Friday, October 18, 2013

တောင်တွင်းကြီးမြို့ မုန့်တိုက်ပွဲ ဦးဆောင်လှုပ်ရှားသည့် ဆရာဝန် ခေါ်ယူ စစ်ဆေးခံရ


တောင်တွင်းကြီးမြို့တွင် လှုပ်ရှားလျက်ရှိသော ဓာတုဆိုးဆေးပါ နိုင်ငံခြားဖြစ်နှင့် ပြည်တွင်းမုန့်များ ဆန့်ကျင် တိုက်ဖျက်ရေးနှင့် မြန်မာ့ရိုးရာမုန့်များ ပြန်လည် ဖော်ထုတ်ရေး လှုပ်ရှားမှု (မုန့်တိုက်ပွဲ) ကို ဦးဆောင် လှုပ်ရှားမှုကြောင့် တောင်တွင်းကြီးမြို့ ပြည်သူ့ဆေးရုံမှ သွားနှင့်ခံတွင်း ဆရာဝန် ဒေါက်တာကျော်ဆွေကို တောင်တွင်းကြီး ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ခေါ်ယူစစ်ဆေးကြောင်း ဒေါက်တာကျော်ဆွေက The Voice သို့ ပြောကြားသည်။


တောင်တွင်းကြီး ရဲစခန်းက စခန်းမှူးသည် မုန့်တိုက်ပွဲနှင့် ပတ်သက်၍ သိလိုသည်များ မေးမြန်းလိုသည်ဟု အကြောင်းကြားသဖြင့် သွားရောက် တွေ့ဆုံရာ မုန့်တိုက်ပွဲကို မည်သည့်အချိန်က စတင်လုပ်ဆောင်ခဲ့ကြောင်း၊ လက်ကမ်း စာစောင်များကို မည်သည့်နေရာတွင် ရိုက်နှိပ်ကြောင်း၊ မည်သူက ရိုက်နှိပ်ကြောင်းတို့ကို မေးမြန်းခဲ့ကြောင်း ၎င်းကပြောကြားသည်။
“အမှုစစ်သလို စစ်တာဗျ။ မုန့်အကြောင်း၊ ကလေးတွေကို ဘယ်လိုပညာပေးကြောင်း မေးတာမဟုတ်ဘူး။ ဘယ်သူက ရိုက်ပေးတယ်၊ အဖေနာမည်က ဘယ်သူ၊ ဘယ်နေရာမှာ ရိုက်တယ်၊ အဲ့ဒါတွေ မေးတာဗျ၊ သူတို့ကို အသိမပေးလို့ လို့ ပြောတယ်။ ကျန်းမာရေး အသိပညာ ပေးတာပါ။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လက်ကမ်းစာစောင် ဝေတာလည်း မဟုတ်ပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် လှုပ်ရှားမှုကိုတော့ ရပ်မှာမဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

တောင်တွင်းကြီးမြို့တွင် လက်ကမ်း စာစောင်ပေါင်း ၄၅၀၀ အပြင် ရေနံချောင်း၊ မြို့သစ်၊ နတ်မောက်၊ ဆင်ပေါင်ဝဲ၊ မင်းဘူး၊ စကု၊ စလင်း၊ ပြည်၊ နတ်တလင်း၊ မြင်းမူ၊ မန္တလေး၊ ကျောက်ဆည်နှင့် လားရှိုးမြို့များတွင် အဆိုပါ လှုပ်ရှားမှုကို စိတ်ပါဝင်စားသည့် ဒေသခံများက ဖြန့်ဝေပေးခြင်း ဖြစ်ပြီး အခြားမြို့များကလည်း လက်ကမ်းစာစောင် ဖြန့်ဝေပေးရန်အတွက် ကမ်းလှမ်းချက်များလည်း ရှိကြောင်း ၎င်းကပြောကြားသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ သီတင်းကျွတ် လပြည့်နေ့တွင် တောင်တွင်းကြီးမြို့၌ ကျောင်းသားမိဘ ခြောက်ရာကျော်ကို အစားအသောက်များနှင့် ပတ်သက်သော ကျန်းမာရေး ပညာပေး ဟောပြောပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း ၎င်းကပြောကြားသည်။

မုန့်တိုက်ပွဲ ဆိုသည်မှာ ဈေးကွက်အတွင်းရှိ အန္တရာယ်ရှိသော အဆိပ်မုန့်များကို မြန်မာ့ရိုးရာ မုန့်များဖြင့် တိုက်ထုတ်ဖယ်ရှား ရှင်းလင်းပစ်သော တိုက်ပွဲ ဖြစ်ကြောင်း၊ ဦးတည် တိုက်ခိုက်ရမည့် ရန်သူသည် ကလေးများကို တမြေ့မြေ့နှင့် လူမျိုးတုံးအောင် သတ်ဖြတ်ရန် ကြိုးပမ်းနေသော ဓာတုဆိုးဆေးပါ နိုင်ငံခြားဖြစ်နှင့် ပြည်တွင်းဖြစ် မုန့်များ ဖြစ်ကြောင်း မုန့်တိုက်ပွဲ လက်ကမ်းစာစောင်တွင် ပါရှိသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်အရ တောင်တွင်းကြီးမြို့နယ် ဆရာဝန်ကြီးက ပြောကြားသဖြင့် မုန့်တိုက်ပွဲ အခေါ်အဝေါ်အစား ဓာတုဆိုးဆေးပါ နိုင်ငံခြားဖြစ်နှင့် ပြည်တွင်းမုန့်များ ဆန့်ကျင် တိုက်ဖျက်ရေးနှင့် မြန်မာ့ရိုးရာ မုန့်များ ပြန်လည် ဖော်ထုတ်ရေး လှုပ်ရှားမှုဟု ပြောင်းလဲ သုံးစွဲမည်ဖြစ်ပြီး လက်ကမ်း စာစောင်များကိုလည်း ပြန်လည် ပြင်ဆင် ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။
“သူတို့က လက်ကမ်းစာစောင်ကို သေချာမဖတ်ကြလို့ပါ။ အစအဆုံး ဖတ်ကြည့်ရင်တော့ နားလည်မှာပါ။ မေတ္တာရပ်ခံချက်ကို လက်ခံတဲ့အနေနဲ့ လက်ကမ်း စာစောင်တွေကို အသစ်ပြန်ရိုက်မှာပါ” ဟု ၎င်းကဆိုသည်။

တောင်တွင်းကြီးမြို့ ပြည်သူ့ဆေးရုံက သွားနှင့်ခံတွင်း ဆရာဝန် ဒေါက်တာကျော်ဆွေသည် သပိတ်ကျင်းမြို့ တွင် ခြောက်နှစ်၊ တောင်တွင်းကြီးမြို့တွင် ခုနစ်နှစ် အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ရေး ကော်မတီတွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ အစားအသောက်များ၏ အန္တရာယ်ကို ဘောင်အတွင်းက လုပ်ဆောင်ခဲ့သော်လည်း လက်တွဲကူညီမည့်သူ မရှိသဖြင့် ယင်းအတွင်းရေးမှူး ရာထူးကို လွှဲအပ်၍ ကျန်းမာရေးဝန်ထမ်း တစ်ဦး၏ တာဝန်အရ မဟုတ်ဘဲ အပြင်လူ တစ်ဦးအနေဖြင့် ဝတ္တရားအရ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ဓာတုဆိုးဆေးပါ နိုင်ငံခြားဖြစ်နှင့် ပြည်တွင်းမုန့်များ ဆန့်ကျင် တိုက်ဖျက်ရေးနှင့် မြန်မာ့ရိုးရာမုန့်များ ပြန်လည် ဖော်ထုတ်ရေး လှုပ်ရှားမှု (မုန့်တိုက်ပွဲ) ကို ၂၀၁၃ စက်တင်ဘာလက တောင်တွင်းကြီး မြို့တွင် စတင်လုပ်ဆောင်ခဲ့ပြီး ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် အပါအဝင် နေရာအနှံ့အပြားတွင် လှုပ်ရှားမှုကို စိတ်ပါဝင်စားသည့် ဒေသခံများကြောင့် လက်ကမ်းစာစောင် များ ဖြန့်ဝေခြင်းနှင့် ကျန်းမာရေး ပညာပေးမှုများကို လုပ်ဆောင်လျက် ရှိနေသည်။

The Voice Weekly

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...