အမည်ပေး ကင်ပွန်းတပ် ၀ိဇ္ဇာ .. ဆြာကြီး'မင်းလူ'
Author: lubo601 |
8:13 AM |
No မှတ်ချက် |
Artist MyoMyint's photo.
(သူငယ်ချင်းမင်းလူ .. ၂ လပြည့် အမှတ်တရ)
ကျနော့် fb ထဲက post တော်တော်များများကို ဖတ်ဖြစ်ရင် ရင်းနှီးသူတချို့က ကျနော့်ကို
'ဥက္ကဌ' လို့ခေါ်တာ သတိထားမိမယ်ထင်ပါတယ်။ ဘာ ဥက္ကဌလဲ ? ...
တက္ကသိုလ်အနုပညာအသင်း ဥက္ကဌလား? ... မဟုတ်ပါ။
တက္ကသိုလ်ပန်းချီခန်းမ ပန်းချီအသင်းရဲ့ ဥက္ကဌလား? ... မဟုတ်ပါ။
ရပ်ကွက်ကောင်စီ ဥက္ကဌလား? ... ဝေးပါသေး။
၈ လေးလုံးအရေးတော်ပုံကာလမှာ ဖွဲ့စည်းခဲ့ကြတဲ့ ပန်းချီကာတွန်းသမဂ္ဂရဲ့
ဥက္ကဌလား? ... မဟုတ်ပါ။ (အများဆန္ဒမဲကြောင့် အတွင်းရေးမှူးတော့ ဖြစ်ခဲ့ပါသည်)
ဒါဆို ဘာ ဥက္ကဌလဲ ? ... ရှင်းပြပါမည်။
၁၉၇၄ ဦးသန့်အရေးအခင်းကြောင့် အင်းစိန်-တိုက်ထဲရောက် .. ၂ ပတ်ကြာတော့
တိုက်ထဲကထုတ်ပြီး အမှုစစ်၊ ရုံးထုတ်၊ ထောင် ၃ နှစ်ချ။ ထောင်ကျဖြစ်လာတော့
'တိုက်'ကနေ 'အဆောင်'ကိုပြောင်း။ အဆောင်က တိုက်လိုမဟုတ်။ ကျယ်လည်းကျယ်၊
လူကလည်းများ။ ၀ါသနာတူရာအချင်းချင်း စုဖွဲ့နေထိုင်ကြတော့ အနုပညာရူးသွပ်သူ ၆
ယောက် ၇ ယောက်လောက် ပေါင်းမိပါတယ်။ ကျနော်နဲ့ မင်းလူ အပါအ၀င်ပေါ့။
စားလဲအတူတူ၊ အိပ်လဲအတူတူ၊ စကားဝိုင်းဖွဲ့တော့လဲအတူတူ၊ ကျားထိုး
ချက်စ်ထိုးတော့လဲအတူတူ။ အဲဒီအချိန်မှာ ကျနော်တို့ကျောင်းသားတွေ ဘယ်သူမှ
ထောင်ဝင်စာတွေ့ခွင့်မရပါ။ ဒါပေမဲ့ ကျနော်တယောက်ပဲ ထူးထူးခြားခြားရခဲ့ပါတယ်။
အင်းစိန်ထောင်ထဲ ပေါက်မြောက်တဲ့ ကျနော့်အကိုဝမ်းကွဲတယောက်ကို အပူကပ်ပြီး
ကျနော့်အမေက ကျနော့်အတွက် ဆေးပေါ့လိပ်နဲ့အစားအသောက်တချို့
မရောက် ရောက်အောင်ပို့ပေးခဲ့တယ် (အမေဆိုတာ အဲဒါပါပဲ)။ အမေပို့ပေးတဲ့
အမဲသားကြော်နဲ့ ငပိကြော်ဟာ ကြာကြာထားစားလို့ရအောင် စီမံပေးလိုက်တာ
မှန်ပေမဲ့ ကျနော်တို့ ၇ ယောက်အုပ်စုအတွင်း ချွေချွေတာတာနဲ့ ဝေမျှစားလိုက်တာ
တပတ်တောင်မခံ၊ ပြောင်တာပါပဲ။
အုပ်စုတွင်း မျှတအောင်ဝေငှမှုကိုတော့ ကျနော့်ကိုပဲ အာဏာကုန်အပ်နှင်းကြတယ်။
ဓါးတွေဘာတွေလည်း ရှိတာမဟုတ်တော့ လက်နဲ့ပဲ ဖဲ့ရွဲ့ပြီး ရော့အင့် ရော့အင့်
နဲ့ ဒန်ပန်းကန်ပြားထဲ ထည့်ပေးလိုက်တာပါပဲ။ ကျန်တာကို ပလတ်စတစ်အိတ်ထဲ
သေချာပြန်ထည့်ပြီး သိမ်းရတာလဲ ကျနော်ပါပဲ။ စားပြီးလို့ ထမင်းလုံးစီရင်း
ဆေးပေါ့လိပ်သောက်တော့မယ်ဆိုတော့ လဲ
ကျနော့်ရှေ့မှာ ၀ိုင်းထိုင်ပြီး အရင်နေရာယူကြတယ်။ ကျနော်က ဆေးလိပ်အစည်းထဲက
တလိပ်ကိုဆွဲထုတ်ပြီး မီးစညှိတယ်။ တယောက်ကို ၃ ဖွာလို့ သတ်မှတ်ပေးလိုက်ရင်
.. လက်ယာရစ် ၃ ဖွာစီသောက်ပြီး လက်ဆင့်ကမ်းရတယ်။ စကားရောဖောရောနဲ့ မသိမသာ
တဖွာလောက် ပိုသောက်တဲ့ကောင်ဆိုရင် ပြင်းပြင်းထန်ထန်သတိပေးရတယ်။
ဆေးလိပ်လက်ကျန် နည်းနေပြီဆိုတဲ့အခါမျိုးမှာတော့
၂ ဖွာ (သို့) ၁ ဖွာ လောက်ပဲ။ ပိုလို့မရ။
ကျနော်က ၀ါသနာကိုမစွန့်နိုင်တော့ ပုံတူပန်းချီလေးတွေလည်း
ရသလောက်ဆွဲသေးတာပါ။ အထဲမှာ စက္ကူတို့ဆေးတို့ဆိုတာဝေးလို့
ခဲတံလေးတချောင်းရဖို့တောင် မလွယ်ပါဘူး။ ဒါဖြင့် ဘယ်လိုဆွဲသလဲ ? ..
ကျောင်းသားလေးတယောက်ဆီက ဘောလ်ပင်မင်ချောင်း(ဘော်ဒီမပါ) တချောင်း ရပါတယ်။
စက္ကူအဖြစ် သွားတိုက်ဆေးဘူးခွံကို ဖြန့်ထားတဲ့ အတွင်းဘက်မှာ ရေးဆွဲပါတယ်။
ပလတ်စတစ်မင်ချောင်းဟာ ပါးပါးနွဲ့နွဲ့လေးဆိုတော့ ထိမ်းကိုင်ရတာ
တော်တော်မလွယ်ပါဘူး။ အဲဒီလိုနဲ့ပဲ ထောင်တွင်းဘော်ဒါတွေရဲ့ တကြောင်းဆွဲ
sketch ပုံတူလေးတွေ ရေးဆွဲဖြစ်ခဲ့တယ်။ ကျနော်မှတ်မိသလောက် အယောက် ၂၀
လောက်ရှိမယ်ထင်ရဲ့။ ကျနော်မတောင်းပေမဲ့ ကျနော့်လက်ရာကို
တန်ဖိုးထားတဲ့အနေနဲ့ သူတို့တတ်နိုင်သလောက် ဆေးပေါ့လိပ်ကလေးတွေ
ချီးမြှင့်ကြတယ်။ အဲဒါကိုလဲ ကျနော်ပဲတာဝန်ယူသိမ်းဆည်းပြီး အုပ်စုဝင်တွေနဲ့
ညီတူမျှတူ ဝေခြမ်းသောက်သုံးကြတယ်။
နောက်တခုက .. ကြွက်ကြော်။ ထောင်တွင်းစိုက်ခင်းတွေကို လာလာစားတဲ့
လယ်ကြွက်ကြီးတွေရှိပါတယ်။ အဲဒါကို စိုက်ခင်းထဲအလုပ်လုပ်ရတဲ့
နှစ်ကြီးထောင်ကျတွေက ညဖက်မှာ ထောင်ဖမ်းပြီး သေသေချာချာ
စားချင်စဖွယ်ကြော်ရောင်းတတ်တယ်။
ဒါကို ကျနော်တို့က ၀ယ်စားကြတယ် (ငတ်တာကိုးဗျ ..)။
ထောင်တွင်းပိုက်ဆံလို့ခေါ်တဲ့ ဆေးပေါ့လိပ်နဲ့ ၀ယ်ရတာပါ။ အဲဒါလဲ
ထုံးစံအတိုင်း ကျနော်ပဲသိမ်းဆည်းဝေခြမ်းရပါတယ် ။
အဲဒီတော့ တိုတိုပြောရရင်ဗျာ .. 'နံမယ်ပြောင်'ပေးလိုက်ရမှ
စားဝင်အိပ်ပျော်တတ်တဲ့ မင်းလူက ကျနော့်ကို "ဝေခြမ်းရေးကော်မတီဥက္ကဌ
(သို့မဟုတ်) ငပိကြော်ဥက္ကဌ" လို့ ကင်ပွန်းတပ်လိုက်ပါလေရော။
ကျန်တဲ့ကောင်တွေကလဲ တညီတညွတ်ထဲ ၀ိုင်းပြီး ထောပနာလိုက်ကြတာ ..
အဲဒီအချိန်ကစပြီး "ငပိကြော်ဥက္ကဌ" လို့ တွင်ပါလေရောဗျာ ..။
အင်းစိန်ကာလတွေလွန်တော့လည်း .. သူငယ်ချင်းတွေစုပြီး ဘာပဲလုပ်လုပ် သူများထက်
နည်းနည်းပိုပြီး ရှေ့ထွက်တတ်တဲ့ကျနော့်ကို 'ဥက္ကဌ' လို့ပဲအများက
ကျေကျေနပ်နပ် လိုလိုလားလား ဆက်လက်ခေါ်ဝေါ်ကြလေသတည်း ပေါ့ဗျာ။ အဲ
နည်းနည်းထပ်ကွန့်ချင်သူများကတော့  .. 'ငှက်ကဥ' .. 'ငှက်ကဌ' .. 'နွားလားဥဿဖ'လို့လည်း ခေါ်ကြသေးသဗျ။
ကျနော်တို့သူငယ်ချင်းအုပ်စုထဲက သားကြီးမောင်ဇေယျရဲ့အဖေ စာရေးဆရာကြီးလင်းယုန်မောင်မောင် ဆိုရင်လည်း
သူ့ရေးဖော်ရေးဖက်တွေက သူ့ကို 'ဥက္ကဌကြီး' လို့ခေါ်ကြပါတယ်။
ဘာကြောင့်အဲသလိုခေါ်လဲ .. ကျနော်သေချာမသိပါ။ ကျနော့်လို 'ငပိကြော်ဥက္ကဌ'
မဟုတ်တာတော့ သေချာပါတယ်။ ကျနော်နဲ့တွေ့တိုင်း .. "မင်းလဲ ဥက္ကဌ .. ငါလဲ
ဥက္ကဌပဲ .. ဒါပေမဲ့ ငါက မင်းထက် (ကြီး)တလုံးပိုတယ်ကွ .. ဟဲဟဲ" လို့
စ,နောက်လေ့ရှိပါတယ်။
အများသိကြတဲ့အတိုင်း .. မင်းလူက တက္ကသိုလ်မှာ ဒဿနိကဗေဒ ယူတယ်။ ၂၀
ရာစုအစောပိုင်း ဥရောပမှာ ခေတ်စားခဲ့တဲ့ dadaism - art movement အကြောင်း
သူလေ့လာသိရှိလာတဲ့ နေ့တနေ့မှာ ကျနော့်ရီးစား(ယခုတော့ ဇနီးပေါ့) ထားထား ကို
'ဒါဒါ' လို့ ခေါ်ပြန်ပါလေရောဗျာ။ အဲဒါလဲ အပေါင်းအသင်းတွေက
တခဲနက်အသိအမှတ်ပြုလိုက်ကြလို့ .. အခုထက်ထိ 'ဒါဒါ' လို့တွင်နေပါတော့တယ်။
(မှတ်ချက် .. ထိုစဉ်က မင်းသမီးစိုးမြတ်နန္ဒာ မပေါ်သေးပါ)။
ကျနော်တို့ သူငယ်ချင်းတွေထဲမှာ နံမယ်ပြောင် (Nick Name) မရှိတဲ့လူရယ်လို့
ခပ်ရှားရှားပါ။ မှော်ဆရာ တဲ့ .. ပုရစ် တဲ့ .. ဆရာကွေး တဲ့ ..
မောင်လေးမုတ်ဆိတ် တဲ့ .. အူဂျူကူး တဲ့ .. ဇာတ်ဆရာ တဲ့ .. လှေခါး တဲ့ ..
ကင်းကောင် တဲ့ .. ထားဝယ် တဲ့ .. လောက်ဖျား တဲ့ .. ကိုကြီးကျော် တဲ့ ..
ဗယာကြော် တဲ့ .. ပြောရင်ဆုံးမှာ မဟုတ်ဘူး။ သူ့လက်ချက်နဲ့
မကင်းတာတွေပေါ့ဗျာ။
သူစာရေးဆရာ ဖြစ်လာတော့လဲ စာပေနယ်မှာ .. ဘယ်သူများ ကောင်းကောင်းနေရလို့လဲ။
ဆေးဘဲဥခင်မြဇင် တဲ့။ ၀ူပီဂိုးလ်ဘတ်သန်းမြင့်အောင်တဲ့
.. စာကလေးမသီတာ တဲ့ .. ဇတ်ဇတ်ကြဲမ၀ိုင်း တဲ့ .. အို စုံလို့ စုံလို့။
မင်းလူပရိဿတ်တွေ ကျနော့်ထက် ပိုသိပါတယ်ဗျာ။
ဒီလိုနဲ့ တနှေ့မှာ မင်းလူနဲ့ စန်းစန်းအောင် ရီးစားဖြစ်ကြတော့ .. ပုရစ်က
ပြောလာတယ် .. "စန်းစန်းအောင်က ဖြူဖြူ၀၀ .. ဒီကောင်က ပိန်ပိန်မဲမဲ ..
ချစ်သူချင်း ချစ်လို့ဖက်ကြတဲ့အခါ .. မင်းတို့ မျက်လုံးထဲမြင်ကြည့် ..
စည်ပိုင်းကို ဖားပျံကပ်သလို ဖြစ်နေမှာပဲကွ .." တဲ့ .. ဒါနဲ့ပဲ ဒီကောင့်ကို
ဖားပျံလို့ ခေါ်ကြမယ်ဆိုပြီး ၀ိုင်းလက်စားချေကြတယ်။ ဒါပေမဲ့ သူ့လို
ပါရမီမပါလို့လားမသိ .. ဒါမှမဟုတ် သူကပဲ ဘော်ဒါတွေကြားမှာ လက်ဖက်ရည်တို့
ဘီအီးအရက်တို့နဲ့ တိတ်တိတ်လာဘ်ထိုးထားလို့လားမသိ .. အဲဒီ ဖားပျံဆိုတဲ့နံမယ်
မတွင်ခဲ့ပါဘူးဗျာ။
အဲ .. သူချစ်တဲ့ ဇနီးနဲ့ သမီး ၂ ယောက်ကိုကျတော့ ပေးထားလိုက်တဲ့ နံမယ်ဗျာ ..
ညွန့်လို့ ကွန့်လို့။ ဘာတဲ့ .. 'လေးမေ' တဲ့ .. 'သူမ' တဲ့ .. 'ယုယ' တဲ့ ..။
သြော် .. အမည်ပေး ကင်ပွန်းတပ် ၀ိဇ္ဇာ .. ဆြာကြီးမင်းလူ ..
လွမ်းပါတယ် သူငယ်ချင်းရယ် ..။
ပန်းချီမျိုးမြင့် (၁၄ အောက်တိုဘာ ၂၀၁၃)
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment