားခေါ် တွင်လျက် ရှိသည်။ အောက်တိုဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး ဆုံးဖြတ်အတည်ပြု ပေးရမည့် အသုံးစရိတ်ချထားပေးရန် အဆိုကို လွှတ်တော်နှစ်ရပ်စလုံးက သဘောမတူညီသည့်အတွက် (၁၇)နှစ် အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် အစိုးရလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။

ယခုဖြစ်စဉ်မတိုင်မီ နောက်ဆုံးဖြစ်ပွားခဲ့သော အစိုးရလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသော ဖြစ်စဉ်မှာ ၁၉၉၆ ခုနှစ် သမ္မတဘီလ် ကလင်တန်လက်ထက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး (၂၁)ရက် ကြာမြင့်ခဲ့သည်။ ယင်းကာလက အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ခြင်းကြောင့် တွေ့ကြုံခဲ့ရသော ဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၄ ဘီလီယံ အထိ ရှိခဲ့သည်။

•Government Shut Down•

အောက်တိုဘာ ၁ ရက်နေ့ နောက်ဆုံးထား ခွင့်ပြုပေးရမည့် ဘတ်ဂျက်အတည်ပြုပေးခြင်း မရှိ သဖြင့် အိမ်ဖြူတော် ဘတ်ဂျက်အသုံးစရိတ်ဆိုင်ရာ ညွှန်ကြားရေးမှူး Sylvia Burwe မှ အစိုးရဌာနများအား လုပ်ငန်းရပ်ဆိုင်းမှုအစီအစဉ်များ စနစ်တကျ ပြုလုပ်ရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ရသည်။ ယင်းညွှန်ကြား ချက်အရ အပန်းဖြေပန်းခြံများ၊ ကူးသန်းသွားလာရေးလုံခြုံမှုအတွက် တာဝန်ယူရသည့်အဖွဲ့အစည်းများ၊ ကာကွယ်ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရပ်သားဝန်ထမ်းများ၏ ထက်ဝက် စသည်တို့အပါအဝင် အစိုးရဝန်ထမ်းပေါင်း (၁)သန်းနီးပါး အလုပ်မဆင်းဘဲ နေကြရမည် ဖြစ်သည်။ FDA ၏ စားသောက်ကုန်များ စစ်ဆေးသည့် လုပ်ငန်းများ ရပ်ဆိုင်းထားရမည် ဖြစ်ပြီး NIH ၏ သုတေသန ဆေးရုံတွင် လူနာ အသစ်များ လက်ခံနိုင်မည် မဟုတ်ကြောင်း သိရှိရသည်။ အမျိုးသားတိရိစ္ဆာန်ဥယျာဉ် အား ပိတ်ထားရမည် ဖြစ်ပြီး ပင်ဒါဝက်ဝံများ လျှပ်စစ်မီးမရဘဲ ထားရမည် ဖြစ်သော်လည်း တိရိစ္ဆာန်များ အစာကျွေးခြင်းကိုမူ မပျက်ဘဲ ဆက်လက် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ အမေရိကန်တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များကို ဆက်လက်တာဝန်ထမ်းဆောင်နိုင်မည် ဖြစ်ပြီး အာဖဂန် နစ္စတန်အပါအဝင် ဆင်နွှဲနေသည့် စစ်ဆင်ရေးများကို ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်သည်။ အမေ ရိကန် စစ်မှုထမ်းများ၏ လစာများအချိန်မီရရှိစေရေးအတွက် သမ္မတအိုဘားမားက ဥပဒေကြမ်း တစ်ရပ် လက်မှတ်ရေးထိုးတင်ပြရန် ထုတ်ဖော်ပြောကြားထားပြီး အစိုးရလုပ်ငန်းများ ပုံမှန် လည်ပတ်နိုင်ရေးအတွက် ကွန်ဂရက်နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

Obamacare ဟု လူသိများသည့် Affordable Care Act (ACA) မှာ အထက်-အောက် လွှတ်တော် နှစ်ရပ်စလုံးပါဝင်သော ကွန်ဂရက်၏ သဘောတူညီချက်ကို ရရှိထားပြီး ဖြစ်သည့်အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီ-မညီ စိစစ်သည့် အမေရိကန်တရားရုံးချုပ်၏ ညီညွတ်ကြောင်း အတည်ပြုချက် ရရှိထားပြီး ဖြစ်သည်။ ဆိုရလျှင် ဥပဒေကြမ်း Bill အဆင့်မှ Law အဆင့်အထိ အဆင့်ဆင့်သော ဥပဒေပြုရေးလုပ်ငန်း စဉ်များကို ကျော်ဖြတ်ထားခဲ့ပြီး ဖြစ်သည်။ ယခု အတည် မပြုနိုင်သည့် ဥပဒေကြမ်းမှာ အဆိုပါ ACA အား လက်တွေ့အကောင်အထည်ဖော်ရန်အတွက် Federal Budget တောင်းခံသည့် ရန်ပုံငွေဥပဒေကြမ်းတွင် Debt Ceiling မြှင့်တင်ရေးတွင် အငြင်းပွားမှုများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ရီပတ်ဘလီကင်များ ကြီးစိုး ထားသည့် အောက်လွှတ်တော်သည် သမ္မတအိုဘားမားတင်သွင်းခဲ့သည့် Obamacare ကို မရ ရအောင် ဆန့်ကျင်မည် ဟု စည်းရုံး၍ ကွန်ဆာဗေးတစ်များ ဦးဆောင်မှုဖြင့် Obamacareကို အကောင်အထည်ဖော် မှု ရွှေ့ဆိုင်းပေးရန်၊ အသုံးစရိတ်လျှော့ချရန် တောင်းဆိုထားသည်။ အဆိုပါ တောင်းဆိုချက်များ လိုက် လျောပါက ဘတ်ဂျက်အတည်ပြုပေးမည် ဟူ၍ အထက်လွှတ်တော်သို့ (၃)ကြိမ်တိုင်တိုင် တင်ပြခဲ့ရာ အထက်လွှတ်တော်က (၃)ကြိမ်တိုင်တိုင် ပယ်ချခဲ့ရာမှ ဤပြဿနာ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

အိမ်ဖြူတော်ကမူ ဤကိစ္စနှင့်စပ်လျဉ်း၍ အောက်လွှတ်တော်ရှိ တီးပါတီဝင်များ၊ ရီပတ်ဘလီကင် ကွန်ဆာဗေးတစ်များကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားပြီး အမျိုးသားလုံခြုံရေးနှင့် ပြည်သူများ၏ လုံခြုံရေးမထိခိုက်စေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။ အိုဘားမား အစိုးရ တင်ပြသော ဘတ်ဂျက်တွင် Obamacare အတွက် အသုံးစရိတ်ကိုပါ ထည့်သွင်းတွက်ချက် ထားသော်လည်း အောက်လွှတ်တော်ရှိ ရီပတ်ဘလီကင်များက Obamacare အတွက် ဘတ်ဂျက်ကို ဖယ် ထုတ်ပြီး အတည်ပြုခဲ့ခြင်း ဖြစ်ရာ ဒီမိုကရက်များ ကြီးစိုးထားသည့် ဆီးနိတ်မှ အတည်မပြုဘဲ ပယ်ချခဲ့ခြင်း ဖြစ်သည်။ ဤတွင် လွှတ်တော်(၂)ရပ်အကြား သဘောထားကွဲလွဲမှုများ အဖြေမရရှိသဖြင့် သတ်မှတ်အချိန် ပြည့်မြောက်သည်အထိ ဘတ်ဂျက် အတည်ပြုနိုင်ခြင်း မရှိခဲ့ဘဲ အစိုးရလုပ်ငန်းများ ရပ်ဆိုင်းရသည့် အခြေ အနေသို့ ရောက်ရှိစေခဲ့ရသည်။

အမေရိကန်ပြည်ထောင်စု၏ Antideficiency Act အရ လွှတ်တော်(၂) ရပ်စလုံးက အတည်မပြုသော ဘတ်ဂျက်ကို အစိုးရက သုံးစွဲပိုင်ခွင့် မရှိ၍ အိုဘားမားအစိုးရ အကျပ်တွေ့ လာခဲ့ရသည်။
အလားတူ နိုဝင်ဘာလအတွင်း အဆုံးအဖြတ်ပေးရမည့် Debt Ceiling မြှင့်တင်ရေးတွင်လည်း ပြဿနာများ ကြီးကြီးမားမား ပေါ်ပေါက်လာနိုင်ကြောင်း ခန့်မှန်းထားကြသည်။ ရီပတ်ဘလီကင်များက အစိုးရအဖွဲ့ချေးငွေ Debt Ceiling ပမာဏအား အမေရိကန်ဒေါ်လာ (၁၆.၇)ထရီလီယံထက် မပိုဘဲ လျှော့ချပေးရန် ဖြစ်ပြီး အိုဘားမား အစိုးရကမူ ထိုကန့်သတ်ချက် ထက် မြှင့်တင်ပေးမှသာ အမေရိကန် နိုင်ငံမှ ပေးဆပ်ရန်ရှိသည့် ချေးငွေများ၊ အတိုးများ ပေးဆပ်နိုင်မည် ဖြစ်ကြောင်း၊ ထိုသို့ ပေးဆပ်နိုင်မှု မရှိခြင်းကြောင့် အမေရိကန်စီးပွားရေးသာမက ကမ္ဘာလုံးချီစီးပွားရေးကိုပါ ထိခိုက်စေနိုင်ကြောင်း သတိပေး ပြောကြားထားသည်။

အမေရိကန်ပြည်ထောင်စု၏ လက်ရှိ အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်သည်-

(၁) ကွန်ဂရက်က အတည်ပြုထားပြီး တရားရုံးချုပ်က အခြေခံဥပဒေနှင့်ညီကြောင်း အတည်ပြု ထား၍ အိုဘားမားလက်မှတ်ရေးထိုး ပြဌာန်းထားသော Obamacare ဥပဒေအရ အကောင် အထည်ဖော် ဆောင်ရွက်ရမည့် အသုံးစရိတ်ကို အောက်လွှတ်တော်က ငြင်းပယ်ထား သည်။

(၂) အောက်လွှတ်တော်က ထိုသို့ လျှော့၍ခွင့်ပြုထားသော ဘတ်ဂျက်ဥပဒေကြမ်းကို အထက် လွှတ်တော်က ပယ်ချခဲ့သည်။ ထို့ကြောင့် လက်ရှိဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက် အသုံး စရိတ် အတည်ပြုနိုင်ခြင်း မရှိ။ (အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်း တာဝန်များကိုမူ ပုံမှန်ဆက်လက်ဆောင်ရွက်နိုင်စေရန် အခြားသော ဥပဒေပြဌာန်းချက်များ ဖြင့် ဆောင်ရွက်နေရသည်။)

(၃) ရီပတ်ဘလီကင်များ၏ အဓိကရပ်တည်ချက်မှာ Obamacare ဥပဒေကို မလုပ်ဘဲထားရန်၊ သို့မဟုတ် အသုံးစရိတ် လျှော့ချပေးရန် ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ပေးမှသာ ဘတ်ဂျက် ခွင့်ပြုပေးမည် ဟူ၍ ဖြစ်သည်။

(၄) ၄င်းအပြင် ရီပတ်ဘလီကင်များက တောင်းဆိုထားသည့် နောက်တစ်ချက်မှာ လာမည့် နိုဝင်ဘာလအတွင်း ဆုံးဖြတ်ပေးရမည့် အစိုးရချေးငွေ ပမာဏကို ဒေါ်လာ (၁၆.၇)ထရီ လီယံထက် ပိုမပေး ဟူ၍ဖြစ်ရာ ယင်းကိစ္စမှာလည်း ထပ်မံကြုံတွေ့ရဦးမည့် ပြဿနာ ဖြစ် သည်။

လွှတ်တော်(၂)ရပ်အကြား နိုင်ငံရေးအရညှိနှိုင်းဖြေရှင်းနိုင်မှု မရှိသဖြင့် အစိုးရလုပ် ငန်းများ ရပ်ဆိုင်း သွားရသည့်အတွက် ဂိုဏ်းဂဏနိုင်ငံရေးအရ ရီပတ်ဘလီကင်များနှင့် ကွန်ဆာဗေးတစ်များ အပေါ် အမေရိကန်ပြည်သူများအကြား ဝေဖန်ပြစ်တင်မှုများ တိုးမြှင့်ပေါ်ပေါက်လာနေကြောင်း တွေ့ရှိရ သည်။ လွှတ်တော်(၂)ရပ်အကြား သဘောထားကွဲလွဲမှုတွင် ပါတီနှစ်ရပ်မှ အမတ်များမှာ အပြန်အလှန် စွပ်စွဲ တိုက်ခိုက်မှုများ ဖြစ်ပေါ်လျက် ရှိသည်။

•မြန်မာနိုင်ငံ၏ အခြေခံဥပဒေ•

ဤကဲ့သို့ လွှတ်တော်(၂)ရပ်အကြား အငြင်းပွားမှုကြောင့် ဘတ်ဂျက်ဥပဒေကြမ်း အချိန်မီ အတည် ပြုပေးနိုင်မှု မရှိသော ဖြစ်စဉ် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လာခဲ့ပါက Government Shut Down အထိ ဖြစ်သွား နိုင်ပါသလား ဟူသော မေးခွန်းတစ်ရပ် ပေါ်ထွက်လာခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များအရ အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ပေါ်လျက်ရှိသော Government Shut Down မျိုး မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာနိုင်ခြင်း မရှိ ဟု သုံးသပ်တွေ့ရှိရသည်။ ဘတ်ဂျက်ဥပဒေကြမ်း တင်သွင်း ခြင်းနှင့် အတည်ပြုခြင်း သုံးစွဲခြင်းတို့နှင့်စပ်လျဉ်း အောက်ပါအတိုင်း ပြဌာန်းထားကြောင်း တွေ့ရှိရသည်-

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၃ အရ

“(၁) အခြေခံဥပဒေအရ ဖွဲ့စည်းထားသော ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ၏ အကြီးအမှူးများနှင့် အဖွဲ့အစည်းဝင်များ၏ လစာ၊ စရိတ်နှင့် ယင်းအဖွဲ့အစည်း များ၏ အသုံးစရိတ်များ၊

(၂) ပြည်ထောင်စုက ပေးဆပ်ရန် တာဝန်ရှိသော ကြွေးမြီများ၊ ယင်းကြွေးမြီများ နှင့် ဆက်နွှယ်သော ကုန်ကျစရိတ်များ၊ ပြည်ထောင်စုက ချေးယူငွေများနှင့် ဆက်နွှယ်သော အခြားကုန်ကျ စရိတ်များ၊

(၃) တရားရုံး သို့မဟုတ် ခုံရုံး တစ်ရုံးရုံး၏ စီရင်ချက်၊ အမိန့်၊ ဒီကရီအရ ပေးဆောင်ရန် ရှိ သော အသုံးစရိတ်များ၊

(၄) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာစာချုပ်တစ်ခုခုအရ ဖြစ်စေ ကျခံရမည့် အခြားအသုံးစရိတ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးပိုင်ခွင့် ရှိသည်။ သို့သော် ငြင်းပယ်ခြင်း၊ လျှော့၍ခွင့်ပြုခြင်း မပြုရ” ဟူ၍ ပြဌာန်းထားသည်။

အဆိုပါအသုံးစရိတ်များမှအပ အခြားအသုံးစရိတ်များအတွက်ကိုမူ ပြည်ထောင်စုလွှတ်တော်က သဘောတူအတည်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ လျှော့၍ ခွင့်ပြုခြင်းတို့ကို အများဆန္ဒနှင့်အညီ ဆောင်ရွက်ရမည် ဟူ၍ ပြဌာန်းထားသည်။

အိုဘားမားအစိုးရသည် တည်ဆဲဥပဒေတစ်ရပ် ဖြစ်သော Obamacare အတွက် လိုအပ်သော အသုံးစရိတ်ကို တင်ပြတောင်းခံခဲ့သော်လည်း အောက်လွှတ်တော်က ယင်းအသုံးစရိတ်အား ဖြတ်ချခြင်း (ငြင်းပယ်ခြင်း) ပြုခဲ့ခြင်း ဖြစ်သည်။ ထိုကိစ္စမျိုး မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာခဲ့ပါက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်က ဆွေး နွေးနိုင်သော်လည်း ငြင်းပယ်ခြင်း၊ လျှော့၍ခွင့်ပြုခြင်း မပြုနိုင်ပါ။

ပြည်ထောင်စုက ပေးဆပ်ရမည့် ကြွေးမြီများနှင့် အတိုးများအတွက် အိုဘားမားအစိုးရ တင်ပြ တောင်းခံထားသော Debt Ceiling နှင့်စပ်လျဉ်း၍လည်း အောက်လွှတ်တော်က အမေရိကန်ဒေါ်လာ (၁၆.၇) ထရီလီယံထက် ပိုမပေးဟု ပြောကြားထားသော ကိစ္စမှာလည်း လာမည့်နိုဝင်ဘာလအတွင်း ဆုံး ဖြတ်ရမည် ဖြစ်သည်။ ထိုကိစ္စမျိုး မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာခဲ့ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၃ အရ ပြည်ထောင်စုလွှတ်တော်က လျှော့၍ခွင့်ပြုခြင်း မပြုနိုင်ပါ။

အလားတူ အစိုးရက တင်သွင်းထားသော ဘတ်ဂျက်ဥပဒေကြမ်းအား လွှတ်တော်က အချိန်မီ အတည်ပြုပေးနိုင်ခြင်း မရှိခဲ့ပါက အစိုးရလုပ်ငန်းများ ရပ်ဆိုင်းသွားစေနိုင်သည့် Government Shut Down မျိုး မြန်မာနိုင်ငံတွင် မဖြစ်နိုင် ဟု ဆိုရခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂၂ အရ ပြောရခြင်း ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂၂ တွင် “ပြည်ထောင်စုအစိုးရသည် မိမိတင်သွင်းသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ ပြည်ထောင်စု လွှတ်တော်က ပြဌာန်းခြင်း မပြုနိုင်လျှင် ပြည်ထောင်စုလွှတ်တော်က နောက်ဆုံးပြဌာန်းထားသည့် ပြည် ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ သာမန်အသုံးစရိတ် ခွင့်ပြုချက် ဘောင်အတွင်း သုံးစွဲ ခွင့် ရှိသည်” ဟူ၍ ပြဌာန်းထားသည်။

ဥပမာအားဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် လာမည့် ဘတ် ဂျက်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်မပြုနိုင်သေးဘဲ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ကုန် သွားခဲ့ပါ (ယခုလက်ရှိ) ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ခွင့်ပြုထားသော ဘတ်ဂျက်ဘောင်အတိုင်း သုံးစွဲနိုင် ကြောင်း အခြေခံဥပဒေက အပ်နှင်းထားသည်။ သာမန်အသုံးစရိတ် ခွင့်ပြုချက်သည် စီမံကိန်းနှင့် သက် ဆိုင်သော ငွေလုံးငွေရင်း မဟုတ်သဖြင့် ဝန်ထမ်းလစာ၊ ဌာနအသုံးစရိတ်များကိုမူ ယခင်နှစ်ခွင့်ပြုချက် အတိုင်း ဆက် လက်သုံးစွဲနိုင်မည် ဖြစ်သည်။ ဆိုလိုရင်းမှာ စီမံကိန်းအသစ်များ စတင်မှု မပြုနိုင်စေကာမူ ဝန်ထမ်းလစာ၊ ဌာနအသုံးစရိတ်များ ပေးစရာ မရှိသည့် အခြေအနေသို့ ရောက်ရှိသွားမည် မဟုတ်ပါ။ ထို့ကြောင့် မြန်မာ နိုင်ငံတွင် Government Shut Down မဖြစ်နိုင် ဟု ဆိုရခြင်း ဖြစ်သည်။

•နိဂုံး•

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အဓိကအားဖြင့် အမေရိကန်၏ မဏ္ဍိုင်ကြီး(၃)ရပ် ပိုင်း ခြားဆောင်ရွက်သော သမ္မတအုပ်ချုပ်ရေးစနစ်ကို မှီငြမ်းထားသော်လည်း အလုံးစုံထပ်တူညီခြင်းတော့ မရှိပါ။ ပြီးပြည့်စုံသော အခြေခံဥပဒေ ဟူ၍ မရှိနိုင်သလို ပြောင်းလဲလာသည့် အခြေအနေနှင့်အညီ ပြင်ဆင် ဖြည့်စွက်ခြင်းများ ဆောင်ရွက်နေကြရသည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ အခြေခံဥပဒေတွင် ဘတ်ဂျက် တောင်းခံမှုနှင့် စပ်လျဉ်း၍ Check and Balance သဘောတရားများ အပြည့်အဝ ထည့်သွင်းထားသော် လည်း အစိုးရတစ်ရပ်လုံး Shut Down ဖြစ်သွားစေနိုင်လောက်သည့် အနေအထားမျိုးမရောက်အောင် ထိန်းညှိထားသည်ကို တွေ့ရှိရသည်။ ဥပဒေပြုရေးမဏ္ဍိုင်သည်လည်းကောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်သည် လည်းကောင်း၊ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးတွင် အဓိကပါဝင်နေသော တပ်မတော်သည်လည်းကောင်း၊ မဏ္ဍိုင်ကြီးအရပ်ရပ်ကို Check and Balance ပြုလုပ်ရမည့် မီဒီယာနှင့် အရပ်ဘက်လူ့အဖွဲ့စည်းတို့သည် လည်းကောင်း သဘောထားကွဲလွဲမှုများ ရှိနေမည် ဖြစ်သော်လည်း မတူကွဲပြားမှုများကို ငြိမ်းချမ်းစွာ ညှိနှိုင်း ဖြေရှင်းနိုင်ရန် အရေးကြီးသည်။

နိုင်ငံရေးအတွေးအမြင်များကို အခြေခံ၍ ဆောင်ရွက်မှုများ၊ ဝါဒရေးရာ ငြင်းခုန်မှုများ မရှိတော့ သည့် ယနေ့မြန်မာနိုင်ငံတွင် သဘောထားကွဲလွဲခွင့်များကို အသိအမှတ်ပြု၍ နိုင်ငံတော်နှင့်နိုင်ငံသားတို့ ပန်းတိုင်ရောက်ရေးကို ရှေ့ရှုဆောင်ရွက်သွားရန်သာ ရှိပေသည်။ ဘက်ပေါင်းစုံတွင် အကျိုးစီးပွားပေါင်းစုံ ရှိနေကြမည် မှန်သော်လည်း သန်း(၆၀)ကို အခြေခံသော Adjustment of Interest သာလျှင် မျက်မှောက် ပြုကြရမည် ဖြစ်ပါကြောင်း တိုက်တွန်းလိုက်ရပေသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
[Source : The Voice Weekly Vol.9/No.39]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Hmuu Zaw Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...