Tuesday, October 15, 2013

အာစရိယ ပူဇော်ပွဲ (ဆောင်းပါးရှင် - လှမြင့် (ရန်ကုန်တက္ကသိုလ်))

Ko Thein Lwin shared Eleven Media Group's photo.

အာစရိယ ပူဇော်ပွဲဟူသည် အနန္တော အနန္တ ငါးပါးဂိုဏ်းဝင် မြတ်ဆရာတို့၏ ဂုဏ်ကျေးဇူး အထွေထွေကို တပည့်များက ဂါရ၀၊ နိဝါတတရား ဦးထိပ်ထားလျက် ရိုသေဦးခိုက် ရှိခိုးပူဇော်သော မြတ်မင်္ဂလာ ပွဲ ဖြစ်သည်။
မြန်မာမှု နယ်ပယ်တွင် ဆရာသည် လောကီနယ်ပယ်၌ မိဘနှင့် တစ်ဂိုဏ်းတည်းထား၍ ရိုသေလေးစား ထိုက်သူအဖြစ် လည်းကောင်း၊ လောကုတ္တရာ နယ်ပယ်၌ ရတနာ သုံးပါးကဲ့သို့ ရိုသေမြတ်နိုး ပူဇော်ထိုက်သူ အဖြစ်လည်းကောင်း သတ်မှတ်ခြင်း ခံရသည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ဆရာ၏ ၀ိသေသနှင့် ဂုဏ်ဒြပ်အနှစ်သာရသည် တန်ဖိုးမြင့်မား လှသည်။ "အာစရိယ" ဟူသော ပါဠိဘာသာစကားနှင့် ရင်းမြစ်တူသော "အစရယ" ဟူသော သက္ကတ ဘာသာစကားမှ ဆင်းသက် မြန်မာမှု ပြုထားခြင်း ဖြစ်သည်။ "သွန်သင်ဆုံးမ နည်းလမ်းပြသသူ၊ ပညာသင်ကြားပေးသူ" ဟူ၍ အဓိပ္ပာယ် ရှိသည်။ ဆရာဟူသည် တပည့်တို့ကို အသိပညာ အတတ်ပညာများကို သင်ကြားပေးသည်။ လိမ္မာရေးခြား ရှိအောင်လည်း သွန်သင်ဆုံးမသည်။ မိမိ၏ ကိုယ်ကျိုးနှင့် အတ္တကို စွန့်ပယ်၍ စေတနာ၊ ၀ါသနာ၊ အနစ်နာဟူသော နာသုံးနာဖြင့် မကောင်းမှုများကို တားမြစ်လျက် ကောင်းမှုကိစ္စများကို ညွှန်ကြားလမ်းညွှန် ဆုံးမပေးသော ပဲ့ကိုင်ရှင် ဖြစ်သည်။ "တပည့်" ဟူသော ဝေါဟာရသည် မြန်မာစကား ဖြစ်သည်။ "ဆရာထံမှ ပညာကို သင်ယူသူ၊ အဆုံးအမ ခံယူသူ၊ နောက်လိုက်ငယ်သား" ဟူ၍ အဓိပ္ပာယ် ရှိသည်။ ဆရာသည် တပည့်တို့ကို အသိပညာ၊ အတတ်ပညာ၊ အလိမ္မာတို့ဖြင့် လမ်းညွှန်ပေးသကဲ့သို့ တပည့်တို့သည်လည်း ဆရာထံမှ အသိပညာ၊ အတတ်ပညာ၊ အဆုံးအမများကို ရိုသေကျိုးနွံစွာ လက်ခံသင်ယူ ကြရမည် ဖြစ်သည်။ ဆရာဟူသည် မိဘများကဲ့သို့ လက်ဦးဆရာ သဖွယ်လည်း ဖြစ်သည်။ ရှေးလူဖြစ်သော ဆရာများသည် နောင်လူဖြစ်သော တပည့်များထက် အတွေ့အကြုံ၊ အတွေးအမြင်၊ အသိပညာ၊ အတတ်ပညာ၊ ပိုမိုကျယ်ပြန့် ပြည့်စုံသူတို့ ဖြစ်ကြသည်။ ဆရာတို့သည် တပည့်များကို တော်အောင်တတ်အောင် လိမ္မာရေးခြားရှိအောင် လမ်းခင်းပေးသော၊ ရှေ့ဆောင်လမ်းပြပေးသော စေတနာရှင် လမ်းပြကြယ်သဖွယ် ဖြစ်သည်။ ဆရာတို့သည် မညီညာသော ကြမ်းတမ်းသော ခယောင်းလမ်းကြောင်းကို လမ်းချော၊ လမ်းကောင်းအဖြစ် ခင်းပေးသူတို့ ဖြစ်ကြသည်။ တပည့်များသည် ပန်းခင်းသောလမ်းကို လျှောက်လှမ်းရသူတို့ ဖြစ်ကြသည်။ ထို့ကြောင့် "အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ" နှင့် ပြည့်စုံသော ဆရာမြတ်တို့၏ ဂုဏ်ကျေးဇူး အပေါင်းကို "ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး သင်တွေးအံရွတ် တပည့်ဝတ် မချွတ်ငါးခုသာ" ဟူသော တပည့်ဝတ် ငါးပါးနှင့်အညီ ရိုသေကျိုးနွံ ရှိခိုးကန်တော့ ပူဇော်ခြင်းကို "အာစရိယ ပူဇော်ပွဲ" ဟူ၍ ၀ိသေသ ပြုခဲ့ကြသည်။ ဆရာသည် တပည့်များ၏ ကျေးဇူးရှင် ဖြစ်သည်။ ဆရာသည် တပည့်များ၏ အကျင့်သီလ၊ သိက္ခာဆိုင်ရာ လေးစားကြည်ညိုခြင်း ခံရသူတို့ ဖြစ်သည်။ ဆရာ၏ ဂုဏ်ဒြပ်များတွင် အကျင့်သီလ သိက္ခာရှိခြင်း၊ လုံ့လ၀ီရိယ၊ စာရိတ္တနှင့် ပညာအား ပြည့်စုံခြင်း၊ ၀ါသနာ၊ အနစ်နာ၊ စေတနာဟူသော နာသုံးနာ စိတ်ထားရှိခြင်းများနှင့်အတူ တပည့်များအား ပညာအလင်းရောင်ဟူသော မီးရှူးတန်ဆောင်ကို ကိုင်ဆောင်လမ်းပြ၍ ဘ၀အမှောင်ကို အလင်းတောင်သူ၊ ရှေ့ဆောင်လမ်းပြသူ ဖြစ်သည်။ ထိုသို့သော ဆရာတို့၏ အနန္တဂုဏ်ရည်၊ ကျေးဇူးတရား ရှိမှုများကို ကဗျာဆရာမကြီး ငွေတာရီက - "တစ်တိုင်ဆီမီး၊ မထိန်ညီးလည်း၊ ဆီမီးများစွာ ပေါင်းစည်းကာလျှင်၊ ရောင်ဝါဖြန့်ကျင်း၊ နေ့အခင်းသို့ လင်းကျင်းဝင်းပ မြန်မာ့ဘ၀ကို အလှဖန်တီး ကြပါစို့" ဟူ၍ ဖွဲ့ဆိုခဲ့သည်။ ထိုသို့သော ကျေးဇူးရှင် ဆရာများကို ပစ္စုပ္ပန်၏ စာသင်ခန်းတွင် စာပေသင်ကြားမှု ခံယူနေကြသော ကျောင်းသား၊ ကျောင်းသူများက သီတင်းကျွတ် ကျောင်းပိတ်ရက် မတိုင်မီတွင် ပူဇော်ကန်တော့ ပြုမှုများကို လည်းကောင်း အတိတ်ကာလက တပည့်ကျောင်းသား၊ ကျောင်းသူဘ၀တွင် အသိပညာ၊ အတတ်ပညာများကို သင်ကြားဆုံးမ လမ်းညွှန်မှုများကို ခံယူခဲ့ကြပြီး ပစ္စုပ္ပန် ကာလတွင် လူမှုရေးနယ်ပယ် ၀န်းကျင်၌ စီးပွားရှာနေကြသော တပည့်ဟောင်းများကလည်း အသက်အရွယ် အိုမင်းကာ အငြိမ်းစား ယူနေကြပြီ ဖြစ်ကြသော ဆရာ၊ ဆရာမကြီးများအား ပူဇော်ကန်တော့မှုများကို လည်းကောင်း မြို့နယ်ကျေးရွာအဆုံး၊ တစ်နိုင်ငံလုံးတွင် "အာစရိယဂုဏော-အနန္တော" ဟူ၍ ရှိခိုးပူဇော် ကျင်းပနေသည့် အာစရိယ ပူဇော်ပွဲများသည် ကမ္ဘာတွင် မြန်မာလူမျိုး တစ်ဦးတည်းသာလျှင် ပြုလုပ်ကျင်းပလေ့ရှိသော မင်္ဂလာ အပေါင်းနှင့် ပြည့်စုံသည့် မြန်မာ့ရိုးရာ အစဉ်အလာပွဲတော် ဖြစ်သည်။ ပစ္စုပ္ပန် ကာလတွင် စာသင်ကြားမှု ပြုနေကြသော တပည့်ကျောင်းသား ကျောင်းသူများသည် ကျောင်းတွင် အာစရိယ ပွဲများကို အခြေခံပညာ ကျောင်းများ၌ သီတင်းကျွတ် ကျောင်းပိတ်ရက် မတိုင်မီ ကာလ၌ ပြုလုပ်ကျင်းပလေ့ ရှိသည်။ သီတင်းကျွတ် လပြည့်နေ့သည် မြတ်စွာဘုရားရှင်၏ မယ်တော်မိ နတ်သားအား အထူးကျေးဇူးဆပ်သည့် အနေဖြင့် တာဝတိံသာ နတ်ပြည်၌ တရားဓမ္မများ ဟောကြားတော်မူခဲ့သော ဘုရားရှင်၏ မိခင်ကျေးဇူးဆပ်မှုကို ရည်စူးဦးထိပ်ထားမှုဖြင့် စာသင်ကျောင်းများတွင် တပည့်များက ဆရာ၊ ဆရာမများအား "အာစရိယ ပူဇော်ပွဲ" အဖြစ် သီတင်းကျွတ် ကျောင်းပိတ်ရက် မတိုင်မီ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ အာစရိယ ပူဇော်ပွဲများသည် ပစ္စုပ္ပန် ကာလ၏ တပည့်နှင့် ဆရာများ၏ ပူဇော်ပွဲအပြင် အတိတ်တစ်ချိန်မှ တပည့်ကျောင်းသား ကျောင်းသူဟောင်းများကလည်း ပစ္စုပ္ပန် ကာလ၌ အငြိမ်းစား ယူနေကြပြီဖြစ်သော ဆရာကြီး ဆရာမကြီးများကို အမှတ်တရ ရိုသေလေးစားမှုဖြင့် ကျောင်းသားကျောင်းသူ တပည့်ဟောင်းများ စုပေါင်း၍ မိမိတို့ ငယ်ရွယ်စဉ်က ပညာသင်ယူခဲ့သော ဇာတိရပ်ရွာရှိ ကျောင်းသို့ပြန်လာကြကာ ဆရာနှင့် တပည့်တို့၏ ရင်းနှီးကျွမ်းဝင်၊ ပေါင်းစည်းမေတ္တာ ဖလှယ်သော မြန်မာ့ရိုးရာ ဂါရ၀ မင်္ဂလာပွဲတစ်ရပ်ဖြစ်သည့် ကျောင်းသားဟောင်းများ၏ အာစရိယ ပူဇော်ပွဲများသည်လည်း ဆရာနှင့် တပည့်တို့၏ ခံစားမှု ပီတိရွှန်းစို ဝေဆာအလှဖြာသည့် အာစရိယ ပွဲများပင် ဖြစ်သည်။ ကျောင်းတွင်းအာစရိယ ပူဇော်ပွဲများ၏ အခမ်းအနား ပုံရိပ်များမှာ ဆရာ၊ ဆရာမများကို အာစရိယပူဇော်ပွဲ ပြုလုပ်ကန်တော့ရန် အတန်းခေါင်းဆောင်များက ဦးဆောင်၍ ကျောင်းသားကျောင်းသူများ၏ သဒ္ဓါကြေး ကောက်ခံသည်။ ကျောင်းခန်းမ ကျယ်ကြီးများတွင် ကျောင်းအားလပ်ချိန်၌ အာစရိယ ပူဇော်ပွဲ ကျင်းပပြုလုပ်သည်။ အာစရိယ ပူဇော်ပွဲတွင် ကျောင်းသားခေါင်းဆောင် တစ်ဦးက ဆရာ ဆရာမများအား ပူဇော်ကန်တော့သည့် ကန်တော့ချိုးကို တိုင်ပေးကာ ညီညာဖြဖြရွတ်ဆို ကန်တော့ကြသည်။ အပြစ်များကို ခွင့်လွှတ်ရန် စာမေးပွဲအောင်မြင်ရန် ဆုတောင်းကြသည်။ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမကြီးများက ဆုံးမသြ၀ါဒ ပေးသည်။ ဆုတောင်းမေတ္တာ ပို့သပေးသည်။ ကျောင်းသားကျောင်းသူများက ဦးသုံးကြိမ်ချ၍ ကန်တော့ကြသည်။ ထို့နောက် ဆရာ၊ ဆရာမများကို ကန်တော့ပစ္စည်း လက်ဆောင်များ ပေးအပ်သည်။ အကျွေးအမွေးများနှင့် ဧည့်ခံကြသည်။ ထိုနည်းတူ ကျောင်းသားဟောင်းများ ဖြစ်ခဲ့ကြသော၊ တစ်နယ်တစ်ကျေးသို့ အလုပ်တာဝန်များ ထမ်းဆောင်နေကြသော တပည့်ဟောင်းများသည်လည်း အလုပ်အားလပ်ချိန်ရက်များ၊ ရုံးပိတ်ရက်များတွင် ကျောင်းသားဟောင်းများ အချင်းချင်း ဆက်သွယ်စုစည်း ညှိနှိုင်း၍ မိမိတို့ ငယ်ရွယ်စဉ်က ပညာသင်ကြား ပေးခဲ့သော ဇာတိရပ်ရွာရှိ ကျောင်းတော်ကြီးသို့ စုစည်းလာရောက် ခဲ့ကြသည်။ အငြိမ်းစား ယူထားပြီး သက်ရှိထင်ရှား ကျန်ရှိနေသာ ဆရာ၊ ဆရာမကြီးများကို အိမ်တိုင်ရာရောက် သွားရောက်ပင့်ဖိတ် ခေါ်ဆောင်ကာ ငယ်ရွယ်စဉ်က ပညာရည်နို့ သောက်သုံးခဲ့ကြသော အမိကျောင်းတော်ကြီး၌ အာစရိယ ပူဇော်ပွဲများကို ရွှင်လန်းတက်ကြွစွာ တပျော်တပါး ဆင်နွှဲကြသည်။ ဇရာအိုနေသော ဆရာ၊ ဆရာမကြီးများ၏ ပီတိများနှင့် တပည့်ဟောင်းတို့၏ မေတ္တာကရုဏာ စေတနာတရားများ ပေါင်းစပ်ယှက်နွှယ်နေသော အာစရိယ ပူဇော်ပွဲ၏ မြင်ကွင်းသည် "နုပျိုလာသော တံတားအိုသဖွယ်" တက်ကြွလန်းဆန်းလျက် ရှိပေသည်။ အာစရိယ ပူဇော်ပွဲ မြင်ကွင်းသည်ကား ကန်တော့ခံနေသော ဆရာ၊ ဆရာမကြီးများ၏ ရင်တွင်းပီတိ ဖြစ်နေမှု ခံစားချက်၊ တပည့်များကို ပြန်လည်တွေ့ဆုံခွင့် ရရှိသည့် ၀မ်းသာကြည်နူးမှုများနှင့်အတူ တပည့်အပေါင်းတို့၏ ဆရာ၊ ဆရာမကြီးများအား ပြန်လည်ဆုံဆည်း ဂါရ၀ပြုရမှု၊ ငယ်ပေါင်းသူငယ်ချင်းများ ပြန်လည်ဆုံစည်း တွေ့ဆုံရမှုဟူသော ၀မ်းသာအားရ၊ လှိုက်လှိုက်လှဲလှဲ ရင်းနှီးခံစားရမှုတို့ဖြင့် သာယာမှုအပေါင်း၊ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံနေသော အချိန်အခါ ကာလသမယလည်း ဖြစ်သည်။ ထိုသို့သော ဆရာနှင့် တပည့်တို့၏ ပြန်လည်ဆုံစည်းမှုနှင့် အာစရိယ ပွဲတော်တွင် ဆရာနှင့် တပည့်တို့၏ ပီတိဖြာနေမှုတို့ကို ကဗျာဆရာမကြီး ငွေတာရီက - "ဘုရားရှေ့ဝယ်၊ အငွေ့လှိုင်လှိုင်၊ နံ့ကြိုင်ကြိုင်ဖြင့်၊ တစ်တိုင်ဆီမီး၊ ထိန်ထိန်ညီးတည့် သူ့အလျှံမှ၊ တစ်ဖန်ကူးဘိ၊ သူငါညှိလည်း၊ မသိလျော့ရာ၊ ထိန်မြဲသာတည့်" ဟူ၍ ဖွဲ့ဆိုတင်စား ခဲ့သည်။ အာစရိယ ပူဇော်ပွဲသည် ဆရာတို့၏ အနန္တ ကျေးဇူးတရားများကို တပည့်တို့က ဦးခိုက်ပူဇော်ပွဲ ဖြစ်သည်။ တပည့်များက အပြစ်များ ရှိခဲ့လျှင် ခွင့်လွှတ်ပေးပါရန် ဂါရ၀၊ နိဝါတ တရားကို ဖော်ကျူးသည့်ပွဲ ဖြစ်သည်။ ဆရာ၊ ဆရာမများဖြင့် ကရုဏာ၊ မုဒိတာများ ပွားများ၍ ဘ၀တစ်လျှောက်လုံးတွင် အောင်မြင်စွာ ဖြတ်သန်းလျှောက်လှမ်းနေသော တပည့်များ၏ အောင်မြင်မှုများကို ပီတိဖြစ်စေသောပွဲ ဖြစ်သည်။ အနန္တော အနန္တ ငါးပါးဂိုဏ်းဝင် မြတ်ဆရာတို့သည် တပည့်တို့၏ မီးရှူးတန်ဆောင် ဖြစ်သည်။ ရှေ့ဆောင်လမ်းပြကြယ် ဖြစ်သည်။ အနစ်နာ ခံတတ်သော ဓားသွေးကျောက်ပမာ ဖြစ်သည်။ အေးမြကြည်လင်သော ရေချမ်းစင်ဖြစ်သည်။ ညောင်ညိုရိပ်ကြီးလည်း ဖြစ်သည်။ ဘ၀၏ ဥယျာဉ်မှူးများလည်း ဖြစ်သည်။ ထို့ကြောင့် ပညာအရာတွင် ဧတဒဂ်ရတော်မူသော မြတ်စွာဘုရားရှင်၏ လက်ယာတော်ရံဖြစ်သော အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် မိမိကို သွန်သင်ဆုံးမ လမ်းညွှန်ခဲ့သည့် ဆရာဖြစ်သော အရှင်အဿဇိမထေရ်မြတ်ကို ညစဉ်စိတ်ဖြင့် မှန်း၍ရှိခိုး ပူဇော်သည့် ဂါရ၀ပြုမှု၊ လေးစားမှုကို စိတ်နှလုံးတွင် စွဲမှတ်၍ တပည့်တိုင်းသည် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းတို့ကို အာစရိယပွဲ ပြုလုပ်ချိန်တွင် သာမက အစဉ်အမြဲ လေးစားကြည်ညို ဂါရ၀၊ နိဝါတ တရားများထား၍ ရိုသေလေးစား ကျေးဇူး တုံ့ပြန်နေရမည် ဖြစ်ပေသည်။

 (ညောင်ဦးအထက ကျောင်းသားဟောင်းများ၏ စတုတ္ထအကြိမ် အာစရိယ ပူဇော်ပွဲ အခမ်းအနား မြင်ကွင်းကို ၂၀၁၀ ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...