Tuesday, October 1, 2013

ဝိပဿနာဆိုတာ ဘာလဲ

October 1, 2013 at 1:41am
အပိုင်း(၃)

ထိုင်ကြည့်တဲ့သဘော

          ပင်ပင်ပန်းပန်းကြီး မဟုတ်ပါ။ဥပမာ လူတစ်ယောက်က သူ့အလုပ် သူလုပ်နေတာကို လူတစ်ယောက်က သူ ဘာများ လုပ်နေသလဲလို့ ဆိုပြီးတော့ အနားသွားပြီး ထိုင်ကြည့်တဲ့သဘောပဲ။ အဲဒီလို ထိုင်ကြည့်တဲ့အခါ မပင်ပန်းပါ။
          အသက်လည်း တစ်မျိုးတစ်မည် ပြောင်းမရှူရပါ။ ဒီလူဘာများလုပ်နေသလဲလို့ ထိုင်ကြည့်နေသလိုလေး ရှုကြည့်ရမှာပါ။ အဲဒီလို ရှုကြည့်တော့ ရုပ်ရဲ့အလုပ်က အေးတဲ့အလုပ်၊ ပူတဲ့အလုပ်၊ တိုးတဲ့အလုပ်၊ တိုက်တဲ့အလုပ်၊ တွန်းတဲ့အလုပ်၊ ကန်တဲ့အလုပ်၊ လှုပ်တဲ့အလုပ် စသည်တွေပါ။ အဲဒီ ရုပ်အလုပ်တွေကို သတိ၊ ဝီရိယ၊ ပညာနဲ့ စောင့်ကြည့်တဲ့အခါ ပူတဲ့အခိုက် ရုပ်တရားပါလား၊ အေးတဲ့ အခိုက် ရုပ်တရားပါလားလို့ အမြဲသိနေတာကို ဝိပဿနာရှုတယ်လို့ ခေါ်ပါတယ်။

          ဒါကြောင့်-
          “ဝိပဿနာဆိုတာ ခန္ဓာမှာ ပညာရှေ့သွား ရှုရမည်၊ ပညာရှေ့သွား ရှုသူအား နှစ်ပါး ရုပ်နာမ်တွေ့ရမည်” လို့ မှတ်ထားကြပါ။ ရှုခါစမှာ ပထမတော့ ဆရာသမားပြောတဲ့အတိုင်း အေး နွေး တိုက် တွန်း ထိသဘောက ရုပ်တရားပဲ၊ “ရုပ်-ရုပ်” လို့ ရှုနေတာက နာမ်တရားပဲလို့ အနုမာနနည်းနဲ့ မှန်းဆ ရှုနေတာပါ။

လုပ်ယူလို့ မရပါ

          ဆရာသမားပြောတဲ့အတိုင်း “ရုပ်-ရုပ်” နဲ့ ရှုနေရာမှ နောက်ပိုင်းမှာ ကိုယ်ပိုင်ဉာဏ်နဲ့ ဒီခန္ဓာကိုယ်မှာ ရုပ်နာမ်နှစ်ပါးပဲရှိပါလားလို့ ရုပ်နာမ်ကို ပိုင်းခြားသိလာပါလိမ့်မယ်။ အဲဒီလိုသိရင် နာမ်ရုပ်ပိုင်းခြားသိတယ်လို့ ခေါ်ပါတယ်။ အဲဒီအသိကို လုပ်ယူလို့ မရပါ။ စာကျက်ယူလို့လည်း မရပါ။
          “ရုပ်နာမ် မှန်စွာ၊ မြင်တွေ့လာ၊ ဉာဏ်ဟာ တက်လာသည်။”
          “ရုပ်နာမ် ခြင်းရာ၊ သိဖို့ရာ၊ ဆက်ကာ ကြိုးစားရှုရမည်။”
ဆိုတဲ့အတိုင်း ရုပ်အမှန်ကို နာမ်အမှန်ကို မြင်တွေ့လာတယ်ဆိုကတည်းက နဂိုအနေထက် ဉာဏ်တက်သွားပါပြီ၊ အသိအမြင်ထူးသွားပါပြီ၊ အဲဒီ အသိဟာ သာမန်အသိမဟုတ်ပါ။ ဒိဋ္ဌိပြုတ်တဲ့ အသိပါ။ အဲဒီအသိကိုရဖို့ အင်မတန် အရေးကြီးပါတယ်။ တရားအားထုတ်တဲ့အခါ အဲဒီ အသိကို တစ်နံပါတ် ရရမှာပါ။
နောက် ဘာဆက်လုပ်ရမလဲဆိုရင် အဲဒီအသိသည် ဘယ်လိုသဘော ရှိသလဲ၊ အဲဒီ နာမ်သည် ဘယ်လိုသဘော ရှိသလဲလို့ ရုပ်နာမ်သဘောကို သိအောင် ဆက်ပြီး “ရုပ်-ရုပ်” “နာမ်-နာမ်” နဲ့ ရှုရမှာပါ။
ဥပမာ အရာဝတ္ထုတစ်ခုကို ကြည့်နေရင် သူဘယ်လို သဘောရှိသလဲဆိုတာ သိလာသလို စုံထောက်တစ်ယောက်က လူတစ်ယောက်ကို စုံစမ်းထောက်လှမ်းသလို အလိုက်သင့်ကလေး ရုပ်၊ နာမ်အရှိကို စောင့်ကြည့် စောင့်ရှုရမှာပါ။

စုံထောက်တာပါ

          ယခုလည်း တရားအားထုတ်တယ်ဆိုတာ ရုပ်နာမ်ကို စုံထောက်တာပါ။ ရုပ်ဟာ ဘယ်လိုသဘောရှိသလဲ၊ နာမ်ဟာ ဘယ်လိုသဘောရှိသလဲလို့ စောင့်ကြည့်တဲ့အခါ ဖောက်ပြန်သဘောသည် ရုပ်တရား၊ သိတဲ့ ညွတ်တဲ့သဘောသည် နာမ်တရားလို့ သိလာပါလိမ့်မယ်။
          ရုပ်က ဘယ်လိုသဘော ရှိသလဲဆိုရင် ဖောက်ပြန်တဲ့သဘော၊ ဖောက်ပြန်တယ်ဆိုတာ နာလိုက်၊ ကျင်လိုက် စသည်ဖြစ်နေတာကို ခေါ်ပါတယ်။ အဲဒီ နာသဘော စသည်ကို သိတာက နာမ်ပါ။ ဖောက်ပြန်တာက ရုပ်အလုပ်၊ သိတာက နာမ်အလုပ်၊ ဉာဏ်အလုပ်ပါ။
          ရုပ်တရားက ဖောက်ပြန်ပြီးရင် ပျက်သွားပါတယ်။ နာမ်တရားကလည်း သိပြီးရင် ပျက်သွားပါတယ်။ ယောဂီပုဂ္ဂိုလ်က “သြော်၊ ဒီခန္ဓာကိုယ်မှာ ရုပ်နဲ့နာမ်ပဲ ရှိတယ်။ ရုပ်ကလည်း ဖောက်ပြန်ပြီးတော့ ပျက်သွားပါတယ်။ နာမ်ကလည်း သိပြီးတော့၊ ညွတ်ပြီးတော့ ပျက်သွားတယ်။ ဒီခန္ဓာကိုယ်မှာ ခိုင်တာမြဲတာ မရှိပါလားလို့ သိလာပါလိမ့်မယ်။”

ရုပ်နာမ် ခြင်းရာ

“ရုပ်နာမ် ခြင်းရာ၊ သိဖို့ရာ၊ ဆက်ကာ ကြိုးစား ရှုရမည်” ဆိုတဲ့အတိုင်း ဆက်ပြီးတော့ ရှုတော့ ရုပ်၊ နာမ်နှစ်ပါးရဲ့ သဘောတရားကို ပိုင်းပိုင်းခြားခြား ပြတ်ပြတ်သားသား ဘယ်လိုသိလာနိုင်သလဲဆိုရင်-
          “အခိုင်းသမား၊ နာမ်တရား၊ လုပ်သား ရုပ်ဖြစ်သည်။”
          -လို့ သိလာပါလိမ့်မယ်။ ပထမ ရုပ်နာမ် နှစ်ပါးပဲ ပိုင်းခြားသိပါတယ်။ ရုပ်နာမ်သဘောကို ဆက်ရှုတော့ နာမ်တရားက အခိုင်းသမားပဲလို့ သိလာပါလိမ့်မယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ သိရမှာပါ။ အဲဒီလို သိဖို့ရာ စိတ်ရှည်ရှည် စိတ်အေးအေးနဲ့ အချိန်များများယူပြီး ရှုကြည့်မှ သိနိုင်မှာပါ။ ခဏကလေးနဲ့တော့ မသိနိုင်သေးပါ။
          နာမ်က အခိုင်းသမား၊ ရုပ်က အလုပ်သမားဖြစ်သည့် အလျောက်၊ အခိုင်းသမား နာမ်ကလည်း ခိုင်းစရာရှိရင် ခိုင်းလိုက်၊ အလုပ်သမားဖြစ်တဲ့ ရုပ်ကလည်း နာမ်ခိုင်းသမျှ လုပ်ပါတယ်။

မျက်စိကနေပြောရင်

          ဘုန်းကြီးတို့ မျက်စိကနေ တစ်ခုချင်း တစ်ခုချင်း ကြည့်ပြီးတော့ ပြောကြည့်ရအောင်ပါ။ ကြည့်ချင်တာက နာမ်၊ တကယ်ကြည့်တာက ရုပ်ပါ။ ကြည့်ခိုင်းတာက နာမ်၊ ကြည့်တာက ရုပ်ပါ။ မျက်စိထဲမြင်ခိုက်မှာ နာမ်နဲ့ရုပ်ပဲ ရှိပါတယ်။ နားထောင်ချင်တာက နာမ်၊ နားထောင်တာက ရုပ်၊ ရှုချင်တာက နာမ်၊ ရှုတာက ရုပ်၊ စားချင်တာက နာမ်၊ စားတာက ရုပ်၊ ထိချင်တာက နာမ်၊ ထိတာက ရုပ်၊ ကြံချင်တာက နာမ်၊ ကြံတာလည်း နာမ်ပါ။

အလိုက်သင့်ရှုပါ

          အဲဒီသဘောတွေကို လိုက်ပြီးတော့ အလိုက်သင့် ရှုကြည့်နေတော့ တော်တော်ကြာလာရင် ရုပ်ပဲ နာမ်ပဲ ကွဲလာမယ်။ အခိုင်းသမား၊ အလုပ်သမား ကွဲလာမယ်။ အဲဒီလို အလိုက်သင့်ကလေး လိုက်ရှုကြည့်တော့ မပင်ပန်းပါ။
          ဝိပဿနာတရားဆိုတာ အထူးအဆန်း မဟုတ်ပါ။ နဂိုပကတိအတိုင်းလေးမှာ သတိလေး ပြောင်းထားလိုက်တာပါပဲ။ အသိလေးပြောင်းထားလိုက်တာပါပဲ။
          နဂိုတုန်းက ငါပဲ၊ သူပဲ၊ ပုဂ္ဂိုလ်ပဲ သတ္တဝါပဲဆိုတဲ့ ငါ၊ သူသတိ၊ ပုဂ္ဂိုလ်၊ သတ္တဝါသတိကနေ ရုပ်နာမ်ပေါ် သတိပြောင်းထားလိုက်တာပဲ။ နဂိုက ခေါင်း၊ ကိုယ်၊ ခြေ၊ လက်တွေပေါ်မှာ သတိထားရာကနေ ရုပ်နာမ်အပေါ် သတိပြောင်းထားလိုက်တာပဲ။
          ရုပ်နာမ်သဘော သိအောင်ပြောရရင် အသက်ရှူသွင်းချင်တာက နာမ်၊ အသက်ရှူသွင်းတာက ရုပ်ပါ။ မျက်စိဖွင့်ချင်တာက နာမ်၊ မျက်စိဖွင့်တာက ရုပ်ပါ။ ရှူသွင်းတဲ့အခါမှာ အလိုက်သင့်ကလေး စောင့်ကြည့်တော့ သိသွားပါတယ်။

ဖောက်ပြန်တယ်ဆိုတာ

          ဖောက်ပြန်တယ်ဆိုတာ အသက်ရှူမသွင်းခင်က တစ်မျိုး၊ ရှူသွင်းလိုက်တော့ တစ်မျိုး၊ မျက်စိမဖွင့်ခင်က တစ်မျိုး၊ မျက်စိဖွင့်လိုက်တော့ တစ်မျိုး၊ ပြောင်းသွားတာကို ဖောက်ပြန်တယ် ခေါ်ပါတယ်။ ရုပ်လို့ခေါ်ပါတယ်။ အဲဒီ တစ်မျိုးဖြစ်သွားခိုက်မှာ ရုပ်လို့ ရှုပါ။
          နဂိုအနေကနေ နောက်တစ်မျိုး ပြောင်းသွားတဲ့အခါ နဂိုအနေ မရှိတော့ပါ။ နဂိုအနေ မရှိတာကို ပျက်သွားတယ်လို့ ခေါ်ပါတယ်။ နောက်ထပ်အသစ် ဖြစ်လာတာကို အဖြစ်လို့ ခေါ်တယ်။ အဲဒီ အဖြစ်ကလည်း အမူအရာတစ်မျိုးပြောင်းသွားတော့ အဖြစ်မရှိတော့ပါ။ ပျက်သွားပါပြီ။

ရုပ်ဖောက်ပြန် နာမ်ကသိ

          အဲဒီသဘောတွေကို သတိထား၊ ဝီရိယစိုက်ပြီး ဉာဏ်နဲ့ကြည့်တော့ ခန္ဓာကိုယ်မှာ ရုပ်ကဖောက်ပြန် နာမ်ကသိနေပါလား။ ဖောက်ပြန်တဲ့ ရုပ်ကလည်း ဖောက်ပြန်ပြီး ပျက်သွားပါလား။ သိတဲ့နာမ်ကလည်း သိပြီးတော့ ပျက်သွားပါလားလို့ သိလာလိမ့်မယ်။
          “ရုပ်နာမ်နှစ်ဖြာ၊ ခိုင်းလုပ်တာ၊ ဆက်ကာရှုရမည်။”
          -ဆိုတဲ့အတိုင်း အခိုင်းသမား နာမ်တရားရဲ့သဘော၊ အလုပ်သမား ရုပ်တရားရဲ့သဘောကို သိအောင် ဆက်ရှုလို့ သိတာပါ။ အလိုလို အမှတ်တမဲ့နေလို့ သိတာမဟုတ်ပါ။ ပြီးတော့-
          “ခိုင်းသားနာမ်လည်း၊ ခိုင်းရင်းပဲ၊ မမြဲပျက်ရသည်။”
          -ဆိုတဲ့အတိုင်း ခိုင်းသားနာမ်ကို ပြန်ကြည့်ရင် ခိုင်းသားနာမ်ကလည်း အလုပ်တစ်ခုကို နှစ်ခါပြန် မခိုင်းပါ။ တစ်ခါခိုင်းပြီး ပျက်သွားပါတယ်။ နောက်ထပ် ခိုင်းချင်တာက အသစ်နာမ်ပါ။

အသစ်အသစ်နာမ်

          အဲဒီလို အသစ်သစ်နာမ်ကို မြင်အောင် ရှုရမှာပါ။ ပြီးတော့-
          “လုပ်သားရုပ်လည်း၊ လုပ်ရင်းပဲ၊ မမြဲပျက်ရသည်။”
          -ဆိုတဲ့အတိုင်း နာမ်ကခိုင်းလို့ လုပ်ရတဲ့ ရုပ်တရားကလည်း တစ်ခါလုပ်ပြီးရင် ပျက်သွားပါတယ်။ အလုပ်တစ်ခုကို နှစ်ခါပြန် မလုပ်နိုင်ပါ။ တစ်ခါလုပ်ပြီးရင် တစ်ခါပျက်ပါတယ်။

ဖြစ် ပျက် မဆိုရပါ

          အဲဒီသဘောကို ရှုတဲ့အခါ ယောဂီပုဂ္ဂိုလ်ဟာ “ဖြစ်-ပျက်”   “ဖြစ်-ပျက်” လို့ မဆိုရပါ။ “ဖြစ်တယ်” “ပျက်တယ်” လို့လည်း မဆိုရပါ။ ဖြစ်မှန်း ပျက်မှန်း သိအောင် သတိထား ဝီရိယစိုက်ပြီး ဉာဏ်နဲ့ကြည့်နေရုံပါပဲ။
          အဲဒီလို ဖြစ်မှန်း ပျက်မှန်းသိတဲ့အခါ ဖြစ်ပျက်သိပြီလို့ မတော်လိုက်နဲ့ဦး။ ရုပ်တရားကလည်း မမြဲပါလား။ နာမ်တရားကလည်း မမြဲပါလားလို့ သိတဲ့ဉာဏ်ကိုရအောင် ဆက်ရှုရပါဦးမယ်။ မမြဲပါလားလို့ သိတဲ့ ဉာဏ်ကလေးကို ရရမှာပါ။
          ယခု အားထုတ်တာလည်း အဲဒီအသိဉာဏ်ကို လိုချင်လို့ အားထုတ်တာပါ။ ကြာကြာထိုင်နိုင်အောင် အားထုတ်တာမဟုတ်ပါ။ အထိုင်ကျင့်တာမဟုတ်ပါ။ ထိုင်ကောင်းအောင် အားထုတ်တာမဟုတ်ပါ။

အသိဉာဏ် ရအောင်

          ကြာကြာရပ်နိုင်အောင် အားထုတ်တာလည်း မဟုတ်ပါ။ ရပ်ကောင်းအောင် အားထုတ်တာလည်း မဟုတ်ပါ။ ရုပ်နာမ်နဲ့ ပတ်သက်တဲ့ အသိဉာဏ်ကို ရအောင် အားထုတ်တာပါ။ အဲဒီ အသိဉာဏ်ရတော့မှ လောဘ ဒေါသ မောဟ စတဲ့ ကိလေသာတွေကို ပယ်နိုင်တာပါ။
          ဟုတ်ပါတယ်။ မကောင်းတာကို မကောင်းဘူးလို့ သိသွားရင် မကောင်းတာကို မလုပ်တော့ပါ။ အဲဒီလို မလုပ်တာကို ပယ်တယ်လို့ ခေါ်ပါတယ်။ ကောင်းတာကို ကောင်းတယ်လို့သိရင် ကောင်းတာကို ရအောင် ကြိုးစား အားထုတ်မှာပါ။

ဘာအရေးကြီးလဲ

          ဒါကြောင့် ဘာအရေးကြီးလဲဆိုရင် အသိ အလိမ္မာ ဉာဏ်ပညာ အရေးကြီးပါတယ်။ အထူးမှတ်ထားရမှာက ကြာကြာထိုင်နိုင်ဖို့ မဟုတ်။ ကြာကြာရပ်နိုင်ဖို့ မဟုတ်။ အသိ အလိမ္မာ ဉာဏ်ပညာ အထူးရဖို့ပါ။ အသိ အလိမ္မာ ဉာဏ်ပညာထူး ရသွားရင် မကောင်းတာကို မလုပ်ချင်၊ မပြောချင်၊ မကြံချင်တော့ပါ။ ပယ်လိုက်ပါပြီ။ ကောင်းတာကို ရအောင် ကြိုးစားပြီး ပြု ပြော ကြံစည်ပါလိမ့်မယ်။
          ယခု ပြောခဲ့တဲ့ အကျိုးတရားတွေဟာ ဝိပဿနာရဲ့ အကျိုးတရားတွေပါ။ ယခု ပြောခဲ့တဲ့ အတိုင်းဆိုရင် ဝိပဿနာ အားထုတ်ရတာ မပင်ပန်းပါ၊ ချမ်းချမ်းသာသာပါပဲ။

ဆက်ရန်…

ကျေးဇူးတော်ရှင် တောင်စွန်း ဓမ္မဒူတဆရာတော်ဘုရားကြီး၏ “ဝိပဿနာဆိုတာ ဘာလဲ” စာအုပ်မှ-
  • You and 7 others like this.
  • Tow Foure Foure Tow အရှင် ဘုရား
    တပည့်တော်ကို ရှင်းပြပေးတော်မူပါဘုရား
    ၁။ သမထ ဘာဝနာက ဘယ်လိုပါလဲ
    ဝိပဿနာဘာဝနာက ဘယ်လိုပါလဲဘုရား
    ၂။ ဂါထာရွတ်ဖတ်တာ မေတ္တာပို့ တာ

    ဘာဝနာမည်ပါသလားဘုရား
    ၃။ တစ်ချို့ က အကြောင်းကြောင်းကြောင့်
    ကြာကြာမထိုင်နိုင်ဘူးဘုရား ထိုင်ရင်း
    အိပ်ရင်း ဝင်လေ ထွက်လေ ရှုမှတ်တာ
    လမ်းလျှောက်ရင်း အထိအတွေ့  ရှုမှတ်တာ
    ဘာဝနာရပါသလားဘုရာ့း
  • Tun Tun Naing ဘာဝနာဖွင့်ဆိုချက်
    •••••••••••••••••

    ' တရားအားထုတ်နည်းအတွက် အခြေခံ အစကိုသိချင်ကြပါတယ် ' လို့ပြောလေ့၊ မေးလေ့ရှိကြပါတယ်။

    တရားအားထုတ်တယ်ဆိုတာ သမထ တရား၊ ဝိပဿနာတရားလို့ တရားနှစ်မျိုးရှိပါတယ်။ သမထဘာဝနာ ဝိပဿနာဘာဝနာပေါ့။ ယခုအခါမှာတော့ ဝိပဿနာကို ဦးစားပေးသူတွေ များလာကြပါတယ်။ ဒါပေမယ့် သမထရော၊ ဝိပဿနာဟာ ဘာဝနာတရားချည်းပါပဲ။

    တရားအခြေခံအားထုတ်နည်းကို သိလိုသူတွေအတွက် ဘာဝနာရဲ့ အဓိပ္ပါယ်ကို အရင်သိထားရပါမယ်။

    '' လောဘ ၊ ဒေါသ ၊ မာန်မာနနှင့် မောဟ၊ ဒိဋ္ဌိ ၊ ဝိစိကိစ္ဆာ ၊ ဣဿာမစ္ဆေ ၊ နည်းပါးစေ၍ စိတ်နေစိတ်ထား သဒ္ဓါပွားလျှက် (ဝီရိယပွားလျှက်) (သတိပွားလျှက်) ( သမာဓိပွားလျှက်) (ပညာပွားလျှက်) ကြီးမားမြင့်မြတ် ဖြစ်စေတတ်၊ ခေါ်မှတ်ဘာဝနာမည် " လို့ မြန်မာလင်္ကာလေးရှိပါတယ်။

    ဘာဝနာဆိုတာ ပါဠိစကားပါ၊ မြန်မာအဓိပ္ပါယ်က ' ပွားများခြင်း ' ၊ ပွားများအောင် ပြုလုပ်တာ၊ ပွားများအောင်အားထုတ်တာကို ဘာဝနာအလုပ် လုပ်တယ် ခေါ်ပါတယ်။

    ဘာဝနာရဲ့ ပွားများအောင်အားထုတ်မှုဟာ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာစတဲ့သူတော်ကောင်းဓာတ်တွေတိုးပွားအောင် ကြိုးစားရပါတယ်။ မိမိရဲ့စိတ်မှာ ကောင်းတဲ့ဓာတ်သဘောတွေ ဖြစ်ပေါ်အောင် တိုးပွားအောင် အမြဲရှိနေအောင် ခိုင်မာရင့်သန်အောင်ကြိုးစားရတာပါ။

    ဒီလိုကောင်းမြတ်တဲ့ စိတ်ဓာတ်တွေ ဖြစ်ပေါ်တိုးပွားရင့်သန်ပြီး အမြဲရှိနေရင် မကောင်းတဲ့ ဓာတ်ဆိုးဓာတ်ညစ်၊ ဓာတ်ယုတ်မာတွေဟာ မိမိရဲ့စိတ်မှာ မဖြစ်ပေါ်တော့ပဲ ရှိနေခဲ့တဲ့ မကောင်းတဲ့စိတ်ဓာတ်တွေဟာ တဖြည်းဖြည်း လျော့ပါးသွားကြပါတယ်။ နောက်ဆုံးမှာတော့ စိတ်ဓာတ်ကောင်းတိုးပွားမှု ဘာဝနာရဲ့အားကောင်းမှု ခိုင်မြဲမှုတွေကြောင့် ဓာတ်ဆိုး၊ ဓာတ်ညစ်တွေဟာ လုံးဝပျက်သုဉ်း ကုန်ဆုံးကုန်ရတာချည်းပါပဲ။
  • Tun Tun Naing ဒီဘာဝနာရဲ့သဘောကို တရားအားထုတ်မှု အခြေခံအတွက် လူတိုင်းသိထားသင့်ပါတယ်။

    သမထလည်း ဘာဝနာ၊ ဝိပဿနာလည်း ဘာဝနာပါ၊ သမထနည်းပဲဖြစ်ဖြစ်၊ ဝိပဿနာနည်းပဲဖြစ်ဖြစ်၊ ဘာဝနာအလုပ်မှန်ကန်ရင် စိတ်ဓာတ်ဆိုးတွေကို လျော့ပါးစေပြီး စိတ်ဓာတ်ကောင်းတွေကို တိုးပွားလာစေနိုင်တာချည်းပါပဲ။
    ဒကာကြီး တစ်ယောက်နဲ့ ဆုံဖူးပါတယ်။ သူက ရိုးရိုးအေးအေး ပရိသတ်နဲ့ အနေဝေးပါတယ်။ သားသမီးမြေးမြစ်တွေတော့လည်း ရှိတာပေါ့။ ဒါပေမယ့် တောသူ တောင်သား လူအေးကြီးပါ။

    မြို့မှာရှိတဲ့မြေးတွေက တောကိုအလည်လာကြပါတယ်။ မြေး၊ ညီအစ်ကိုအချင်းချင်း ပြေးကြလွှားကြ၊ ဆော့ကြ၊ ကစားကြနဲ့နေကြပါတယ်။ ကစားစရာအကြောင်း၊ စားစရာအကြောင်းတွေလည်း ပြောကြပါတယ်။

    အဲဒီစကားတွေထဲမှာ “ဂျယ်လီ” ဟာ စားလို့ကောင်းကြောင်း၊ သူအမြဲစားကြောင်း၊ အမေအဖေကလည်း အိမ်မှာ အမြဲဝယ်ထားပေးကြောင်းတွေကိုပြောပါတယ်။ တောကမြေးတွေကလည်း သူတို့စားချင်တဲ့အကြောင်းပြောပါတယ်။

    ဒီ “ဂျယ်လီ” ဟာ စားကောင်းကြောင်း အခေါက်ခေါက်အခါခါ ကြားရတော့ ဒကာကြီးက စားချင်စိတ်တွေဖြစ်လာပါတယ်။ ဒီတစ်ခါ သားတွေသမီးတွေ မြို့ပြန်ရင် နောက်တစ်ခေါက် ဂျယ်လီမှာမယ်လို့ စိတ်ထဲမှာဖြစ်နေပါတယ်။

    သားသမီးတွေက တောရွာကိုရောက်ခါစကလည်း ပစ္စည်းပစ္စယမျိုးစုံနဲ့ ကန်တော့ကြပါတယ်။ အခုပြန်ခါနီးမှာလည်း နှုတ်ဆက်ကန်တော့ကြပါတယ် ပစ္စည်းးတွေနဲ့ပါပဲ။

    “သားတို့ သမီးတို့ငါ့မြေးကြီးက ကောင်းတယ်ပြောပြောနေတဲ့ ‘ဂျယ်လီ’ ဆိုတာကို နောက်တစ်ခေါက်လာရင် ဝယ်ခဲ့ကြပါဦး၊ ငါလည်းစားကြည့်ချင်လို့ပါ” လို့ ပြောပါတယ်။
  • Tun Tun Naing အဲဒီတော့ သမီးဖြစ်သူက “အဖေ စောစောက ကန်တော့ပြီး အဖေ့လက်ထဲထည့်လိုက်တဲ့ အရောင်စုံမုန့်လေးတွေဟာ ‘ဂျယ်လီ’ ပေါ့အဖေရဲ့” လို့ ပြောလိုက်ပါတယ်။

    “မသိပါဘူးသမီးရယ်၊ အဖေက အရောင် ကလည်းစုံ ပုံစံလေးတွေကလည်း တစ်မျိုးစီဖြစ်နေတော့ ဘုရားစင်အောက်က မှန်ဗီရိုထဲထည့်ထားမယ် စိတ်
    ကူးနေတာ”

    “ဟာ.. အဖေကလည်း ထည့်ထားရမှာမဟုတ်ဘူး၊ စားရမှာပါ၊ အဖေစားချင်တဲ့ ချိုတယ်၊ ကောင်းတယ်ဆိုတဲ့ စားရမယ့်ဂျယ်လီပါ အဖေရဲ့” လို့ ဖြေပါတယ်။

    တချို့က ကောင်းလိုက်တာ၊ ချိုလိုက်တာ စားချင်လှချည်ရဲ့လို့ တောင့်တနေတဲ့ ‘ဂျယ်လီ’ လိုမုန့်မျိုးကို မိမိလက်ထဲရောက်နေပေမယ့် ဂျယ်လီမှန်း မသိရင်၊ စားရမယ်မှန်းမသိရင်၊ သိမ်းထားရမယ်လို့ထင်နေရင် မစားဖြစ်ပါဘူး၊ အရသာလည်း မသိပါဘူး ဒါပေမယ့် တမ်းတမ်းတတနဲ့ ပါးစပ်ကတော့ စားချင်တယ်ပြောနေတတ်ပါတယ်။

    အခုလည်း ဘာဝနာအလုပ်အားထုတ်လိုတဲ့သူတွေအတွက် အခြေခံအစ ဘာဝနာအကြောင်းကို ပြောပြပါမယ်။ သိမ်းထားရမယ့်အလုပ်တွေ မဟုတ်ပါဘူး။ တကယ်ကျင့်ကြံကြိုးကုတ် အားထုတ်ရမည့်အလုပ် စားသောက်ရမယ့်အလုပ်ပါ။

    မိမိမှာရှိတဲ့လောဘ လိုချင်မှုဓာတ်တွေ လျော့ပါးအောင် နည်းပါးအောင် ကြိုးစားရမှာပါ။ အလိုမကျမှု ဒေါသတွေ၊ မရေရာ မသေချာသိမှုဆိုတဲ့ မောဟတွေ ငါ့ကိုဘာထင်တုံးဆိုတဲ့ အလကားနေရင်း အောက်ခြေလွတ်မှုမာနတွေ အထင်မှား အမြင်မှား ဖြစ်လေ့ရှိတာတွေ ဒိဋ္ဌပေါ့၊ ကောင်းတာတွေကို မကောင်းဘူးလို့ယုံမှားသံသယရှိတဲ့ ဝိစိကိစ္ဆာတွေစတဲ့ ကိလေသာစိတ်ဓာတ်ကို ပူပန်စေတတ်၊ နှောင်ယှက်တတ်၊ ရှုပ်ထွေးစေတတ်တဲ့ဓာတ်တွေကို လျော့ပါးအောင်၊ နည်သွားအောင်၊ ကုန်သွားအောင် အားထုတ်ရမှာပါ။

    ဘာဝနာအလုပ်ဆိုတာ သာမန်အလုပ်တွေနဲ့ မတူပါဘူး၊ တစ်ချက်ခုတ် တစ်ချက်ပြတ်မဟုတ်ပဲ သုံးလေးငါးချက် မရေတွက်နိုင်အောင် အကျိုးအမြတ်တွေ ရရှိနိုင်ပါတယ်။

    ဘာဝနာအလုပ် မှန်ကန်စွာအားထုတ်ရင် လောဘတွေ နည်း နည်းလာပါတယ်၊ ဒေါသတွေ နည်း နည်းလာပါတယ်၊ မောဟတွေ နည်း နည်းလာပါတယ်။ အဲဒီလို ဖြစ်လာတာ ‘ဘယ်လိုသိမလဲတဲ့’ မေးကြပါတယ်။

    ကိုယ့်ကိုကိုယ် အသိဆုံးပါလို့ဖြေလိုက်ပါတယ်။

    ဒီလိုပါပဲ၊ ဘာဝနာအလုပ်မှန်ကန်စွာ အားထုတ်ရင် သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာတွေ၊ သီလ၊ သုတ၊ စာပေ၊ ဟီရိ၊ သြတ္တပ္ပဓာတ်တွေ တိုးပွားလာကြပါတယ်။ ‘ဘယ်လို သိနိုင်မလဲ’ လို့ မေးရင် တကယ်တိုးပွားလာသူတွေဟာ ကိုယ့်ကိုယ်ကို သိပါတယ်။

    ကိုယ့်ကိုယ်ကိုသာ မညာနဲ့၊ ဟန်မဆောင်နဲ့၊ ကိုယ်ရဲ့ဘာဝနာအလုပ် ဟုတ်မဟုတ်၊ မှန်မမှန်၊ ကိုယ်ကိုယ်တိုင် အသိဆုံးပါပဲ။

    ဘာဝနာအလုပ်အားထုတ်နည်းအခြေခံကို သိလိုတဲ့ပုဂ္ဂိုလ်တွေဟာ ထိုင်နည်းနဲ့ အားထုတ်နည်းကိုတော့ ကွဲပြားဖို့လိုပါတယ်။

    တချို့က ထိုင်မှတရား၊ ထိုင်ပုံထိုင်နည်းပုံစံအနေအထားတွေကို ပြောပြမှ တရားအားထုတ်နည်း အခြေခံလို့ ထင်ကြပါတယ်။ မဟုတ်ပါဘူး။ ဝိပဿနာဘာဝနာဆိုရင် ထိုင်တာ အဓိက မဟုတ်ပါဘူး။

    ထိုင်နည်းကိုသာ သိချင်တဲ့ပုဂ္ဂိုလ်တွေအတွက်ဆိုရင် ထိုင်နည်းသက်သက် ပြောပေးလို့ရပါတယ်၊ ဒါပေမယ့် ထိုင်တတ်ရင်သာ ထိုင်တတ်သွားမယ် ဘာဝနာ အားထုတ်နည်းတော့ တတ်မှာမဟုတ်ပါဘူး၊ ဘာလို့လဲဆိုရင်ဘာဝနာအကြောင်းကို မသိလို့ပါပဲ၊ ဘာဝနာအားထုတ်ပုံကို မသိသေးလို့ပါပဲ။

    အခြေခံအားထုတ်နည်းမှာ ထိုင်နည်းထက် ဘာဝနာအကြောင်းကိုသိဖို့က အရေးကြီးတယ်လို့ စိတ်ထားအရင်ပြင်ကြရပါမယ်။ လိုချင်မှုလောဘ နည်းအောင်လုပ်တာ ဘာဝနာ၊ ဘာဝနာအားထုတ်ရင် လိုချင်မှု နည်းလာပါတယ်။

    မလိုချင်မှု အလောဘဓာတ်တိုးပွားအောင်လုပ်တာ ဘာဝနာ၊ ဘာဝနာအားထုတ်ရင် မလိုချင်မှု အလောဘဓာတ်တွေ တိုးပွားလာပါတယ်။
  • Tun Tun Naing တစ်နေ့ ရဟန်းတော်အချင်းချင်း ဆွမ်းစားဝိုင်းတစ်ခုမှာ စကားပြောကြ၊ မေးကြ၊ ဖြေကြ၊ ဆွေးနွေးကြပါတယ်။

    ဆွမ်းစားအပြီး အချိုပွဲဘုဉ်းပေးအပြီးပေါ့။ စားပွဲက မထခင် ‘အရှင်ဘုရား.. တကယ်လို့ ဒီနေရာ ဒီဒေသ၊ ဒီအရပ်က ဒါမှမဟုတ် ဒီကျောင်းက ခဏဖြစ်ဖြစ် အပြီးဖြစ်ဖြစ် သွားတော့မယ်
    ဆိုရင် ဘာတွေယူသွားမလဲ’ လို့ မေးမိပါတယ်။။

    ကျောင်းပဲဖြစ်ဖြစ်၊ အိမ်ပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ်အသုံးအဆောင် ပရိဘောဂ အမျိုးစုံရှိတာ အနည်းနဲ့အများရှိကြပါတယ်။ ရှင်ရဟန်းပဲဖြစ်ဖြစ်၊ လူတွေပဲဖြစ်ဖြစ် ဒီပစ္စည်းတွေကိုတော့ သုံးဆောင်ခံစားနေကြတာပါပဲ။

    အမေးခံရတဲ့အရှင်မြတ်က ငါးမိနစ်လောက်စဉ်းစားပြီး ပြန်ဖြေပါတယ်။

    ဘာမှလည်းယူစရာမရှိပါဘူး တဲ့။

    ဘုရားသားတော်ဖြစ်တော်မူကြတဲ့ သံဃာတော် အရှင်မြတ်တွေဟာ ဘုရားရှင်ရဲ့ အဆုံးအမတရားတွေကို လိုက်နာကျင့်သုံးကြပါတယ်။ ဘာဝနာအလုပ်တွေကိုလည်း စွမ်းနိုင်သမျှ အားထုတ်တော်မူကြပါတယ်။ ပုထုဇဉ်ရဟန်းတော်တွေ ဖြစ်နေသေးပေမယ့် သတိ ပညာယှဉ်ပြီးတော့ လောဘနည်းအောင်၊ ဒေါသနည်းအောင်၊ မောဟနည်းအောင် ကြိုးစားတော်မူနေကြပါတယ်။

    “အရှင်ဘုရားက ငါးမိနစ်လောက် အကြာကြီး စဉ်းစားပြီးမှ ဘာမှလည်းယူစရာပစ္စည်း မရှိပါဘူး” လို့ ဖြေတယ်။ ဒီငါးမိနစ်လောက်အတွင်းမှာ ဘာတွေစဉ်းစားနေသလဲ”

    “ဟာ.. ဒါကတော့ ကိုယ်က ပုထုဇဉ်ဆိုတော့ လိုချင်စိတ်ရှိတာပါပဲ၊ ကိုယ်လိုချင်တာတွေကတော့ အကုန်လုံးပေါ့၊ ဟိုဟာလေးစဉ်းစားလည်းလိုချင်၊ ဒီဟာလေးစိတ်ကူးကြည့်လည်းလိုချင် ဖြစ်နေတာပေါ့”

    “ဒါပေမယ့် တကယ်တန်းက ကိုယ်မပိုင်တာနဲ့ ကိုယ်ပိုင်တာ၊ မပိုင်တာက များပါတယ်၊ ကိုယ်ပိုင်တယ် ဆိုပြန်တော့လည်း တွေးလေလေ၊ စဉ်းစားလေလေ အဖြေပေါ်လာလေလေပါပဲ”

    “ဒီအဖြေကို သိလိုက်မှတော့ ဘာမျှလိုချင် စရာ မရှိတော့ပါဘူး”

    “အရှင်ဘုရား အဖြေပေးတာ၊ စဉ်းစားတာတွေဟာ တကယ်ကောင်းပါတယ်၊ တရားနည်းလမ်းလည်းကျပါတယ်၊ လောဘနည်းနည်းရှိရင် ယူချင်စရာနည်းနည်းရှိလာပြီ၊ လောဘအများကြီးရှိရင် လိုချင်စရာတွေဟာ အပြည့်ပဲပေါ့၊ လိုချင်မှုလောဘ မရှိရင် ဘာမျှယူစရာဆိုတာ၊ လိုချင်စရာဆိုတာ မရှိတော့ပါဘူး”

    “ဟုတ်ပါတယ်ဘုရား၊ ဒါပေမယ့် လိုချင်မှု လောဘမရှိတဲ့ဓာတ် ဖြစ်ဖို့ဆိုတာ စဉ်းစားရတယ်၊ တွေးရတယ် တကယ်အသိဉာဏ်က လက်ခံမှလည်း ဖြစ်တာပါ”

    အခြေခံအစက ဒီလိုသဘောတွေရှိပါလား လို အရင်သိထားရမယ်၊ ဗဟုသုတပေါ့၊ နောက်စဉ်းစား သတိထားပေါ့၊ နောက် အသိဉာဏ်တိုးပွား ရင့်သန်လာပြီး အမှန်အတိုင်း ကိုယ်ပိုင်တာ ဘာမျှမရှိပါလားလို့ သဘောပေါက်ပြီးရင် လိုချင်မှုကင်း၊ မလိုချင်မှုအလောဘ ဓာတ်တွေ တိုးပွားလာတာပါ။ အဲဒါဟာ ဘုရားရှင် ဟောတော်မူတဲ့ ဘာဝနာရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် တစ်မျိုးပေါ့” အများကြီးထဲကတစ်ခုပေါ့။

    “သဘောပေါက်ပါပြီးဘုရား၊ ကျေးဇူးတင်ပါတယ်ဘုရား”

    *အားလုံးသန္တာန်၊ အမြင်မှန်၊ လျင်မြန်ရစေသော်*

    ~~~~~~~~~~~~~~~~~~~~~~~~~~~~~

    မှော်ဘီ ဓမ္မဒူတရာတော်၏
    "ရဲရင့်သူတို့၏သတ္တိ" စာအုပ်မှ -
  • Tun Tun Naing မေး - ကြာကြာထိုင်နိုင်မှ တရား ရပါသလား။

    ဖြေ - တရားအားထုတ်တဲ့ အသိုင်းအဝိုင်းမှာ ကြာကြာထိုင်နိုင်မှ တရားရတယ်ဆိုတဲ့ အစွဲက ကြီးလွန်းပါတယ်။ တရားဆိုတာ ကောင်းကျိုးချမ်းသာ ရစေနိုင်တဲ့ ကုသိုလ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ ကုသိုလ်မျိုးစုံနဲ့ ဆိုင်တာပေါ့။
    ဒါနကုသိုလ
် အလှူပေးတဲ့အခါ ထိုင်တဲ့အမူအယာနဲ့သာ အလှူပေးရမယ်လို့ သတ်မှတ်မထားပါဘူး။ သီလကုသိုလ်လည်း ထိုင်နေပြီးတော့သာ စောင့်ထိန်းရမယ်လို့ မဆိုလိုပါဘူး။ သမထ ဝိပဿနာနဲ့ ပတ်သက်လို့လည်း စဉ်းစားကြဖို့ ကောင်းတယ်။
    သမထဘာဝနာထဲက မေတ္တာဘာဝနာကုသိုလ်ကို ပွားများရင် သွားရင်း၊ရပ်ရင်း၊ ထိုင်ရင်း၊ လျောင်းရင်း ပွားများလို့ ရပါတယ်လို့ ဘုရားရှင်က မိန့်တော်မူတယ်။ တကယ် လက်တွေ့မှာလည်း ပွားများလို့ ရတာပါပဲ။ ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ စတဲ့ သမထကမ္မဋ္ဌာန်းတွေဟာလည်း ဣရိယာပုတ် အမူအယာမျိုးစုံနဲ့ ပွားများလို့ ရပါတယ်။
    ကသိုဏ်းဆယ်ပါး အားထုတ်ရာမှာတော့ (ပဋိဘာဝနိမိတ်) အပြင်အာရုံနဲ့ မိမိစိတ်ထဲမှာ ထင်တဲ့ အာရုံ၊ ထပ်တူထပ်မျှ သဘောဆောင်တဲ့ ကသိုဏ်းနိမိတ်ဟာ စိတ်ထဲ ခိုင်မြဲအောင် မထင်ရှားသေးခင် အချိန်ခဏမှာ ထိုင်ဣရိယာပုတ်ကို မပြောင်းပြင်ဘဲ နေပေးရပါတယ်။ ပြောင်းရွေ့လိုက်ရင် ပဋိဘာဂနိမိတ်ထင်ဖို့ မလွယ်ဘူး။ ပျက်လည်း ပျက်တတ်လို့ပေါ့။ ဒီနိမိတ် ထင်ရှားရင် ထသွားလို့ ရပါပြီ။ သမထ အားထုတ်ရာမှာ မထရ၊ မရွေ့ရဆိုတာ အချိန်အတိုင်းအတာ တစ်ခဏ လောက်သာပါ။
    ဝိပဿနာတရား အတွက်ကတော့ သွားရင် သွားမှန်းသိ၊ ရပ်ရင် ရပ်မှန်းသိ… ကျင်ကြီးကျင်ငယ် စွန့်ရင်လည်း စွန့်မှန်း သိလို့ ဘုရားရှင်က မိန့်တော်မူထားပါတယ်။ အထိုင်ကြာမှ တရားရတယ်ဆိုတဲ့ အစွဲကြီးကိုတော့ သေသေချာချာ စဉ်းစားကြဖို့ ကောင်းတယ်။
    ဘာဝနာတရား အားထုတ်ရာမှာ ထိုင်တဲ့အမူအယာ ဣရိယာပုတ်က အားမထုတ်တတ်သေးတဲ့ သူတွေ အတွက် အခြေခံအစ သင့်တော်လို့ ညွန်ပြတဲ့ စကားပါ။ နိရောဓသမာပတ်၊ ဖလသမာပတ် ဝင်စားတော်မူကြတဲ့ အရိယာပုဂ္ဂိုလ်ကြီးတွေ အတွက်တော့လည်း ကြာကြာ ထိုင်ကြတယ်ဆိုတာ ဟုတ်ပါတယ်။ ချုပ်ငြိမ်းမှု ချမ်းသာ ဖိုလ်ချမ်းသာတွေကို ခံစားဖို့ စိတ်ရဲ့ အဓိဋ္ဌာန် သဘောနဲ့ နေကြတာပါ။
    အဓိကအားဖြင့် ဝိပဿနာ အသိဉာဏ်ရအောင် အားထုတ်နေတဲ့ သူတွေအတွက် ရုပ်နာမ်ပရမတ်အာရုံကို ကြည့်နေပါတယ်။ ရုပ်နာမ်အာရုံဆိုတာက ထိုင်နေနေ၊ ရပ်နေနေ၊ သွားနေနေ သဘောတရား မပြောင်းလဲပါဘူး။ အမူအယာကိုယ်ကောင်ကြီးသာ ပြောင်းလဲတာပါ။
    ကြာကြာ ထိုင်နေပြီး အာရုံတခြား စိတ်ကသွား နေမယ်၊ ရောက်နေမယ်။ ထိုင်နေရင်း အိပ်ပျော်နေမယ်။ အသိလွတ်ပြီး မှိန်းနေမယ်ဆိုရင်တော့ ဝိပဿနာတရား မဖြစ်ပါဘူး။ အလကား ပါပဲ။
    ဒါကြောင့် ကြာကြာထိုင်တာနဲ့ တရားရတာနဲ့ မဆိုင်ပါဘူး။ အသိဉာဏ် တိုးတက် မြင့်မားတာသာ တရားနဲ့ ဆိုင်ပါတယ်။

    ~~~~~~~~~~~~~~~~~~~~~~~~~~~~~

    *မှော်ဘီ ဓမ္မဒူတဆရာတော်၏ "ဝိပဿနာတရားသင်တန်း အမေးအဖြေများ - ၁ " စာအုပ်မှ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...